အခန်း ၂၅ - စျေးအတွင်းမှ လက်ဖက်ရည်ဝိုင်းစကားများ
စျေးတန်း သည် လွန်ခဲ့သော ခြောက်လကထက် များစွာ ပိုမိုစည်ကားနေပြီး ချီသန့်စင်ခြင်း ပထမအဆင့်နှင့် ဒုတိယအဆင့် ကျင့်ကြံသူများစွာကို ပိုမိုတွေ့မြင်လာရသည်။
လင်းကျိုးသည် ဟန်ဖေးယွီအဖြစ် တစ်ဖန်ပြန်လည် ရုပ်ဖျက်ထားပြီး လမ်းမပေါ်တွင် လျှောက်လှမ်းရင်း ပြောင်းလဲမှုများစွာကို သတိပြုမိခဲ့သည်။ လက်နက်ပြုပြင်သည့်ဆိုင်သစ်အချို့နှင့် ဆေးလုံးဆိုင်သစ်များ ဖွင့်လှစ်ထားပြီး လမ်းဘေးဝဲယာရှိ ဆိုင်ခန်းအရေအတွက်မှာလည်း ၃၀ ရာခိုင်နှုန်းခန့် တိုးပွားလာသည်။
လမ်းသွားလမ်းလာများ၏ မျက်နှာပေါ်တွင် စစ်အတွင်းက ရှိခဲ့သော တင်းမာမှုများ ပျောက်ကွယ်သွားပြီး သက်သောင့်သက်သာရှိသော အမူအရာများဖြင့် အစားထိုးဝင်ရောက်လာသည်။
သူသည် စျေး၏အလယ်တွင် ရှိသော အတော်အတန်ကောင်းပုံရသည့် "ဧည့်သည်တော်ရနံ့"ဆိုသည့် စားသောက်ဆိုင်ကို ရွေးချယ်လိုက်သည်။ ၎င်းမှာ လမ်းမဘက်သို့ မျက်နှာမူထားသော ပြတင်းပေါက်များပါရှိသည့် နှစ်ထပ်သစ်သားအဆောက်အအုံဖြစ်ကာ စည်ကားနေသော စျေး၏အသံများကို ကြားနေရသည်။
ဆိုင်ဝန်ထမ်းလေးမှာ ဖျတ်လတ်သော လူငယ်တစ်ဦးဖြစ်ပြီး လင်းကျိုး ဝင်လာသည်နှင့် နှုတ်ဆက်လိုက်သည်- "မိတ်ဆွေ၊ တစ်ယောက်တည်းလား အပေါ်ထပ်က သီးသန့်ခန်းတွေက ပိုတိတ်ဆိတ်ပါတယ်"
"အပေါ်ထပ်ပဲ သွားရအောင်"
လင်းကျိုးသည် သူ၏နောက်သို့ လိုက်သွားပြီး အပေါ်ထပ် ပြတင်းပေါက်နားရှိ ထောင့်ကျသော နေရာတစ်ခုကို ရွေးချယ်လိုက်သည်။ ဤနေရာမှာ အတော်ကောင်းသည်၊ လမ်းပေါ်မှ ရှုခင်းများကို မြင်ရသလို အောက်ထပ်ခန်းမအတွင်းမှ စကားပြောသံများကိုလည်း ကြားနိုင်သည်မဟုတ်ပါလား။
"မိတ်ဆွေ ဘာသုံးဆောင်မလဲ ကျွန်တော်တို့ဆိုင်ရဲ့ မိစ္ဆာသားရဲအသားနဲ့ ကြော်ထားတဲ့ ဝိညာဉ်ဝါးမျှစ်ရယ်၊ ငွေရောင်ငါးသိုင်းပေါင်းရယ်က နာမည်ကြီးဟင်းလျာတွေပါ။ ဝိုင်ဆိုရင်တော့ ကျွန်တော်တို့ ကိုယ်တိုင်ချက်တဲ့ 'လေပြေသွေးမူး' ရှိပါတယ်၊ တစ်အိုးကို ဝိညာဉ်ကျောက် တစ်တုံးထဲပါ"
လူငယ်လေးက သစ်သားစာရင်းပြားကို ကမ်းပေးသည်။
လင်းကျိုး တစ်ချက်ကြည့်လိုက်ပြီး- "မိစ္ဆာသားရဲအသားနဲ့ ဝိညာဉ်ဝါးမျှစ်ကြော်၊ ငွေရောင်ငါးသိုင်းပေါင်း၊ ပြီးတော့ စားဖိုမှူးရဲ့ အထူးဟင်းလျာ နှစ်မျိုးလောက် ထပ်ထည့်ပေးပါ။ လေပြေသွေးမူး ဝိုင်တစ်အိုးလည်း ယူမယ်"
"ဟုတ်ကဲ့ပါ…အခုပဲ လာပါပြီ…"
လူငယ်လေးမှာ အောက်ထပ်သို့ ဆင်းသွားသည်။
လင်းကျိုးသည် ပြတင်းပေါက်နားတွင် ထိုင်ရင်း စျေးကို အေးအေးလူလူ ကြည့်နေခဲ့သည်။ သို့သော် သူ၏နားများကတော့ အောက်ထပ်မှ စကားပြောသံများကို နားစွင့်နေသည်။ အောက်ထပ်ခန်းမတွင် ကျင့်ကြံသူများ ထိုင်နေသော စားပွဲ ၇ လုံး ၈ လုံးခန့် ရှိသည်။ တံခါးနားရှိ စားပွဲတစ်ခုတွင် လေလွင့်ကျင့်ကြံသူ သုံးဦးမှာ စိတ်လှုပ်ရှားစွာ စကားပြောနေကြသည်-
"...ငါပြောသားပဲ၊ ဒီသားရဲလှိုင်းက သေချာပေါက် ကြိုးကိုင်ခံထားရတာ စဉ်းစားကြည့်လေ၊ အဆင့်နိမ့် မိစ္ဆာသားရဲတွေက ဘယ်တုန်းက ဒီလောက် ဉာဏ်ကောင်းဖူးလို့လဲ"
"အဲဒါတင် မကသေးဘူး" နောက်တစ်ယောက်က ဝင်ပြောသည်- "ငါကြားတာကတော့ သူတို့ကို အမိန့်ပေးနေတာက တတိယအဆင့် မိစ္ဆာသားရဲကြီးတွေတဲ့ တစ်ကောင်တည်းတောင် မဟုတ်ဘူး"
"တတိယအဆင့်လား..အဲဒါဆိုရင် ရွှေအမြုတေ စီနီယာတွေ ကိုင်တွယ်မှ ရမှာ မဟုတ်လား…"
"အတိအကျပဲ နောက်ပိုင်းမှာ ဂိုဏ်းအသီးသီးက ရွှေအမြုတေ စီနီယာတွေ စုပေါင်းပြီး ဒီကနေ မြောက်ဘက် မိုင် ၃၀၀ အကွာက လေနက်ချိုင့်ဝှမ်းမှာ ဝိုင်းဝန်းနှိမ်နင်းခဲ့တာ။ သုံးရက်သုံးည တိုက်ခဲ့ကြတာတဲ့…တိုက်ပွဲရဲ့ အရှိန်ကြောင့်တင် တောင်ထိပ် သုံးလုံးလောက် ပြိုကျသွားတယ်လို့ ကြားတယ်"
လင်းကျိုးသည် လက်ဖက်ရည်ခွက်ကို မကာ ဖြည်းဖြည်းချင်း သောက်လိုက်သည်။ ၎င်းမှာ သာမန် ဝိညာဉ်လက်ဖက်ရည်သာ ဖြစ်သော်လည်း အရသာမှာ မဆိုးလှပေ။ ထိုအချိန်မှာပင် ဝန်ထမ်းလေးက ဟင်းလျာများကို လာချပေးသည်- "မိတ်ဆွေ၊ သုံးဆောင်ပါဦး"
ဝိညာဉ်ဝါးမျှစ်နှင့် မိစ္ဆာသားရဲအသားကြော်မှာ ဆီရွှဲရွှဲနှင့် အရောင်အသွေး စိုပြည်လှပြီး ငါးပေါင်းမှာလည်း အတော်လေး အနံ့မွှေးလှသည်။ လင်းကျိုးသည် တူကိုကိုင်ကာ အသားတစ်ဖဲ့ကို မြည်းကြည့်လိုက်ရာ နူးညံ့ပြီး ချိုမြိန်သော အရသာရှိသည်။ မိစ္ဆာသားရဲများသည် ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအားကို စုပ်ယူပြီး ခန္ဓာကိုယ်ကို သန်မာအောင် လုပ်ထားသဖြင့် သူတို့၏ အသားမှာ ညှီနံ့လုံးဝမရှိဘဲ သင်းပျံ့သော ရနံ့ရှိသည်။ နွေးထွေးသော အရှိန်အဝါလေးက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး ကြွက်သားနှင့် အရိုးများကို အနည်းငယ် သန်မာစေသည်။ သို့သော် အသားမှာ နည်းလွန်းသဖြင့် အာနိသင်မှာတော့ သိပ်မသိသာပေ။
အောက်ထပ်မှ စကားပြောသံများ ဆက်ထွက်ပေါ်နေသည်-
"ရလဒ်က ဘယ်လိုဖြစ်သွားလဲ ..တတိယအဆင့် မိစ္ဆာသားရဲတွေကို သတ်နိုင်ခဲ့လား"
"သတ်နိုင်တာပေါ့…နှစ်ကောင် သေသွားပြီး တစ်ကောင်ကတော့ ထွက်ပြေးသွားတယ်လို့ ကြားတယ်။ အဲဒီတစ်ကောင်က တတိယအဆင့် အထွတ်အထိပ် သားရဲကြီးပဲ၊ စတုတ္ထအဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ"
"ရွှေအမြုတေ စီနီယာတွေရော အဆင်ပြေကြရဲ့လား"
"ဘယ်မှာ အဆင်ပြေပါ့မလဲ သုံးယောက်ကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လေ။ လင်ရှောင်ဓားဂိုဏ်းက ဓားသခင် လင်ကျန့်၊ ရွှေတန်ဂိုဏ်းက ချီယန့်ကျိန့်ရန်၊ ပြီးတော့ ဝမ်မိသားစုက စီနီယာ ကျင်းဟုန်တို့ အားလုံး ဒဏ်ရာအပြင်းအထန် ရခဲ့ကြတာ။ ဒါပေမဲ့ အနည်းဆုံးတော့ အသက်ရှင်ကြသေးတာပေါ့"
လင်းကျိုး ဝိုင်တစ်ငုံ ထပ်သောက်လိုက်သည်။ "လေပြေသွေးမူး" ဝိုင်မှာ အရသာနူးညံ့ပြီး လည်ချောင်းထဲတွင် မွှေးရနံ့ ကျန်ရစ်ခဲ့ရာ တကယ်ကို ကောင်းမွန်လှသည်။ သူသည် စားသောက်ရင်း နားစွင့်နေခဲ့သည်။
သူ့ဘေးရှိ စားပွဲတွင် ဂိုဏ်းသားနှစ်ဦး ထိုင်နေကြသည်။ သူတို့၏ ဝတ်စုံအရ ချင်းရန်ဂိုဏ်းမှ အပြင်စည်းတပည့်များ ဖြစ်ပုံရသည်။ သူတို့အသံမှာ မကျယ်သော်လည်း လင်းကျိုးကတော့ ရှင်းရှင်းလင်းလင်း ကြားနေရသည်-
"စီနီယာအစ်ကို ကျောက်၊ ဂိုဏ်းက ဒီတစ်ခါ အများကြီး အမြတ်ထွက်မှာပဲနော် မိစ္ဆာသားရဲ ပစ္စည်းတွေနဲ့ သိုလှောင်ရုံ သုံးလုံးလောက် ပြည့်သွားတယ်လို့ ကြားတယ်"
"အဲဒီထက်တောင် ပိုသေးတယ်" စီနီယာအစ်ကို ကျောက်ဆိုသူက အသံကို နှိမ့်လိုက်ပြီး- "ဒုတိယအဆင့် သားရဲအမြူတေ တင် အလုံးပေါင်း နှစ်ရာကျော်တယ်၊ တတိယအဆင့်ဆိုရင်လည်း နှစ်လုံးရှိတယ်လို့ ကြားတယ်။ လက်နက်ပြုပြင်ရေးခန်းမနဲ့ ဆေးလုံးဖော်စပ်ရေးခန်းမတွေဆိုရင် လွန်ခဲ့တဲ့ ခြောက်လလုံးလုံး ရူးမတတ် အလုပ်များနေကြတာ"
"ဒါဆို ကျွန်တော်တို့ အပြင်စည်းတပည့်တွေအတွက်ကတော့..."
"ငါတို့အတွက် ကံကောင်းတာပေါ့။ ဂိုဏ်းက အဲဒီပစ္စည်းတွေကို သုံးပြီး အဆင့်နိမ့် မှော်လက်နက်တွေနဲ့ ဆေးလုံးတွေကို အများကြီး ထုတ်လုပ်ထားတယ်၊ ဂိုဏ်းသားတွေအတွက် စျေးနှုန်းကို ၃၀ ရာခိုင်နှုန်း လျှော့ပေးထားတာ။ ပြီးခဲ့တဲ့လကတင် ငါ ပထမအဆင့် အလယ်အလတ် ဓားပျံတစ်လက်ကို ဝိညာဉ်ကျောက် ၁၄၀ ထဲနဲ့ လဲခဲ့တာ"
"အဲဒီလောက်တောင် သက်သာတာလား ပုံမှန်ဆို အနည်းဆုံး ၂၀၀ လောက် ရှိတာလေ"
"ဒါကြောင့် သားရဲလှိုင်းဆိုတာ ဆိုးချည်းပဲတော့ မဟုတ်ပါဘူး..."
သူတို့နှစ်ဦး ခွက်ချင်းတိုက်လိုက်ကြသည်။
လင်းကျိုးသည် ငါးသိုင်းပေါင်းကို တစ်ဝက်ခန့် စားပြီးနောက် အခြားဟင်းလျာများကို မြည်းစမ်းနေခဲ့သည်။ သူသည် အေးအေးဆေးဆေး စားနေသော်လည်း စိတ်ထဲတွင်တော့ ကြားလိုက်ရသည့် သတင်းအချက်အလက်များကို စုစည်းနေသည်။
ခန်းမ၏ အခြားတစ်ထောင့်တွင် သက်ကြီးရွယ်အို လေလွင့်ကျင့်ကြံသူ အချို့မှာ စျေးကွက်အကြောင်း ဆွေးနွေးနေကြသည်-
"အဘိုးကြီး လီ၊ ခင်ဗျားဆီက အဆောင်မန္တန်စက္ကူတွေ ရောင်းပြီးပြီလား"
"ရောင်းပြီးပြီ အခု မန္တန်စက္ကူစျေးက ၂၀ ရာခိုင်နှုန်းလောက် ကျသွားပြီ၊ ထပ်စောင့်နေရင် ပိုရှုံးမှာ"
"ဟူး... အခုက ပစ္စည်းတွေက အရမ်းပေါနေတာကိုး။ ဂိုဏ်းအသီးသီးက မိစ္ဆာသားရဲ ပစ္စည်းတွေကို သုံးပြီး မန္တန်တွေ လုပ်နေကြတာဆိုတော့ ကုန်ကျစရိတ် သက်သာပြီး စျေးပေါပေါနဲ့ ပြန်ရောင်းနေကြတာလေ"
"မန္တန်တွေတင် မဟုတ်ဘူး၊ ဆေးလုံးတွေနဲ့ မှော်လက်နက်တွေလည်း စျေးကျကုန်ပြီ။ အရင်က ဝိညာဉ်ကျောက် ၈၀ လောက် ပေးရတဲ့ ပထမအဆင့် အနိမ့်စား ဓားပျံတစ်လက်ကို အခု ၄၀ နဲ့တင် ဝယ်လို့ရနေပြီ"
"ဒါက ကျွန်တော်တို့ လေလွင့်ကျင့်ကြံသူတွေအတွက်တော့ ကောင်းတာပေါ့"
"ကောင်းတယ်… ခင်ဗျားက ငါတို့ ဝယ်စုထားတဲ့ ပစ္စည်းတွေ စျေးကျသွားတာကို မေ့နေတာလား"
သူတို့အုပ်စုမှာ ခါးသီးစွာ ပြုံးလိုက်ကြပြီး ခေါင်းခါရင်း ဝိုင်ကို သောက်လိုက်ကြသည်။
လင်းကျိုး ဒါကိုကြားတော့ သဘောပေါက်သွားသည်။ စစ်ပွဲအပြီး စျေးကွက်ထဲသို့ အရင်းအမြစ်များ အလုံးအရင်းနှင့် ဝင်ရောက်လာခြင်းကြောင့် အဆင့်နိမ့်ပစ္စည်းများ စျေးကျသွားခြင်းမှာ မလွဲဧကန်ပင်။ ၎င်းမှာ အဆင့်နိမ့် လေလွင့်ကျင့်ကြံသူများအတွက် ကျင့်ကြံစရိတ် သက်သာစေသဖြင့် ကောင်းမွန်သော်လည်း ပစ္စည်းလှောင်ထားသော ကုန်သည်များအတွက်မူ အရှုံးပေါ်ခြင်းပင် ဖြစ်သည်။
သူ ဝိုင်တစ်အိုး ထပ်မှာလိုက်သည်။ ဝန်ထမ်းလေးက ချက်ချင်း လာချပေးသည်- "မိတ်ဆွေ၊ ဟင်းတွေ ထပ်မှာဦးမလား”
"မလိုတော့ဘူး၊ ဒါဆို ရပြီ"
လင်းကျိုး ဝိုင်တစ်ခွက်ကို အပြည့်ငှဲ့ကာ ဖြည်းဖြည်းချင်း သောက်နေခဲ့သည်။
ထိုအချိန်မှာပင် လှေကားမှ ခြေသံများ ကြားလိုက်ရပြီး ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်- "ဆိုင်ရှင်၊ ကျွန်တော်တို့ ထိုင်နေကျ နေရာပဲနော်"
လင်းကျိုး မော့ကြည့်လိုက်ရာ ဆိုင်ရှင်ချန်ကို တွေ့လိုက်ရသည်။ ခြောက်လကြာပြီးနောက် အဘိုးကြီးမှာ ရုပ်ရည် ပိုမိုကြည်လင်လာပုံရသည်။ သူသည် လူငယ်ကျင့်ကြံသူ နှစ်ဦးကို ဦးဆောင်ကာ အပေါ်ထပ်သို့ တက်လာပြီး အတွင်းဘက် စားပွဲတစ်ခုတွင် ထိုင်လိုက်သည်။
"အစ်ကိုကြီး ချန်၊ ဒီတစ်ခါ အစ်ကိုကြီးရဲ့ အဆက်အသွယ်ကြောင့်သာ ဒီပစ္စည်းတွေကို အဆင်ပြေပြေ ရောင်းနိုင်ခဲ့တာပါ"
"အားမနာပါနဲ့၊ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတာပဲလေ" ဆိုင်ရှင်ချန်က ရယ်မောရင်း ပြောလိုက်သည်- "ဒါပေမဲ့ ညီလေး ဝမ်၊ အစ်ကိုကြီး စကားကို နားထောင်ပါ... အခု စျေးကွက်က ပြောင်းလဲသွားပြီ၊ အဆင့်နိမ့်ပစ္စည်းတွေကို မလှောင်ထားနဲ့တော့။ လှောင်မယ်ဆိုရင် ရှားပါးတဲ့ အရာတွေ... ဥပမာ အရည်အသွေးမြင့် ဆေးလုံးတွေ ဒါမှမဟုတ် ထူးခြားတဲ့ ဂုဏ်သတ္တိရှိတဲ့ ပစ္စည်းတွေကိုပဲ လှောင်ပါ"
"အစ်ကိုကြီး ချန်ရဲ့ အကြံဉာဏ်က အင်မတန် မှန်ပါတယ်၊ ဒါပေမဲ့ အရည်အသွေးမြင့် ဆေးလုံးတွေ၊ မန္တန်တွေနဲ့ မှော်လက်နက်တွေက စျေးကွက်မှာ အရမ်းရှားတာပဲ။ ကျွန်တော်တို့လို လေလွင့်ကျင့်ကြံသူတွေအတွက် ဝယ်ဖို့က ပိုတောင် ခက်သေးတယ်..."
သူတို့အုပ်စုမှာ ဟင်းလျာများနှင့် ဝိုင်ကို မှာယူပြီးနောက် စီးပွားရေးအကြောင်း ဆွေးနွေးလာကြသည်။ လင်းကျိုးသည် သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဆက်လက် စားသောက်နေခဲ့သည်။ သူသည် ယခုအချိန်တွင် မိမိကိုယ်ကိုယ် ထုတ်ဖော်ပြသရန် ရည်ရွယ်ချက် မရှိသေးပေ။
အောက်ထပ်မှ သတင်းသစ်တစ်ခု ထပ်ထွက်လာပြန်သည်-
"ကြားပြီးပြီလား လင်ရှောင်ဓားဂိုဏ်းက ပါရမီရှင်အသစ်လေးလေ၊ သူ့ရဲ့ ဓားဆန္ဒ က အောင်မြင်မှုအဆင့် ကို ရောက်သွားပြီတဲ့၊ အသက် ၃၀ ပဲ ရှိသေးတာနော်"
"အသက် ၃၀ နဲ့ ဓားဆန္ဒ အောင်မြင်မှုအဆင့်လား… ဒါဆိုရင် သူက ရွှေအမြုတေအဆင့် ရောက်ဖို့ မျှော်လင့်ချက် အများကြီး ရှိတာပေါ့"
"မျှော်လင့်ချက် ရှိရုံတင် ဘယ်ကမလဲ! ဓားဂိုဏ်းက သူ့ကို နောက်မျိုးဆက်ရဲ့ ထိပ်တန်းတပည့် အဖြစ် သတ်မှတ်ထားပြီးသားပဲတဲ့"
"ဟူး... လူချင်း တူတူတောင် ပါရမီချင်းက တကယ်ကွာခြားလွန်းတယ်..."
လင်းကျိုး "ဓားဆန္ဒ အောင်မြင်မှုအဆင့်" ဆိုသည့် စကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားသည်။ ထိုလူကို ဓားလမ်းစဉ် ပါရမီရှင်တစ်ဦးဟု သတ်မှတ်နိုင်သော်လည်း သူ၏ ရွှေလက်ချောင်းရဲ့ချီတာ(ဂိမ်းခိုးဆော့) စွမ်းအား ရှေ့တွင်မူ မည်သည့် ပါရမီရှင်မဆို အမှိုက်ကဲ့သို့သာ ဖြစ်သည်။
ဓားသိုင်း သုံးမျိုးကို "ရိုးရှင်းခြင်းသို့ ပြန်လည်ရောက်ရှိခြင်း" အဆင့်အထိ ကျင့်ကြံထားပြီး ဓားဆန္ဒကို စိတ်ကြိုက် ထိန်းချုပ်နိုင်သော သူ၏အစွမ်းမှာ ထိုအောင်မြင်မှုအဆင့်ထက် များစွာ သာလွန်လှသည်။ သို့သော် အဘယ်သူမျှ မသိကြပေ။
သူသည် နောက်ဆုံးလက်ကျန် အစားအစာများကို ကုန်အောင်စားပြီး ဝိုင်ကို အကုန်သောက်ကာ ငွေရှင်းရန် လက်ဟန်ပြလိုက်သည်။
"မိတ်ဆွေ၊ ဝိညာဉ်ကျောက် ၁၂ တုံး ကျသင့်ပါတယ်"
လင်းကျိုး ငွေရှင်းပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဆိုင်ပြင်သို့ ထွက်လိုက်ရာ ဆောင်းဦး နေခင်းပိုင်း နေရောင်ခြည်မှာ သာယာလှသည်။ စျေးအတွင်း၌ အရောင်းအဝယ် လုပ်နေကြသည့် ဆူညံသံများမှာ ဆူညံလျက်ရှိသည်။
သူသည် လမ်းမပေါ်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း ကြားလိုက်ရသော သတင်းများကို ပြန်လည် စုစည်းလိုက်သည်-
သားရဲလှိုင်းကို တတိယအဆင့် မိစ္ဆာသားရဲများက ညွှန်ကြားခဲ့ပြီး ရွှေအမြုတေ ကျင့်ကြံသူများက နှစ်ကောင်ကို သတ်ကာ တတိယအဆင့် အထွတ်အထိပ် တစ်ကောင် လွတ်သွားသည်။
စစ်ပြီးနောက် အရင်းအမြစ်များ ပေါများလာသဖြင့် အဆင့်နိမ့် ကျင့်ကြံရေး ပစ္စည်းများ စျေးကျသွားသည်။
ဂိုဏ်းအသီးသီးက ဤအခွင့်အရေးကို သုံးကာ လက်နက်ပြုပြင်ရေးနှင့် ဆေးလုံးဖော်စပ်ရေး ပါရမီရှင်များစွာကို မွေးထုတ်ပေးခဲ့သည်။
စျေးကွက် တည်ဆောက်ပုံ ပြောင်းလဲသွားသဖြင့် ပစ္စည်းလှောင်သည့် နည်းဗျူဟာကို ပြောင်းလဲရမည်။
ဖုယွမ်ခန်းမ အနီးသို့ ရောက်သောအခါ လင်းကျိုး ခြေလှမ်းတန့်သွားသည်။ ဆိုင်မှာ ဖွင့်ထားဆဲ ဖြစ်ကာ ဆိုင်ရှင်ချန်၏ တပည့်လေးမှာ ကောင်တာတွင် အလုပ်ရှုပ်နေသည်ကို မြင်ရသည်။ ဖောက်သည်များ အဝင်အထွက် ရှိနေသဖြင့် အရောင်းအဝယ် ကောင်းပုံရသည်။ သူသည် ခဏမျှ ကြည့်နေပြီးမှ လှည့်ထွက်လာခဲ့သည်။ အချိန်မတန်သေးပေ။ ညဘက် လူခြေတိတ်ချိန်မှသာ သွားတွေ့မည်။
လင်းကျိုး စျေးထဲတွင် တစ်ပတ်ပတ်ပြီး နေ့စဉ်သုံးပစ္စည်း အချို့ကို ဝယ်ယူခဲ့သည် - ဝတ်ရုံအသစ်များ၊ အိပ်ရာခင်း၊ ချက်ပြုတ်ရေး အသုံးအဆောင်များ... စသဖြင့်။ သူသည် လှပသော ဝတ်စုံများစွာကို ဝယ်ယူခဲ့သည်၊ ချောမောခန့်ညားနေဖို့ ဆိုသည်မှာ ဘဝတစ်လျှောက်လုံး ကြိုးစားရမည့် အရာမဟုတ်ပါလား။
သူ၏ မှော်အတတ်များကို "ရိုးရှင်းခြင်းသို့ ပြန်လည်ရောက်ရှိခြင်း" အဆင့်အထိ ကျင့်ကြံပြီးကတည်းက သူ၏ အတွေးအခေါ်များသည် ကမ္ဘာမြေ၏ တရားဓမ္မများနှင့် တစ်သားတည်း ဖြစ်လာသကဲ့သို့ ခံစားရသည်။
သူ၏ အစွမ်းမှာ တိုးတက်လာသော်လည်း ၎င်းမှာ သူအလိုရှိသည့် အရာမဟုတ်ပေ။ သူသည် ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ ရောက်လိုသော်လည်း သူ၏ မူလစိတ်ဆန္ဒကိုလည်း ထိန်းသိမ်းလိုသည်။ ဆိုလိုသည်မှာ သူ၏ ခွန်အားကို မြှင့်တင်လိုသလို သာမန်လူတစ်ယောက်၏ လောကီအာရုံများကိုလည်း လက်မလွှတ်လိုပေ။
ထို့ကြောင့် သူသည် သာမန်လူတစ်ယောက်ကဲ့သို့ ရှင်သန်နေထိုင်နိုင်ရန် ယခင်ဘဝမှ အလေ့အကျင့်များနှင့် အတွေးအခေါ် အချို့ကို ဆက်လက် ထိန်းသိမ်းထားရန် လိုအပ်သည်။
လင်းကျိုးသည် အဆင့်မြင့် တည်းခိုခန်းတစ်ခုကို ရှာတွေ့ပြီး ဝိညာဉ်ကျောက်များ ပေးကာ အခန်းယူလိုက်သည်။ သူသည် ငွေမရှားပါ၊ ဤစျေးကွက်တွင် သူ လိုချင်သမျှကို ရနိုင်သည်ဟု ယုံကြည်သည်။ ထို့ကြောင့် သူ ပျော်ပျော်နေသင့်သည်။
ပထမဦးစွာ၊ ကောင်းကောင်း အိပ်စက်ရမည်။