အခန်း ၂၈ - စည်းမျဉ်းများ သတ်မှတ်ခြင်း
လက် လေးခုမှာ ပြန်လည်ကွာဟသွားပြီး စားပွဲပေါ်ရှိ လက်ဖက်ရည်မှာ နွေးနေဆဲဖြစ်သည်။
ဝမ်ရှီဟဲ၏ မျက်နှာပေါ်တွင် သူ၏ အမြဲတမ်းရှိနေကျ နူးညံ့သောအပြုံး ပြန်လည်ပေါ်လာပြီး သူ၏လက်ချောင်းများဖြင့် စားပွဲပေါ်ကို နှစ်ချက်ခေါက်လိုက်ရာ ကြည်လင်သော အသံလေး ထွက်ပေါ်လာသည်။ သူသည် လင်းကျိုးကို ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် အတိုင်းအတာတစ်ခုအထိ စူးစမ်းလိုစိတ်များ ပါဝင်နေသည်။
“တာအို ရောင်ရင်း လင်း၊ မိတ်ဆွေရဲ့ လက်ရှိကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ။ကျွန်တော်တို့က အခု တစ်လှေတည်းစီး တွေဖြစ်သွားပြီဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက် ရှင်းရှင်းလင်းလင်း သိထားသင့်တယ်လေ။”
ဤမေးခွန်းကို သူက သာမန်စကားစမြည်ပြောသကဲ့သို့ သဘာဝကျကျနှင့် အေးအေးဆေးဆေး မေးလိုက်ခြင်းဖြစ်သည်။ လင်းကျိုးက လက်ဖက်ရည်ခွက်ကို မလိုက်ပြီး သောက်ရန် မလောပေ။
“ချီသန့်စင်ခြင်း ဒသမအဆင့် ပါ။”
“ချောက်”
လျိုဝမ်ကျောက်၏ လက်ထဲမှ လက်ဖက်ရည်ခွက်မှာ အနည်းငယ် တုန်ခါသွားပြီး လက်ဖက်ရည်စက်အချို့ စင်ထွက်သွားကာ သူမ၏ ဖြူစင်သော အင်္ကျီလက်စပေါ်သို့ ကျသွားပြီး အကွက်လေးတစ်ခု ဖြစ်သွားသည်။ သို့သော် သူမမှာ ထိုအရာကို လုံးဝသတိမထားမိဘဲ လင်းကျိုးကိုသာ စိုက်ကြည့်နေမိသည်။
ဆိုင်ရှင်ချန်မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ၏ လည်စလုပ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသော်လည်း မည်သည့်အသံမျှ ထွက်မလာပေ။ သူသည် အသက် ခုနစ်ဆယ်ကျော်ပြီဖြစ်ကာ စျေးတန်း(ချန်းယွမ်ဈေး) တွင် ကျင့်ကြံသူပေါင်းများစွာကို မြင်ဖူးခဲ့သော်လည်း ချီသန့်စင်ခြင်း ဒသမအဆင့်ဆိုသည်မှာ... သူ ကြားသာကြားဖူးပြီး တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
(ဈေးတန်း ကို ချန်းယွမ်ဈေး လို့ မူရင်းမှာ ပြောင်းပါတယ်)
ဝမ်ရှီဟဲ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ခေတ္တမျှ တောင့်ခဲသွားသည်။
“ဒါကြောင့်ကိုး”
ဝမ်ရှီဟဲ၏ အသံမှာ တည်ငြိမ်နေဆဲဖြစ်သည်။ “ဒါကြောင့်လည်း မိတ်ဆွေလင်းရဲ့ မှော်အတတ်တွေက ဒီလောက်အထိ နက်နဲနေတာကိုး။ ချီသန့်စင်ခြင်း ဒသမအဆင့်... အဘိုးကြီးဝမ် ဒီနေ့တော့ တကယ်ပဲ မျက်စိပွင့်သွားရပါပြီ”
လင်းကျိုးသည် လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သည်။
“အဆင့်က အဆင့်ပဲ၊ ခွန်အားက ခွန်အားပဲ။” သူက ဆက်ပြောသည် “ကျင့်ကြံခြင်းလမ်းစဉ်မှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ဆိုတာမှ တကယ့်အခြေခံအဆင့် ပဲ ရှိပါသေးတယ်”
ဤနေရာသို့ ရောက်သောအခါ သူ၏အကြည့်မှာ ဝမ်ရှီဟဲ၏ လွတ်နေသော ညာဘက်လက်အင်္ကျီစဆီသို့ ရောက်သွားသည်။
“စီနီယာဝမ်၊ စီနီယာ့ရဲ့ ဒီလက်မောင်းကတော့... တကယ်ပဲ နှမြောဖို့ကောင်းပါတယ်။”
ဝမ်ရှီဟဲက လွတ်နေသော အင်္ကျီစကို ငုံ့ကြည့်လိုက်ရာ သူ၏အပြုံးတွင် ခါးသီးမှုအချို့ ထပ်တိုးလာသည်- “အသက်ရှင်ကျန်ရစ်တာတင်ပဲ ကံကောင်းလှပါပြီ။ လက်တစ်ဖက် ဆုံးရှုံးရတာက ဘာမှမဟုတ်ပါဘူး။”
“အဲဒီလက်ကို ပြန်ပေါက်လာအောင် ကျွန်တော် လုပ်ပေးနိုင်ရင်ရော”
အိမ်နောက်ဖေးဝင်းမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ လေပင်လျှင် ရပ်တန့်သွားသကဲ့သို့ပင်။ ဝမ်ရှီဟဲ မော့ကြည့်လိုက်ရာ သူ၏အကြည့်မှာ ဓားတစ်လက်ကဲ့သို့ စူးရှလှသည်- “မိတ်ဆွေလင်း၊ ဒီလိုစကားမျိုးကို ပေါ့ပေါ့တန်တန် မပြောသင့်ဘူးနော်”
“ကျွန်တော် သေချာမသိတဲ့အရာကို ဘယ်တော့မှ မပြောဘူး။” လင်းကျိုး၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ— “ဒုတိယအဆင့် ဆေးလုံးတွေထဲမှာ 'ကြွက်သားနှင့် အရိုး ပြန်လည်ဖြစ်ပေါ်စေသော ဆေးလုံး' ဆိုတာ ရှိတယ်။ အဲဒါကို အဆင့်မြင့်ဆုံး အဖြစ် ဖော်စပ်နိုင်ရင် ဖြတ်တောက်ခံထားရတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်ပေါက်လာစေနိုင်တယ်။”
လျိုဝမ်ကျောက်က တိုးညှင်းစွာ ပြောသည် “ဒါက ဒဏ္ဍာရီထဲမှာပဲ ရှိတဲ့အရာလေ...”
“ဆေးနည်း ရှိပါတယ်” လင်းကျိုးက သူမကို စကားဖြတ်ပြောလိုက်သည်။ “ပါဝင်ပစ္စည်းတွေက ရှားပါးပေမဲ့ ရှာလို့ရနိုင်ပါတယ်။ အခက်အခဲက ဖော်စပ်တဲ့နေရာမှာပဲ ရှိတာ၊ ဆေးရဲ့ အာနိသင်တွေကို အစွမ်းကုန် လှုံ့ဆော်ပေးပြီး မကုန်ခမ်းနိုင်တဲ့ သက်စောင့်အားကို ဖန်တီးပေးဖို့ လိုတယ်။” သူ ခေတ္တရပ်ပြီး သူတို့သုံးဦးကို ကြည့်လိုက်သည်— “ဆေးနည်းနဲ့ ပစ္စည်းတွေ အဆင်သင့်ရှိနေသရွေ့ ကျွန်တော် ဖော်စပ်ပေးနိုင်ပါတယ်”
ဆိုင်ရှင်ချန်က အသက်ရှူမှားသွားကာ— “မိတ်ဆွေလင်း၊ မင်းက...”
“ကျွန်တော် ဒါတင်မကဘဲ တခြားအရာတွေကိုလည်း ဖော်စပ်နိုင်ပါတယ်။” လင်းကျိုးက စကားကို ဆက်ပြောလိုက်ရာ သူ၏အသံမှာ တည်ငြိမ်သော်လည်း စကားလုံးတိုင်းမှာ ရှင်းလင်းလှသည်။ “အဆင့်မြင့်ဆုံး အနှစ်သာရဆေးလုံးဆိုတာ အစပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာ အခြေခံအုတ်မြစ် တည်ဆောက်ရေး ဆေးလုံးတွေ၊ ရွှေအမြုတေ အဆင့်တက်ဖို့ လိုအပ်တဲ့ ဆေးလုံးတွေ ဆေးနည်းရှိပြီး ပစ္စည်းတွေ လုံလောက်နေသရွေ့ ကျွန်တော် အားလုံးကို ဖော်စပ်နိုင်ပါတယ်။”
သူ၏အကြည့်မှာ သူတို့သုံးဦးပေါ်သို့ ဝဲကျသွားသည်။
“စီနီယာဝမ်ရဲ့ လက်မောင်း ပြန်ပေါက်လာနိုင်သလို၊ ဆိုင်ရှင်ချန်ရဲ့ ကျင့်ကြံမှုလည်း နောက်ထပ်တစ်ဆင့် တက်လာနိုင်ပါတယ်။ မိန်းကလေးလျိုအတွက် ကျင့်ကြံရေး အရင်းအမြစ်တွေ ဆိုတာလည်း အခုကစပြီး ပြတ်လပ်သွားမှာ မဟုတ်တော့ဘူး။” ဤသို့ ပြောပြီးနောက် လင်းကျိုး ခေတ္တရပ်လိုက်သည်။ သူသည် လက်ဖက်ရည်အိုးကို မကာ မိမိခွက်ထဲသို့ ပြန်ဖြည့်လိုက်သည်။
“ဒါတွေကို ကျွန်တော် ပြောခဲ့ပြီးပြီဆိုတော့ လက်တွေ့ဖြစ်လာအောင် လုပ်ပြပါ့မယ်။ ဒါပေမဲ့ အခြေခံအချက်ကတော့” သူက မော့ကြည့်လိုက်ပြီး “ကျွန်တော်တို့တွေက စိတ်တူကိုယ်တူ ရှိရမယ်။”
ဝမ်ရှီဟဲ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ပြုံးလိုက်သည်- “မိတ်ဆွေလင်းရဲ့ စကားတွေက လက်တွေ့ကျပါတယ်။ ဒါပေမဲ့ 'စိတ်တူကိုယ်တူ' ရှိဖို့ဆိုတာက စကားပြောသလောက် မလွယ်ကူဘူးလေ။”
“ဒါကြောင့်ပဲ ကျွန်တော်တို့မှာ စည်းမျဉ်းတွေ လိုအပ်တာပေါ့။” လင်းကျိုးက လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ သူက ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး လက်နှစ်ဖက်ကို စားပွဲပေါ်တွင် ယှက်ထားလိုက်သည်။ “ချင်းရွှမ်ဆောင် ရဲ့ ဗဟိုချက်က ကျွန်တော်ပဲ ဖြစ်ရမယ်”
လင်းကျိုးက ပြောလိုက်ရာ သူ၏အသံမှာ မကျယ်သော်လည်း စကားလုံးတိုင်းမှာ သစ်သားပြားပေါ်သို့ သံမှိုရိုက်သွင်းလိုက်သကဲ့သို့ ခိုင်မာလှသည်။ “အပြင်လောကမှာတော့ ခင်ဗျားတို့ သုံးယောက် အဆင်ပြေသလို ပြောနိုင်ပါတယ်။ ဒါပေမဲ့ အတွင်းပိုင်းမှာတော့ ကျွန်တော် ပြောတဲ့စကားက နောက်ဆုံး ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်”
လျိုဝမ်ကျောက်၏ မျက်တောင်များမှာ အနည်းငယ် တုန်ခါသွားသည် “တကယ်လို့ သဘောထားကွဲလွဲမှုတွေ ရှိလာရင်ရော...”
“ဆွေးနွေးလို့ ရပါတယ်” လင်းကျိုးက ချက်ချင်း ပြန်ဖြေသည် “ဒါပေမဲ့ ကျွန်တော်က တစ်ချို့ ကိစ္စတွေမှာ ဒီအတိုင်းပဲ လုပ်မယ်လို့ ဆုံးဖြတ်ရင်တော့ ကျွန်တော့်နည်းလမ်းအတိုင်းပဲ လုပ်ရမယ်”
သူက မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်း ဖြစ်သည်။
ဝမ်ရှီဟဲ၏ မျက်နှာပေါ်မှ အပြုံးမှာ ၃၀ ရာခိုင်နှုန်းခန့် မှိန်ဖျော့သွားသည်- “မိတ်ဆွေလင်းက အာဏာရှင်ဆန်ဆန် လုပ်ဖို့ ကြံစည်နေတာလား”
“ကျွန်တော်က ထိရောက်မှုကို လိုချင်တာပါ” လင်းကျိုးက ပြန်ပြင်ပေးလိုက်သည်။ “လေလွင့်ကျင့်ကြံသူတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေမှာ အကြောက်ရဆုံးက ဘာလဲ အပြင်ရန်သူ မဟုတ်ဘဲ အတွင်းပဋိပက္ခပဲ။
ဒီနေ့ ခင်ဗျားက နည်းနည်း ငြင်းတယ်၊ မနက်ဖြန် ကျန်တဲ့သူက နည်းနည်း ငြင်းတယ်နဲ့ အချိန်တွေက စကားများနေရင်းနဲ့ပဲ ကုန်သွားတာ။” သူက ဝမ်ရှီဟဲကို ကြည့်လိုက်သည် “စီနီယာဝမ်၊ စီနီယာက အဖွဲ့တွေကို ဦးဆောင်ဖူးတာပဲ၊ ဒါကို နားလည်မှာပါ”
ဝမ်ရှီဟဲ စကားမပြောပေ။
“စည်းမျဉ်း နံပါတ် (၂)” လင်းကျိုးက ဆက်ပြောသည်“ကျွန်တော့်ရဲ့ ဆေးလုံးဖော်စပ်မှု၊ ကျင့်ကြံမှု တိုးတက်မှုနဲ့ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက် အားလုံးကို ဘယ်သူ့ကိုမှ စိုးစဉ်းမျှ မပေါက်ကြားစေရဘူး။ ဒါက အကြံပြုချက် မဟုတ်ဘူး၊ လုံးဝ လိုက်နာရမယ့် သံမဏိစည်းမျဉ်းပဲ”
သူတို့ သုံးဦးစလုံးမှာ ဝါရင့် ကျင့်ကြံသူများ ဖြစ်သဖြင့် ထိုကိစ္စ၏ အရေးကြီးပုံကို သိကြရာ ဤစည်းမျဉ်းကို မကန့်ကွက်ကြပေ။ သို့သော် လင်းကျိုး ခေတ္တရပ်လိုက်ပြီးမှ “ခင်ဗျားတို့ သုံးယောက်စလုံး ကောင်းကင်တာအို ကျိန်ဆိုချက် လုပ်ဖို့ ကျွန်တော် လိုအပ်ပါတယ်”
“ဟူး...”
လျိုဝမ်ကျောက်၏ လက်ချောင်းထိပ်များမှာ တင်းကျပ်သွားပြီး သူမ၏ အင်္ကျီလက်စကို ကျေမွသွားအောင် ဆုပ်ကိုင်မိလိုက်သည်။ ဆိုင်ရှင်ချန်၏ မျက်နှာမှာ ဖြူလျော့သွားသည်။ ဝမ်ရှီဟဲ၏ အကြည့်မှာလည်း ရုတ်တရက် စူးရှသွားသည်။
ကောင်းကင်တာအို ကျိန်ဆိုချက် ၎င်းမှာ ကမ္ဘာမြေ၏ နိယာမများနှင့် တိုက်ရိုက် ဆက်နွှယ်နေသော ချည်နှောင်မှု ဖြစ်ရာ ချိုးဖောက်သူသည် ကျင့်ကြံခြင်းလမ်းစဉ် ပြတ်တောက်ပြီး ဝိညာဉ်ပါ ချုပ်ငြိမ်းသွားရမည် ဖြစ်သည်။ ကျင့်ကြံခြင်းကမ္ဘာတွင် ၎င်းမှာ အလေးနက်ဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်သော်လည်း အသုံးအများဆုံးသော ချည်နှောင်မှု ပုံစံပင် ဖြစ်သည်။
“မိတ်ဆွေလင်း” ဝမ်ရှီဟဲက အသံကို နှိမ့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “ဒါက အနည်းငယ် မများလွန်းဘူးလား”
“များသလား” လင်းကျိုးက ပြန်မေးသည်“ဒီနေ့ ကျွန်တော့်ရဲ့ ဖဲချပ်တွေ အကုန်လုံးကို ကျွန်တော် ထုတ်ပြခဲ့ပြီ။ ချီသန့်စင်ခြင်း ဒသမအဆင့်၊ အဆင့်မြင့်ဆုံး ဆေးလုံးတွေ ဖော်စပ်နိုင်တဲ့ စွမ်းရည်နဲ့ နက်နဲတဲ့ မှော်အတတ်တွေ အားလုံးကိုပေါ့။ ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ဘာတွေ ဖြစ်လာမလဲ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။”
အိမ်နောက်ဖေးဝင်းမှာ သေလောက်အောင် တိတ်ဆိတ်သွားသည်။
“ကျွန်တော်က ကျွန်တော့်ရဲ့ လျှို့ဝှက်ချက် အားလုံးကို ထုတ်ပြပြီး ကျွန်တော့်ရဲ့ အသက်ကို ခင်ဗျားတို့ သုံးယောက်လက်ထဲ ထည့်ပေးထားတာ။” လင်းကျိုး၏ အသံမှာ တည်ငြိမ်လှသည် “ခင်ဗျားတို့ သုံးယောက် ကျိန်ဆိုချက် လုပ်တယ်ဆိုတာက ခင်ဗျားတို့ရဲ့ စိတ်ရင်းမှန်မှုကို ကျွန်တော့်လက်ထဲ ထည့်ပေးလိုက်တာပဲ။ ဒါက တရားမျှတတဲ့ အရောင်းအဝယ်တစ်ခုပဲ မဟုတ်လား။”
လျိုဝမ်ကျောက်၏ အသံမှာ တိုးလွန်းသဖြင့် မကြားတကြားပင် ရှိသည်“တကယ်လို့ ကျွန်မတို့က... သဘောမတူရင်ရော”
လင်းကျိုး သူမကို ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးပြီး ပြောလိုက်သည်— “ဒါဆိုရင်လည်း ခင်ဗျားတို့ သုံးယောက် ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို မေ့ပစ်လိုက်ဖို့ပဲ တောင်းဆိုချင်ပါတယ်။ ဒီစားပွဲပေါ်က ဆေးလုံးတွေကတော့ ခင်ဗျားတို့အတွက် ကျွန်တော့်ရဲ့ လမ်းခွဲလက်ဆောင်ပေါ့။ တကယ်လို့ မေ့လို့မရဘူးဆိုရင်လည်း ခင်ဗျားတို့ မေ့သွားအောင် ကူညီပေးဖို့ ကျွန်တော် ဝန်မလေးပါဘူး”
စကားလုံးများမှာ ယဉ်ကျေးသော်လည်း အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။ ဝမ်ရှီဟဲသည် လင်းကျိုးကို ဤလူကို ပထမဦးဆုံးအကြိမ် ရှင်းရှင်းလင်းလင်း မြင်ဖူးသကဲ့သို့ စိုက်ကြည့်နေမိသည်။ ပုံမှန်အားဖြင့် သူသည် အပြုံးနှင့် ပြည့်နှက်နေကာ ယဉ်ကျေးပြီး လူအများက အနီးကပ်နေလိုသော သူမျိုး ဖြစ်သည်။ သို့သော် အရေးကြီးသော အခိုက်အတန့်တွင်မူ သူ၏ ဓားမှာ လျင်မြန်ပြီး ပြတ်သားလှကာ ညှိနှိုင်းစရာ နေရာမချန်ထားပေ။
“မိတ်ဆွေလင်း” ဝမ်ရှီဟဲက သက်ပြင်းတစ်ချက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်— “မင်းက... ငါထင်ထားတာထက် ပိုပြီး ပြတ်သားတာပဲ ”
“ဒါက ပြတ်သားတာ မဟုတ်ပါဘူး၊ ရှင်းလင်းတာပါ” လင်းကျိုးက ပွင့်ပွင့်လင်းလင်း ပြောသည်— “ကျင့်ကြံခြင်းကမ္ဘာဆိုတာ ဘယ်လိုနေရာမျိုးလဲ… လူကို အရိုးမကျန်အောင် ဝါးစားတဲ့ နေရာလေ။ နွေးထွေးမှုဆိုတာ လိုအပ်ပေမဲ့ အဲဒါက စည်းမျဉ်းတွေအပေါ်မှာ အခြေခံရမယ်။ စည်းမျဉ်းတွေ သတ်မှတ်ပြီးသွားရင် လူတိုင်းက ကိုယ်လုပ်စရာရှိတာကို စိတ်အေးလက်အေး လုပ်နိုင်ကြမှာပဲ၊ ဘေးနားကလူကို တစ်နေ့လုံး သံသယဝင်နေဖို့ မလိုတော့ဘူး”
သူသည် ထရပ်ကာ ဝင်းအတွင်းရှိ အပင်အိုကြီး ဆီသို့ လျှောက်သွားသည်။ “ကျွန်တော် ခင်ဗျားတို့ သုံးယောက်ကို အမွှေးတိုင်တစ်တိုင် ကုန်တဲ့အထိ စဉ်းစားဖို့ အချိန်ပေးပါ့မယ်” လင်းကျိုးက သူတို့ သုံးယောက်ကို ကျောခိုင်းလိုက်သည် “သဘောတူတဲ့လူက ကျန်ခဲ့ပါ၊ သဘောမတူရင် အခုပဲ ထွက်သွားနိုင်ပါတယ်၊ ကျွန်တော် ခက်ခဲအောင် မလုပ်ပါဘူး။ ဒါပေမဲ့ ဒီတံခါးကနေ ထွက်သွားပြီးမှ ဒီနေ့ကိစ္စ တစ်ခွန်းတောင် ပေါက်ကြားခဲ့ရင်တော့...”
သူ စကားကို အဆုံးမသတ်ခဲ့ပေ။ အဆုံးသတ်ဖို့လည်း မလိုပေ။ ဆိုင်ရှင်ချန်သည် လက်ဖက်ရည်ခွက်ထဲမှ မိမိ၏ ပုံရိပ်ကို ကြည့်နေမိပြီး သူ၏ အိုမင်းသော မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ နက်ရှိုင်းလှသည်။
“ငါ ကျိန်ဆိုမယ်” ဆိုင်ရှင်ချန်က ရုတ်တရက် အသံအက်အက်ဖြင့် ပြောလိုက်သည် “ငါကလည်း အိုပြီ၊ အသက်ရှင်ဖို့ကလည်း အများကြီး မကျန်တော့ဘူး။ ဆုတ်ယုတ်ပျက်စီးသွားမယ့်အစား တစ်ခါလောက်တော့ လောင်းကြေးထပ်ကြည့်ချင်တယ်” သူက လင်းကျိုး၏ ကျောပြင်ကို ကြည့်ကာ “ ရောင်ရင်းလင်း၊ ကျွန်တော် မင်းကို ယုံတယ်”
ဝမ်ရှီဟဲ မျက်လုံးများကို မှိတ်လိုက်သည်။ သူသည် သူ၏ ဖြတ်တောက်ခံထားရသော လက်မောင်းနှင့် အရည်အသွေးနိမ့် ဆေးလုံးအချို့ ရဖို့အတွက် နှစ်ပေါင်းများစွာ လှည့်လည်ပြေးလွှားခဲ့ရသည်များကို တွေးမိသည်။ ထိုဂိုဏ်းသားများ၏ မောက်မာသော အကြည့်များကိုလည်း တွေးမိသည်။ သူ မျက်လုံးများကို ဖွင့်လိုက်သည်။
“ကျွန်တော့်ကိုလည်း ထည့်လိုက်ပါ” ဝမ်ရှီဟဲက ပြောလိုက်ရာ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပြန်ပေါ်လာသည်၊ ဤတစ်ကြိမ်တွင်တော့ စိတ်သက်သာရာရမှု အချို့ ပါဝင်နေသည်။ “ငါ့အသက်က လွန်ခဲ့တဲ့ ခြောက်လကတည်းက ကုန်ဆုံးသွားခဲ့သင့်တာ။ အခု ဒီခြောက်လ ပိုနေရတာက အမြတ်ပဲ။ ဒါဆိုရင်တော့ ပိုကြီးတဲ့ လောင်းကြေးကိုပဲ ထပ်လိုက်တော့မယ်”
လျိုဝမ်ကျောက် စကားမပြောပေ။ သူမသည် သူမ၏ သွယ်လျသော လက်ချောင်းလေးများကို ငုံ့ကြည့်နေသည်။ ဤလက်များဖြင့်ပင် သူမသည် အဆောင်မန္တန်များ ဆွဲခဲ့ဖူးသည်၊ မိစ္ဆာသားရဲများကို သတ်ခဲ့ဖူးသည်၊ အရင်းအမြစ် မလုံလောက်မှုကြောင့် ညသန်းခေါင်ယံတွင် တုန်ယင်ခဲ့ဖူးသည်။ သူမ မော့ကြည့်လိုက်သည်။
“ကျွန်မကိုလည်း ထည့်လိုက်ပါ” လျိုဝမ်ကျောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
ကောင်းကင်ဘုံ ကျိန်ဆိုချက် လုပ်ပြီးနောက် သုံးဦးစလုံးသည် သူတို့၏ ဝိညာဉ်နက်နဲရာတွင် အနည်းငယ် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။ မမြင်ရသော သံခြေကျင်းတစ်ခု ကျရောက်လာပြီး ကမ္ဘာမြေ၏ နိယာမများနှင့် ဆက်သွယ်သွားသည်။ ကျိန်ဆိုချက် ပြီးမြောက်သွားပြီ ဖြစ်သည်။
လင်းကျိုး၏ မျက်နှာပေါ်မှ အပြုံးမှာ ပို၍ စိတ်ရင်းမှန်လာသည်။ “မကောင်းတဲ့ စကားတွေကို အရင်ပြောထားမှ နောက်ပိုင်းမှာ အလုပ်လုပ်ရတာ ပိုကောင်းမှာမို့လို့ပါ။” သူ ပြန်ထိုင်လိုက်သည် “ဒီကျိန်ဆိုချက်ကို ဘယ်တော့မှ အသုံးမပြုရပါစေနဲ့လို့ ကျွန်တော် မျှော်လင့်ပါတယ်”
“သေချာတာပေါ့” ဝမ်ရှီဟဲက လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံတည်းနှင့် အကုန်သောက်လိုက်သည်။ “အခု စည်းမျဉ်းတွေ သတ်မှတ်ပြီးပြီ၊ ကျိန်ဆိုချက်လည်း လုပ်ပြီးပြီဆိုတော့ နောက်ဘာဆက်လုပ်မလဲဆိုတာ ပြောကြမလား”
လင်းကျိုးသည် သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းငယ် ဆယ်လုံးကို ထုတ်ကာ စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် စီလိုက်သည်။ “အဆင့်မြင့်ဆုံး အနှစ်သာရဆေးလုံးတွေပါ၊ ဆယ်ပုလင်း ရှိတယ်၊ တစ်ပုလင်းမှာ ၁၂ လုံးစီ ပါတယ်။ ခင်ဗျားတို့ သုံးယောက်က ဒါတွေကို ရောင်းဖို့ တာဝန်ယူရမယ်၊ ကျွန်တော်ကတော့ ရလဒ်ကိုပဲ ကြည့်မယ်။” သူ နောက်ထပ် သုံးပုလင်း ထုတ်ပြီး ရှေ့သို့ တွန်းပေးလိုက်သည်။ “ဒီသုံးပုလင်းကတော့ ခင်ဗျားတို့ သုံးယောက် သုံးဖို့ပါ၊ တတ်နိုင်သမျှ မြန်မြန် အဆင့်တက်အောင် လုပ်ပါ”
လျိုဝမ်ကျောက် ပုလင်းတစ်လုံးကို ဖွင့်ကြည့်လိုက်ရာ သူမ၏ မျက်ဆန်းလေးများ ကျုံ့သွားသည်။ ၎င်းတို့မှာလည်း အဆင့်မြင့်ဆုံး အနှစ်သာရဆေးလုံး ၁၂ လုံးပင်။ “ ရောင်ရင်း လင်းကရော” သူမက မေးလိုက်သည်။
“ကျွန်တော် ဂူအောင်းကျင့်ကြံတော့မယ်” လင်းကျိုးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် “တတ်နိုင်သမျှ မြန်မြန် အခြေခံအုတ်မြစ် တည်ဆောက်ရေးအဆင့်ကို ရောက်အောင်လို့ပါ။ ဒါကြောင့် ရှေ့လာမယ့် ကာလမှာ ချင်းရွှမ်ဆောင်ရဲ့ နေ့စဉ်ကိစ္စရပ်တွေကို ခင်ဗျားတို့ သုံးယောက်လက်ထဲပဲ အပ်ထားပါ့မယ်”
“ဘယ်လောက်ကြာမှာလဲ” ဝမ်ရှီဟဲက မေးသည်။
“အနည်းဆုံး သုံးလ၊ အများဆုံး ခြောက်လပါ” လင်းကျိုးက ပြောသည်“ဒီအတောအတွင်းမှာ ခင်ဗျားတို့ သုံးယောက် လုပ်ရမှာ သုံးခုရှိတယ်။ ပထမက အခြေခံအုတ်မြစ် တည်ဆောက်ရေး ဆေးလုံးရဲ့ ဆေးနည်းကို ရှာဖို့။ ဒုတိယက အဲဒီဆေးလုံးအတွက် လိုအပ်တဲ့ ဝိညာဉ်ဆေးပင် ပစ္စည်းတွေကို ဝယ်ဖို့။ တတိယကတော့ စျေးကွက်အခြေအနေကို သေချာလေ့လာပြီး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် သတင်းကွန်ရက်ကို တည်ဆောက်ဖို့ပါ” သူ ခေတ္တရပ်ပြီး ထပ်ဖြည့်ပြောသည်“ငွေမလောက်ရင် ကျွန်တော့်ဆီ လာပါ။ ဆေးလုံးရောင်းရငွေရဲ့ တစ်ဝက်ကို ပစ္စည်းဝယ်ဖို့ ဆက်သုံးပြီး ကျန်တဲ့တစ်ဝက်ကိုတော့ လုပ်ငန်းလည်ပတ်ရေး ရန်ပုံငွေအဖြစ် သုံးပါ”
ဆိုင်ရှင်ချန်က စဉ်းစားဟန်ဖြင့် “တကယ်လို့ အရေးပေါ်ကိစ္စတွေ ရှိလာရင်ရော...”
“ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက် တံခါးကို လာခေါက်တာမျိုး မဟုတ်ရင် ကျွန်တော့်ကို လာမနှောင့်ယှက်ပါနဲ့။” လင်းကျိုးက တိုက်ရိုက်ပြောလိုက်သည်— “တကယ်လို့ ရွှေအမြုတေအဆင့်က တကယ်ပဲ ပြဿနာလာရှာရင်လည်း ခင်ဗျားတို့ တားနိုင်မှာ မဟုတ်ဘူး၊ အဖွဲ့ကို ဖျက်ပြီး အသက်လုပြေးကြရုံပဲ ရှိမယ်” စကားလုံးများမှာ ကြမ်းတမ်းသော်လည်း လက်တွေ့ကျလှသည်။
ဝမ်ရှီဟဲ ရယ်မောလိုက်သည် “နားလည်ပါပြီ။ ရောင်ရင်းလင်း အခြေခံအုတ်မြစ် တည်ဆောက်ဖို့ အာရုံစိုက်နေချိန်မှာ အသေးအဖွဲ ကိစ္စတွေကို ကျွန်တော်တို့ ကိုင်တွယ်ထားပါ့မယ်။ ဒါပေမဲ့ အခြေခံအုတ်မြစ် တည်ဆောက်ရေး ဆေးလုံးကတော့...”
“ဒါကြောင့်ပဲ ဆေးနည်းကို အရင်ရှာခိုင်းတာပေါ့။ စျေးကွက်ထဲက အခြေခံအုတ်မြစ် တည်ဆောက်ရေး ဆေးလုံးတွေက အရည်အသွေး ညံ့ပါတယ်။ ကျွန်တော် ဖော်စပ်မယ်ဆိုရင် အကောင်းဆုံးတွေကိုပဲ ဖော်စပ်မယ်”
လျိုဝမ်ကျောက်က တိုးညှင်းစွာ ပြောသည်— “တကယ်လို့ အဆင့်မြင့်ဆုံး အခြေခံအုတ်မြစ် တည်ဆောက်ရေး ဆေးလုံးသာ ထွက်လာရင် ချန်းယွမ်စျေးကွက် တုန်လှုပ်သွားလိမ့်မယ်။”
“ဒါကြောင့်လည်း ကျွန်တော်တို့ အပြည့်အဝ ပြင်ဆင်ထားရမှာပေါ့” လင်းကျိုး ခေါင်းညိတ်ပြသည်“ကျွန်တော် ဂူအောင်းရာက မထွက်ခင်အထိ ချင်းရွှမ်ဆောင်က အေးအေးဆေးဆေးပဲ နေရမယ်။ ဆေးလုံးတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ခွဲရောင်းပါ၊ ဘယ်သူမှ ကျွန်တော်တို့ရဲ့ အခြေအနေကို မရိပ်မိပါစေနဲ့”
“နားလည်ပါပြီ” ဝမ်ရှီဟဲ ထရပ်လိုက်သည်။ “ဒါဆို ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ ရောင်ရင်းလင်း ဘယ်တော့ စမှာလဲ”
“နောက်သုံးရက်နေရင် စမယ်” လင်းကျိုးလည်း ထရပ်လိုက်သည်။ “ဒီသုံးရက်အတွင်းမှာ ကျွန်တော် အရန်အနေနဲ့ ဆေးလုံးအချို့ ထပ်ဖော်စပ်ထားမယ်။ ခင်ဗျားတို့ သုံးယောက်လည်း ကိုယ့်ပြင်ဆင်မှုကိုယ် လုပ်ထားကြပါ”
လေးဦးသား အသေးစိတ် အချက်အလက်အချို့ကို ဆက်လက်ဆွေးနွေးပြီးနောက် ဝမ်ရှီဟဲနှင့် လျိုဝမ်ကျောက်တို့ ပြန်သွားကြသည်။ ဆိုင်ရှင်ချန်က သူတို့ကို ဆိုင်ရှေ့အထိ လိုက်ပို့ပေးသည်။ သူ ပြန်ဝင်လာသောအခါ လင်းကျိုးသည် အိမ်နောက်ဖေးဝင်းတွင် ထိုင်ကာ အပင်အိုကြီးကို ငေးကြည့်နေဆဲဖြစ်သည်ကို တွေ့ရသည်။
“ ရောင်ရင်း လင်း” ဆိုင်ရှင်ချန် ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးမှ “ခုနက... မင်း ပြောတာတွေက နည်းနည်း များသွားသလားလို့”
လင်းကျိုး လှည့်မကြည့်ဘဲ ပြောလိုက်သည်— “ဆိုင်ရှင်ချန်၊ ကျွန်တော့်ကို ပြောပြပါဦး၊ ဘာဖြစ်လို့ လေလွင့်ကျင့်ကြံသူတွေက ဘယ်တော့မှ ကြီးကြီးမားမား မအောင်မြင်ကြတာလဲ” ဆိုင်ရှင်ချန် အံ့သြသွားသည်။
“ပါရမီ မရှိလို့လည်း မဟုတ်ဘူး၊ အရင်းအမြစ် မရှိလို့လည်း မဟုတ်ဘူး။” လင်းကျိုးက သူကိုယ်တိုင်ပင် အဖြေပေးလိုက်သည်— “ဘာလို့လဲဆိုတော့ သူတို့ရဲ့ စိတ်က မစည်းလုံးလို့ပဲ။ ဒီနေ့ ခင်ဗျားက ကျွန်တော့်ကို သံသယဝင်တယ်၊ မနက်ဖြန် ကျွန်တော်က ခင်ဗျားကို ပြန်သံသယဝင်တယ်နဲ့ ခွန်အားတွေက အတွင်းပဋိပက္ခမှာတင် ကုန်ဆုံးသွားတာ”
“ဒီနေ့ ကျွန်တော်က အဆိုးဆုံး အခြေအနေတွေကို အရင်ချပြပြီး စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးလိုက်တာ။ ဒါမှ နောက်ပိုင်း အလုပ်လုပ်တဲ့အခါမှာ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် သံသယကင်းကင်းနဲ့ ဆက်ဆံနိုင်မှာ”
“ဘာလို့လဲဆိုတော့ သူတို့တွေက တစ်ဖက်လူ ဘယ်လောက်အထိ ဆိုးနိုင်သလဲဆိုတာကို အတိအကျ သိထားပြီးသားမို့လို့ တကယ်တမ်းကျတော့ စိတ်အေးသွားနိုင်တာ”
ဆိုင်ရှင်ချန် ငေးမှိုင်ရင်း နားထောင်နေမိသည်။
“စည်းမျဉ်းတွေက ခိုင်မာနေမှ နွေးထွေးမှုဆိုတာက ကြာရှည်တည်တံ့နိုင်မှာ” လင်းကျိုးက ဆိုင်ရှင်အိုကြီး၏ ပခုံးကို ပုတ်ပေးလိုက်သည်“ဒီသုံးရက်တော့ ခင်ဗျားကိုပဲ အားကိုးရတော့မယ်။ သုံးရက်နေရင် ကျွန်တော် ဂူအောင်းတော့မယ်၊ ကျွန်တော် ပြန်ထွက်လာတဲ့ အခါကျရင်တော့...” သူသည် ဖုယွမ်ခန်းမ၏ ဟောင်းနွမ်းနေသော ဆိုင်းဘုတ်ကို ကြည့်လိုက်ပြီး “ကျွန်တော်တို့ ပိုကြီးတဲ့ ဆိုင်တစ်ခုဆီ ပြောင်းကြတာပေါ့။”
ဝင်လုဆဲ နေရောင်ခြည်က လင်းကျိုး၏ နောက်ကျောတွင် ရှည်လျားသော အရိပ်တစ်ခုကို ဖန်တီးထားသည်။ ဆိုင်ရှင်ချန် ဝင်းထဲတွင် ရပ်နေရင်း ဤတစ်ကြိမ်တွင်တော့ တကယ်ပဲ ထူးခြားလာလိမ့်မည်ဟု ခံစားလိုက်ရသည်။ စည်းမျဉ်းများကို သတ်မှတ်ပြီးပြီ၊ ရှေ့ဆက်ရမည့် လမ်းကြောင်းမှာလည်း ရှင်းလင်းနေပြီ။ ကျန်ရှိနေသည်မှာ လျှောက်လှမ်းရန်သာ ဖြစ်တော့သည်။