အခန်း ၃၀ - ချင်ရွမ်းနန်းဆောင်၏ တိုးတက်ရေးအစီအစဉ်
ဂူအောင်းကျင့်ကြံခြင်း မပြုမီ ည၌ ဖြစ်သည်။
လင်းကျိုးသည် သူ၏အခန်းထဲတွင် လဲလျောင်းရင်း ချင်ရွမ်းနန်းဆောင်၏ ရှေ့ဆက်ရမည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို စီမံချက်ချနေသည်။ သူ၏ ယခင်ဘဝမှ ကုမ္ပဏီကြီးများ၏ ပုံစံများသည် ကျင့်ကြံခြင်းကမ္ဘာတွင်လည်း အသုံးချ၍ ရနိုင်သည်ပင်။ ဤကမ္ဘာ၏ နိယာမများနှင့် ကိုက်ညီအောင် ညှိနှိုင်းယူရုံသာ ဖြစ်သည်။
ပထမအချက်မှာ ချင်ရွမ်းနန်းဆောင်တွင် လူလေးယောက်တည်း ရှိနေ၍ မရပေ။ လက်ထောက်များ ငှားရမ်းရန် လိုအပ်သော်လည်း စစ်ဆေးမှုမှာ အလွန်တင်းကျပ်ရမည်။ အသစ်ဝင်ရောက်လာသူ အားလုံးကို ဆိုင်ရှင်ချန်နှင့် အခြားနှစ်ဦးတို့က ပူးပေါင်းစစ်ဆေးရမည်ဖြစ်ပြီး အရည်အချင်း ပြည့်မီပါက သွေးသစ္စာ ကျိန်ဆိုရမည် ဖြစ်သည်။
ဒုတိယအချက်မှာ အစုရှယ်ယာ မက်လုံးများ ပေးခြင်းဖြစ်သည်။ ပေးဆပ်မှုအပေါ် မူတည်၍ ခွဲဝေပေးမည်။ ဆေးဖော်စပ်ခြင်း၊ အဆောင်မန္တန်ဆွဲခြင်း၊ စီမံခန့်ခွဲခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ သတင်းစုဆောင်းခြင်း... ရာထူးအလိုက်၊ အရည်အချင်းအလိုက် အကျိုးအမြတ် ခွဲဝေမှု ကွာခြားမည်။ သုံးလတစ်ကြိမ် ပြန်လည်ညှိနှိုင်းမည်ဖြစ်ပြီး တော်သူက ပိုရမည်၊ ညံ့သူက လျော့ရမည်။ အောက်ခြေလူတွေ ဘယ်လောက်ယူသွားသလဲဆိုတာ သူဂရုမစိုက်ကြောင်း၊ အရည်အချင်းရှိသရွေ့ ရယူနိုင်ကြောင်း အားလုံးကို နားလည်စေရမည်။ ကြိုးစားမှုနှင့် ရလဒ်ကို တိုက်ရိုက် ဆက်စပ်ပေးထားမည် ဖြစ်သည်။
တတိယအချက်မှာ အတွင်းပိုင်း အရင်းအမြစ်များ ဖြစ်သည်။ လင်းကျိုး လက်ရှိ ထုတ်လုပ်နေသော အဆင့်မြင့်ဆုံး အရင်းအမြစ်များမှာ အရှားပါးဆုံး ဖြစ်ပြီး ကျင့်ကြံသူ အားလုံး အလိုရှိနေကြသည့် အရာများ ဖြစ်သည်။ အဖွဲ့ဝင်များသည် အဆင့်မြင့်ဆုံး ဆေးလုံးများနှင့် မန္တန်များကို စျေးကွက်ပေါက်စျေးထက် ၃၀ ရာခိုင်နှုန်း လျှော့စျေးဖြင့် ဦးစားပေး ဝယ်ယူခွင့် ရမည်။ တစ်ချိန်တည်းမှာပင် ပေးဆပ်မှု အမှတ်စနစ် ကို တည်ထောင်မည်။
သတ်မှတ်ထားသော တာဝန်များကို ပြီးမြောက်ခြင်းနှင့် ရှားပါးအရင်းအမြစ်များကို စုဆောင်းပေးခြင်းဖြင့် အမှတ်များ ရရှိနိုင်ပြီး ၎င်းတို့ကို ပိုမိုမြင့်မားသော အရင်းအမြစ်များနှင့် လဲလှယ်နိုင်သည်။
စတုတ္ထအချက်မှာ အထူးဆုလာဘ်များ ဖြစ်သည်။ ရှားပါးသော ကျင့်စဉ်များ၊ မှော်အတတ် လျှို့ဝှက်ချက်များ သို့မဟုတ် ကောင်းကင်နှင့် မြေကြီး ရတနာများကို စုဆောင်းပေးနိုင်သူ မည်သူမဆို ၎င်းတို့၏ တန်ဖိုးအလိုက် ဝိညာဉ်ကျောက်၊ ဆေးလုံး သို့မဟုတ် ကျင့်စဉ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုများကိုပါ အပိုဆုလာဘ်အဖြစ် ရရှိမည်ဖြစ်သည်။
ရိုးရှင်းပြီး ရှင်းလင်းလှကာ မက်လုံးနှင့် ကန့်သတ်ချက်များမှာလည်း မျှတလှသည်။ ကျင့်ကြံခြင်းကမ္ဘာရှိ လေလွင့်ကျင့်ကြံသူများသည် အဘယ်ကြောင့် ကြီးကျယ်သော အောင်မြင်မှုများ မရရှိကြသနည်း။ အရင်းအမြစ် မရှိခြင်းက တစ်ပိုင်းဖြစ်သော်လည်း ပိုကြီးမားသော ပြဿနာမှာ မစည်းလုံးဘဲ လူတိုင်းက ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်နေကြခြင်း ဖြစ်သည်။ သူသည် အကျိုးစီးပွားတူ လူ့အသိုင်းအဝိုင်းတစ်ခုကို တည်ထောင်လိုခြင်း ဖြစ်သည်။ ငါ အဆင်ပြေရင် အားလုံး အဆင်ပြေရမည်၊ ချင်ရွမ်းနန်းဆောင် သန်မာလာပါက လူတိုင်း အကျိုးရှိရမည်။
သူ စဉ်းစားနေစဉ် ဝင်းပြင်ပမှ ခြေသံများ ကြားလိုက်ရသည်။
"နန်းဆောင်အရှင်"
ဆိုင်ရှင်ချန်၏ အသံဖြစ်ပြီး ဝေခွဲမရဖြစ်နေသော လေသံ ပါဝင်နေသည်။
လင်းကျိုးသည် သူ၏ စက္ကူနှင့် စုတ်တံကို သိမ်းလိုက်သည် "ဝင်ခဲ့ပါ"
အခန်းတံခါး ပွင့်သွားပြီး သုံးဦးသား တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ ဝမ်ရှီဟဲ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပြီး လျိုဝမ်ကျောက်၏ လက်ထဲတွင် ကျောက်စိမ်းသေတ္တာတစ်လုံး ပါလာကာ ဆိုင်ရှင်ချန်၏ အမူအရာမှာမူ အနည်းငယ် ရှုပ်ထွေးနေသည်။
"တစ်ခုခု ဖြစ်လို့လား" လင်းကျိုးက မေးလိုက်သည်။
ဝမ်ရှီဟဲ ရှေ့သို့ တိုးလာပြီး သိုလှောင်အိတ်တစ်အိတ်ကို စားပွဲပေါ် တင်လိုက်သည်
"မနေ့က ကျွန်တော်တို့ လမ်းခွဲပြီး ရှာဖွေခဲ့ကြပါတယ်။ မိန်းကလေးလျိုနဲ့ ကျွန်တော် မြို့နောက်ဘက်က 'ပိုင်ချောင်ခန်းမ' မှာ ကောင်းတာလေးတစ်ခု တွေ့ခဲ့တယ်"
လျိုဝမ်ကျောက်က ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။ အတွင်းတွင် ဝါကျင့်ကျင့် ကျောက်စိမ်းပြား တစ်ခု ရှိနေသည်။ သိုလှောင်အိတ်ထဲတွင်မူ သပ်သပ်ရပ်ရပ် စီထားသော ဝိညာဉ်ဆေးပင်များ ပါရှိသည်။
"နဂါးဝါဆေးလုံး ရဲ့ ဆေးနည်းပါ"
သူမက တိုးညှင်းစွာ ပြောသည်
"ဒါက ချီသန့်စင်ခြင်း အဆင့်သုံး ဆေးလုံး ဖြစ်ပြီး အနှစ်သာရဆေးလုံးထက် အာနိသင် ၃၀ ရာခိုင်နှုန်း ပိုပြင်းပါတယ်။ စျေးကွက်ထဲမှာ တွေ့ရခဲပါတယ်။ ဒါကို အရင်က ဆေးဆရာအိုကြီး တစ်ယောက်ရဲ့ မျိုးဆက်ဆီကနေ ရခဲ့တာပါ၊ ဆေးပင် အပုံတစ်ရာစာနဲ့ စုစုပေါင်း ဝိညာဉ်ကျောက် ရှစ်သောင်း ပေးခဲ့ရပါတယ်"
လင်းကျိုးသည် ကျောက်စိမ်းပြားကို ကောက်ယူကာ သူ၏ စိတ်အာရုံ ကို ၎င်းထဲသို့ ပို့လွှတ်လိုက်သည်။
နဂါးဝါဆေးလုံး အခြေခံအဆင့် (၁/၁၀၀)
ခေတ္တအကြာတွင် သူ မျက်လုံးဖွင့်လိုက်ရာ ကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်
"မဆိုးဘူး ဆေးအာနိသင်က တကယ်ပဲ ပိုပြင်းတယ်၊ ဒါပေမဲ့ ဖော်စပ်ရတဲ့ အခက်အခဲကလည်း ပိုများတယ် သာမန် ဆေးဆရာတွေအတွက်တော့ အောင်မြင်နှုန်း ၃၀ ရာခိုင်နှုန်းတောင် မရှိနိုင်ဘူး"
ဝမ်ရှီဟဲက ရယ်မောလိုက်သည်
"ဒါကြောင့်လည်း အဲဒီမိသားစုက ရောင်းချင်နေတာပေါ့ သူတို့ ဘိုးဘွားတွေထဲမှာ ဆေးဆရာတွေ ရှိခဲ့ပေမဲ့ အခုတော့ ဆုတ်ယုတ်သွားပြီလေ၊ ဒါကြောင့် ဆေးနည်းကို ဆက်သိမ်းထားတာက အသုံးမဝင်တော့ဘူး"
လင်းကျိုး ခေါင်းညိတ်ပြီး ကျောက်စိမ်းပြားကို သိမ်းလိုက်သည်
"ဒီ ဝိညာဉ်ကျောက် ရှစ်သောင်းကို လုပ်ငန်းလည်ပတ်ရေး ရန်ပုံငွေထဲကနေ သုံးလိုက်ပါ။ နောက်တစ်ခါ ဒီလိုမျိုးတွေ့ရင် တိုက်ရိုက်သာ ဝယ်လိုက်ပါ၊ ကျွန်တော့်ကို လာမေးနေဖို့ မလိုဘူး"
ဆိုင်ရှင်ချန်က သူ၏ ရင်ဘတ်ထဲမှ လက်ဖဝါးခန့်ရှိသော ပါးလွှာသည့် စိမ်းရောင် ကျောက်စိမ်းပြား လေးခုကို ထုတ်လိုက်သည် ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် ဝိညာဉ်အလင်းတန်းများ စီးဆင်းနေသည်။
"ဒါတွေက ဆက်သွယ်ရေး ကျောက်စိမ်းပြားတွေပါ"
သူက တစ်ခုကို လင်းကျိုးထံ ကမ်းပေးလိုက်သည်
"မနေ့က ရတနာခန်းမဆောင် ဆိုင်ခွဲမှာ ဝယ်ခဲ့တာပါ။ တစ်ခုကို ဝိညာဉ်ကျောက် ငါးရာ ပေးရတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်အာရုံ အမှတ်အသား တွေ ထားခဲ့မယ်ဆိုရင် မိုင်တစ်ထောင်အတွင်းမှာ အသံပို့ပြီး စကားပြောလို့ ရပါတယ်"
လင်းကျိုးသည် ကျောက်စိမ်းပြားကို ယူလိုက်သည် ၎င်းမှာ ချောမွေ့ပြီး နွေးထွေးလှသည်။ သူ၏ စိတ်အာရုံကို ၎င်းထဲသို့ ထည့်လိုက်ရာ ကျောက်စိမ်းပြားအတွင်းတွင် အလင်းစက် သုံးစက် ပေါ်လာသည် ၎င်းတို့မှာ ဆိုင်ရှင်ချန်နှင့် အခြားနှစ်ဦးတို့၏ အမှတ်အသားများပင် ဖြစ်သည်။
သူသည်လည်း သူ၏ အမှတ်အသားကို ထားခဲ့လိုက်ရာ သုံးဦးသား၏ လက်ထဲရှိ ကျောက်စိမ်းပြားများမှာ တစ်ပြိုင်နက်တည်း မှိန်ပျပျ လင်းထွက်လာသည်။
"စမ်းကြည့်ပါဦး"
ဝမ်ရှီဟဲသည် သူ၏ ကျောက်စိမ်းပြားကို ကိုင်ကာ စိတ်အာရုံကို ထည့်သွင်းလိုက်သည်။ လင်းကျိုး၏ လက်ထဲရှိ ကျောက်စိမ်းပြားမှာ အနည်းငယ် တုန်ခါသွားပြီး ဝမ်ရှီဟဲ၏ အသံ ထွက်ပေါ်လာသည်
"နန်းဆောင်အရှင် ကျွန်တော့်အသံ ကြားရပါသလား"
အသံမှာ နားအနားတွင် ရှိနေသကဲ့သို့ ရှင်းလင်းလှသည်။
"ကြားရတယ်"
လင်းကျိုး ခေါင်းညိတ်လိုက်သည်
"အခုကစပြီး တစ်ခုခုဆိုရင် ဒါနဲ့ပဲ ဆက်သွယ်ကြတာပေါ့"
ထို့နောက် လင်းကျိုးသည် ချင်ရွမ်းနန်းဆောင်၏ ဖွံ့ဖြိုးရေးစီမံကိန်းကို သူတို့ သုံးဦးအား ပြောပြကာ စီမံချက်အတိုင်း ရှေ့ဆက်ရန် ညွှန်ကြားလိုက်သည်။ သုံးဦးသား သဘောတူညီခဲ့ကြသည်။
ဆွေးနွေးမှုအပြီးတွင် ဝမ်ရှီဟဲနှင့် လျိုဝမ်ကျောက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပါးနပ်စွာဖြင့် အခွင့်တောင်း၍ ထွက်ခွာသွားကြသည်။ သို့သော် ဆိုင်ရှင်ချန်မှာမူ မထွက်သွားသေးပေ။ သူသည် နေရာတွင် ရပ်နေရင်း လက်ကို ပွတ်နေမိကာ ဝေခွဲမရဖြစ်နေသော အမူအရာ ရှိနေသည်။
"နောက်ထပ် တစ်ခုခု ရှိသေးလို့လား ဆိုင်ရှင်ချန်" လင်းကျိုးက မေးလိုက်သည်။
ဆိုင်ရှင်အိုကြီးမှာ ပါးစပ်ဟလိုက်သော်လည်း စကားလုံးများကို ပြန်မျိုချလိုက်သည်။ သူသည် လင်းကျိုးကို ကြည့်လိုက်၊ သူ၏ ခြေထောက်ကို ငုံ့ကြည့်လိုက်နှင့် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။
"နန်းဆောင်အရှင်... ဒီအဘိုးကြီးမှာ မသင့်တော်တဲ့ တောင်းဆိုမှုတစ်ခု ရှိပါတယ်"
"ပြောပါ"
ဆိုင်ရှင်ချန် အသက်ကို ပြင်းပြင်းရှူလိုက်သည်
"ပြီးခဲ့တဲ့ သားရဲလှိုင်းပြီးကတည်းက ကျွန်တော့်သမီး ရှုယောင်ရယ်... ချင်းယန်ဂိုဏ်းက မိန်းကလေး လျိုချင်းယွီရယ်၊ သူတို့နှစ်ယောက်လုံးက နန်းဆောင်အရှင် စစ်မြေပြင်မှာ သေဆုံးသွားပြီလို့ ထင်နေကြတာ။ သူတို့... အကြာကြီး ဝမ်းနည်းနေခဲ့ကြတာပါ"
လင်းကျိုး၏ မျက်လုံးများ အနည်းငယ် တုန်ခါသွားသည်။ ချန်ရှုယောင်၊ လျိုချင်းယွီ။ လှပသော နတ်သမီးလေး နှစ်ပါး၏ မျက်နှာများ သူ၏ စိတ်ထဲတွင် ပေါ်လာသည်။
"ဒါနဲ့ ဘာဖြစ်လဲ" လင်းကျိုး၏ လေသံမှာ တည်ငြိမ်နေဆဲဖြစ်သည်။
"ဒါကြောင့်... ဒီအဘိုးကြီးက ရှုယောင်ကို နန်းဆောင်အရှင် အသက်ရှင်နေသေးတဲ့အကြောင်း ပြောပြလို့ ရမလားလို့ မေးချင်တာပါ။ အဲဒီကလေးမလေးက ပြီးခဲ့တဲ့ ခြောက်လအတွင်း ကျွန်တော့်ဆီ ခဏခဏ ဆက်သွယ်ပြီး နန်းဆောင်အရှင်ရဲ့ သတင်းရှိသလားလို့ မေးနေခဲ့တာပါ"
အခန်းထဲတွင် တိတ်ဆိတ်သွားသည်။ ဤစကားများသည် တစ်ဝက်မှန်၊ တစ်ဝက်မှား ဖြစ်နိုင်သည် လင်းကျိုး၏ သတင်းကို မေးနေသည်မှာ လျိုချင်းယွီ ဖြစ်ဖို့ ပိုများသည်။ လင်းကျိုးသည် ဆိုင်ရှင်ချန်၏ အကြံအစည်လေးကို မဖော်ထုတ်ခဲ့ပေ။ သူသည်လည်း ထိုအမျိုးသမီးနှစ်ဦးအပေါ် အမြင်ကောင်း ရှိသည်မှာ အမှန်ပင်၊ အထူးသဖြင့် လျိုချင်းယွီအပေါ်တွင် ဖြစ်သည်။
"ပြောပြလိုက်ပါ" လင်းကျိုး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်
"ဒါပေမဲ့ ကျွန်တော် အသက်ရှင်နေသေးတဲ့အကြောင်းနဲ့ ဒဏ်ရာကုသဖို့ ဂူအောင်းနေတယ်လို့ပဲ ပြောပါ။ တခြား ဘာမှ မပြောပါနဲ့"
ဆိုင်ရှင်ချန်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားသည်
"ဟုတ်ကဲ့၊ ဟုတ်ကဲ့…ဒီအဘိုးကြီး နားလည်ပါပြီ တစ်ခွန်းတောင် ပိုမပြောပါဘူး"
သူ ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ မဝံ့မရဲ ထပ်မေးလိုက်သည်
"ဒါဆို... နန်းဆောင်အရှင်က ရှုယောင်ကို ဘယ်လိုမြင်ပါသလဲ"
လင်းကျိုးက သူ့ကို မော့ကြည့်လိုက်သည်။ ဆိုင်ရှင်အိုကြီးမှာ ထိုတည်ငြိမ်သော အကြည့်ကြောင့် အလန့်တကြား ဖြစ်သွားပြီး အမြန် ရှင်းပြသည်
"ဒီအဘိုးကြီးက တခြား ဆိုလိုတာ မဟုတ်ပါဘူး ရှုယောင်ကလည်း အဖော်ရှာရမယ့် အရွယ်ရောက်နေပြီလေ။ သူမရဲ့ စိတ်ထားကလည်း ဖြူစင်ပြီး ကြင်နာတတ်ပါတယ်၊ သူမရဲ့ ကျင့်ကြံမှုကလည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အလယ်အလတ်အဆင့်မှာ ရှိနေတာမို့..."
"ဆိုင်ရှင်ချန်"
လင်းကျိုးက သူ့ကို စကားဖြတ်ပြောလိုက်သည်၊ သူ၏ လေသံမှာ နူးညံ့လှသည်
"ချင်ရွမ်းနန်းဆောင်က အခုမှ တည်ထောင်ကာစပဲ ရှိသေးတယ်၊ ရှေ့မှာ လျှောက်ရမယ့် လမ်းကလည်း အဝေးကြီး ကျန်ပါသေးတယ်။ ဒီကိစ္စတွေကို ပြောဖို့က စောလွန်းပါသေးတယ်။ ချင်ရွမ်းနန်းဆောင်က ကျောက်စိမ်းပြားစျေးမှာ ခိုင်ခိုင်မာမာ ခြေကုပ်ယူနိုင်ပြီးတဲ့ အခါကျမှ ကျွန်တော် အားလပ်တဲ့အချိန်မှာ ချင်းယန်ဂိုဏ်းဆီ သွားပြီး ချန်ရှုယောင်နဲ့ စီနီယာတွေကို တွေ့ပါ့မယ်"
သဘောလည်းမတူသလို၊ ငြင်းလည်းမငြင်းခဲ့ပေ။ လက်ရှိတွင် သူ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြင့် အလုပ်ရှုပ်နေသဖြင့် အချစ်ရေးအတွက် အချိန်မရှိသေးပေ။ အောင်မြင်မှု ရရှိပြီးမှသာ ထိုကိစ္စကို ဆွေးနွေးမည် ဖြစ်သည်။
စကားက ဤအဆင့်သို့ ရောက်သွားသဖြင့် ဆိုင်ရှင်ချန်က အမြန် ပြောလိုက်သည်
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ နန်းဆောင်အရှင် ပြောတာ မှန်ပါတယ်။ ဒီအဘိုးကြီး တွေဝေသွားမိတယ်။ ဒါဆိုရင်... ကျွန်တော် သွားပါတော့မယ်"
သူသည် ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
အခန်းတံခါး ပိတ်သွားသည်။ သူ ဆိုင်ရှင်ချန်၏ ရည်ရွယ်ချက်ကို နားလည်သည်။ အကယ်၍ သူ၏သမီးသာ သူ့နားမှာ ရှိနေနိုင်ပါက သူမ၏ အနာဂတ်မှာ အကန့်အသတ်မရှိ ဖြစ်လာမည်။ ၎င်းမှာ လူသားတို့၏ သဘာဝပင် ဖြစ်သည်။ သူသည်လည်း ထိုသို့ဖြစ်လာသည်ကို မြင်တွေ့ရလျှင် ဝမ်းသာမိမည် ဖြစ်သည်။ လူတိုင်းက လှပသော လူနှင့် အရာဝတ္ထုများကို နှစ်သက်ကြသည်ပင်။
သို့သော် ယခုအချိန်တွင်မူ သူ၏စိတ်ထဲတွင် ထိုအရာများအတွက် နေရာမရှိသေးပေ။ သူ၏ လုပ်ငန်းမှာ စတင်ကာစပဲ ရှိသေးပြီး လျှောက်လှမ်းရမည့် လမ်းမှာလည်း ဝေးလံလှသေးသည်။
သူသည် စိတ်ကို ပြန်လည် စုစည်းလိုက်ပြီး စားပွဲပေါ်ရှိ နဂါးဝါဆေးလုံး ဆေးနည်းနှင့် ဆေးပင်များကို ကြည့်လိုက်သည်။ ဤအရာက လက်ရှိတွင် အရေးကြီးဆုံး ဖြစ်သည်။
နောက်တစ်နေ့တွင် သူသည် ဆေးဖော်စပ်ခန်းထဲတွင်သာ အချိန်ကုန်ဆုံးစေပြီး နဂါးဝါဆေးလုံး၏ ကျွမ်းကျင်မှု ကို စတင် မြှင့်တင်တော့သည်။
တစ်ရက်ကြာပြီးနောက်
နဂါးဝါဆေးလုံး ပြည့်စုံခြင်းအဆင့် (၂၀/၁၀၀၀၀၀)
သူသည် မျက်နှာပြင်ပေါ်တွင် ငွေရောင်အမှတ်အသား လေးခု ပါရှိသော ဝါဖျော့ဖျော့ ဆေးလုံးကို ကြည့်လိုက်သည်။ သူသည် ထိုဆေးလုံးကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ဆေးအာနိသင်မှာ အရည်ပျော်သွားပြီး ကြီးမားသော မြစ်ကြီးတစ်စင်းကဲ့သို့ စီးဆင်းလာရာ အဆင့်မြင့်ဆုံး အနှစ်သာရဆေးလုံးထက် ၃၀ ရာခိုင်နှုန်းကျော် ပို၍ အားကောင်းလှသည်။
ဝိညာဉ်စွမ်းအားများသည် သူ၏ သွေးကြောများအတွင်း လျင်မြန်စွာ လည်ပတ်နေသည်။ တစ်ပတ် လည်ပတ်ပြီးနောက် သူ၏ ကျင့်ကြံမှု တိုးတက်မှုကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
ချီသန့်စင်ခြင်းအဆင့် (၁၀) (၂၇၁/၇၂၉၀၀) → (၂၀၈၂/၇၂၉၀၀)
တစ်ပတ်လည်လျှင် ကျင့်ကြံမှု အမှတ် ၁၁ ရရှိသည်။
"မလုံလောက်သေးဘူး"
သူ စတင် တွက်ချက်တော့သည်။
အဆင့်မြင့်ဆုံး နဂါးဝါဆေးလုံး တစ်လုံးသည် တစ်ရက်စာ ကျင့်ကြံမှုအတွက် လုံလောက်သော ဆေးအာနိသင်ကို ပေးသည်။ ကျင့်စဉ်ကို တက်ကြွစွာ လည်ပတ်ပါက တစ်ပတ်လျှင် ၁၅ မိနစ် ကြာမြင့်ပြီး ကျင့်ကြံမှု အမှတ် ၁၁ တိုးလာသည်။ တစ်ရက်လျှင် ၉၆ ပတ် ပြီးမြောက်နိုင်ပြီး ကျင့်ကြံမှု အမှတ် ၁၅၆ ရရှိမည်။
ချီသန့်စင်ခြင်းအဆင့် (၁၀) မှ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရန် ကျင့်ကြံမှု အမှတ် ၄၅၀,၀၀၀ ခန့် လိုအပ်သည်။ ဤနှုန်းအတိုင်းဆိုပါက ၄၂၆ ရက် ခန့် ကြာမြင့်မည်ဖြစ်ရာ တစ်နှစ်ကျော် ကြာပေလိမ့်မည်။
အလွန် နှေးကွေးလွန်းသည်။ တစ်နှစ်ကျော်နှင့် အခြေခံအုတ်မြစ် တည်ဆောက်နိုင်ခြင်းမှာ သာမန်ကျင့်ကြံသူများအတွက် စိတ်ကူးပင် မယဉ်နိုင်သော အရာဖြစ်သော်လည်း သူ၏အတွက်မူ မလုံလောက်ပေ။ ချင်ရွမ်းနန်းဆောင် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပြီး သူသည် တတ်နိုင်သမျှ အမြန်ဆုံး အခြေခံအုတ်မြစ် တည်ဆောက်ရန် လိုသည်။ မဟုတ်ပါက ချင်ရွမ်းနန်းဆောင်၏ တိုးတက်မှုနှုန်းမှာ သူ၏ ကျင့်ကြံမှုအဆင့်ကြောင့် ကန့်သတ်ခံရပေလိမ့်မည်။
သူ ဆေးလုံးကို ပြောင်းလဲရန် လိုအပ်နေပြီ ဖြစ်သည်။