အခန်း (၂၁)- တိမ်နတ်ဆိုးမြို့
မြူတိမ်တောင်ခြေရှိ မြစ်သုံးစင်းဆုံရာနေရာတွင် တိမ်နတ်ဆိုးမြို့ကို တည်ဆောက်ထားသည်။
အတွင်းပိုင်းဒေသများနှင့် အပြင်ဘက်ပြည်နယ်များကြားရှိ ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်သောကြောင့် လွန်ခဲ့သော မျိုးဆက်များစွာကတည်းက ဂိုဏ်းက ဤနေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဂိုဏ်းဆီသို့ ဦးတည်လာသော ကုန်သည်ယာဉ်တန်းတိုင်း ဤနေရာကို ဖြတ်သန်းရပြီး ကုန်သည်တိုင်းက ဖြတ်သန်းခွင့်အတွက် အခွန်အခ ပေးဆောင်ရသည်။
အပြင်ဘက်မြို့ရိုးများက ခံတပ်ကြီးတစ်ခုလို မမြင့်မားသော်လည်း ထူထဲပြီး ကာကွယ်ရေးအတွက် မှိန်ဖျော့သော ဝင်္ကပါမျဉ်းများကို ရေးဆွဲထားသည်။
အဓိကဂိတ်ပေါက်တွင် ငွေရောင်အနားကွပ်ထားသော သံချပ်ကာဝတ် အစောင့်နှစ်ယောက် ရပ်နေပြီး ဝင်လာသူတိုင်းကို အကဲခတ်ကြည့်ရှုနေကြသည်။
လီဖုန်း ဧရာမကျောက်တံခါးကြီးကို မော့ကြည့်လိုက်သည်။ အပေါ်ဘက်တွင် လပြာဂိုဏ်း၏ အမှတ်တံဆိပ်ဖြစ်သော လခြမ်းတစ်ခုကို ဖောက်ထွင်း၍ မတ်မတ်ရပ်နေသော ဓားတစ်လက်နှင့် ဓားသွားတဝိုက်တွင် ရစ်ခွေနေသော တိမ်တိုက်များပုံကို တွေ့ရသည်။
“ဒါဆို ဒီနေရာတစ်ခုလုံးက ဂိုဏ်းပိုင်တာပေါ့...”
ဂိတ်ပေါက်ကို ဖြတ်လျှောက်သွားရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ လပြာဂိုဏ်း၏ တပည့်များဖြစ်သောကြောင့် ဤနေရာတွင် အခွင့်ထူးအချို့ရှိကာ မည်သူကမျှ တားဆီးခြင်း မရှိပေ။
လင်းယွီ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်... မြို့ကို ဂိုဏ်းက တိုက်ရိုက်ထိန်းချုပ်ထားတာ။ မြို့စားကိုလည်း ငါတို့ဂိုဏ်းက ခန့်အပ်ပြီး အခွန်တွေနဲ့ ကုန်သွယ်ခတွေ အားလုံးက ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ထဲ တိုက်ရိုက်ရောက်သွားတာပဲ...”
အနည်းငယ် ပြုံးပြလိုက်သည်။
“ဒါကြောင့်လည်း တိမ်နတ်ဆိုးမြို့က အမြဲတမ်း စည်ကားနေတာ။ ရှားပါးတဲ့ ဝိညာဉ်ဆေးပင်တွေ ဒါမှမဟုတ် သတ္တုရိုင်းတွေကို ရှာနေတယ်ဆိုရင် ဒီနေရာက အကောင်းဆုံးပဲ။”
မြို့အတွင်းဘက်တွင် မီးခိုးရောင် ကျောက်ပြားများ ခင်းထားသော လမ်းများက ယပ်တောင်တစ်ခုပမာ ဖြာထွက်နေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ဆိုင်ခန်းများ တန်းစီနေပြီး အပေါ်ဘက်တွင် ဆိုင်းဘုတ်အလံများ လွင့်ခတ်နေ၏။
သာမန်အဝတ်အစားများ ဝတ်ဆင်ထားသော သေမျိုးများက ကောက်ပဲသီးနှံ၊ အထည်အလိပ်နှင့် ကိရိယာတန်ဆာပလာများကို ရောင်းချရန် အလုပ်များနေကြပြီး ကျောဘက်တွင် ဓားများလွယ်ထားသော ကျင့်ကြံသူများကမူ အတွဲလိုက် သို့မဟုတ် အုပ်စုငယ်လေးများဖွဲ့၍ လမ်းလျှောက်နေကြသည်။
သေမျိုးများ၏ စျေးဆစ်သံများနှင့် ကျင့်ကြံသူများ၏ တည်ငြိမ်သော အသံများ ရောနှောကာ မရပ်မနား ဆူညံနေတော့သည်။
လမ်းဘေးစျေးသည်တစ်ဦးထံမှ ကင်ထားသော အသားနံ့နှင့် အနီးရှိ ဆေးဆိုင်တစ်ဆိုင်ထံမှ ခါးသက်သက် ဆေးရနံ့များ လေထဲတွင် လွင့်ပျံ့နေသည်။
လီဖုန်း၏ အကြည့်များက ဗန်းများထဲတွင် တောက်ပနေသော ဝိညာဉ်ကျောက်တုံးများ၊ သေသပ်စွာ စီထားသော အဆောင်လက်ဖွဲ့များနှင့် တေးဆိုနေသော ဝိညာဉ်ငှက်များ ထည့်ထားသည့် လှောင်အိမ်များဆီသို့ စူးစမ်းချင်စိတ်ဖြင့် လှည့်လည်နေ၏။
“မဆိုးဘူးပဲ... ဂိုဏ်းထဲထက် အများကြီး ပိုစည်ကားတာပဲ...”
တီးတိုးရေရွတ်လိုက်သည်။
လင်းယွီက ရယ်မောလိုက်သည်။
“နောက်ရက်အနည်းငယ်နေလို့ ပြိုင်ပွဲစတဲ့အချိန်အထိ စောင့်ကြည့်လိုက်ဦး... အခုထက် နှစ်ဆလောက် ပိုစည်ကားသွားလိမ့်မယ်။”
“ဘာကို ဆိုလိုတာလဲ...”
နားမလည်နိုင်စွာဖြင့် လီဖုန်း မေးလိုက်သည်။
လူအုပ်ကြားထဲ လျှောက်သွားရင်း လင်းယွီက ဂျူနီယာတစ်ယောက်ကို လမ်းညွှန်ပြသနေသည့် စီနီယာတစ်ဦး၏ လေသံမျိုးဖြင့် တည်ငြိမ်စွာ ဆက်လက်ရှင်းပြလေသည်။
“ပြိုင်ပွဲဆိုတာ အဆင့်သတ်မှတ်ချက်တွေအတွက် သက်သက်ပဲမဟုတ်ဘူး... မရေမတွက်နိုင်တဲ့ မျက်လုံးတွေရှေ့က ပွင့်လင်းတဲ့ စင်မြင့်တစ်ခုပဲ။ ဂိုဏ်းက အကြီးအကဲတွေ တက်ရောက်ကြမှာကတော့ သဘာဝပဲလေ၊ ဒါပေမဲ့ အဲဒါက အစပဲရှိသေးတယ်။”
သူက လီဖုန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
“ဒေသတွင်းက အဓိက မျိုးနွယ်စုကြီးတွေ၊ မိသားစုငယ်တွေနဲ့ အပြင်ဘက်က အဖွဲ့အစည်းတချို့က ကိုယ်စားလှယ်တွေတောင် လာကြည့်ကြလိမ့်မယ်”
“တချို့က အနာဂတ်အတွက် အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတွေကို အကဲဖြတ်ဖို့ လာကြတာ။ တချို့ကတော့...”
သူ အနည်းငယ် ပြုံးလိုက်သည်။
“ရင်းနှီးမြှုပ်နှံမှုတွေ ရှာဖွေဖို့ လာကြတာလေ။”
“ရင်းနှီးမြှုပ်နှံမှု...?”
လီဖုန်း မျက်ခုံးပင့်လိုက်သည်။
လင်းယွီ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... အလားအလာကောင်းတွေရှိတဲ့ ကျင့်ကြံသူလူငယ်တစ်ယောက်ဆိုတာ မသွေးရသေးတဲ့ ကျောက်မျက်ရတနာတစ်ပါးလိုပဲ”
Iအမြော်အမြင်ရှိတဲ့သူတွေက အနာဂတ်ဂုဏ်ကျက်သရေတွေကို မျှဝေခံစားခွင့်ရဖို့ မျှော်လင့်ချက်နဲ့ စောစောစီးစီး လက်ဆောင်တွေပေးတာ၊ ဒါမှမဟုတ် အချိတ်အဆက်တွေ ဖန်တီးတာတွေ လုပ်ကြလိမ့်မယ်”
“တချို့က မင်းကို သူတို့မိသားစုရဲ့ ဧည့်သည်တော်အကြီးအကဲအဖြစ် ခေါ်ယူဖို့ ကြိုးစားကောင်း ကြိုးစားလိမ့်မယ်။ တချို့က တန်ဖိုးကြီး အရင်းအမြစ်တွေ၊ ဒါမှမဟုတ် ဝိညာဉ်ရတနာတွေတောင် ကမ်းလှမ်းလာနိုင်တယ်။”
“တော်တော်လေး သဘောထားကြီးတဲ့ပုံပဲ...”
လီဖုန်းက ပျင်းရိစွာ ပြန်ပြောလိုက်သည်။
လင်းယွီ၏ အပြုံးက မသိမသာ ပိုမိုနက်ရှိုင်းသွားသည်။
“ဒီလောကမှာ ဘာမှ အလကားမရဘူး။ လက်ဆောင်တိုင်းမှာ နောက်ဆက်တွဲ အနှောင်အဖွဲ့တွေ ပါလာတတ်တယ်။ အဲဒီလို အကူအညီတွေကို လက်ခံလိုက်ရင် တစ်နေ့ကျရင် သူတို့ ပြဿနာဖြစ်တဲ့အခါ ကူညီပေးဖို့၊ ဒါမှမဟုတ် မင်းရဲ့ သြဇာအာဏာကို သုံးပြီး သူတို့အတွက် အကျိုးအမြတ်ရှာပေးဖို့ ပြန်တောင်းဆိုလာလိမ့်မယ်ဆိုတာ မျှော်လင့်ထားလိုက်တော့။”
လီဖုန်းက သဘောကျသွားဟန်ဖြင့် မေးလိုက်သည်။
“ဒါတောင် လူတွေက လက်ခံကြတုန်းပဲလား...”
“သေချာတာပေါ့...”
လင်းယွီက ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။
“အကျိုးအမြတ်တွေက ကြီးမားနိုင်တယ်လေ... ပြီးတော့ လူတိုင်းက စီနီယာအစ်မ ယွဲ့လန်လိုမျိုး ကိုယ့်ဘာသာကိုယ် အထက်ကို တက်လှမ်းနိုင်မယ်ဆိုတဲ့ ယုံကြည်မှုမျိုးမှ မရှိကြတာ။”
ထို့နောက် လင်းယွီ၏ အသံက နောက်ပြောင်သော လေသံဖြင့် အနည်းငယ် တိုးသွားသည်။
“ကျင့်ကြံသူ မိသားစုငယ်လေးတွေတောင် ဒီအခွင့်အရေးကို ယူကြတယ်။ သူတို့က ရတနာတွေ ယူလာပြီး တစ်ခါတလေကျရင်... ကမ်းလှမ်းမှုတွေတောင် လုပ်တတ်ကြတယ်”
“အလားအလာရှိတဲ့ ပါရမီရှင်တစ်ယောက်ရဲ့ သွေးသားက လောင်းကြေးထပ်ဖို့ တန်တယ်လေ။ မိသားစုတွေက လက်ထပ်ဖို့ ကမ်းလှမ်းတာတွေ၊ ဒါမှမဟုတ်...”
စကားလုံးများကို သေချာရွေးချယ်ကာ အနည်းငယ် တုံ့ဆိုင်းသွားသည်။
“စည်းစိမ်တွေ၊ အရင်းအမြစ်တွေနဲ့ လဲလှယ်ပြီး သူတို့မျိုးနွယ်ထဲက တစ်ယောက်ယောက်နဲ့ ကလေးယူပေးဖို့ ပါရမီရှင်ကို တောင်းဆိုကောင်း တောင်းဆိုနိုင်တယ်”
“အဲဒီကလေးက ဖခင် ဒါမှမဟုတ် မိခင်ရဲ့ ပါရမီကို အမွေဆက်ခံနိုင်မယ်လို့ သူတို့ မျှော်လင့်ကြတာလေ။”
လီဖုန်း၏ မျက်လုံးများ တောက်ပသွားသည်။
“ဒါဆို... သူတို့ မျိုးနွယ်စုထဲက အလှလေးတွေနဲ့ ကမ်းလှမ်းလာနိုင်တယ်လို့ ပြောချင်တာလား... ပြီးတော့ နောက်ပိုင်းလည်း ဘာတာဝန်မှ ယူစရာ မလိုဘူးပေါ့...”
လင်းယွီက ခေါင်းကို မသိမသာ ညိတ်ပြလိုက်ပြီး လေသံတွင် လက်ခံလိုက်ရသည့် အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
“ဒီလိုဖြစ်ရပ်မျိုးက ကျင့်ကြံခြင်းလောကမှာ မဆန်းပါဘူး။ စွမ်းအားနဲ့ ပါရမီတွေက တစ်ခါတလေ အလွန်အမင်း ဆန္ဒပြင်းပြတဲ့ လုပ်ရပ်တွေကို ဖြစ်ပေါ်စေတတ်တယ်။”
သူက တည်ငြိမ်သော အသံဖြင့် ဆက်ပြောသည်။
“ဒါပေမဲ့ အဲဒီလို ကမ်းလှမ်းမှုမျိုးကို လက်ခံတဲ့သူက အရမ်းရှားတယ်။ မင်းသိသင့်တာက အနိမ့်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်တောင် သေမျိုးမဟုတ်တော့တဲ့အတွက် သူတို့အတွက် ကလေးရဖို့ဆိုတာ မလွယ်ဘူး”
“ပြီးတော့ အဲဒီလိုလုပ်တာက သူတို့ရဲ့ ကျင့်ကြံခြင်းကို ပိုတိုးတက်အောင် လုပ်နိုင်မယ့် အဖိုးတန်အချိန်တွေကို ဖြုန်းတီးပစ်ရာရောက်သလို ခန္ဓာကိုယ်ရဲ့ အနှစ်သာရတွေကိုလည်း ခန်းခြောက်စေတယ်”
“ဒါကြောင့် ပါရမီရှင်အများစုက သူတို့ ရှေ့ဆက်မတိုးနိုင်တော့ဘူး၊ အနာဂတ်မရှိတော့ဘူးလို့ မယုံကြည်သရွေ့ အဲဒီလိုကိစ္စမျိုးကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး။”
လင်းယွီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
“တစ်ခုတော့ရှိတာပေါ့... အဲဒီမိသားစုတွေကလည်း အရူးတွေမှ မဟုတ်တာ။ တကယ့် အလားအလာမရှိတဲ့သူကို ဘယ်တော့မှ အဲဒီလို ကမ်းလှမ်းမှာ မဟုတ်ဘူး။”
လီဖုန်း အတွင်းစိတ်ထဲတွင် ပြုံးလိုက်သည်။
‘ ဒါဆို ဒီပြိုင်ပွဲက အခြေခံအားဖြင့် စျေးကွက်တစ်ခုလိုပဲပေါ့... ကုန်ပစ္စည်းတွေအစား လူတွေကို လေလံဆွဲကြတာပဲ။ စိတ်ဝင်စားစရာပဲ’
တိုးညင်းစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ဒါဆို အဲဒါက... ရင်းနှီးမြှုပ်နှံမှု ပွဲတော်တစ်ခုလို ပိုဖြစ်နေတာပေါ့...”
ထူးဆန်းသော စကားအသုံးအနှုန်းကြောင့် လင်းယွီ မျက်တောင်ခတ်သွားပြီးနောက် တိုးညင်းစွာ ရယ်မောလိုက်သည်။
“အဲဒီလို ပြောလို့လည်း ရပါတယ်။ မင်းသာ ထင်ပေါ်လာရင် အကြီးအကဲတစ်ယောက် ဒါမှမဟုတ် မျိုးနွယ်စုတစ်ခုရဲ့ အာရုံစိုက်မှုကို ရလာနိုင်တယ်။ အဲဒီလိုဖြစ်လာတာနဲ့ မင်းရဲ့ လမ်းစဉ်က လုံးဝကို ပြောင်းလဲသွားလိမ့်မယ်။”
လီဖုန်း၏ လေသံက ပေါ့ပါးနေဆဲပင်။
“လုံးဝကို ပြောင်းလဲသွားမယ်ပေါ့လေ... အဆင့်တွေ အများကြီးနဲ့ အနှောင်အဖွဲ့ခံရသလိုပဲ ကြားရတယ်...”
လင်းယွီက မငြင်းဆန်ဘဲ ရယ်မောလိုက်သည်။
“ဒါက ကျင့်ကြံခြင်းလောကရဲ့ သဘာဝပဲလေ။ တစ်ခါတလေကျရင် မင်းရဲ့ ပါရမီက အဲဒီအနှောင်အဖွဲ့တွေကို ချိုးဖျက်ဖို့ ဒါမှမဟုတ် လျစ်လျူရှုနိုင်ဖို့ လုံလောက်အောင် မသန်မာဘူးဆိုရင် ရှောင်လွှဲလို့ မရနိုင်ဘူး။”
လီဖုန်းက ဘာမှမပြောဘဲ အနည်းငယ်မျှသာ ပြုံးလိုက်သည်။ သူ၏ အနောက်တွင် ခေါင်းစွပ်ဝတ်ရုံဝတ်ထားသော ဂိုးလ်ဒီက တိတ်ဆိတ်သော အရိပ်ကြီးတစ်ခုပမာ မတ်မတ်ရပ်နေသဖြင့် ဖြတ်သွားဖြတ်လာများက နှစ်ခါပြန်ကြည့်မိပြီး ချက်ချင်းပင် မျက်နှာလွှဲသွားကြလေသည်။
“လာ...”
တံခါးဝတွင် အနီရောင် ပိုးသားချိတ်ဆွဲထားသော ဆိုင်တစ်ဆိုင်ကို လက်ညှိုးထိုးပြရင်း လင်းယွီက ပြောလိုက်သည်။
“မြို့ထဲမှာ လျှောက်သွားဖို့ စီစဉ်ထားတယ်ဆိုရင် ဒီရိုးရှင်းတဲ့ ဂိုဏ်းဝတ်ရုံကြီးကိုပဲ ဆက်ဝတ်ထားလို့ မရဘူးလေ။”
သူတို့ အဝတ်အထည်ဆိုင်ထဲသို့ ဝင်သွားကြသည်။ နံရံများတွင် အရောင်စုံ ဝတ်ရုံများ တန်းစီချိတ်ဆွဲထားပြီး သေမျိုးပညာတတ်များအတွက် ရိုးရှင်းသော အဖြူရောင်များ၊ ချမ်းသာသော ကုန်သည်များအတွက် တောက်ပသော အနီရဲရဲများ၊ ပြီးတော့ ကျင့်ကြံသူများအတွက် သားရဲများနှင့် တိမ်တိုက်ပုံစံများ ပန်းထိုးထားသော သေသပ်ကျော့ရှင်းသည့် အရောင်ရင့် ဝတ်ရုံများကို တွေ့ရသည်။
ပါးသိုင်းမွေး ခပ်ပါးပါးနှင့် အသက်အရွယ်ရနေပြီဖြစ်သော ဆိုင်ရှင်အဘိုးအိုက ယဉ်ကျေးစွာ ပြုံးပြနေသော်လည်း တံခါးဘောင်မှ ဝင်နိုင်ရန် ကိုင်းညွတ်ဝင်ရောက်လာပြီး ခြေလှမ်းလေးလံမှုကြောင့် ကြမ်းပြင်များ ကျွီခနဲ မြည်သွားစေသော ဂိုးလ်ဒီကို မြင်သောအခါ အေးခဲသွားပြီး ခေါင်းစွပ်ဝတ်ထားသော ဧရာမလူကြီးကိုသာ ပြူးကြည့်နေမိတော့သည်။
ဘာမှမထူးဆန်းသည့်အလား လီဖုန်း ပြုံးလိုက်သည်။
“ကျုပ်ရဲ့ သက်တော်စောင့်ပါ... သူ့ကို လျစ်လျူရှုထားလိုက်။ ကောင်းတာလေးတွေ ပြပေးပါ။”
ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် လီဖုန်း အဝတ်လဲခန်းစခရင်အနောက်မှ ထွက်လာသည်။ အင်္ကျီလက်စွပ်တစ်လျှောက် တိမ်တိုက်ပုံစံများကို ငွေကြိုးများဖြင့် ပန်းထိုးထားသော အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်များကို ရိုးရှင်းသော ကျောက်စိမ်းကလစ်လေးတစ်ခုဖြင့် ထုံးနှောင်ထားသည်။
သူက လက်နှစ်ဖက်ကို အနည်းငယ် ဖြန့်ကားပြလိုက်သည်။
“ဘယ်လိုနေလဲ...”
လင်းယွီ၏ မျက်လုံးများ တွန့်သွားပြီး ပြုံးရန် ကြိုးစားလိုက်သည်။
“ဂျူနီယာညီလေး လီ... မင်းက အရမ်းကို... ထင်ပေါ်နေတာပဲ။ နည်းနည်းတောင် လွန်နေမလားလို့။”
လီဖုန်းက နောက်တစ်ကြိမ် လှည့်ပတ်ပြလိုက်ပြီး အင်္ကျီလက်ပေါ်မှ မရှိသော ဖုန်များကို ခါချလိုက်သည်။ သူ၏ အပြုံးက ပိုမိုကျယ်ပြန့်သွား၏။
“အရမ်းထင်ပေါ်နေတယ်ပေါ့လေ... ဒီလောက်ကြည့်ကောင်းနေတာ ကျုပ်လည်း မတတ်နိုင်ဘူးလေ။ ရိုးရိုးသားသား ပြောရရင် ကျုပ်ရဲ့ ရုပ်ရည်ကို ကျုပ်ကိုယ်တိုင်တောင် သဘောကျနေမိပြီ။”
လီဖုန်း ကောင်တာဆီသို့ လျှောက်သွားချိန်တွင် ဆိုင်ရှင်က အနည်းငယ် ရှေ့တိုးလာပြီး သူ၏ မျက်လုံးများက ကုန်သည်တစ်ဦး၏ အလိုအလျောက် တုံ့ပြန်မှုဖြင့် တောက်ပနေသည်။
“လေးစားရပါသော အင်မော်တယ်တို့...”
ချောမွေ့စွာ ပြောလိုက်သည်။
“လူကြီးမင်း ကိုယ်တိုင်အတွက် ဝယ်တာဆိုတော့... အမျိုးသမီးတွေအတွက်လည်း တစ်ခုခုလောက် ပြပေးရမလားခင်ဗျာ...”
လီဖုန်းက စူးစမ်းချင်စိတ်ဖြင့် မော့ကြည့်လိုက်သည်။
“အမျိုးသမီးတွေအတွက်...?”
ဆိုင်ရှင်က ယဉ်ကျေးစွာ လည်ချောင်းရှင်းလိုက်ပြီး ကောင်တာအောက်သို့ လက်နှိုက်ကာ သေသပ်စွာ ခေါက်ထားသော အရောင်ဖျော့ ပိုးသားအထည်တစ်ထုပ်ကို ဆွဲထုတ်လိုက်သည်။
“ဒါကတော့...”
ဂရုတစိုက် ဖြန့်ပြရင်း သူက ပြောသည်။
“နှင်းပိုးကောင် ညဝတ်အင်္ကျီပါခင်ဗျာ။ ဝိညာဉ်ပိုးကောင်တွေရဲ့ ပိုးကြိုးတွေနဲ့ ရက်လုပ်ထားလို့ လေလိုမျိုး ပေါ့ပါးပြီး ထိလိုက်ရင် ကျောက်စိမ်းလို အေးမြနေပါတယ်။ မင်းဆက်တစ်လျှောက်က မင်းမျိုးမင်းနွယ် အမျိုးသမီးတွေကြားမှာ အရမ်းကို ရေပန်းစားတာပါ။”
လီဖုန်း၏ အကြည့်က ထိုအထည်ပေါ်သို့ ဖြတ်ပြေးသွားပြီး ရပ်တန့်သွားသည်။ အသားက အလွန်ပါးလွှာပြီး အလင်းရောင်နှင့် အနေတော် ထိတွေ့မိချိန်တွင် အကြည်ရောင်နီးပါး ဖြစ်နေသည်။
ပန်းထိုးလက်ရာများက သိမ်မွေ့လှပြီး နှင်းခဲများနှင့် ဆီးသီးပန်းပွင့်ပုံစံများက အနားကွပ်တစ်လျှောက် လိမ်ယှက်နေသည်။ လုံးဝ ရိုင်းစိုင်းသည့်ပုံ မပေါက်သော်လည်း ကျော့ရှင်းကာ ဆွဲဆောင်မှုအပြည့် ရှိနေပုံရသည်။
လီဖုန်း အထည်ကို မြှောက်ကိုင်လိုက်ရာ အေးမြသော အသားက သူ၏ လက်ချောင်းများကြားမှ လျောဆင်းသွားသည်ကို ခံစားလိုက်ရသည်။
ယွဲ့လန်သာ ဒါကို ဝတ်ထားလျှင် သူမ၏ အကွေ့အကောက်များပေါ်တွင် ဝတ်ရုံလေးက ကွက်တိ တွယ်ကပ်နေမည့်ပုံ၊ သူမ လှုပ်ရှားလိုက်ချိန်တွင် နူးညံ့သော ပိုးသားလေးက သူမ၏ အသားအရေကို ပွတ်တိုက်သွားမည့်ပုံများကို သူ မျက်စိထဲတွင် မမြင်ယောင်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
မေးစေ့ကို ဖြည်းညင်းစွာ ပုတ်လိုက်ပြီး စိတ်ဝင်စားမှုကြောင့် သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
မင်းမျိုးမင်းနွယ် အမျိုးသမီးတွေ ဒါကို ဝတ်တယ်ပေါ့လေ။ စီနီယာအစ်မကို တစ်ခါတလေလောက် ဒါမျိုးလေး ဝတ်ခိုင်းကြည့်ရင် ကောင်းမလား...
သူ၏ အတွေးများကို လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်ပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာလေပြီ။ ဆိုင်ရှင်ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။
“ဒီမှာ ကိုယ်ပိုင်ဒီဇိုင်း အပ်လို့ရလား...”
ဆိုင်ရှင်က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဖြည်းညင်းစွာ ပြန်ဖြေသည်။
“ဟုတ်ကဲ့... ဖောက်သည်ရဲ့ စိတ်ကြိုက်ပုံစံ ပြုပြင်ဖန်တီးပေးတဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်ခင်ဗျာ။ ဒါပေမဲ့ စျေးတော့ နည်းနည်း ပိုကြီးပါလိမ့်မယ်...”
“ဘယ်လောက်ကျမလဲ...”
ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ဆိုင်ရှင် မျက်နှာလင်းလက်သွားသည်။
“လေးစားရပါသော အင်မော်တယ်အတွက်ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅ တုံးပဲ ကျပါမယ်ခင်ဗျာ။”
လီဖုန်း စျေးတောင် မဆစ်ခဲ့ပေ။
“သဘောတူတယ်... ဒါကို အခြေခံပြီးတော့ အပြောင်းအလဲ နည်းနည်းလောက် လုပ်ချင်လို့...”
သူ လိုချင်သည့်ပုံစံကို လီဖုန်း စတင်ရှင်းပြတော့သည်။
ဒီမသင်္ကာစရာကောင်းတဲ့ အင်မော်တယ်ရဲ့ စိတ်ကြိုက်တောင်းဆိုချက်ကို နားထောင်ပြီးနောက် ဆိုင်ရှင်မှာ မျက်လုံးပြူးမတတ် ဖြစ်သွားရသည်။
“ဒါက... ဒါက အရမ်းကို ရမ္မက်ဆန်—အာ... ပါရမီပါတာပဲဗျာ...”
လီဖုန်းနှင့် ဆိုင်ရှင်တို့ အချင်းချင်း တီးတိုးပြောဆိုနေသည်ကို သတိထားမိသော လင်းယွီမှာ စူးစမ်းချင်စိတ်ကို မထိန်းနိုင်ဘဲ အနားသို့ ရောက်လာသည်။
“ဂျူနီယာညီလေး လီ... မင်း ဘာလုပ်နေတာလဲ။”
လီဖုန်းက သူ့ကို အပြစ်ကင်းစင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“အိုး... ဒီဆိုင်က ကိုယ်ပိုင်ဒီဇိုင်း ဝန်ဆောင်မှုလည်း ရှိတယ်ဆိုလို့ ကျုပ်ရဲ့ လိုအပ်ချက်တချို့ကို ပြောပြနေတာပါ။”
လင်းယွီက သူ့ကို နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းက ဒီဇိုင်းဆွဲတတ်လို့လား...”
“သေချာတာပေါ့... ကျုပ်က ကျော့ရှင်းလှပတဲ့ ဒီဇိုင်းမျိုးစုံကို ဖန်တီးနိုင်တာဗျ...”
လီဖုန်းက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်သည်။
အရာရာတိုင်းတွင် လက်ပါနေပုံရသော ဤဂျူနီယာညီလေးကို ကြည့်ရင်း လင်းယွီ ခေါင်းခါရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ပေ။
လင်းယွီ စိတ်ကူးယဉ်နေသည့် ဝတ်ရုံဒီဇိုင်းမှာ လီဖုန်း၏ ခေါင်းထဲရှိ ပုံစံနှင့် လုံးဝကို ကွဲပြားခြားနားနေကြောင်း သူသာ သိခဲ့မည်ဆိုလျှင်... လီဖုန်းသည် ဖြူစင်ခြင်းနှင့် လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။
ဝိညာဉ်ကျောက်တုံး အနည်းငယ်ဖြင့် ငွေပေးချေပြီးနောက် သူတို့ စည်ကားနေသော လမ်းမပေါ်သို့ ပြန်ထွက်လာကြသည်။
ဂိုးလ်ဒီက တိတ်ဆိတ်စွာ နောက်မှလိုက်လာပြီး ခေါင်းစွပ်က သူ၏ သစ်သားမျက်နှာကို အရိပ်များဖြင့် ဖုံးကွယ်ထားသည်။ ကလေးအချို့က မျက်လုံးပြူးကာ ငေးကြည့်နေကြပြီးနောက် သူတို့၏ မိခင်များက ဆွဲခေါ်သွားကြသည်။
လမ်းလျှောက်သွားရင်း လီဖုန်း၏ အကြည့်က လမ်းတစ်ဖက်ရှိ အလတ်စား ဆေးဆိုင်တစ်ဆိုင်ဆီသို့ ရောက်သွားသည်။
ဖွင့်ထားသော တံခါးမှတစ်ဆင့် ကျောက်စိမ်းပုလင်းတန်းများနှင့် ထိုကျောက်စိမ်းဆေးလုံးများကို လှည့်လည်ကြည့်ရှုနေကြသော ဖောက်သည်အနည်းငယ်ကို တွေ့လိုက်ရသည်။
အပေါ်ဘက်တွင် သေသပ်လှပသော စာလုံးများဖြင့် ရေးသားထားသည့် ဆိုင်အမည်ကို မြင်လိုက်ရချိန်တွင် လီဖုန်း၏ စူးစမ်းချင်စိတ်များ ပိုမိုပြင်းပြသွားတော့သည်။
‘ဝေ့ ဆေးဖော်စပ်ရေး ခန်းမ’