အခန်း (၁၄) - ကြယ်တစ်ပွင့်
“ဂျူနီယာညီလေး လီ...”
လီဖုန်း သူ့ခါးပတ်ကို ပြင်နေစဉ်မှာပင် နောက်မှ ခေါ်သံတစ်ခု ထွက်ပေါ်လာလေသည်။ လှည့်ကြည့်လိုက်သောအခါ ကျောက်ခင်းလမ်းအနီးတွင် ရပ်နေသော ရင်းနှီးသည့်ပုံရိပ်တစ်ခုကို သူ တွေ့လိုက်ရ၏။
ထိုသူမှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူ၏ နေဆောင်အနီးတွင် သွားလာလှုပ်ရှားနေခဲ့သော ချောမောပြီး တည်ကြည်သည့် မျက်နှာသွင်ပြင်ရှိသည့် အပြင်စည်းတပည့် လင်းယွီပင် ဖြစ်သည်။
လူငယ်လေးက မြန်မြန်ဆန်ဆန် လျှောက်လာပြီး သူ၏ မျက်နှာတွင် စူးစမ်းချင်စိတ်များ အပြည့်အဝ ရှိနေလေသည်။
“မင်းကို အနှောင့်အယှက် မပေးမိပါဘူးနော်... ဒါပေမဲ့ ငါ သတိထားမိတာလေးတစ်ခု ရှိလို့... စီနီယာအစ်မ ယွဲ့လန်က မကြာသေးခင်ကတည်းက မင်းဆီကို မကြာခဏ လာနေတယ်နော်...”
လီဖုန်းက မျက်ခုံးပင့်လိုက်၏။
“အိုး... ခင်ဗျားက ကျုပ်ဆီလာတဲ့ ဧည့်သည်တွေကို စာရင်းလိုက်မှတ်နေတာလား... အာ... ဒီဂိုဏ်းထဲမှာ သတင်းတွေက မြန်မြန်ဆန်ဆန် ပျံ့နှံ့တာကိုး...”
စကားအစပြုပုံကို သဘောကျသဖြင့် သူက ပြန်ပြောလိုက်သည်။
“မဟုတ်ပါဘူး... ငါ... ဒီအတိုင်း...”
လင်းယွီက ပုံမှန်အတိုင်း ဟန်ဆောင်ရန် ကြိုးစားကာ ချောင်းဟန့်လိုက်လေသည်။
“ဒီလိုမျိုး သူများတွေနဲ့ သိပ်ပြီး မဆက်ဆံတတ်တဲ့သူက... အခုလို ဆက်ဆံနေတာကို မြင်ရခဲလို့ပါ...”
လီဖုန်းက ပျင်းရိစွာ ပြုံးလိုက်ပြီး အခြေအနေကို ခန့်မှန်းမိသွား၏။
‘ဒီကောင်ကလည်း သူ့ကို တိတ်တိတ်လေး သဘောကျနေတဲ့ ကောင်တွေထဲက တစ်ယောက်ပဲ... မဆန်းပါဘူးလေ...’
သူက ပင်ပန်းနေဟန်ဆောင်ကာ သရုပ်ပျက်စွာ သက်ပြင်းချလိုက်လေသည်။
“စီနီယာအစ်မ ယွဲ့လန်က သူ့ရဲ့ ချီသွေးကြောတွေထဲမှာ အညစ်အကြေးတွေ ရှိနေလို့ အဆင့်ချိုးဖျက်ဖို့ ကြန့်ကြာနေတာလေ... ဒါကြောင့် ကျုပ်က ဆေးနည်းနည်း ဖော်စပ်ပြီး ကူညီပေးနေတာ... သူ ဒီမှာ ကြာကြာနေတယ်ဆိုတာကလည်း... သေချာ ဂရုစိုက်ပေးရလို့နေမှာပေါ့...”
“ဆေးဖော်စပ်တယ်...?”
လင်းယွီ၏ မျက်လုံးများ ပြူးကျယ်သွား၏။
“မင်း... မင်းက ဆေးဆရာလား...”
“အင်း...”
လီဖုန်းက အရေးမကြီးသည့်အလား ပြုံးလိုက်လေသည်။
“သာမန် ဆေးဆရာပေါက်စလေးပါ... သူ တည်ငြိမ်သွားအောင် ဆေးအနည်းငယ် ဖော်စပ်ပေးရုံလေးပါ...”
လင်းယွီမှာ အံ့အားသင့်သွားပုံရသည်။ ဆေးဆရာတစ်ယောက် ဖြစ်လာရန်အတွက် အလွန်ကြီးမားသော ပါရမီ၊ အရင်းအမြစ်များနှင့် အချိန်များစွာ လိုအပ်ကြောင်း သူ သိထားပေသည်။
ပြီးတော့ အခုလို အပြင်အဆင် မသပ်ရပ်သည့် ဂျူနီယာညီလေးက ဒီလိုလုပ်နိုင်သည်ဆိုလျှင် ယွဲ့လန်က သူ့ဆီမှာ အကူအညီ လာတောင်းသည်မှာလည်း မဆန်းတော့ပေ။
သူတို့ ဆက်လက် လမ်းလျှောက်သွားကြပြီး လင်းယွီမှာ သတင်းအသစ်များကို ခေါင်းထဲတွင် စဉ်းစားနေပုံရသည်။ သူက လီဖုန်းကို မျက်စိထောင့်မှ ခဏခဏ အကဲခတ်နေပြီး ပိုသိချင်နေပုံရလေသည်။
ထိုအချိန်တွင် လီဖုန်းက အတွင်းစိတ်ထဲ၌ သက်ပြင်းချနေ၏။
‘ဒီကောင်က ငါ့ကို ဘယ်လောက်ကြာကြာ လိုက်နေဦးမှာလဲ... ငါက ဆေးဖက်ဝင်ပစ္စည်း နည်းနည်းလောက်ကို အေးအေးဆေးဆေး သွားဝယ်ချင်ရုံလေးပါ...’
လင်းယွီက သူ၏ နောက်တစ်လှမ်းအကွာမှ လိုက်ပါလာပြီး ပုံမှန်အတိုင်း ဟန်ဆောင်နေသော်လည်း မအောင်မြင်ပေ။ သူက တစ်ခုခု ပြောချင်နေပုံဖြင့် လီဖုန်းကို ခဏခဏ လှည့်ကြည့်နေလေသည်။
သူတို့ လမ်းလျှောက်လာစဉ် တပည့်ငယ်အချို့က ဖြတ်သွားရင်း လင်းယွီကို ရိုသေစွာ နှုတ်ဆက်သွားကြပြီး အချင်းချင်း တီးတိုးပြောဆိုသွားကြ၏။ ဒီကောင်က အပြင်စည်းမှာ တော်တော်လေး နာမည်ကြီးပုံရသည်။
ချောမောတယ်၊ နာမည်ကောင်းရှိတယ်၊ ကျင့်ကြံခြင်းအဆင့်လည်း မဆိုးဘူး။ ဒါဆို သူက နာမည်ကြီးတဲ့ကောင်တွေထဲက တစ်ယောက်ဖြစ်မှာပေါ့။ လီဖုန်းက မေးစေ့ကို ပွတ်သပ်ရင်း ခန့်မှန်းလိုက်လေသည်။
ခဏအကြာ တိတ်ဆိတ်သွားပြီးနောက် လင်းယွီက အနည်းငယ် ရှေ့သို့တိုးလာကာ အသံကို နှိမ့်လိုက်၏။
“ဂျူနီယာညီလေး... ငါတွေးမိတာက... မင်းအနေနဲ့ စီနီယာအစ်မ ယွဲ့လန်ဆီမှာ ငါ့အကြောင်းလေး နည်းနည်းလောက် ကောင်းကောင်း ပြောပေးလို့ရမလား...”
လီဖုန်းက မျက်တောင်ခတ်လိုက်ပြီး သူ့ကို ကြည့်ကာ ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်လေသည်။
“...ဘာလို့ ကျုပ်ကို အဲဒီလို လာမေးရတာလဲ...”
လင်းယွီက ရှက်သွားဟန်ဖြင့် ချောင်းဟန့်လိုက်၏။
“ဒီလိုလေ... မင်းသိတဲ့အတိုင်း... မကြာသေးခင်ကတည်းက သူ မင်းဆီကို ခဏခဏ လာနေတော့ သူက မင်းကို ယုံကြည်တယ်လို့ ငါ ထင်လို့ပါ... အနည်းဆုံးတော့ နည်းနည်းလေးပေါ့...”
လီဖုန်း၏ အမူအရာမှာ မသိမသာ တွန့်သွားလေသည်။ ရယ်ရမလို ငိုရမလိုပင်။
‘ယုံကြည်တယ်... အစ်ကိုရာ ခင်ဗျားသာ သူ နေ့တိုင်း ကျုပ်ကို ဘယ်လိုမျိုး အပန်းဖြေခွင့် ပေးနေလဲဆိုတာ သိရင် သွေးအန်သွားလိမ့်မယ်...’
သို့သော် သူက ထူးဆန်းသော အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။
“အင်း... ကျုပ် ကြိုးစားကြည့်ပေးပါ့မယ်... ဒါပေမဲ့ ကတိတော့ မပေးနိုင်ဘူးနော်...”
လင်းယွီက စိတ်သက်သာရာရသွားပုံရသည်။
“အဲဒီလောက်ဆို လုံလောက်ပါတယ်... ကျေးဇူးပဲ ဂျူနီယာညီလေး... ပြီးတော့ မင်းက ငါထင်ထားသလို မဟုတ်ဘူးပဲ...”
“အိုး...”
လီဖုန်းက မျက်ခုံးပင့်လိုက်လေသည်။
“မင်းက အမြဲတမ်း ပုံစံမကျသလို မြင်ရလို့လေ... ဒါပေမဲ့ မင်းက တကယ်တော့... စကားပြောရတာ လွယ်ကူတဲ့သူပါပဲ...”
လင်းယွီက ရှက်ရွံ့စွာ ရယ်မောရင်း ဝန်ခံလိုက်၏။
လီဖုန်းက ရယ်မောလိုက်ပြီး ဖြောင့်မတ်သော လေသံဖြင့် ကြေညာလိုက်လေသည်။
“စီနီယာအစ်ကို... ဒီဂိုဏ်းထဲမှာ ကျုပ်က ထူးထူးခြားခြား မရှိဘူးဆိုတာ သိပေမဲ့ ကျုပ်က စီနီယာတွေ ဂျူနီယာတွေကို ကူညီရတာ အရမ်း သဘောကျပါတယ်...”
ထို့နောက် အတွင်းစိတ်ထဲတွင် သူ ထပ်မံဖြည့်စွက်လိုက်၏။
‘...မိန်းကလေးတွေကိုပဲ ဆိုပါတော့...’
လင်းယွီက ခဏတာ ဇဝေဇဝါ ဖြစ်သွားပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်လေသည်။
“ဒါက... တကယ်ကို အံ့ဩစရာကောင်းလောက်အောင် ဂရုစိုက်တတ်တာပဲ...”
လီဖုန်းက နှိမ့်ချစွာ ပြုံးလိုက်၏။
“ကျုပ်က ဒီလိုလူမျိုးပါပဲ...”
လင်းယွီက သူ၏ ပခုံးကို အစ်ကိုတစ်ယောက်လို ခိုင်မာစွာ ပုတ်လိုက်လေသည်။
“ဒါက ကောင်းတဲ့စိတ်ဓာတ်ပဲ ဂျူနီယာညီလေး... ငါတို့ အပြာရောင်လမင်းဂိုဏ်းက ဂုဏ်သိက္ခာနဲ့ သစ္စာရှိမှုကို တန်ဖိုးထားတယ်... ဒီလိုမျိုး ဆက်ကြိုးစားသွားရင် တစ်နေ့ကျရင် မင်း အထက်ကို ရောက်လာမှာပါ...”
“အားပေးစကားအတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို...”
လီဖုန်းက ရိုသေစွာ ဦးညွှတ်လိုက်သော်လည်း အတွင်းစိတ်ထဲတွင်မူ သရော်နေလေသည်။
‘ဟက်... အထက်ကို ရောက်လာမယ်... အဲဒါကြီးကို ဂရုမစိုက်ပါဘူး... မင်းရဲ့ နတ်သမီးလေးကို ငါ့အောက်မှာ ထားနိုင်တာနဲ့တင် ကျေနပ်နေပါပြီ...’
သူတို့နှစ်ဦး အနည်းငယ် ရယ်မောလိုက်ကြပြီး တင်းမာမှုများ အနည်းငယ် လျော့ကျသွားလေသည်။
စ
ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီးနောက် လင်းယွီက နောက်ဆုံးတွင် နှုတ်ဆက်လိုက်၏။
“ကောင်းပြီ... ငါ မင်းကို အနှောင့်အယှက် မပေးတော့ပါဘူး... မင်း သွားဝယ်စရာရှိတာ သွားဝယ်တော့လေ...”
လင်းယွီက အခြားတစ်ဖက်သို့ လှည့်ထွက်သွားစဉ် လီဖုန်းက လက်ပြနှုတ်ဆက်လိုက်လေသည်။
ထို့နောက် လီဖုန်း ဆေးခန်းမဆောင်ရှေ့သို့ ဖြတ်သွားစဉ် ဝင်ပေါက်အနီး၌ ရင်းနှီးသော ပုံရိပ်တစ်ခု ရပ်နေသည်ကို မြင်လိုက်ရ၏။
ဖန်ဇီယန်တစ်ယောက်တည်းပင်။
သူမ၏ ကိုယ်နေဟန်ထားက အမြဲလိုလို မာနကြီးနေသော်လည်း ယနေ့တွင်မူ သူမ၏ မျက်နှာမှာ ပုံမှန်ထက် ပို၍ မှောင်မိုက်နေလေသည်။
စိတ်ပျက်အားငယ်မှုကြောင့် မျက်မှောင်ကြုတ်နေပြီး သူမ၏ အမြဲတမ်း တုန်လှုပ်မှုကင်းသော ယုံကြည်မှုများတွင် အက်ကွဲကြောင်းငယ်လေးတစ်ခု ဖြစ်ပေါ်နေပုံရ၏။
သွားလာလှုပ်ရှားနေကြသော တပည့်များစွာကြားတွင်ပင် ဖန်ဇီယန်မှာ တိမ်တိုက်များကြားမှ ကျဆင်းလာသော တောက်ပသည့် ကြယ်တစ်ပွင့်ပမာ ထင်ရှားနေလေသည်။
ငွေရောင်အနားကွပ်ထားသော သူမ၏ ကိုယ်ပိုင်ဂိုဏ်းဝတ်ရုံကို ဝတ်ဆင်ထားပြီး အဆင့်မြင့်အထည်က သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးကို ထုပ်ပိုးထား၏။
သူမ၏ ခြေတံရှည်များက ကျော့ရှင်းသော စည်းချက်ဖြင့် ရွေ့လျားနေပြီး မာနကြီးသော ကိုယ်နေဟန်ထားက မတ်မတ်ရပ်နေကာ မင်းသမီးတစ်ပါးပမာပင်။
သူမ၏ အသားအရေက နေရောင်အောက်တွင် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းတောက်ပနေလေသည်။
သို့သော် လူကို အဖမ်းစားဆုံးမှာ သူမ၏ မျက်နှာပင်။
မာနကြီးပြီး အေးစက်စက် မျက်နှာ၊ ရှည်လျားသော မျက်တောင်များဖြင့် ထက်မြက်သော မျက်လုံးများ၊ သူမ၏ အနီရောင် နှုတ်ခမ်းငယ်လေးများက မထီမဲ့မြင်ဟန်ဖြင့် အနည်းငယ် ကွေးညွတ်နေ၏။
သူမ၏ တောက်ပသော အကြည့်များက လီဖုန်းကို လမ်းပေါ်ရှိ ပုရွက်ဆိတ်များကို ကြည့်သကဲ့သို့ ဖြတ်သန်းသွားလေသည်။
လီဖုန်း၏ မျက်လုံးများက အလိုအလျောက်ပင် သူမအပေါ်၌ ရပ်တန့်သွား၏။
‘ကျွတ်... ဝတ်ရုံအောက်က အဲဒီ တင်ပါးလေးနဲ့ ပြည့်ဖြိုးတဲ့ ရင်သားအစုံကို ကြည့်စမ်း... ယွဲ့လန်သာ ပြီးပြည့်စုံတဲ့ ရေခဲကြာပန်းလေးဆိုရင်... သူကတော့ မာနကြီးပြီး တောက်ပတဲ့ ဒေါင်းမလေးတစ်ကောင်ပဲ... တစ်ယောက်ယောက်က လာခူးဆွတ်ဖို့ စောင့်နေသလိုပဲ...’
သူက သူ့ဘာသာ တွေးလိုက်လေသည်။
ဒါပေါ့၊ သူ အသံထွက်ပြီးတော့ မပြောခဲ့ပါဘူး။
“စီနီယာအစ်မ ဖန်...”
လီဖုန်းက ကျင့်သားရနေသော အပြုံးဖြင့် သူမကို နှုတ်ဆက်လိုက်၏။
သူ၏ မျက်လုံးများက သူမကို တိုက်ရိုက်ကြည့်နေသည်ကို မြင်သောအခါ သူမ၏ အကြည့်များက ကျဉ်းမြောင်းသွားလေသည်။
သူမကို ငေးမောကြည့်ခြင်းကို သူမ ကျင့်သားရနေသော်လည်း သူ၏ အကြည့်များက... သူမ၏ အဝတ်အစားများကို ချွတ်ပစ်ချင်နေသည့်အလား...
“ဘာကြည့်နေတာလဲ...”
သူမက အေးစက်စက် လေသံဖြင့် ကြိမ်းမောင်းလိုက်၏။
လီဖုန်းက မတုန်လှုပ်ပေ။ တကယ်တော့ သူက ပို၍ပင် ပြုံးလိုက်လေသည်။
“စီနီယာအစ်မက အဋ္ဌမအဆင့်မှာ တစ်ဆို့နေတာ ကြာပြီလို့ ကြားတယ်... အဲဒါက... တော်တော်လေး စိတ်ပျက်စရာကောင်းမှာပဲ...”
ဖန်ဇီယန်မှာ တောင့်တင်းသွားပြီး သူမ၏ နှုတ်ခမ်းများ တင်းမာသွားလေသည်။ ထိုအရာက သူမ၏ အားနည်းချက်ပင်။
မြင့်မြတ်သော မိသားစုနောက်ခံကို အသုံးပြုကာ ဂိုဏ်းမှ အကြီးအကဲတစ်ဦးကို အကူအညီတောင်းရန် အရင်းအမြစ်များစွာ သုံးစွဲခဲ့သော်လည်း မည်သူကမျှ သူမ၏ တစ်ဆို့နေမှုကို မဖြေရှင်းပေးနိုင်ခဲ့ပေ။
သူမသည် ပါရမီရှင်တစ်ဦးအဖြစ် ချီးကျူးခံခဲ့ရသော်လည်း... ယခုအခါ ဤအဆင့်တွင် ကြာမြင့်စွာ တစ်ဆို့နေခဲ့လေပြီ။ သူမ၏ ဖခင်နှင့် သူမပတ်ဝန်းကျင်ရှိ လူတိုင်းက သူမ၏ လက်ရှိတိုးတက်မှုကို စိတ်ပျက်နေကြပြီ ဖြစ်သည်။
“ငါက မင်းရဲ့ သနားမှုကို မလိုအပ်ဘူး...”
သူမက အေးစက်စက် ပြန်ပြောလိုက်၏။
“အိုး... ဒါက သနားတာ မဟုတ်ပါဘူး...”
လီဖုန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး သူ၏ အကြည့်များက သူမ၏ ခါးမှသည် ရင်ဘတ်ဆီသို့ ပွင့်လင်းစွာ ရွေ့လျားသွားလေသည်။
“ဒါက လေးစားတာပါ... စီနီယာအစ်မလိုမျိုး ထူးချွန်တဲ့သူတစ်ယောက် တာအိုလမ်းစဉ်မှာ ဒီလို အခက်အခဲမျိုးနဲ့ ရင်ဆိုင်နေရတာကို ကြည့်ပြီး ကျုပ် တကယ်ပဲ ဝမ်းနည်းမိပါတယ်...”
လီဖုန်းက ခြေတစ်ဝက်ခန့် ရှေ့သို့တိုးလာပြီး သူ၏ အသံကို သူမတစ်ယောက်သာ ကြားနိုင်ရန် တိုးလိုက်လေသည်။
“တကယ်တော့ အဲဒီ အဆင့်တစ်ဆို့မှုနဲ့ ပတ်သက်ပြီး... ကျုပ် ကူညီပေးနိုင်လောက်တယ်...”
သူမက သူ့ကို တွန်းထုတ်ရန် လက်ကို မြှောက်လိုက်စဉ်မှာပင် ဖန်ဇီယန် မျက်တောင်ခတ်သွားပြီး အသက်ရှူမှားသွားလေသည်။
သူမ အေးခဲသွားပြီး လီဖုန်းက အနည်းငယ် ကိုင်းညွတ်လာကာ သူ၏ အသက်ရှူငွေ့များက သူမ၏ လည်ပင်းကို ဖြတ်သန်းသွားပြီး သူမ၏ ရနံ့ကို ရှူရှိုက်လိုက်၏။
သူ ပြုံးလိုက်လေသည်။
“စီနီယာအစ်မသာ အကူအညီ လိုအပ်ရင်... ကျုပ်ဆီကို လာရှာလို့ ရပါတယ်...”
သူမက သူ့ကို ချက်ချင်း တွန်းထုတ်လိုက်ပြီး အလိုအလျောက် အသံကျယ်သွားလေသည်။
“ဘယ်သူက မင်းအကူအညီကို လိုချင်လို့လဲ... မင်းနေရာ မင်းနေစမ်း...”
သူ မျိုးစေ့ချလိုက်နိုင်ပြီဆိုတာ လီဖုန်း သိလိုက်၏။
သူက ဦးညွှတ်လိုက်ပြီး နှုတ်ခမ်းများက သဘောကျစွာ ကွေးညွတ်သွားလေသည်။
“ဒါဆိုလည်း စီနီယာအစ်မ... ကျုပ် ဝယ်စရာလေးတွေ ရှိသေးလို့ သွားလိုက်ပါဦးမယ်... ကောင်းသောနေ့လေး ဖြစ်ပါစေ...”
သူ ပြုံးလိုက်၏။
ဖန်ဇီယန်က ရုတ်တရက် လှည့်ထွက်သွားပြီး တောင့်တင်းနေသော ကျောပြင်နှင့် လွင့်ခတ်နေသော လက်စွပ်များကသာ သူမ၏ အဖြေဖြစ်လေသည်။
သို့သော် အခြားသူများ မမြင်ရသည့် နေရာတွင်မူ သူမက အောက်နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်ပြီး သူမ၏ အမူအရာကို ဖတ်ရခက်နေလေသည်။
ခဏအကြာတွင် လီဖုန်းသည် ဆေးဖက်ဝင်ပစ္စည်းများ ဝယ်ပြီးနောက် အပြန်လမ်းတွင် ရှိနေ၏။
[စနစ်အသိပေးချက် - ဂုဏ်ယူပါသည်။ ယွဲ့လန်သည် ချီစုစည်းခြင်း နဝမအဆင့်သို့ ချိုးဖျက်နိုင်ခဲ့ပါသည်။ ရင်းနှီးမှုအမှတ် +၂၀၀]
[ယွဲ့လန်၏ ပိုင်ရှင်နှင့် ကံကြမ္မာဆက်နွယ်မှု ပိုမိုနက်ရှိုင်းသွားပါသည်]
လီဖုန်း မျက်တောင်ခတ်လိုက်လေသည်။
ထို့နောက် ကျေနပ်သော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းများပေါ်တွင် ပေါ်လာ၏။ သူ တကယ်ပဲ အဆင့်ချိုးဖျက်သွားပြီပဲ... ဟက်... တော်လိုက်တဲ့ စီနီယာအစ်မ။
သူက စိတ်ဖြင့် စနစ်ပြကွက်ကို ဖွင့်လိုက်ပြီး လက်ရှိ ရမှတ်များကို မျက်လုံးဖြင့် အကဲခတ်လိုက်လေသည်။
[စုစုပေါင်း ရင်းနှီးမှုအမှတ်: ၇၁၃]
မဆိုးပါဘူး။ သူမကို အနားမှာ နေဖို့ မြှူဆွယ်ခဲ့တာ၊ အပြစ်အနာဆာမဲ့ဆေးလုံးတွေ ပေးခဲ့တာကနေစပြီး နေ့တိုင်း မနက်ရော ညပါ သူမကို ပြုစုပေးခဲ့ရတာတွေက... ကြိုးစားအားထုတ်မှုတိုင်းက တန်ဖိုးရှိပါတယ်။
သူက ကြယ်တာရာခန္ဓာဖွဲ့စည်းပုံ၏ အသက်မဝင်သေးသော အပိုင်းသို့ ဆွဲချလိုက်လေသည်။
[ပထမကြယ်ကို အသက်သွင်းရန် – ကုန်ကျစရိတ်: ရင်းနှီးမှုအမှတ် ၁၀၀]
[အသက်သွင်းရန် သေချာပါသလား?]
ငါ ဒါကို ရွှေ့ဆိုင်းထားတာ ကြာပြီပဲ ဟု သူတွေးလိုက်ပြီး ကြယ်တစ်ပွင့်ကိုသာ အသက်သွင်းရန် စီစဉ်ကာ ကျန်ရှိသော ရင်းနှီးမှုအမှတ်များကို အရေးပေါ်အသုံးပြုရန် ချန်ထားလိုက်လေသည်။
“ဒီအရာက ဘာလုပ်နိုင်လဲ ကြည့်ရအောင်...”
သူက စိတ်ဖြင့် အတည်ပြုလိုက်ရာ ပြင်းထန်သော အပူရှိန်တစ်ခုက သူ၏ ဒန်တျန်မှတစ်ဆင့် စီးဆင်းသွားလေသည်။
သူ၏ ဗဟိုချက်တွင် ရွှေရောင်ကြယ်တစ်ပွင့် တောက်ပလာပြီး ထူးဆန်းသော စည်းချက်ဖြင့် ခုန်ပေါက်နေကာ ပတ်ဝန်းကျင်ကမ္ဘာမှ စွမ်းအားများကို မှိန်ဖျဖျ ဆွဲယူနေ၏။
သူ၏ အသက်ရှူနှုန်း နှေးကွေးသွားပြီး သူ၏ အာရုံခံစားမှုများ မသိမသာ နက်ရှိုင်းလာကာ ထူးဆန်းသော နွေးထွေးမှုတစ်ခုက သူ၏ ခြေလက်များဆီသို့ စီးဆင်းသွားလေသည်။
[ပထမကြယ်ကို အောင်မြင်စွာ အသက်သွင်းပြီးပါပြီ]
[ဂုဏ်ယူပါသည်။ ပိုင်ရှင်သည် ပင်ကိုယ်စွမ်းရည်အသစ်ကို ဖွင့်နိုင်ခဲ့ပါသည် - ကြယ်မီးတောက်]
[ကြယ်မီးတောက်: အသက်သွင်းလိုက်သောအခါ သင့်ခန္ဓာကိုယ်ရှိ ကြယ်တစ်ပွင့်စီသည် ယာယီအားဖြင့် စွမ်းအား နှစ်ဆ တိုးလာမည်။ ကြာချိန်: ၅ မိနစ်၊ ပြန်လည်ပြည့်ဖြိုးချိန်: ၁ နာရီ]
[လက်ကျန် ရင်းနှီးမှုအမှတ်: ၆၁၃]
လီဖုန်းက ဖြည်းညင်းစွာ အသက်ရှူထုတ်လိုက်ပြီး လက်သီးကို ဆုပ်လိုက်ရာ အံ့မခန်း စွမ်းအားများက သူ၏ လက်အတွင်း စီးဆင်းနေသည်ကို ခံစားလိုက်ရလေသည်။
သူက လေထဲသို့ ပေါ့ပေါ့ပါးပါး လက်သီးတစ်ချက် ထိုးလိုက်၏။
ဝုန်း...
ဝိညာဉ်စွမ်းအင် မပါဘဲနှင့်ပင် လေထုက သူ၏ လက်သီးဆစ်များအနီးတွင် ကြာပွတ်တစ်ချောင်းကဲ့သို့ မြည်ဟည်းသွားလေသည်။
သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပြန်ပေါ်လာ၏။
“ငါက အခုဆိုရင် အဆင့် ၄ ကျင့်ကြံသူ ဘယ်သူ့ကိုမဆို လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူနိုင်မယ်လို့ ခံစားရတယ်...”
ပြီးတော့ ဒါက ကြယ်တစ်ပွင့်တည်း ရှိသေးတာ။
ကြယ်တစ်ပွင့်က ဒီလိုဆိုရင်... ကြယ်ဆယ်ပွင့် ဒါမှမဟုတ် ကြယ်တစ်ရာသာဆိုရင် ဘယ်လိုနေမလဲ။
ထို့ပြင် သူ၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေပုံရပြီး အဆီများအောက်တွင် ကြွက်သားများ စတင်ဖြစ်ပေါ်လာလေသည်။
သို့သော် အပြင်ပန်းမှ ကြည့်လျှင် ခွဲခြားသိမြင်ရန် ခက်ခဲပြီး သူသည် ပုံမှန်အတိုင်းသာ ပေါ်လွင်နေဆဲပင်။
သတင်းကောင်းတွေ ဆက်တိုက် ရောက်လာတာမို့ ဒီဝမ်းသာစရာတွေကို စီနီယာအစ်မနဲ့ ထပ်ပြီး မျှဝေခံစားဖို့ သူ စီစဉ်လိုက်ပြီး နေဆောင်သို့ အမြန် ပြန်လာခဲ့လေသည်။
သူ၏ နှုတ်ခမ်းများကို သပ်လိုက်ပြီး သူမ၏ နူးညံ့လှသော ခန္ဓာကိုယ်လေးကို သူ၏ အောက်တွင် မြင်ယောင်နေမိပြီ ဖြစ်သည်။
သူ၏ နှလုံးသားမှာ မျှော်လင့်ချက်များဖြင့် ပိုမိုမြန်ဆန်စွာ ခုန်ပေါက်နေတော့၏။