ကျီချိုက်ကျေးရွာ၏ မွန်းလွဲပိုင်း နေရောင်ခြည်သည် အလွန်ပင် ပူပြင်းလှသဖြင့် ခွေးဝါကြီး၏ လျှာပင် အမဲခြောက် ဖြစ်သွားနိုင်လောက်သည်။
ရွာအရှေ့ဖျားရှိ ဟောင်းနွမ်းနေသော အိမ်သာသည် ပူပြင်းလှသည့် နေရောင်အောက်တွင် မြေကြီးရနံ့.. ပုပ်သိုးနေသော ကောက်ရိုးနှင့် ချေးဟောင်းနံ့တို့ ရောယှက်နေသည့် စူးရှသော "မွှေးရနံ့" ကို ပုလင်းဖွင့်ထားသကဲ့သို့ တလူလူ ထုတ်လွှတ်နေသဖြင့် လူကိုပင် မူးဝေသွားစေနိုင်သည်။
လီကွေ့သိုင်သည် အကူအညီမဲ့စွာဖြင့် အိမ်သာတွင်း အနက်ရှိုင်းဆုံးနေရာတွင် ဆောင့်ကြောင့် ထိုင်နေရရှာသည်။
"မေရှဲင်း" ဟုခေါ်သော ဒီကျင့်စဉ်ကမ္ဘာသို့ ကူးပြောင်းလာခဲ့သည်မှာ ၂၅ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး.. ကျီချိုက်ကျေးရွာ၏ နာမည်အဆိုးဆုံး အသုံးမကျသူအဖြစ် အောင်မြင်စွာ စံချိန်တင်ထားနိုင်ခဲ့သည်။
ထိုခဏ၌ သူသည် မျက်မှောင်ကြုတ်ကာ တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် ရှိနေပေသည်။
ဘာမှမသိသူများအဖို့ သူသည် စကြဝဠာ၏ ဆန်းကြယ်သော တရားထူးကို ကျင့်ကြံနေသည်ဟု ထင်မှတ်နိုင်သော်လည်း.. လက်တွေ့တွင်မူ မနေ့က ဘေးအိမ်မှ ဝမ်အဒေါ် ပေးထားသော ပဲပြုတ်လက်ကျန်များကို စားမိ၍ ဝမ်းဗိုက်အတွင်း အူလမ်းကြောင်းနှင့် စပါးကြီးမြွေလို အပြင်းအထန် "လွန်ဆွဲပွဲ" ဆင်နွှဲနေရခြင်းသာ ဖြစ်သည်။
"ဟူး..." ရှည်လျားသော သက်ပြင်းချသံကြီးတစ်သံ အိမ်သာထဲမှ ထွက်ပေါ်လာရာ တံတိုင်းပေါ်တွင် ငိုက်မျည်းနေသော စာကလေးတစ်ကောင်ပင် လန့်ပျံသွားရသည်။
လွန်ခဲ့သော ၂၅ နှစ်က သူသည် သာမန်ရုံးဝန်ထမ်းတစ်ဦးမျှသာ ဖြစ်ခဲ့သည်။
မိသားစုမှာ ပြည့်စုံပြီး မိဘများ ကျန်းမာရေးကောင်းမွန်ကာ အေးအတူ ပူအမျှ ပေါင်းသင်းမည့် ချစ်စဖွယ် ဇနီးသည်မှာလည်း ကိုယ်ဝန်လွယ်ထားရပြီဖြစ်သည်။
ထိုစဉ်က စိတ်ရူးပေါက်ပြီး အရွယ်အစားတူ ဆီလီကွန်အရုပ်ကို ဒေါ်လာငါးထောင်အကုန်ခံပြီး မဝယ်ခဲ့မိပါက သူ၏ဘဝသည် ဒီလို ဖြစ်လာမည်မဟုတ်ပေ...
ထိုနေ့က အကြောင်းကို ပြန်တွေးမိတိုင်း လီကွေ့သိုင်သည် မိမိကိုယ်ကို ပါးရိုက်ချင်စိတ်ပေါက်သွားသည်။
ပစ္စည်းရောက်လာသောအခါ ခိုးစားရသည့် ကြောင်တစ်ကောင်လို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ပါဆယ်ထုပ်ကို ခွဲလိုက်ရာ သက်ရှိအတိုင်းတူသော အရုပ်ကြီး ထွက်ပေါ်လာခဲ့သည်။
မစောင့်နိုင်တော့ဘဲ ငုံ့၍ ဖက်လိုက်စဉ် အရုပ်မှာ ထင်ထားသည်ထက် များစွာ လေးလံနေပြီး.. ခြေချော်သွားကာ မျက်နှာတစ်ခုလုံး အရုပ်၏ အေးစက်သော ရင်ဘတ်နှင့် မိတ်ဆက်သွားပြီး နုတ်ခမ်းကလည်း ဆီလီကွန်မာမာ အဓိကနေရာပေါ်သို့ ကွက်တိ ကျရောက်သွားခဲ့သည်။
ပို၍ တိုက်ဆိုင်သည်မှာ ထိုကဲ့သို့ အချိန်၌ပင် မွေးဖွားလာမည့် မြေးလေးအတွက် အဝတ်အစားများ ဝယ်ယူပြီးပြန်လာသော မိဘနှစ်ပါးက တံခါးကို တွန်းဖွင့်ကာ ပြုံးရွှင်စွာဖြင့် အထဲသို့ ၀င်လာခြင်းပင်။
အကြည့်ချင်း ဆုံတွေ့သွားကြပြီး အချိန်များပင် ရပ်တန့်သွားသကဲ့သို့ပင်။
ဖခင်ဖြစ်သူ၏ လက်ထဲမှ ကလေးအဝတ်အစားအိတ် မြေပေါ်သို့ လွတ်ကျသွားသည့်အသံနှင့် မိခင်ဖြစ်သူ၏ မျက်နှာ နွေးထွေးရာမှ ရေခဲရိုက်သကဲ့သို့ အေးစက်သွားပုံကို လီကွေ့သိုင် ယနေ့ထက်တိုင် မှတ်မိနေသေးသည်။
အရှက်.. အကြောက်နှင့် ခံရခက်လှသော အရှက်ခွဲခံရမှုတို့သည် သူ၏နှလုံးသားကို ပုရွက်ဆိတ်ကောင် ရာထောင်ချီ၍ ကိုက်ခဲနေသကဲ့သို့ ခံစားလိုက်ရ၏။
ပါးစပ်ကို ဟလိုက်သော်လည်း အသံတစ်စက်မျှ ထွက်မလာဘဲ ဦးနှောက်သို့ သွေးများ အရှိန်အဟုန်ဖြင့် တက်သွားကာ မျက်လုံးများ ပြာဝေသွားလျက် မွန်းကြပ်စွာဖြင့် သတိလစ်သွားခဲ့ရသည်။
ပြန်နိုးလာသောအခါတွင်မူ ဤကျင့်စဉ်ကမ္ဘာရှိ လီကွေ့သိုင် ဖြစ်နေခဲ့လေပြီ။
ကံကောင်းသည်မှာ ယခုဘဝတွင်လည်း မိဘများ သက်ရှိထင်ရှား ရှိနေသေးခြင်းပင်။
ဖခင်ဖြစ်သူ လီကျန်းထိုမှာ ချီစုစည်းခြင်းအဆင့် (၄) ကျင့်ကြံသူဖြစ်ပြီး ကျီချိုက်ကျေးရွာ၏ ရွာသူကြီး ဖြစ်သည်။
ဒီလိုဆင်းရဲနုံချာသော အရပ်မှာ အရာရောက်သူတစ်ဦး ဖြစ်သော်လည်း ပြုတ်ထားသော ခေါက်ဆွဲဖတ်ကဲ့သို့ ပျော့ညံ့လှသည်။
မိခင်ဖြစ်သူ ရန်ရှောင်ချောင်မှာမူ ပို၍ပင် ဆန်းကြယ်လှပေသေးသည်။ မိုင်တစ်ရာခန့် ဝေးကွာသော ဂန်လုမြို့၏ နာမည်ကြီး ဖျော်ဖြေရေးအိမ် "မင်ချွန်းအိမ်တော်" ၏ သခင်မဖြစ်ပြီး ချီစုစည်းခြင်းအဆင့် (၉) ထိ ကျင့်ကြံထားသူဖြစ်သည်။
ငယ်စဉ်က ပျော့ညံ့လှသော ဖခင်ဖြစ်သူကို မည်သို့စွဲလန်းသွားသည်မသိ.. ဒီလိုစွန့်ပစ်ခံမြေသို့ လိုက်ပါလာခဲ့သည်။
အိမ်ထောင်ကျခဲ့သော်လည်း မိခင်ဖြစ်သူသည် သူ၏ရာထူးကို မစွန့်လွှတ်ဘဲ မြို့တွင် တစ်နှစ်ပတ်လုံး နေထိုင်ကာ တစ်နှစ်လျှင် နည်းနည်းပါးပါးမျှသာ အိမ်သို့ ပြန်လာတတ်သည်။
အမှန်တကယ်ဆိုလျှင် ဒီလို နောက်ခံ အကြောင်းတရားများဖြင့် လီကွေ့သိုင်သည် အနည်းဆုံး သက်တောင့်သက်သာ နေထိုင်နိုင်ရမည်ဖြစ်သည်။
သို့သော် ဝမ်းနည်းစရာမှာ သူ၏ ကျင့်ကြံရေးပါရမီမှာ ထိတ်လန့်ဖွယ်ရာ ကောင်းလောက်အောင် အသုံးမကျခြင်းပင်။
အသက် ၂၅ နှစ်ရောက်သည်အထိ ချီစုစည်းခြင်းအဆင့် (၁) တွင်ပင် သောင်တင်နေပြီး တစ်လက်မမျှ တိုးတက်မလာခဲ့ပေ။
သူ့အရွယ် ရွာထဲမှ ရွယ်တူများ မကလို့.. ဘေးအိမ်မှ သေးပေါက်ချင်တိုင်း ပေါက်တတ်သော အသက်သုံးနှစ်အရွယ် ‘အာဂေါင်’လေးပင်လျှင် ချီစုစည်းခြင်းအဆင့် (၂) သို့ ရောက်ရှိနေပြီဖြစ်သည်။
"ဗလုံ..."
အောက်ခြေရှိ အိမ်သာတွင်းမှ စူးရှသော ရေသံတစ်သံ ကြားလိုက်ရသဖြင့် လီကွေ့သိုင်၏ အတွေးစများ ပြတ်တောက်သွားရသည်။
အောက်သို့ ငုံ့ကြည့်ကာ ခေါင်းကို အကူအညီမဲ့စွာ ခါရမ်းရင်း...
"နင်ပါ ငါ့ကို လာဒုက္ခပေးနေတာလား..." ဟု ရေရွတ်လိုက်မိသည်။
တိုက်ပွဲကို အဆုံးသတ်၍ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်.. ပျဉ်းပြားစုတ်အချို့ဖြင့် ကာရံထားသော အိမ်သာတံခါးမှာ အပြင်ဘက်မှ ဖွင့်သံနှင့် ဝုန်းခနဲ ပွင့်သွားခဲ့သည်။
စူးရှသော နံနက်ခင်း နေရောင်ခြည်များ ဖြာကျလာသဖြင့် လီကွေ့သိုင်မှာ စုတ်တသပ်သပ်ဖြင့် မျက်လုံးကို မှေးလိုက်ရသည်။
တံခါးဝတွင် ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားပြီး ဆံပင်ကို သာမန် အမျိုးသမီးများကဲ့သို့ ထုံးထားသည့် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေတာတွေ့လိုက်ရသည်။
ဘဝ၏ ကြမ်းတမ်းမှုများ ဒဏ်ခတ်ထားသော အရာများ ရှိနေသော်လည်း ရုပ်ရည်မှာမူ အတိတ်က အလှတရားများကို ထိန်းသိမ်းထားနိုင်ဆဲပင်။
လုလူ... သူ၏ ငယ်သူငယ်ချင်းပင်…
နှစ်ယောက်သား အကြည့်ချင်း ဆုံသွားကြပြီး လေထုမှာ တိတ်ဆိတ်အေးခဲသွားသလို ခံစားလိုက်ရသည်။
ဟွာလုလူမှာ အထဲတွင် လူရှိနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားပြီး.. ထိုသူမှာ လီကွေ့သိုင် ဖြစ်နေသည်ကို မြင်သောအခါ သက်ပြင်းချလိုက်ရသည်။
ပထမတော့ ကြောက်လန့်သွားသော်လည်း.. ထို့နောက်တွင်မူ ရှက်သွေးဖြန်းကာ ပါးပြင်များ နီရဲသွားကာ..
"ဘယ်လိုလုပ် နင်ဖြစ်နေရတာလဲ" နှင့် "ငါတို့ ဘာလို့ ဒီမှာ လာဆုံရတာလဲ" ဆိုသည့် အရှက်သည်းမှုများ မျက်လုံးထဲတွင် ပြည့်နှက်သွားသည်။
သူမသည် လွန်ခဲ့သော နှစ်အနည်းငယ်က အိမ်နီးနားချင်းရွာမှ အမဲလိုက်သမားတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး.. ထိုအမဲလိုက်သမားမှာ ဒေါသကြီးသူဖြစ်သဖြင့် သူမ၏ဘဝမှာ သက်တောင့်သက်သာ မရှိလှပေ။
လီကွေ့သိုင်တစ်ယာက် တုန်လှုပ်သွားမှုကြောင့် ခြေချော်သွားကာ.. မသမာသူတစ်ဦးဦး စွန့်ပစ်ခဲ့သော ငှက်ပျောခွံပေါ်သို့ ကွက်တိ နင်းမိသွားလေသည်။ အာခေါင်ခြစ် အော်ဟစ်လိုက်ရင်း လက်နှင့် ခြေစုံကို ရမ်းကာ အရှေ့သို့ လျောထွက်သွားတော့သည်။
"အာ.. ကျတော့မယ်.. ပြုတ်ကျတော့မယ်..." လီကွေ့သိုင် မသိစိတ်မှ စိတ်ပူစွာဖြင့် အော်ဟစ်လိုက်သည်။
သို့သော် နှောင်း သွားခဲ့ပြီဖြစ်သည်။
“ဂျွတ်..."
သူ ခြေချမိသည့်…သစ်သားပျဉ်းပြားမှာ လူနှစ်ယောက် ဝိတ်နဲ့ ကျိုးပဲ့သွားခဲ့လေပြီ။
"အား..."
“အား……”
အလေးချိန်မရှိတော့သော ခံစားချက်က ရုတ်တရက် ရိုက်ခတ်လာပြီး လီကွေ့သိုင်မှာ အမြီးနင်းခံလိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်နိုင်ရုံသာ ရှိတော့သဖြင့် အောက်သို့ ပြုတ်ကျသွားတော့၏။
"ဗလုံ..."
“ဗွမ်း..”
"ဗွမ်း..."
နှစ်ယောက်လုံးပင်…
ဟွာလုလူ ”ဝူး.. ဖရူး..”
လီကွေ့သိုင်၏ ဦးနှောက်မှာ ခဏမျှ ဗလာဖြစ်သွားပြီး သွားရသည်။ ကြောက်ရွံ့မှုများက ရေခဲရေကဲ့သို့ စီးဆင်းလာပြီး သူ၏ ခြေလက်များကို ချက်ချင်း အေးခဲသွားစေ၏။ သူ အိမ်သာတွင်းထဲ ပြုတ်ကျသွားတာလား။
ဒီသတင်းသာ အပြင်ထွက်သွားလျှင် ဘာဖြစ်မည်ကို သူ မတွေးဝံ့အောင် ဖြစ်သွားရသည်။
"ကယ်ပါ... ကယ်ပါ... ကယ်ကြပါအုံး..." သူ၏ လည်ချောင်းများ ကျဉ်းမြောင်းလာပြီး အော်ဟစ်ချင်သော်လည်း ချောင်းဆိုးသံကဲ့သို့ တိုးလျသော အသံသာ ထွက်လာခဲ့သည်။
"ရွှေရောင်ပျစ်ချွဲလှသော အညစ်အကြေး အရည်များသည် အရပ်မျက်နှာပေါင်းစုံမှ စီးဝင်လာပြီး အေးစက်ကာ စူးရှသော အနံ့ဆိုးကြီးဖြင့် သူ၏ ခံစားချက်များကို ရိုက်ခတ်လျက်…သူသည် လက်စုံ.. ခြေစုံသုံး၍ အသည်းအသန် ရုန်းကန်ခဲ့သော်လည်း ရွှေရောင်ဟင်းချိုပျစ်ပျစ်ကြီးကို မွှေပေးနေသကဲ့သို့ ဖြစ်နေပြီး…
အန်ချင်စိတ်များ လှိုင်းထလာပြီး ဝမ်းဗိုက်အတွင်းရှိ မရှိလှသော အစာများမှာ ပေါက်ကွဲထွက်လာတော့မည့်အတိုင်း ဖြစ်သွားရသည်။
အေးစက်၍ အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ မွန်းကြပ်သော ခံစားချက်က သူ၏ လည်ပင်းကို ရစ်ပတ်ကာ တင်းကျပ်စွာ ညှစ်ထားလိုက်သည်။
သူ၏ အဆုတ်များမှာ ပူလောင်သော နာကျင်မှုဖြင့် လောင်ကျွမ်းနေပြီး သတိများ ဝေဝါးလာခဲ့၏။ သူ၏ မျက်စိရှေ့တွင် အညစ်အကြေးများကို မမြင်ရတော့ဘဲ.. ထိုအစား အတိတ်ဘဝက မိဘများ၏ မျက်နှာများ.. ဇနီးဖြစ်သူ၏ နူးညံ့သော်လည်း စိတ်ပျက်နေသော အကြည့်များ.. ဒီဘဝမှ ဖခင်ဖြစ်သူ၏ အကူအညီမဲ့ သက်ပြင်းချသံများ.. မိခင်ဖြစ်သူ၏ ရံဖန်ရံခါ ပြန်လာချိန်မှ မပြောပြနိုင်သော စိုးရိမ်မှုများနှင့် ငယ်စဉ်က "ကွေ့သိုင်" ဟု သန့်ရှင်းသော အသံလေးဖြင့် နောက်မှ လိုက်ခေါ်တတ်သော ဟွာလုလူ၏ ပုံရိပ်များကိုသာ မြင်ယောင်လာရတော့သည်။
ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ…
ငါ သာမန်အတိုင်း မဟုတ်ဘဲ ဒီလို သနားစရာကောင်းတဲ့ ပုံစံနဲ့ စက်ဆုပ်ဖွယ် ပြန်သေရတော့မှာလား…
ဒီလိုနေရာမှာ.. ဒီလို မကြုံစဖူး ပုံစံမျိုးနဲ့လား…
အိမ်သာကျင်းထဲမှာ "သေပွဲဝင်" ရတော့မှာလား..
နက်ရှိုင်းလှသော အဓိပ္ပာယ်မဲ့မှုနှင့် အမှောင်ထုကြီးက သူ့ကို လွှမ်းမိုးသွားပြီး အောက်ခြေရှိ မစင်များထက်ပင် ပိုမိုမွန်းကြပ်စေခဲ့သည်။
သူသည် ရုန်းကန်ခြင်းကို စွန့်လွှတ်လိုက်ပြီး သူ၏ သတိများမှာ အဆုံးမဲ့ အမှောင်ထုထဲသို့ လှိမ့်ဆင်းသွားတော့၏...
သူ၏ နောက်ဆုံး ကျန်ရှိနေသော သတိတရား လွင့်ပါးသွားတော့မည့် ခဏတွင်ပင်...
【ဒင်... လက်ခံသူ၏ ပြင်းပြသော အသက်ရှင်လိုစိတ်နှင့် အရှက်ရမှု.. အောက်ကျနောက်ကျဖြစ်မှု.. နာကျည်းမှုစသည့် ရှုပ်ထွေးသော စိတ်ခံစားချက်များကို စာရင်းသွင်းလိုက်ပါပြီ။ စွမ်းအင် ပမာဏ ပြည့်မီသွားပါပြီ။ ပေါင်းစည်းမှု လိုအပ်ချက်များ ပြည့်စုံသွားပါပြီ...】
【ရှေးဟောင်း စနစ်များထဲမှ အသန်မာဆုံး X (အိတ်စ်)စနစ်ကို စတင် လုပ်ဆောင်နေပါပြီ... ၁%... ၅၀%... ၁၀၀%... စနစ် လုပ်ဆောင်မှု အောင်မြင်ပါသည်။】
【ပေါင်းစည်းလိုက်သော လက်ခံသူ လီကွေ့သိုင်】
【ကစားသမားသစ် လက်ဆောင်ထုပ် - ကြံ့ခိုင်မှုခန္ဓာ - ရှေးဟောင်း ကျောက်ကပ်ခန္ဓာ.. သီးသန့် ကျင့်စဉ် - "ရှေးဟောင်း ကျောက်ကပ်ခန္ဓာ ကျင့်စဉ်".. အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀.. ချီစုစည်းခြင်းဆေးပြား ၁၀ ပြား.. အဆုတ်သန့်စင်ဆေးပြား ၁ ပြား။ အခုပဲ ရယူမလား။】