အခန်း၁ — အားနည်းသော တောရိုင်းနတ်ဘုရား
ရှန်နိုင်ငံ... ဝမ်အန်းခရိုင်။
ခရိုင်မြို့ရဲ့ တောင်ဘက် လီ ဒါဇင်ပေါင်းများစွာအကွာ... တောင်တန်းနက်နက်ထဲမှာ တောင်ထိပ်အဆင့်ဆင့်ကြား တည်ရှိနေတဲ့ ရွာလေးဖြစ်လေသည်။
စုန့်မိသားစုရွာ။
အဲဒီရွာက သိပ်မကြီးဘူး။
အိမ်ခြေ နှစ်ဆယ်... သုံးဆယ်လောက်ပဲရှိပြီး မြေဩဇာကောင်းတဲ့ လယ်ကွင်းတွေ... သပ်ရပ်လှပတဲ့ အိမ်လေးတွေ ရှိ၏။
ရွာကိုလည်း ဘက်ပေါင်းစုံက တောင်တန်းတွေ ဝန်းရံထားတယ်။
ဒီနေ့ကတော့ လပြည့်လဆန်းရဲ့ ပထမဆုံးနေ့... မွန်းတည့်အချိန် ဖြစ်လေသည်။
ရွာသားတွေဟာ သုံးယောက်... ငါးယောက်စီ အုပ်စုဖွဲ့ပြီး နံ့သာတိုင်တွေနဲ့ ပူဇော်သက္ကာတွေကို ကိုင်ဆောင်ကာ စကားပြောရင်း ရွာဝင်ပေါက်ဘက်ကို လျှောက်လာကြတယ်။
စုန့်မိသားစုရွာရဲ့ ဝင်ပေါက်မှာတော့ နှစ်မီတာကျော်မြင့်တဲ့ တည်ကြည်လေးနက်ပြီး လေးစားဖွယ်ကောင်းတဲ့ သစ်သားအဆောက်အအုံတစ်ခု ရှိနေချေသည်။
အဆောက်အအုံရဲ့ အဝင်တံခါးရှေ့မှာတော့—
“လေကောင်းမိုးမှန်ပါစေ”
“နှစ်စဉ်နှစ်တိုင်း ဘေးအန္တရာယ်ကင်းပါစေ”
ဆိုတဲ့ ဆုတောင်းစာသားတွေကို နှစ်ဖက်စလုံးမှာ ကပ်ထားတယ်။
တံခါးအတွင်းမှာတော့ တစ်ပေခန့်မြင့်တဲ့ ကျောက်သားနတ်ဘုရားရုပ်တုတစ်ခု ကို ပူဇော်ထားတယ်……
ထိုနံ့သာမီးခိုးများသည် လိမ်ဝဲထွက်နေပြီး ရုပ်တုရဲ့မျက်နှာကို မရှင်းမလင်းသာ မြင်နေရသည်။
ရွာသားတွေက ပူဇော်သက္ကာတွေကို ချပြီးနောက် နံ့သာတိုင်သုံးတိုင်ကို မီးညှိကာ နတ်ဘုရားရုပ်တုရှေ့မှာ ဒူးထောက်ပြီး ပူဇော်လိုက်ကြသည်
“အရှင်ရွှမ်ချင်း... ကျွန်တော်တို့ကို ကောင်းချီးပေးတော်မူပါ။ ဒီလမှာ ကျွန်တော့်မိန်းမ ကလေးကို ဘေးကင်းကင်း မွေးဖွားနိုင်ပါစေ…”
[နံ့သာတန်ဖိုး +4]
အနည်းငယ်ကျဉ်းမြောင်းတဲ့ နတ်ဘုရားကျောင်းဆောင်အတွင်းမှာတော့ စုန့်ရွှမ်ချင်း က အောက်မှာ ဒူးထောက်ပြီး နံ့သာပူဇော်နေကြတဲ့ ရွာသားတွေကို ရှုပ်ထွေးတဲ့အမူအရာနဲ့ ကြည့်နေတယ်။
ဒီအချိန်မှာ အောက်က ရွာသားတွေဟာ သူတို့ရဲ့ စကားတစ်ခွန်းချင်းစီ... လုပ်ရပ်တစ်ခုချင်းစီကို အပေါ်ကနေ တစ်စုံတစ်ယောက်က စောင့်ကြည့်နေတယ်ဆိုတာ မသိကြဘူး။
စုန့်ရွှမ်ချင်းကိုလည်း သူတို့ မမြင်နိုင်ကြဘူး။
အကြောင်းကတော့—
စုန့်ရွှမ်ချင်းဟာ လူသားမဟုတ်တော့လို့ပဲ။
အခုအချိန်မှာ သူ့ကို “နတ်ဘုရား” တစ်ပါးလို့ သတ်မှတ်ရမယ်။
ဒါပေမယ့်—
သူက တောရိုင်းနတ်ဘုရားတစ်ပါး ဖြစ်နေတယ်။
ပြီးတော့ အားနည်းလွန်းတဲ့ တောရိုင်းနတ်ဘုရားတစ်ပါး။
စုန့်ရွှမ်ချင်းဟာ သူ လေယာဉ်ပျက်ကျပြီးနောက် သေမသွားဘဲ ကမ္ဘာကူးပြောင်းလာခဲ့တာ ဖြစ်ကြောင်းကို နားလည်အောင် စဉ်းစားဖို့ နှစ်နာရီလောက် အချိန်ယူခဲ့ရတယ်။
ဒါပေမယ့် ကမ္ဘာကူးပြောင်းပြီးနောက် သူရရှိလာတဲ့ ကိုယ်ပိုင်အခြေအနေကတော့ အနည်းငယ် ထူးခြားနေတယ်။
သူဟာ တကယ်တော့—
စုန့်မိသားစုရွာက ကိုးကွယ်ပူဇော်နေတဲ့ တောရိုင်းနတ်ဘုရား ဖြစ်လာခဲ့တာပဲ။
ဟုတ်တယ်။
တောရိုင်းနတ်ဘုရား။
သူ့အမြင်အရတော့ သူ့ရဲ့လက်ရှိအခြေအနေဟာ မြေစောင့်နတ် တစ်ပါးနဲ့ တော်တော်တူနေတယ်။
ဒါပေမယ့် သူ့ရဲ့ စနစ် က ဘာကြောင့် သူ့ကို “တောရိုင်းနတ်ဘုရား” ဆိုပြီး သတ်မှတ်ထားတာလဲဆိုတာတော့ သူလည်း မသိဘူး။
မြေစောင့်နတ်ဆိုတာတောင် အဆင့်နိမ့်နတ်ဘုရားတစ်မျိုးပဲ ဖြစ်ပေမယ့် အနည်းဆုံးတော့ တရားဝင်နတ်ဘုရား တစ်ပါးအဖြစ် သတ်မှတ်ခံရသေးတယ်။
တာဝန်နဲ့ ရာထူးတစ်ခုတောင် ရှိသေးတယ်။
ဒါပေမယ့် စနစ် က သူ့ကိုတော့—
“တောရိုင်းနတ်ဘုရား”
လို့ တံဆိပ်ကပ်ပေးထားတယ်။
နာမည်ကြားရတာတောင် အတော်လေး မယုံကြည်ရတဲ့ပုံစံ ဖြစ်နေပြီး... တစ်နေ့နေ့မှာ ဖြတ်သန်းသွားတဲ့ တရားဝင်နတ်ဘုရားတစ်ပါးက သူ့ကို နတ်ဘုရားတန်ခိုးနဲ့ ချေမှုန်းသတ်ပစ်မှာကိုတောင် သူ စိုးရိမ်နေမိတယ်။
ကမ္ဘာကူးပြောင်းလာသူတွေရဲ့ ကြယ်ပြာကူးပြောင်းရေးအဖွဲ့ ထဲက အဖွဲ့ဝင်တစ်ယောက်အနေနဲ့ စုန့်ရွှမ်ချင်းမှာ ကမ္ဘာကူးပြောင်းလာသူတိုင်းအတွက် မရှိမဖြစ်အရာဖြစ်တဲ့—
စနစ်
တစ်ခုတော့ ရှိတယ်။
သူ့ရဲ့ စနစ် နာမည်က—
~ပူဇော်အမွှေးတိုင်မီးဖြင့် နတ်ဘုရားဖြစ်လာစေသော စနစ်~
ဖြစ်တယ်။
နာမည်က နားထောင်ရတာ တော်တော်မိုက်ပေမယ့် အဲဒီ စနစ် က တကယ်ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာကိုတော့ သူကိုယ်တိုင် မတွေ့ကြုံရသေးဘူး။
စုန့်ရွှမ်ချင်းက သက်ပြင်းချပြီး စနစ်မျက်နှာပြင် ကို ဖွင့်လိုက်တယ်။
[ပူဇော်အမွှေးတိုင်မီးဖြင့် နတ်ဘုရားဖြစ်လာစေသော စနစ်]
[အိမ်ရှင်: စုန့်ရွှမ်ချင်း]
[အသက်: 20]
**[သက်တမ်း:*** ]
[အထောက်အထား: တောရိုင်းနတ်ဘုရား]
[ကျင့်ကြံမှုအဆင့်: အဆင့်မရှိ]
[ကျင့်ကြံနည်း: မရှိ]
[နတ်ဘုရားအာဏာပိုင်နယ်မြေ: စုန့်မိသားစုရွာ]
[နံ့သာတန်ဖိုး: 38.5]
[အကဲဖြတ်ချက်: ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုမရရှိသော တောရိုင်းနတ်ဘုရားတစ်ပါး။ နံ့သာယုံကြည်မှု အလွန်နည်းပြီး နတ်ဘုရားအဆင့် သို့မဟုတ် တရားဝင်ရာထူး မရှိပေ။ ရေပေါ်မျောနေသော မြက်ပင်ကဲ့သို့ မတည်ငြိမ်ဘဲ စွမ်းအားမှာလည်း အလွန်နည်းပါးသည်။]
[အစပြုသူ တာဝန်: သင်သည် ကျေးလက်ဒေသမှ တောရိုင်းနတ်ဘုရားတစ်ပါးသာ ဖြစ်သော်လည်း….
သာမန်လူများ ယုံကြည်ကိုးကွယ်သော နတ်ဘုရားတစ်ပါးအနေဖြင့် သင့်ယုံကြည်သူများအတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးသင့်သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်အပေါ် သူတို့၏ ယုံကြည်မှုအဆင့်ကို တိုးမြှင့်ပါ။]
[တိုးတက်မှု: 0/1]
[ပြီးမြောက်မှုဆု: အစပြုသူလက်ဆောင်ထုပ်... စနစ် ၏ တရားဝင်လုပ်ဆောင်ချက်များကို ဖွင့်ပေးမည်]
စုန့်ရွှမ်ချင်းဟာ အောက်ဆုံးက အဲဒီ အကဲဖြတ်ချက် ကို မြင်တိုင်း သူ့နှလုံးသားကို ဓားနဲ့ ထိုးလိုက်သလို ခံစားရတယ်။
ထို့အပြင် စနစ်မျက်နှာပြင် နဲ့ အစပြုသူ တာ၀န် အသိပေးချက်ကလွဲရင် စနစ် ထဲမှာ တခြားလုပ်ဆောင်ချက်တစ်ခုမှ သူရှာမတွေ့ခဲ့ဘူး။
ဥပမာ—
ကံစမ်းမဲစနစ်... ဆိုင်... အမှတ်ခွဲဝေခြင်း စတာတွေ တစ်ခုမှ မရှိဘူး။
လက်ရှိ စနစ် ကတော့ မပြီးစီးသေးတဲ့ ထုတ်ကုန်တစ်ခု လိုပဲ ဖြစ်နေတယ်။
တခြားလုပ်ဆောင်ချက်တွေကို ဖွင့်ချင်ရင် အရင်ဆုံး အစပြုသူ တာ၀န် ကို ပြီးအောင်လုပ်ရမယ်လို့ ထင်ရတယ်။
ပြီးတော့ အစပြုသူ တာ၀န် ရဲ့ လိုအပ်ချက်က—
စုန့်မိသားစုရွာက ရွာသားတွေအတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးပြီး သူ့အပေါ် သူတို့ရဲ့ ယုံကြည်မှုကို တိုးမြှင့်ရမယ်။
စုန့်ရွှမ်ချင်းက ရွာသားတစ်ယောက်ချင်းစီရဲ့ သူ့အပေါ်ထားတဲ့ ယုံကြည်မှုအဆင့် ကို မမြင်နိုင်ဘူး။
ဒါပေမယ့် ယုံကြည်မှုအဆင့်က နံ့သာတန်ဖိုး ကို သတ်မှတ်ပေးတယ်။
ယုံကြည်မှု ပိုမြင့်လေလေ—
နံ့သာတန်ဖိုး ပိုများလေလေ ဖြစ်တယ်။
အခုအချိန်အထိ စုန့်ရွှမ်ချင်း မြင်ဖူးသမျှထဲမှာ နံ့သာတန်ဖိုး အမြင့်ဆုံးက 7 ပင်။
အဲဒီလူကလည်း ခန္ဓာကိုယ်အားနည်းပြီး အသက်အရွယ်ကြီးတဲ့ အဘိုးအိုတစ်ယောက် ဖြစ်၏။
နံ့သာတန်ဖိုး အနိမ့်ဆုံးကတော့ 2ပင်။
အဲဒါက အသက် ငါးနှစ်... ခြောက်နှစ်လောက်ပဲရှိသေးတဲ့ ကလေးတစ်ယောက်။ သူ့အဖေက နံ့သာပူဇော်ဖို့ သူ့ကိုခေါ်လာတာချိန်ရရှိခဲ့တာ ဖြစ်သည်။
စုန့်ရွှမ်ချင်းက စနစ် က သူ့ကို မြေစောင့်နတ်တောင် မမီတဲ့ တောရိုင်းနတ်ဘုရား ဆိုပြီး တံဆိပ်ကပ်ထားတာကို နှုတ်ကနေ ညည်းညူနေခဲ့ပေမယ့်—
တကယ်တမ်းမှာတော့ ကမ္ဘာကူးပြောင်းပြီးနောက် ရရှိလာတဲ့ ဒီအထောက်အထားအပေါ် သူ တော်တော်ကျေနပ်နေခဲ့တယ်။
တောရိုင်းနတ်ဘုရားဖြစ်တော့ရော ဘာဖြစ်လဲ…..
တောရိုင်းနတ်ဘုရားဆိုတာလည်း နတ်ဘုရားပဲ မဟုတ်လား….
သာမန်လူတစ်ယောက်အဖြစ် ကမ္ဘာကူးပြောင်းလာတာထက် တောရိုင်းနတ်ဘုရားအဖြစ် ကမ္ဘာကူးပြောင်းလာရတာက ပိုကောင်းတယ်…….
စုန့်ရွှမ်ချင်းရဲ့ နားလည်မှုအရ ဒီကမ္ဘာဟာ သူ့အရင်ဘဝက မှတ်ဉာဏ်ထဲက ရှေးခေတ်တရုတ်နိုင်ငံ နဲ့ အတော်လေး ဆင်တူတယ်။
ဒါပေမယ့် ဒီကမ္ဘာက—
သိပ္ပံပညာကို လုံးဝဂရုမစိုက်တဲ့ပုံပဲ။
ဒါပေမယ့် တကယ်တော့ ရွာသားတွေက သူလို တောရိုင်းနတ်ဘုရားတစ်ပါးကို ကိုးကွယ်နေကြတာတောင် ရှိနေပြီဆိုတော့ ဒီကမ္ဘာက သိပ္ပံပညာကို ဂရုစိုက်ဖို့ မဖြစ်နိုင်လောက်ဘူး။
ဒါပေမယ့် သူပြောချင်တာ အဲဒါမဟုတ်ဘူး။
အဓိကက—
ဒီကမ္ဘာမှာ တကယ်ပဲ မကောင်းဆိုးဝါးဝိညာဉ်တွေနဲ့ သရဲတစ္ဆေတွေ ရှိနေတယ်……
စုန့်ရွှမ်ချင်းရဲ့ နတ်ဘုရားရုပ်တု ရှိနေခဲ့တဲ့အချိန်က ဘယ်လောက်ကြာပြီလဲဆိုတာတောင် နောက်ကြောင်းပြန်လိုက်လို့ မရတော့ဘူး။
သူ ဒီကိုမရောက်ခင်အထိ ဒီနတ်ဘုရားရုပ်တုထဲကနေ မွေးဖွားလာခဲ့တဲ့ နတ်ဘုရားတစ်ပါးလည်း မရှိခဲ့ဘူး။
ဒါပေမယ့် နတ်ဘုရားရုပ်တုဟာ နံ့သာပူဇော်မှုတွေနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့နေခဲ့တာကြောင့် ဖြစ်နိုင်တယ်—
အဲဒီရုပ်တုကိုယ်တိုင်မှာ ထူးခြားပြီး နတ်ဘုရားဆန်တဲ့ သဘာဝအချို့ ရှိနေတယ်။
ဥပမာ—
အဲဒီနတ်ဘုရားရုပ်တုဟာ သူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ခံစားသိရှိနိုင်တယ်။
စုန့်ရွှမ်ချင်း ကမ္ဘာကူးပြောင်းလာတဲ့အချိန်မှာတော့ သူဟာ နတ်ဘုရားရုပ်တုရဲ့ အရင်မှတ်ဉာဏ်တွေကို သဘာဝအတိုင်း အမွေဆက်ခံရရှိခဲ့တယ်။
အဲဒီမှတ်ဉာဏ်တွေဟာ အပိုင်းအစတွေနဲ့ မပြည့်မစုံ ဖြစ်နေပေမယ့်—
စုန့်ရွှမ်ချင်းကတော့ အဲဒီထဲကနေ အရေးကြီးတဲ့အချက်တစ်ခု ကို ရှာတွေ့ခဲ့တယ်။
အဲဒါကတော့—
တစ်ညမှာ လမရှိဘဲ မှောင်မိုက်နေပြီး လေကလည်း သရဲတွေ အော်ဟစ်ငိုကြွေးနေသလို ခွေးတွေလည်းအူနေကြတယ်။
ရုတ်တရက်—
ဖလပ်
ရေကို ခွဲထွက်သွားတဲ့ အသံတစ်ခုနဲ့အတူ နတ်ဘုရားရုပ်တုရှိရာ ဘုရားကျောင်းနောက်ဘက်က မြစ်ကမ်းပေါ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံရိပ်တစ်ခု တွားတက်လာခဲ့တယ်။
ကိုယ်ခန္ဓာပုံစံကို ကြည့်မယ်ဆိုရင် အဲဒီသတ္တဝါဟာ သံသယဖြစ်စရာမရှိအောင် တစ်ကျန်းခန့်ရှည်တဲ့ ငါးကြီးတစ်ကောင်ပင်……
သူ့ရဲ့ ငါးအမြီးကတော့ လူတစ်ယောက်ရဲ့ ခြေထောက်နှစ်ချောင်းလို မတ်မတ်ကြီးထောင်နေခဲ့တာ…….
ဒါပေမယ့် သူ့ခေါင်းပေါ်မှာတော့—
လှပတဲ့ မိန်းမတစ်ယောက်ရဲ့ ဦးခေါင်း ပေါက်နေတယ်။
အဲဒီမိန်းမရဲ့ ပါးစပ်ကနေ စူးရှတဲ့ ရယ်သံတွေ ထွက်ပေါ်နေတာ……
အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက်—
အဲဒီမိန်းမရဲ့မျက်နှာဟာ ရုတ်တရက် အရေးအကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကြမ်းတမ်းတဲ့ အဘိုးအိုတစ်ယောက်ရဲ့မျက်နှာ အဖြစ် ပြောင်းလဲသွားပြီး……
သူ့ပါးစပ်က ထွက်လာတဲ့အသံကလည်း မိန်းမရဲ့ရယ်သံကနေ—
အမျိုးသားတစ်ယောက်ရဲ့ ငိုကြွေးသံ အဖြစ် ပြောင်းလဲသွားခဲ့တယ်။
နောက်ထပ် အသက်ရှူချိန်အနည်းငယ်ကြာတဲ့အခါ—
နောက်ထပ်မျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားပြန်တယ်။
အဲဒီထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ငါးဘီလူးရဲ့ခေါင်းပေါ်က မျက်နှာဟာ—
အဆုံးမရှိသလို မရပ်မနား ပြောင်းလဲနေပြီး ဘယ်မျက်နှာကိုမှ မထပ်ပဲပြောင်းလဲနေတာ……
ဒီနေရာရောက်တဲ့အခါ နတ်ဘုရားရုပ်တုရဲ့ မှတ်ဉာဏ်တွေက အပိုင်းအစတွေပဲ ကျန်တော့တာကြောင့် ရပ်သွားခဲ့တယ်……
ဒါပေမယ့် နောက်ပိုင်းက ရရှိခဲ့တဲ့ အပိုင်းအစမှတ်ဉာဏ်တချို့အရ—
အဲဒီငါးဘီလူးဟာ ရွာသားအချို့ကို စားခဲ့ပုံရတယ်။
အဲဒီနောက် ဒီကိစ္စကို ဘယ်လိုဖြေရှင်းခဲ့ကြလဲဆိုတာတော့ မသိရဘူး။
အတိုချုပ်ပြောရရင်—
ဒီကမ္ဘာက တော်တော်အန္တရာယ်များတယ်။
စုန့်ရွှမ်ချင်းဟာ အားနည်းတဲ့ တောရိုင်းနတ်ဘုရားတစ်ပါးပဲ ဖြစ်ပေမယ့် သူ့ရဲ့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း ကတော့ သာမန်လူတစ်ယောက်ထက် ပိုကောင်းနေသေးတယ်။
ဒါ့အပြင်—
သူ့မှာ စနစ် လည်း ရှိနေသေးတယ်။
အနာဂတ်အလားအလာက အလားအလာကောင်းတယ်……
မွန်းတည့်ချိန်ကျော်သွားပြီးနောက် ရွာသားတွေဟာ တစ်ယောက်ပြီးတစ်ယောက် လာရောက်ပြီး နံ့သာပူဇော်ကြလေသည်။
“အရှင်ရွှမ်ချင်း... ကျွန်တော်တို့ကို ကောင်းချီးပေးတော်မူပါ။ ဒီနှစ် လယ်ကွင်းတွေမှာ သီးနှံအထွက်နှုန်း နည်းနည်းလောက် ပိုများလာပါစေ…”
ကြမ်းတမ်းတဲ့ ပိတ်ချောအဝတ်ကို ဝတ်ဆင်ထားပြီး ဘောင်းဘီခြေထောက်တွေကို ဒူးအထိ လိပ်တင်ထားတဲ့ အမျိုးသားတစ်ယောက်က လယ်ကွင်းထဲကနေ ပြန်လာခါစပုံရသည်။
သူဟာ မြေပေါ်မှာ ဒူးထောက်ပြီး နံ့သာပူဇော်ရင်း တိုးတိုးလေး ရေရွတ်နေတယ်။
နတ်ဘုရားက သူ့ရဲ့ရင်ထဲက ဆန္ဒကို ကြားနိုင်ပါစေလို့ ဆုတောင်းနေခြင်းပဲ ဖြစ်တယ်။
စုန့်ရွှမ်ချင်းက တကယ်ပဲ ကြားလိုက်တယ်။
သူကလည်း ရွာသားတွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်တယ်။
စနစ် ရဲ့ အစပြုသူ တာဝန် ကိုလည်း ပြီးမြောက်ချင်တယ်။
ဒါပေမယ့်—
သူ... မလုပ်နိုင်ဘူး။
ဆင်းရဲတဲ့ သာမန်ပြည်သူတွေရဲ့ တောင်းဆိုချက်တွေက လုံးဝ မလွန်ကဲဘူး။
ဒါပေမယ့် သူ့မှာ ဘေးကင်းလုံခြုံမှုကို သေချာစေမယ့် မှော်မန္တန် မရှိဘူး။
ရွာသားတွေရဲ့ လယ်ယာသီးနှံအထွက်နှုန်းကို ခဏအတွင်း တိုးမြှင့်ပေးနိုင်တဲ့ နည်းလမ်းလည်း မရှိဘူး။
ဝမ်းနည်းစရာက—
သူက အရာအားလုံးကို လုပ်ဆောင်နိုင်တဲ့ အလွန်အစွမ်းထက်ပြီး အလုံးစုံတတ်နိုင်တဲ့ နတ်ဘုရားမျိုး မဟုတ်ဘူး။
နံ့သာပူဇော်မှု ပြီးသွားတဲ့နောက် ထိုအမျိုးသားက ရွှမ်ချင်းဘုရားကျောင်း ထဲကနေ ထွက်လာခဲ့တယ်။
အဲဒီအချိန်မှာ နံ့သာပူဇော်ဖို့ လာနေတဲ့ နောက်ထပ်ရွာသားတစ်ယောက်နဲ့ တည့်တည့်တွေ့သွားခဲ့သည်။
“အို... အစ်ကိုတော် တာရှန်... မင်းမိန်းမကို သူ့မိဘအိမ် ပြန်လိုက်ပို့မယ်ဆို ဘာလို့ လျိုမိသားစုရွာကနေ ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ”
နံ့သာပူဇော်ဖို့ လာတဲ့ရွာသားရဲ့နာမည်က စုန့်တာရှန် ဖြစ်တယ်။
အဲဒီစကားကိုကြားတော့ သူက—
“အင်း... အစားအစာစားပြီးသွားပြီ။ မိန်းမက အတင်းလုပ်နေလို့သာ ပြေးလာရတာ။ ဒါနဲ့ မင်းသိလား လတ်တလော လျိုမိသားစုရွာမှာ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ထားတယ်”
ဒီစကားကိုကြားတာနဲ့ အဲဒီအမျိုးသားက စိတ်ဝင်စားသွားပြီး—
“ဘာအဖြစ်အပျက်ကြီးလဲ”
စုန့်တာရှန်က အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့ အမူအရာနဲ့ အရင်ဆုံး အရှင်ရွှမ်ချင်းရဲ့ ရုပ်တုရှေ့မှာ သုံးကြိမ် ဦးညွှတ်လိုက်တယ်။
ပြီးတော့ အဲဒီအမျိုးသားကို ဘေးတစ်ဖက်ကို ဆွဲခေါ်သွားပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
“လျိုမိသားစုရွာက ကိုးကွယ်နေတဲ့ မျက်လုံးသုံးလုံးနတ်ဘုရားမ ကို မှတ်မိသေးလား”
“မှတ်မိတာပေါ့။ မျက်လုံးသုံးလုံးနတ်ဘုရားမက ဘာဖြစ်လို့လဲ”
“အဲဒီမျက်လုံးသုံးလုံးနတ်ဘုရားမရဲ့ နတ်ဘုရားရုပ်တုကို ရိုက်ခွဲဖျက်ဆီးခံလိုက်ရပြီ”
“ဘာ”
“ဘယ်သူလုပ်တာလဲ ဘယ်သူက နတ်ဘုရားရုပ်တုကို ဖျက်ဆီးရဲတာလဲ”
“ကြားတာကတော့ မျက်နှာဖုံးပါတဲ့ ဦးထုပ်နဲ့ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက် လုပ်တာတဲ့။ လျိုမိသားစုရွာကလူတွေက အဲဒီလူရဲ့ ဘယ်သူဘယ်ဝါလဲ... ဘယ်လိုမျက်နှာမျိုးလဲဆိုတာ မသိကြဘူး။ သိရတာကတော့ အဲဒီလူရဲ့ သိုင်းပညာက အလွန်ထူးခြားပြီး အစွမ်းထက်တယ်တဲ့။”
“ဒါ့အပြင် အဲဒီလူက မျက်လုံးသုံးလုံးနတ်ဘုရားမရဲ့ နတ်ဘုရားရုပ်တုကို ရိုက်ခွဲဖျက်ဆီးရုံတင်မကဘူး။ မျက်လုံးသုံးလုံးနတ်ဘုရားမရဲ့ ပထမဆုံးမျက်လုံးကိုတောင် ဖောက်ထုတ်သွားတယ် လို့ ပြောကြတယ်”
“မျက်လုံးသုံးလုံးနတ်ဘုရားမရဲ့ မျက်လုံးကို ဖောက်ထုတ်လိုက်တဲ့အချိန်မှာ အဲဒီမျက်လုံးက သွေးထွက်တော့မယ့်အတိုင်း နီရဲနေတယ်လို့တောင် ကြားတယ်”
“အဲဒီသူခိုးက တကယ်ပဲ အရမ်းရဲတင်းတာပဲ။ သူ့ကို မျက်လုံးသုံးလုံးနတ်ဘုရားမက နတ်ဘုရားအပြစ်ပေးမှု ချပေးမှာကို မကြောက်ဘူးလား”
“ဘယ်သူသိမှာလဲ သူခိုးက ကြောက်လား မကြောက်လားဆိုတာ။ ဘာပဲဖြစ်ဖြစ် လျိုမိသားစုရွာက လူတွေကတော့ ကြောက်လန့်နေကြပြီ။”
“သူတို့က နတ်ဘုရားရုပ်တုကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့ဘဲ အဲဒီသူခိုးကို ဒီလိုအပြစ်ကြီးကျူးလွန်ခွင့် ပေးလိုက်မိတာပဲ။ မျက်လုံးသုံးလုံးနတ်ဘုရားမက သူတို့ကို အပြစ်တင်လာရင်တော့ သူတို့ပြီးပြီ”
“သက်ပြင်းချရုံပဲ တတ်နိုင်တော့တာပေါ့... မထိုက်တန်ဘဲ ကျရောက်လာတဲ့ ဘေးအန္တရာယ်တစ်ခုပါပဲ။”
“ဘယ်သူက အဲလိုမပြောဘဲ နေနိုင်မှာလဲ။ ဒီကိစ္စကိုတောင် ရွာသူကြီးကို ပြောခဲ့သေးတယ်။ ရွာသူကြီးကတော့ လတ်တလောမှာ အရှင်ရွှမ်ချင်းရဲ့ နတ်ဘုရားရုပ်တုကို ပိုပြီးသေချာစောင့်ကြည့်ထားဖို့ ပြောတယ်။ အဲဒီသူခိုးက ဒီဘက်ကို ပြေးလာပြီး ပြဿနာလာရှာမှာကို ကာကွယ်ဖို့တဲ့။”
နတ်ဘုရားကျောင်းအတွင်းမှာ အဲဒီစကားတွေကို ကြားနေရတဲ့ စုန့်ရွှမ်ချင်းရဲ့ နှလုံးသားထဲမှာတော့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာတော့တယ်……
သူ့အရင်ဘဝမှာ ဝတ္ထုတွေ အမြောက်အမြား ဖတ်ခဲ့ဖူးတာကြောင့်—
မျက်လုံးသုံးလုံးနတ်ဘုရားမရဲ့ ရုပ်တုကို ရိုက်ခွဲပြီး မျက်လုံးတစ်လုံးကိုတောင် ဖောက်ထုတ်သွားတဲ့ အဲဒီလူဟာ ကောင်းတဲ့သူတော့ မဖြစ်နိုင်ဘူး လို့ သူအမြဲထင်နေတယ်။
အဲဒီလူက အနီးအနားက ရွာတစ်ရွာမှာ ကိုးကွယ်နေတဲ့ မျက်လုံးသုံးလုံးနတ်ဘုရားမရဲ့ နတ်ဘုရားရုပ်တုကိုတောင် ပစ်မှတ်ထားနိုင်တယ်ဆိုရင်—
သူ့ရဲ့ နတ်ဘုရားရုပ်တုကိုလည်း ပစ်မှတ်ထားလာမှာ မဟုတ်ဘူးလား……
စုန့်ရွှမ်ချင်း အနည်းငယ် ထိတ်လန့်သွားရတယ်…..
သူ့ကိုယ်ပိုင်စွမ်းအားက ဘယ်လောက်ရှိလဲဆိုတာတောင် သူ မသိဘူး။
ဒါပေမယ့် စနစ် ကပေးထားတဲ့ အကဲဖြတ်ချက်ကိုကြည့်မယ်ဆိုရင်—
အဆင့်မရှိတဲ့ အားနည်းတဲ့ တောရိုင်းနတ်ဘုရား။
အဲဒါကြောင့် သူ့မှာ လုံခြုံတယ်ဆိုတဲ့ ခံစားချက် လုံးဝမရှိဘူး။
သူ့ရဲ့ ပင်ကိုယ်အာရုံခံစားချက်အရ—
သူ့ရဲ့ နတ်ဘုရားရုပ်တုကို ရိုက်ခွဲဖျက်ဆီးခံလိုက်ရင် သူ မသေခဲ့ရင်တောင် သူ့ရဲ့ မူလစွမ်းအင်ဟာ ပြင်းပြင်းထန်ထန် ထိခိုက်သွားမှာ သေချာတယ်။
ဒီကျိန်စာသင့်နေတဲ့ ကမ္ဘာက နတ်ဘုရားတစ်ပါးဖြစ်တဲ့ သူ့ကိုတောင် လုံခြုံတယ်ဆိုတဲ့ ခံစားချက်တစ်စက်မှ မပေးဘူး
မဖြစ်ဘူး။
သူ အမြန်ဆုံး အစပြုသူ တာ၀န် ကို ပြီးအောင်လုပ်ပြီး စနစ် ကို ဖွင့်ရမယ်
လူတိုင်းသိတဲ့အတိုင်း—
စနစ် ဆိုတာ ကမ္ဘာကူးပြောင်းလာသူတွေရဲ့ ရွှေလက်ချောင်း ပဲ မဟုတ်လား
စုန့်ရွှမ်ချင်းက စိတ်ထဲမှာ အော်ဟစ်လိုက်တယ်—
“ဒီလိုအားနည်းတဲ့ တောရိုင်းနတ်ဘုရားဘဝကို နောက်ထပ်တစ်ရက်တောင် မခံနိုင်တော့ဘူး”
“ငါ ပိုပြီး အစွမ်းထက်လာချင်တယ်”