အခန်း (၂၆) - ဝေ့မိန်လင် (၄)
ဂိုးလ်ဒီက တံခါးဝတွင် အစောင့်အဖြစ် တိတ်ဆိတ်စွာ ရပ်နေစဉ် လျှောက်လမ်းမှ ခြေသံများ နီးကပ်လာလေသည်။
မကြာမီ စာရေးလေးနှင့်အတူ အဖိုးတန်ဝတ်ရုံကို ဆင်မြန်းထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာသည်။
သို့သော် သူ၏ မျက်နှာသွင်ပြင်က အရက်နှင့် မိန်းမများကြားတွင် နစ်မွန်းနေသူမှန်း သိသာစေသည်။
“သခင်လေးဝေ့... သခင်မဝေ့က အရေးကြီးတဲ့ ဧည့်သည်နဲ့ စကားပြောနေလို့ပါ... အနှောင့်အယှက်ပေးလို့ မရပါဘူး...”
စာရေးလေးက တားဆီးရန် ကြိုးစားလိုက်သည်။
ထိုလူ၊ ဝေ့မိန်လင်၏ ခဲအိုဖြစ်သူ ဝေ့ကျုံးက မထီမဲ့မြင် ပြုံးလိုက်၏။
“ငါက သူ့မိသားစုဝင်ပဲ... ဘယ်သူ့ခွင့်ပြုချက်မှ မလိုဘူး... ဖယ်စမ်း...”
သူက စာရေးလေးကို ကြမ်းတမ်းစွာ တွန်းဖယ်လိုက်စဉ် မှောင်ရိပ်ထဲမှ ဂိုးလ်ဒီ ထွက်လာသည်။
စကားတစ်ခွန်းမှ မဆိုသော်လည်း အေးစက်ပြီး အန္တရာယ်ကြီးမားလှသော အငွေ့အသက်များဖြင့် စိုက်ကြည့်လိုက်ရာ လေထုတစ်ခုလုံး လေးလံသွားတော့သည်။
ဝေ့ကျုံး ခြေလှမ်းများ ရပ်တန့်သွားပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ အနောက်သို့ အလိုအလျောက် ဆုတ်သွားမိသည်။
“သူ... သူက ပေးဝင်မှာ မဟုတ်ဘူး... သခင်မဝေ့ ကိစ္စပြီးတဲ့အထိ စောင့်တာ အကောင်းဆုံးပါ...”
စာရေးလေးက အထစ်ထစ်အငေါ့ငေါ့ဖြင့် ဝင်ပြောလိုက်သည်။
ဝေ့ကျုံး မေးရိုးများ တင်းမာသွားပြီးနောက် တီးတိုး ရေရွတ်ကာ ဂိုးလ်ဒီကို ကြောက်ရွံ့စွာ တစ်ချက်ကြည့်ရင်း နောက်ဆုတ်သွားတော့သည်။
“ကောင်းပြီလေ... ငါ စောင့်နေမယ်လို့ မင်းသခင်မကို သွားပြောလိုက်”
__
ထိုအချိန်တွင် အခန်းတွင်း၌မူ လီဖုန်းနှင့် ဝေ့မိန်လင်တို့၏ ကမ္ဘာလေးမှာ ရင်ခုန်သံများဖြင့် ပြည့်နှက်နေသည်။
လီဖုန်း၏ လက်များက သူမ၏ သွယ်လျသော ခါးလေးကို နွေးထွေးစွာ ထွေးပွေ့ထားပြီး သူမ၏ နူးညံ့လှပသော ခန္ဓာကိုယ်လေးမှာ သူ၏ အထိအတွေ့များအောက်တွင် အရည်ပျော်ကျနေတော့သည်။
စားပွဲပေါ်တွင် မှီတွယ်နေရသော သူမ၏ အလှတရားများက ဝတ်စုံအောက်တွင် ပိုမိုပေါ်လွင်နေပြီး သူမ၏ မျက်ဝန်းများမှာ သာယာမှုကြောင့် မှေးစင်းနေလေသည်။
ရုတ်တရက် အပြင်ဘက်မှ ဝေ့ကျုံး၏ အသံကို ကြားလိုက်ရချိန်တွင် ဝေ့မိန်လင် ခန္ဓာကိုယ်လေး တောင့်တင်းသွားပြီး ထိတ်လန့်မှုကြောင့် မျက်လုံးများ ပွင့်လာသည်။
အသံလုံခန်းဖြစ်ကြောင်း မေ့သွားပြီး သူမ၏ နှုတ်ခမ်းမှ ကြောက်ရွံ့သော အသက်ရှူသံလေး ထွက်ပေါ်သွား၏။
လီဖုန်းက လှုပ်ရှားမှုများကို ခေတ္တရပ်ကာ တံခါးဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
“ဘယ်သူလဲ...”
“ကျွန်မရဲ့... ခဲအိုပါ...”
သူမက ရှက်ရွံ့မှုနှင့် ကြောက်ရွံ့မှုများ ရောယှက်နေသော လေသံလေးဖြင့် တီးတိုးဖြေလိုက်သည်။
လီဖုန်းက နွေးထွေးသော အပြုံးဖြင့် သူမ၏ မျက်နှာလေးကို ဆွဲယူလိုက်ပြီး နှုတ်ခမ်းများကို နူးညံ့စွာ နမ်းရှိုက်လိုက်သည်။
“စိတ်မပူပါနဲ့... ကျုပ်ရှိနေသရွေ့ ဘယ်သူမှ ခင်ဗျားကို အနှောင့်အယှက် မပေးနိုင်စေရဘူး...”
သူ၏ စကားများက သူမ၏ ရင်ထဲမှ အကြောက်တရားများကို အရည်ပျော်ကျသွားစေသည်။
လီဖုန်းက သူမကို ပိုမိုနီးကပ်စွာ ပွေ့ဖက်လိုက်ပြီး သူတို့နှစ်ဦး၏ ဆက်သွယ်မှုကို ပိုမိုနက်ရှိုင်းစေလိုက်သည်။
သူမ၏ ကြောက်ရွံ့မှုများအစား ရင်ခုန်ဖွယ် ကောင်းသော အပူရှိန်များက နေရာယူလာပြီး လီဖုန်း၏ ကျောပြင်ကို တင်းကြပ်စွာ ဖက်တွယ်ထားမိတော့သည်။
“ခင်ဗျားက အခု ကျုပ်အပိုင်ပဲ... ဒီလို အချိန်လေးမှာ တခြားလူအကြောင်း မတွေးပါနဲ့...”
သူက တီးတိုးရေရွတ်ရင်း သူမ၏ လည်တိုင်လေးကို ညင်သာစွာ နမ်းရှိုက်လိုက်ရာ ဝေ့မိန်လင်၏ နှုတ်ခမ်းမှ ချိုမြိန်သော ညည်းသံလေးများ ထွက်ပေါ်လာတော့သည်။
သူမ၏ မာန၊ သူမ၏ ကြောက်ရွံ့မှုများ အားလုံးကို လီဖုန်း၏ နွေးထွေးသော ရင်ခွင်ထဲတွင် ပုံအပ်လိုက်ပြီး ချစ်ခြင်းမေတ္တာနှင့် သာယာမှု ရေယာဉ်ကြောတွင် နှစ်ယောက်သား အတူတကွ နစ်မြောသွားကြတော့သည်။
__
အချိန်များ မည်မျှကုန်လွန်သွားသည် မသိ၊ မွန်းတည့်နေရောင်ခြည်က အခန်းတွင်းသို့ သာယာစွာ ဖြာကျနေပြီဖြစ်သည်။
“ဟူး...”
ဝေ့မိန်လင်က ဆိုဖာပေါ်တွင် မှီလျက် အနားယူနေပြီး သူမ၏ အသက်ရှူသံလေးများက တည်ငြိမ်နေလေပြီ။
ခရမ်းရောင် ဝတ်စုံလေးက ပခုံးပေါ်မှ အနည်းငယ် လျောကျနေပြီး ချွေးစေးလေးများဖြင့် တောက်ပနေသော သူမ၏ အသားအရေက ပိုမိုဆွဲဆောင်မှု ရှိနေသည်။
သူမက မိမိကို ဤကဲ့သို့ ရင်ခုန်စရာကောင်းသော အချိန်များကို ဖန်တီးပေးခဲ့သည့် အမျိုးသားကို ကြည့်ကာ ပြုံးလိုက်သည်။
“သခင်လေးလီ... ကျွန်မရဲ့ စွမ်းဆောင်ရည်ကရော... ဘယ်လိုနေလဲ...”
သူမက ချွဲနွဲ့သော လေသံလေးဖြင့် မေးလိုက်သည်။
လီဖုန်းက ပြုံးလျက် “သခင်မဝေ့ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ပြီးပြည့်စုံပါတယ်... ဒီနေ့အတွက်ပေါ့...” ဟု စနောက်လိုက်သည်။
ဝေ့မိန်လင်က သက်ပြင်းသဲ့သဲ့ချလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
“ရှင့်ရဲ့ ချီစုစည်းမှု ဆေးလုံးတွေကရော...”
လီဖုန်းက သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။
“အဲဒါတွေ အားလုံး ယူသွားလိုက်ပါ... ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် လက်ဆောင်လို့ မှတ်လိုက်ပေါ့...”
ထိုစကားကြောင့် ဝေ့မိန်လင်၏ မျက်နှာထက်တွင် အလွန်လှပသော အပြုံးတစ်ခု ပေါ်လာသည်။
ထိုဆေးလုံး လေးလုံးသာ မှန်ကန်စွာ ရောင်းချနိုင်ပါက ဒီလအတွက် အရှုံးပေါ်နေမှုများကို ဖြေရှင်းနိုင်ရုံမက အမြတ်ပင် ထွက်နိုင်သေးသည်။
လီဖုန်းက သူမ၏ လှပသော အပြုံးလေးကို ငေးကြည့်ရင်း နောက်တစ်ကြိမ် နမ်းရှိုက်ရန် ပြင်လိုက်စဉ် တံခါးခေါက်သံနှင့်အတူ စာရေးလေး၏ အသံ ထွက်ပေါ်လာသည်။
“သခင်မဝေ့... သခင်လေးဝေ့က စောင့်နေတာ ကြာလှပြီမို့ တွေ့ခွင့်တောင်းနေပါတယ်...”
ထိုအခါမှ ဝေ့မိန်လင်က သတိဝင်လာပြီး ဝတ်ရုံကို သေသပ်အောင် ပြင်ဆင်လိုက်သည်။ သူမက လီဖုန်းကို အပြစ်တင်သလို ချစ်စနိုးဖြင့် တစ်ချက်စိုက်ကြည့်လိုက်ရာ လီဖုန်းက ပခုံးတွန့်ပြကာ ပြုံးနေလေသည်။
သူမက တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်ပြီး တံခါးဆီသို့ အသံလှမ်းပေးလိုက်သည်။
“...သူ့ကို ငါ့ရုံးခန်းထဲ ခေါ်သွားလိုက်... အခုလာခဲ့မယ်...”