အခန်း ၂၆ - တည်ငြိမ်သောရေသည် နက်ရှိုင်းစွာ စီးဆင်းသည်
"ဧည့်သည်လာဧည့်ရိပ်သာ" ၏ တတိယအထပ်၊ ကောင်းကင်ဘုံ အမှတ် (၃) အခန်း၏ ပြတင်းပေါက်မှာ တစ်ဝက်ခန့် ပွင့်နေသည်။ မွန်းလွဲပိုင်း နေရောင်ခြည်သည် စောင်းငဲ့ကာ ကျရောက်နေပြီး စိမ်းဖန့်ဖန့် ကျောက်စိမ်းစားပွဲပေါ်တွင် နွေးထွေးသော ရွှေရောင်အလင်းတန်းတစ်ခုကို ဖန်တီးထားသည်။
ဖုန်မှုန့်လေးများသည် အလင်းရောင်ထဲတွင် ဖြည်းဖြည်းချင်း လွင့်မျောနေကြရာ အချိန်ကာလသည် မျက်စိဖြင့် မြင်နိုင်သော အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ၎င်းတို့သည် လေထုထဲရှိ မရှိသလောက် သိမ်မွေ့သော ဝိညာဉ်ချီ စီးဆင်းမှုနောက်သို့ လိုက်ပါကာ လည်ပတ်ခြင်း၊ မြင့်တက်ခြင်းနှင့် ဖြည်းဖြည်းချင်း ပြန်လည်အခြေကျခြင်းတို့ကို အဖန်တလဲလဲ ပြုလုပ်နေကြသည်။
လင်းကျိုးသည် အလင်းရောင်၏အစွန်းရှိ အမှောင်ရိပ်ထဲတွင် ထိုင်ရင်း လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။ ၎င်းမှာ စားသောက်ဆိုင်မှ ပေးထားသော "တိမ်မြူဝိညာဉ်လက်ဖက်ရည်" ဖြစ်ကာ လက်ဖက်ရွက်လေးများသည် အဖြူရောင် ကျောက်စိမ်းခွက်ထဲတွင် ဖြည်းဖြည်းချင်း ပွင့်ကားနေပြီး လက်ဖက်ရည်ရည်မှာ ကြည်လင်ကာ မှိန်ပျပျ ဝိညာဉ်အလင်းများဖြင့် တောက်ပနေသည်။ ၎င်းမှာ အဆင့်နိမ့် ဝိညာဉ်စမ်းရေဖြင့် ဖျော်ထားခြင်း၏ အာနိသင်ဖြစ်ကာ ကျင့်ကြံသူများအတွက် အသုံးမဝင်လှသော်လည်း စိတ်ကို တည်ငြိမ်စေနိုင်သည်။
ရေနွေးငွေ့များသည် အလင်းတန်းထဲတွင် လိမ်တွန့်ကာ အပေါ်သို့ တက်သွားပြီး ပျောက်ကွယ်သွားကြသည်။ ရေနွေးငွေ့တစ်စစီတိုင်းသည် ထူးခြားသော လမ်းကြောင်းများကို ဖော်ဆောင်နေသည်။ သူသည် သောက်ရန် မလောဘဲ ကြည့်နေမိသည်။ သူ၏အကြည့်မှာ ရေနွေးငွေ့နှင့်အတူ လိုက်ပါသွားသော်လည်း သူ၏ အတွေးများကတော့ ပို၍ ဝေးကွာသော နေရာသို့ ရောက်ရှိနေသည်။
အခန်းတွင်းမှာ အလွန်တိတ်ဆိတ်လှသည်။ အသံလုံအစီအရင် က စျေးတန်းအတွင်းမှ ဆူညံသံအားလုံးကို ဖြတ်တောက်ထားသည်။ စျေးဆစ်နေသံများ၊ မှော်လက်နက်များ ထိခိုက်သံများနှင့် ကျင့်ကြံသူများ၏ ခြေသံများအားလုံးမှာ ဝေဝါးသော နောက်ခံအသံများအဖြစ် ပြောင်းလဲသွားကာ ထူထဲသော မှန်ချပ်တစ်ခုကို ဖြတ်၍ မိုးရွာသံကို နားထောင်နေရသကဲ့သို့ပင်။
သူသည် ဤသို့ဖြင့် တစ်နာရီခန့် ထိုင်နေခဲ့သည်။ လက်ဖက်ရည်ကို အလွန်ဖြည်းညင်းစွာ သောက်သည် …တစ်ငုံသောက်သည်၊ ခဏရပ်သည်၊ ထို့နောက် နောက်တစ်ငုံ သောက်ပြန်သည်။ ဝိညာဉ်လက်ဖက်ရည်က သူ၏လည်ချောင်းထဲသို့ ဝင်သွားသည့်အခါ နူးညံ့သော ဝိညာဉ်ချီများက သူ၏သွေးကြောများထဲသို့ ချည်မျှင်လေးများကဲ့သို့ စိမ့်ဝင်သွားသည်။ အားနည်းသော်လည်း မပြတ်မတောက် ရှိနေသည်။
တကယ်တော့ သူထင်ထားသလိုပင် ကျင့်ကြံခြင်းကမ္ဘာမှ လက်ဖက်ရည်မှာ ထူးခြားလှသည်။ စိတ်ကို တည်ငြိမ်စေရုံသာမက ကာလရှည် သောက်သုံးပါက သွေးကြောများကိုလည်း သိမ်မွေ့စွာ အာဟာရဖြစ်စေနိုင်သည်။ ဆေးလုံးများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း နေ့စဉ်ကျင့်ကြံမှုတွင် ရရှိနိုင်သော ရှားပါးသည့် တည်ငြိမ်သော အရင်းအမြစ်တစ်ခုပင်။
ဤတစ်နာရီအတွင်း သူသည် မည်သည့်အရာကိုမျှ အသေအချာ မစဉ်းစားခဲ့ပေ။ သူ၏စိတ်ကို လုံးဝ လျှော့ချထားလိုက်သည်၊ ၎င်းမှာ ကြာရှည်စွာ မွှေနှောက်ခံထားရသဖြင့် အနည်ထိုင်ပြီး ပြန်လည်ကြည်လင်လာရန် အချိန်လိုအပ်နေသော ရေကန်တစ်ခုကဲ့သို့ပင်။
ဤကမ္ဘာသို့ ရောက်ရှိလာသည့် ခြောက်လအတွင်း သူ၏ဘဝအရှိန်အဟုန်မှာ အလွန်မြန်ဆန်လွန်းခဲ့သည်။ ကျင့်ကြံမှုပင် ကောင်းကောင်းမလုပ်ရသေးခင် စစ်မြေပြင်တွင် တိုက်ခိုက်ရသည်မှသည် ထွက်ပြေးရခြင်းနှင့် ဂူအောင်းကျင့်ကြံခြင်းအထိ အချိန်တိုင်းမှာ တင်းမာမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူ၏ "ရွှေလက်ချောင်း" အထောက်အပံ့ ရှိသော်လည်း ထိုစက်ရုပ်ဆန်ဆန် ထပ်တလဲလဲ ကျင့်ကြံရခြင်းက သူ၏စိတ်ကို တကယ်ပင် ပင်ပန်းစေခဲ့သည်။ ကြိုးတစ်ချောင်းမှာ အရမ်းတင်းလွန်းလျှင် ပြတ်တတ်သလို လေးတစ်ချောင်းမှာလည်း အလွန်အမင်း ဆွဲဆန့်ထားလျှင် ကျိုးတတ်သည်ဟူသော သဘောတရားကို သူနားလည်သည်။
ပြတင်းပေါက်အပြင်ဘက်မှ တိမ်တိုက်များသည် အလွန်နှေးကွေးစွာ ရွေ့လျားနေကြသည်။ အရှေ့မှ အနောက်သို့ ရွေ့လျားရင်း ၎င်းတို့၏ ပုံသဏ္ဌာန်မှာ သိုးအုပ်များမှသည် တောင်တန်းများအဖြစ် ပြောင်းလဲသွားကာ နောက်ဆုံးတွင် ပါးလွှာသော ပိတ်ကျဲစများအဖြစ် ပျံ့လွင့်သွားသည်။
ဤအခိုက်အတန့်တွင် အချိန်သည် ဆွဲဆန့်ခံထားရသကဲ့သို့ ဖြစ်နေပြီး စက္ကန့်တိုင်းကို ရှင်းလင်းစွာ ခံစားသိရှိနေရသည်။
ခွက်ထဲမှ လက်ဖက်ရည်များ အေးစက်သွားပြီး နောက်ဆုံး ရေနွေးငွေ့လေး ပျောက်ကွယ်သွားသည့်တိုင်အောင် လင်းကျိုးသည် ခွက်ကို အသာအယာ ချလိုက်ကာ ထရပ်ပြီး ပြတင်းပေါက်နားသို့ လျှောက်သွားသည်။ အောက်ဘက်တွင် စျေးသည် တစ်နေ့တာ၏ အစည်ကားဆုံး အချိန်သို့ ရောက်ရှိနေသည်။ နေရောင်ခြည်မှာ သာယာလှပြီး ကျင့်ကြံသူများမှာ အရပ်ရပ်မှ စုပြုံရောက်ရှိနေကြသည်။
တောရိုင်းထဲမှ ပြန်လာကာ ဖုန်တောထဲတွင် ပင်ပန်းနွမ်းနယ်နေသော သားရဲအမဲလိုက်အဖွဲ့များ၊ ဆိုင်များထဲတွင် လှည့်ပတ်ကာ သေချာတွက်ချက်ဝယ်ယူနေသူများ၊ သုံးဦး ငါးဦး စုဖွဲ့ကာ စကားပြောရယ်မော လမ်းလျှောက်နေသူများလည်း ရှိသည်။
ဆိုင်ခန်းများမှ စျေးဆစ်သံများ၊ စားသောက်ဆိုင်များမှ ခွက်ချင်းတိုက်သံများနှင့် ဝေးကွာသော လက်နက်ပြုပြင်ရေးဆိုင်များမှ သံတူထုသံများ... အားလုံးမှာ တက်ကြွလှုပ်ရှားသော ဆူညံသံများအဖြစ် ရောယှက်နေသည်။ သို့သော် ဤအရာအားလုံးမှာ အသံလုံအစီအရင်ကို ဖြတ်သန်းလာရသဖြင့် တိုးညှင်းလှသည်။
လင်းကျိုးသည် ခဏမျှ ကြည့်နေပြီးနောက် ပြတင်းပေါက်ကို ပိတ်လိုက်သည်။ အခန်းတွင်းမှာ တိတ်ဆိတ်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။
သူသည် ဇိမ်ကျပြီး နူးညံ့လှသော ကုတင်ကြီးဆီသို့ လျှောက်သွားသည်။ အဆင့်မြင့် တိမ်ကမ္ဘာဖျင် အိပ်ရာခင်းများမှာ ဝိညာဉ်ငှက်တစ်မျိုး၏ အမွှေးနုများဖြင့် ပြည့်နှက်နေသဖြင့် ထိတွေ့လိုက်လျှင် နွေးထွေးမှုကို ခံစားရသည်။
သူသည် ဖြည်းဖြည်းချင်း လှဲချလိုက်ရာ သူ၏ခန္ဓာကိုယ်မှာ နူးညံ့မှုထဲသို့ နစ်ဝင်သွားပြီးမှသာ ခြောက်လကြာ ဂူအောင်းကျင့်ကြံမှုမှ ပင်ပန်းနွမ်းနယ်မှုများက နောက်ကျမှ တိုးဝင်လာခဲ့သည်။
မျက်လုံးများကို မှိတ်ထားလိုက်ရာ သူ၏အတွေးများသည် ကျောက်ခဲများပေါ်မှ စီးဆင်းနေသော စမ်းရေတစ်ခုကဲ့သို့ မြန်လည်းမမြန်၊ နှေးလည်းမနှေး စီးဆင်းလာသည်။
ကျင့်ကြံမှုအဆင့်- ချီသန့်စင်ခြင်း ဒသမအဆင့်။
ဒွါဒသမအဆင့် (၁၂ ဆင့်) ပြီးပြည့်စုံခြင်းသို့ ရောက်ရန် လမ်းခရီး အနည်းငယ် လိုသေးသော်လည်း ကျင့်စဉ်မှာ အချိန်တိုင်း သူ့ဘာသာ လည်ပတ်နေပြီး တစ်နေ့လျှင် အဆင့်မြင့် ဆေးလုံးတစ်လုံး သောက်ခြင်းဖြင့် သူ၏အဆင့်မှာ မှန်မှန် တိုးတက်နေသည်။
မည်သည့် အတားအဆီး မျှ မရှိခြင်း ၄င်းမှာ ရွှေလက်ချောင်းက ပေးအပ်ထားသော အကြီးမားဆုံး အခွင့်ထူးပင်။ သူသည် အခြားလေလွင့်ကျင့်ကြံသူများကဲ့သို့ အဆင့်တက်ရန် အခွင့်အရေး အနည်းငယ်အတွက် အသက်ကို မရင်းနှီးရသလို အခြေခံအုတ်မြစ် တည်ဆောက်ရေး ဆေးလုံးတစ်လုံးအတွက်လည်း မွဲပြာကျအောင် မလုပ်ရပေ။
တိုက်ခိုက်ရေးစွမ်းရည်- မှော်အတတ်များမှာ ရိုးရှင်းခြင်းသို့ ပြန်လည်ရောက်ရှိခြင်းအဆင့်။
ဤအချက်မှာ အစဉ်းစားသင့်ဆုံး အချက်ပင်။ ရိုးရှင်းခြင်းသို့ ပြန်လည်ရောက်ရှိခြင်း အဆင့်ဆိုသည်မှာ သူ၏ မှော်အတတ်အပေါ် နားလည်မှုနှင့် ထိန်းချုပ်မှုမှာ ဤကမ္ဘာ၏ နိယာမ များ၏ မျက်နှာပြင်ကို ထိတွေ့မိနေပြီဟု ဆိုလိုသည်။
ချီသန့်စင်ခြင်းအဆင့်တွင် ပြိုင်ဘက်ကင်းပြီး အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်နှင့်လည်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။ ရွှေအမြုတေအဆင့်နှင့် ပတ်သက်၍မူ... မသိရသေးသော်လည်း အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့် အရည်အချင်း ရှိသည်။
အားသာချက်များ- ရွှေလက်ချောင်း၊ အချိန်။
ရွှေလက်ချောင်း၏ အဆတစ်ရာ ကျွမ်းကျင်မှုက သူ့ကို ထပ်တလဲလဲ လေ့ကျင့်မှုများမှတစ်ဆင့် မည်သူမျှ မခန့်မှန်းနိုင်သော အဆင့်သို့ လျင်မြန်စွာ ရောက်ရှိစေသည်။ နောက်ပြီး “အချိန်“သူ၏ကျင့်စဉ်က အလိုအလျောက် လည်ပတ်နေသဖြင့် သူသည် အဆင့်တူ ကျင့်ကြံသူများထက် "အားလပ်ချိန်" များစွာ ပိုရမည်။ အခြားသူများက အသေအလဲ ကျင့်ကြံနေချိန်တွင် သူသည် စဉ်းစားနိုင်သည်၊ စီစဉ်နိုင်သည်၊ စီမံခန့်ခွဲနိုင်သည်၊ အခြားအတတ်ပညာများကို လေ့ကျင့်နိုင်သည်။
အားနည်းချက်များ- ကျင့်ကြံမှုအဆင့် နိမ့်ပါးခြင်း၊ အခြေခံ အားနည်းခြင်း၊ နောက်ခံလူ မရှိခြင်း။
၎င်းမှာ လက်တွေ့ဘဝပင် အခုအချိန်မှာ သူက စျေးတန်း လေးက နာမည်မရှိတဲ့ လူတစ်ယောက်ပဲ ရှိသေးသည်။
ကျင့်ကြံခြင်းကမ္ဘာမှာ နောက်ဆုံးတော့ ခွန်အားကသာ အရေးကြီးဆုံးဖြစ်ကာ ချီသန့်စင်ခြင်း ဒသမအဆင့်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ချီသန့်စင်ခြင်းအဆင့်သာ ဖြစ်သည်။ ဂိုဏ်း သို့မဟုတ် မိသားစု နောက်ခံ မရှိလျှင် သူသည် အမြစ်မရှိသော မှော်ပင်လေးနှင့်တူကာ ပြင်းထန်သောလေတိုက်လျှင် လွင့်ပါသွားနိုင်သည်။
သူ၏အတွေးများ ဤနေရာသို့ ရောက်လာသောအခါ သူ အမြဲတမ်း လျစ်လျူရှုထားမိသည့် ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။ သူ၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ မြန်လွန်းနေသည်! အဆတစ်ရာ ကျွမ်းကျင်မှု အထောက်အပံ့ဖြင့် မှော်အတတ်ဖြစ်စေ၊ ကျင့်စဉ်ဖြစ်စေ အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် လေ့ကျင့်စရာ မကျန်တော့သည့် အမြင့်ဆုံးအဆင့်သို့ သူရောက်ရှိနိုင်သည်။
ဤကဲ့သို့ ကျင့်ကြံမှု အရှိန်အဟုန်နှင့်ဆိုလျှင် ဆက်လက် လျို့ဝှက်စွာနေခြင်းမှာ အဓိပ္ပာယ်မရှိရုံသာမက သူ၏ တိုးတက်မှုကိုပင် ဟန့်တားနိုင်သည်။
၎င်းမှာ သာမန်ကျင့်ကြံသူများ၏ ကျင့်ကြံမှုပုံစံနှင့် လုံးဝ ခြားနားလှသည်။ သာမန်ကျင့်ကြံသူ အများစုမှာ သူတို့၏ အဆင့်တက်ရန်အတွက် ကျင့်စဉ်များကို လည်ပတ်ရင်း ဝိညာဉ်ချီများကို သန့်စင်ရန်သာ အချိန်ကုန်ကြပြီး မှော်အတတ်များကို အသေးစိတ် လေ့ကျင့်ရန် ခွန်အား မရှိကြပေ။ ထို့ကြောင့် သူတို့၏ မှော်အတတ် အဆင့်များမှာ အခြေခံအဆင့်တွင်သာ ရှိနေကြပြီး အချို့မှာ ကျွမ်းကျင်အဆင့်သို့ ရောက်နိုင်သော်လည်း ထိုထက် မြင့်ရန်မှာ ကြိုးစားမှုအပြင် နားလည်မှု ပါရမီနှင့် အခွင့်အရေးများ လိုအပ်သည်။
အောင်မြင်မှုအဆင့် နှင့် ပြီးပြည့်စုံခြင်းအဆင့် တို့မှာ ဆယ်စုနှစ်ချီပြီး လေ့ကျင့်မှ ရနိုင်သည် ဖြစ်ရာ ကျင့်ကြံ သူများအတွက် ထိုသို့ အချိန်ကုန်ခံခြင်းမှာ မထိုက်တန်လှပေ။
အဆင့် ကသာ အခြေခံဖြစ်သဖြင့် မှော်အတတ်ကို အဆင့်မြှင့်နေမည့်အစား ကျင့်ကြံမှုအဆင့်ကို မြှင့်ပြီး ဝိညာဉ်ချီများဖြင့် ပြိုင်ဘက်ကို ဖိနှိပ်ခြင်းက ပိုထိရောက်သည်ဟု ယူဆကြသည်။
သို့သော် လင်းကျိုးကတော့ မတူပေ။ ရွှေလက်ချောင်းဖြင့် သူသည် ရက်အနည်းငယ်အတွင်းမှာပင် မှော်အတတ်တစ်ခုကို သာမန်လူများ မမှန်းဆနိုင်သော အဆင့်သို့ ရောက်အောင် လုပ်နိုင်သည်။
သို့သော် မှော်အတတ်တစ်ခုက အထွတ်အထိပ်သို့ ရောက်သွားပြီးနောက် သူ ဘာဆက်လုပ်ရမည်နည်း သူသည် အဆောင်မန္တန်များနှင့် ဆေးလုံးများကို ရောင်းချကာ ဝိညာဉ်ကျောက်များနှင့် လဲလှယ်ရမည်ဖြစ်ပြီး ကျင့်စဉ်သစ်များနှင့် မှော်အတတ်သစ်များကို ဝယ်ယူရမည် ဖြစ်သည်။
ဤလုပ်ငန်းစဉ်များတွင် အသေးအဖွဲ ကိစ္စများစွာ ပါဝင်နေသည်။ ဤလူကို ကာကွယ်ရ၊ ဟိုလူ့ကို သတိထားရ၊ အကျိုးအမြတ်ကို တွက်ချက်ရသည်မှာ တကယ်ပင် ပင်ပန်းလှသည်။ သူသည် ထာဝရရှင်သန်ခြင်း လမ်းစဉ်တွင် လွတ်လပ်မှုကို ခံစားရန် လာခဲ့ခြင်းဖြစ်ရာ ဤအသေးအဖွဲ ကိစ္စများတွင် အဘယ်ကြောင့် အချိန်ဖြုန်းနေရမည်နည်း…
သူသည် ကိုယ်ပိုင် အင်အားစုနှင့် အဖွဲ့အစည်းတစ်ခုကို တည်ထောင်သင့်သည်။ သူ့အတွက် အသေးအဖွဲ ကိစ္စများကို ကိုင်တွယ်ပေးမည့် အဖွဲ့တစ်ခုပင်။ သူ၏ ယခင်ဘဝ က သူဌေးများကဲ့သို့ပင်၊ သူက လမ်းညွှန်ချက်ပေးရုံသာ လိုပြီး တစ်စုံတစ်ယောက်က သူ့အတွက် အားလုံးကို လုပ်ဆောင်ပေးမည် ဖြစ်သည်။
သူသည် အဓိက ထွက်ကုန်နှင့် နောက်ဆုံး ဆုံးဖြတ်ချက်များအတွက်သာ တာဝန်ယူရမည်ဖြစ်ကာ အဖွဲ့က အကောင်အထည်ဖော်မှုနှင့် လည်ပတ်မှုများကို တာဝန်ယူရမည်။ အဖွဲ့အစည်းရှိပါက သူသည် နောက်ကွယ်တွင် ပုန်းအောင်းကာ အေးအေးဆေးဆေး ကျင့်ကြံနိုင်ပြီး အားလပ်ချိန်ကို ခံစားနိုင်မည်၄င်းမှာ တကယ်ပင် ကောင်းမွန်မည် မဟုတ်ပါလား…
အင်း.. မဆိုးဘူး…ဒီတိုင်း လုပ်လို့ရတယ်။
သူ လုပ်တော့မည်ဆိုပါက သူ၏ အားသာချက်များကို အပြည့်အဝ အသုံးချရမည်။ သူ ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက ဤစျေး တွင် အရည်အသွေးမြင့် ဆေးလုံးများကို မတွေ့ဖူးသေးပေ၊ အဆင့်မြင့်ဆုံး ဆေးလုံးဆိုလျှင် ပို၍ပင် ဝေးသေးသည်။
အရည်အသွေးမြင့် အဆောင်မန္တန်များနှင့် မှော်လက်နက်အချို့ ရှိသော်လည်း ရှားပါးပြီး စျေးကြီးလှသဖြင့် သာမန်လေလွင့်ကျင့်ကြံသူများ မဝယ်နိုင်ကြပေ။ အဆင့်မြင့်ဆုံး ဆိုသည်မှာမူ ဒဏ္ဍာရီထဲတွင်သာ ရှိသည်ဟု ထင်ကြသည်။
ယခင်က သူထင်ခဲ့သည်မှာ စျေးမှာ သေးငယ်လွန်းပြီး အရင်းအမြစ်များ ကန့်သတ်ချက်ရှိသောကြောင့်ဟု ဖြစ်သည်။ သို့သော် အခု ပြန်စဉ်းစားကြည့်လျှင် ထိုအရာများ မရှိခြင်း မဟုတ်ဘဲ ဤအောက်ခြေအဆင့်အထိ စီးဆင်းမလာခြင်းသာ ဖြစ်နိုင်သည်။
ဤကမ္ဘာ၏ ကျင့်ကြံခြင်း ယဉ်ကျေးမှုမှာ နှစ်ပေါင်း ထောင်ချီ ဖွံ့ဖြိုးခဲ့ပြီးဖြစ်ရာ နည်းပညာများမှာ ရင့်ကျက်နေပြီဖြစ်သည်။ အရည်အသွေးမြင့် အရင်းအမြစ်များကို မထုတ်လုပ်နိုင်စရာ အကြောင်းမရှိပေ။
တစ်ခုတည်းသော ရှင်းလင်းချက်မှာ လက်ဝါးကြီးအုပ်ခံထားရခြင်းပင်။ ဂိုဏ်းများနှင့် မိသားစုများ အရင်းအမြစ်နှင့် ပညာရပ်ကို ထိန်းချုပ်ထားသော အဆင့်မြင့် အင်အားစုများသည် အရည်အသွေးမြင့် ထွက်ကုန်များကို သူတို့၏ ကိုယ်ပိုင်အသိုင်းအဝိုင်းအတွင်းမှာပင် ထိန်းသိမ်းထားကြသည်။
ကောင်းမွန်သော အရင်းအမြစ်များကို သူတို့အချင်းချင်းသာ သုံးစွဲကြသည်။
စျေးကွက်အတွင်းသို့ စီးဆင်းလာသော အရာများမှာ အများအားဖြင့် အလယ်အလတ်နှင့် အနိမ့်စား ပစ္စည်းများ၊ လေ့ကျင့်ရန် ပြုလုပ်ထားသော လက်ရာများ သို့မဟုတ် အကျိုးအမြတ်အရ ထုတ်လွှတ်လိုက်သော အကြွင်းအကျန်များသာ ဖြစ်သည်။
လေလွင့်ကျင့်ကြံသူများသည် အဆိပ်အတောက်များပါသော အဆင့်နိမ့်ဆေးလုံးများကို သုံးကြရသဖြင့် အချိန်ကြာလာသည်နှင့်အမျှ သွေးကြောများ ပျက်စီးကာ ကျင့်ကြံမှုမှာ ရပ်တန့်သွားခြင်း သို့မဟုတ် နောက်ပြန်ဆုတ်ခြင်းများ ဖြစ်လာတတ်သည်။
ခွန်အား မရှိသဖြင့် တာဝန်များကို မယူနိုင်ဘဲ ဝိညာဉ်ကျောက်များ ပိုမို မရှာနိုင်ကြပေ။ ထို့ကြောင့် သူတို့သည် ဂိုဏ်းများနှင့် မိသားစုများအတွက် အပင်ပန်းဆုံး အလုပ်များကို လုပ်ခနည်းနည်းဖြင့် လုပ်ပေးရသည့် သံသရာထဲ ပိတ်မိနေကြသည်။
ထို့ကြောင့် အနှစ်နှစ်ဆယ်လျှင် တစ်ကြိမ် ဖြစ်ပွားသော သားရဲလှိုင်းမှာ သူတို့အတွက် တစ်ခုတည်းသော အလှည့်အပြောင်း ဖြစ်လာသည်။ အနာဂတ်အတွက် အသက်ကို ရင်းပြီး တိုက်ခိုက်ကြရသည်။
အသက်ရှင်ကျန်ပါက အဆင့်တက်ရန် အရင်းအမြစ်များ စုမိကောင်း စုမိနိုင်သည်၊ သို့မဟုတ် ဂိုဏ်းတစ်ခုခုက သတိပြုမိပြီး ခေါ်ယူခြင်း ခံရနိုင်သည်။ သို့သော် လွန်ခဲ့သော ခြောက်လက သူကိုယ်တိုင် မြင်ခဲ့ရသည့် လေလွင့်ကျင့်ကြံသူများကဲ့သို့ပင် လူအများစုမှာ စစ်မြေပြင်တွင် သေဆုံးကြရသည်။
လင်းကျိုး၏ အတွေးများ ဤနေရာတွင် ရပ်တန့်သွားသည်။ သူသည် စျေးအတွင်းရှိ မျက်နှာသစ်များ၊ ချီသန့်စင်ခြင်း ပထမ သို့မဟုတ် ဒုတိယအဆင့်ရှိသော လူငယ်လေးများကို တွေးမိသည်။ သူတို့၏ မျက်လုံးထဲတွင် အလင်းရောင်များ ရှိနေဆဲဖြစ်ကာ ကျင့်ကြံခြင်းလမ်းစဉ်အပေါ် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
သို့သော် နောက်ထပ် အနှစ်နှစ်ဆယ် ကြာပြီးနောက်တွင်ရော သူတို့ထဲမှ အများစုမှာ ထိုလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြရမည် ဖြစ်သည်။ အနှစ်နှစ်ဆယ်ပတ်လုံး အစေခံများကဲ့သို့ နေထိုင်ပြီးနောက် သားရဲလှိုင်းတစ်ခုတွင် အရိုးစုများအဖြစ် ပြောင်းလဲသွားကြရမည်။
သူ၏ နှလုံးသားထဲတွင် ဖော်ပြ၍မရသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သနားခြင်းမဟုတ်၊ ဒေါသထွက်ခြင်းလည်း မဟုတ်ဘဲ ကြည်လင်ပြတ်သားသော ဝမ်းနည်းမှုမျိုးပင်။ တစ်ဦးချင်းစီ၏ ခွန်အားကို အဆမတန် ချဲ့ထွင်ထားသော ဤကမ္ဘာတွင် အောက်ခြေလူတန်းစားများ၏ ကံကြမ္မာမှာ သူတို့လက်ထဲတွင် မရှိလှပေ။
"ခွန်အား..." သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
ယခုအချိန်တွင် သူသည် ဤတည်ဆောက်ပုံကို မပြောင်းလဲနိုင်ပေ။ သို့သော် အနည်းဆုံးတော့ သူ၏ ကိုယ်ပိုင် အခြေအနေကို အရင် ပြောင်းလဲနိုင်သည်။ ဝိညာဉ်ကျောက်များကို ရှာရမည်၊ အများအပြား ရှာရမည်။ လေလွင့်ကျင့်ကြံသူများဆီက မဟုတ်ဘဲ…လေလွင့်ကျင့်ကြံသူတွေက အရမ်းဆင်းရဲလွန်းသည်။ သူသည် အဆင့်မြင့် ကုန်ပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများကို ထုတ်လုပ်ကာ ထိုလက်ဝါးကြီးအုပ်ထားသူများဆီမှ ရှာဖွေမည်။
သူတို့ဆီမှာ ဝိညာဉ်ကျောက်တွေ အများကြီး ရှိသည်။ ရှားပါးသော အဆင့်မြင့် အရင်းအမြစ်များကို သုံးကာ သူတို့၏ ဝိညာဉ်ကျောက်များနှင့် လဲလှယ်မည်။
ယခုအခါ သူ၏လမ်းကြောင်းမှာ ရှင်းလင်းသွားပြီဖြစ်သည်။ အဆင့်မြင့် ဆေးလုံးများ၊ အဆင့်မြင့် အဆောင်မန္တန်များကို ထုတ်လုပ်မည်၊ အနာဂတ်တွင် အဆင့်မြင့် မှော်လက်နက်များကိုလည်း ထုတ်လုပ်နိုင်သည်။ ဤအရာများသည် ဂိုဏ်းများနှင့် မိသားစုများအတွက်ပင် ရှားပါးသောအရာများ ဖြစ်သဖြင့် သူတို့သည် မြောက်မြားစွာသော ဝိညာဉ်ကျောက် တုံးများကို ပေးရန် ဆန္ဒရှိကြလိမ့်မည်။
စီးပွားရေး လမ်းကြောင်းနှင့် ထုတ်ကုန်များကို သတ်မှတ်ပြီးနောက် နောက်တစ်ဆင့်မှာ လူရွေးချယ်ရန် ဖြစ်သည်။ သူသည် အသေးအဖွဲ ကိစ္စများကို ကိုင်တွယ်နိုင်မည့် ယုံကြည်စိတ်ချရသော၊ ကျွမ်းကျင်သော လူများကို လိုအပ်သည်။
ဆိုင်ရှင်ချန်မှာ ပထမဦးစားပေး ရွေးချယ်မှုပင်။ အဘိုးကြီးမှာ စျေးကွက်ထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သဖြင့် အဆက်အသွယ် ပေါများပြီး စျေးကွက်ကို နားလည်သည်၊ အရေးကြီးဆုံးမှာ ယုံကြည်စိတ်ချရပြီး စည်းကမ်းရှိခြင်းပင်။
ဝမ်ရှီဟဲသည် လူမှုဆက်ဆံရေး ကောင်းမွန်ပြီး အလုပ်လုပ်ရာတွင် ကျွမ်းကျင်သည်၊ သူ၏ အဆက်အသွယ်မှာ ကျယ်ပြန့်လှသဖြင့် မည်သူနှင့်မဆို ကိုင်တွယ်နိုင်သည်။
လျိုဝမ်ကျောက်မှာ လူကဲခတ် အလွန်တော်ပြီး စေ့စပ်သေချာသည်၊ အရာရာတွင် ထောင့်စေ့အောင် လုပ်ဆောင်နိုင်သဖြင့် သူတစ်ပါးကို စိတ်အနှောင့်အယှက် မဖြစ်စေဘဲ ယုံကြည်မှု ရရှိရန် လွယ်ကူသည်။
ဤအတွေး ပေါ်လာသည်နှင့်အမျှ အသေးစိတ် အချက်အလက်များ သူ၏စိတ်ထဲတွင် ပေါ်လာတော့သည်။ ပထမဦးစွာ ဆိုင်ရှင်ချန်နှင့် ဆက်သွယ်မည်။
စစ်ပွဲပြီးနောက် စီးပွားရေးနှင့် အဆင့်မြင့် အရင်းအမြစ် စျေးကွက်အပေါ် အဘိုးကြီး၏ အမြင်ကို မေးမြန်းမည်။ ထို့နောက် ဝမ်ရှီဟဲနှင့် လျိုဝမ်ကျောက်တို့ကို စမ်းသပ်မည်။
ဆိုင်ရှင်ချန်မှတစ်ဆင့် သူတို့၏ လတ်တလော အခြေအနေနှင့် ဆန္ဒများကို သွယ်ဝိုက်၍ စုံစမ်းနိုင်သည်။ နောက်ဆုံးတွင် အလုပ်လုပ်မည့် မူဘောင်တစ်ခုကို ချမှတ်မည်။ အလုပ်ခွဲဝေမှုနှင့် အကျိုးအမြတ် ခွဲဝေမှု ယန္တရားကို သတ်မှတ်မည်။
လင်းကျိုး မျက်လုံးဖွင့်လိုက်ရာ အခန်းတွင်းမှာ မှောင်ရီပျိုးနေပြီ ဖြစ်သည်။ ဝင်ခါနီး နေရောင်ခြည်က ပြတင်းပေါက်ကြားမှ တိုးဝင်လာပြီး ကျောက်စိမ်းစားပွဲပေါ်တွင် နောက်ဆုံး ရွှေရောင်မျဉ်းကြောင်းတစ်ခုကို ဖန်တီးထားသည်။ လမ်းကြောင်းကို သတ်မှတ်ပြီးပြီ ဖြစ်ကာ ရှေ့ခရီးမှာ ရှင်းလင်းနေပြီ ဖြစ်သည်။
သူသည် မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ ယနေ့ သူ အများကြီး စဉ်းစားခဲ့ပြီးပြီဖြစ်ရာ နားသင့်ပြီ ဖြစ်သည်။ မနက်ဖြန်မှစ၍ တစ်လှမ်းချင်း လှမ်းရမည်။
ပြတင်းပေါက် အပြင်ဘက်မှ ညကင်း မောင်းသံ တိုးတိုးလေး ထွက်ပေါ်လာသည်၊ စျေးအတွင်းရှိ မီးအိမ်များမှာ တစ်ခုပြီးတစ်ခု လင်းလာပြီး တစ်ခုပြီးတစ်ခု ပြန်ငြိမ်းသွားကြသည်။ ညမှာ ရှည်လျားဆဲဖြစ်သလို လမ်းခရီးမှာလည်း ရှည်လျားဆဲပင် ဖြစ်သည်။