အခန်း (၁၂) - ယွဲ့လန်
ခြံဝင်းငယ်လေးတစ်ခုအတွင်း လေညင်းနှင့်အတူ ဆီးသီးပန်းပွင့်ဖတ်လေးများက ညင်သာစွာ ကြွေကျနေ၏။
လေပြေလေညင်းက သစ်ပင်များကြားမှတစ်ဆင့် တိုးဝင်လာပြီး ပန်းပွင့်ဖတ်လေးများမှာ အရောင်ဖျော့ဖျော့ ဆီးနှင်းပွင့်များပမာ လွင့်ပျံ့နေလေသည်။
ကလေးမလေးတစ်ဦးက ဖူးပွင့်နေသော ပန်းကိုင်းများအောက်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူမ၏ ရွှေရောင်မျက်ဝန်းများက တိမ်ကင်းစင်နေသော အပြာရောင်ကောင်းကင်ကြီးကို စိုက်ကြည့်နေပေသည်။
ပါးလွှာသော လက်မောင်းများက ဒူးခေါင်းကို ဖက်တွယ်ထားပြီး အနက်ရောင် ဆံကေသာရှည်များကို ဆံသာမြီးနှစ်ဖက် ခွဲချည်ထားကာ ရိုးရှင်းသော်လည်း သေသပ်သော ဝတ်ရုံလေးက လေအဝေ့တွင် ညင်သာစွာ လှုပ်ခတ်နေသည်။
“လန်အာ...”
မိခင်ဖြစ်သူ၏ ခေါ်သံက နူးညံ့စွာ ထွက်ပေါ်လာ၏။
မိခင်က ကျောက်ခင်းလမ်းလေးပေါ်တွင် ခြေသံမကြားရအောင် လျှောက်လာပြီး သမီးဖြစ်သူဘေးတွင် ထိုင်ချလိုက်ကာ တိတ်ဆိတ်နေသော ကလေးမလေးကို ပွေ့ဖက်ထားလိုက်လေသည်။
ရိုးရှင်းသော အဆင်တန်ဆာများဖြင့်ပင် လှပနေသည့် မိခင်၏ မျက်နှာမှာ ကြင်နာမှုအပြည့်ရှိပြီး မျက်ဝန်းများကလည်း နူးညံ့လှပေသည်။
“မနက်ခင်းကတည်းက ဒီမှာ ထိုင်နေတာနော်... မအေးဘူးလား...”
မိခင်က ညင်သာစွာ မေးလိုက်ပြီး ယွဲ့လန်၏ ဆံပင်ပေါ်မှ ပွင့်ဖတ်လေးများကို ခါထုတ်ပေးလိုက်သည်။
ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်ခန့်သာ ရှိသေးသော ယွဲ့လန်က မော့ကြည့်လိုက်ပြီး ခေါင်းသာ ခါပြလိုက်၏။
“ဖေဖေကို စောင့်နေတာလား...”
မိခင်က အနည်းငယ် ပြုံးလျက် မေးလိုက်သည်။
“...မဟုတ်ပါဘူး... တိမ်တွေကိုပဲ ကြည့်နေတာပါ...”
သူမ၏ အသံက ငယ်ရွယ်သေးသော်လည်း အေးစက်ကာ ခံစားချက်ကင်းမဲ့နေလေသည်။
အနားသို့ ရောက်လာသော ဖခင်ဖြစ်သူကလည်း သူတို့အနားသို့ ဝင်ထိုင်လိုက်သည်။ ဖခင်မှာ ပင်ပန်းနွမ်းနယ်နေသည့် မျက်နှာရှိသော အရပ်မြင့်မြင့် လူကြီးတစ်ဦးဖြစ်သော်လည်း မျက်လုံးများတွင်မူ နွေးထွေးမှုရှိပေသည်။
“အို... ဒါကတော့ အရမ်း နာကျင်စရာပဲ...”
ဖခင်ဖြစ်သူက ဝမ်းနည်းချင်ယောင်ဆောင်ကာ ပြောလိုက်ပြီး ကုန်းဆင်းကာ သမီးဖြစ်သူ၏ နူးညံ့သော ပါးလေးကို ညင်သာစွာ ဆွဲလိုက်လေသည်။
“ငါတို့ရဲ့ လန်အာက အခုဆို လူကြီးတစ်ယောက်လို ဖြစ်နေပြီပဲ...”
ဖခင်က စနောက်ရင်း ပြောလိုက်သည်။
ယွဲ့လန်က ဖခင်၏ ကြမ်းတမ်းသော လက်မှ ရုန်းထွက်လိုက်ပြီး ကောင်းကင်ကိုသာ ဆက်လက် ငေးကြည့်နေပြန်၏။
“သမီးက အမြဲ ဒီလိုပါပဲ... တိတ်ဆိတ်နေတတ်တယ်... ကလေးဘဝကတည်းက သိပ်ပြီး မငိုတတ်ဘူး... တစ်ခါတလေ ဖေဖေက စိုးရိမ်တယ်လေ... သမီး တစ်ယောက်တည်း အထီးကျန်နေမလားလို့...”
မိခင်က ယွဲ့လန်၏ ကျောပြင်ကို ဖွဖွလေး ပွတ်ပေးလိုက်ရင်း ပြောလိုက်၏။
ယွဲ့လန် ပြန်မဖြေခဲ့ချေ။ မည်သို့ ရှင်းပြရမည်ကို သူမ မသိပေ။ ဝမ်းနည်းနေခြင်း မဟုတ်သော်လည်း
ကိုယ့်ကိုယ်ကိုယ် ဖော်ပြရန် ခက်ခဲနေခြင်းသာဖြစ်သည်။
သို့သော်လည်း ယွဲ့လန်သည် မိဘနှစ်ပါးနှင့် လက်ရှိဘဝကို ကျေနပ်ပျော်ရွှင်နေပါသည်။
“သမီး အထီးမကျန်ပါဘူး... ဆူညံတာတွေကို မကြိုက်ရုံပါ...”
နောက်ဆုံးတော့ သူမ ဖြေလိုက်လေသည်။
“သမီးက အရွယ်နဲ့မလိုက်အောင် အရမ်း ရင့်ကျက်လွန်းနေတယ်...”
မိခင်ဖြစ်သူက သက်ပြင်းသဲ့သဲ့ချလိုက်သည်။
ဖခင်ဖြစ်သူကလည်း ဇနီးဖြစ်သူကို ကြည့်ကာ စိုးရိမ်နေသည့်အကြည့်များ ဖလှယ်လိုက်ကြ၏။ နှစ်ဦးလုံး၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။
“ငါတို့သမီးလေးက ထူးခြားတယ်... သူ ဘယ်တော့မှ မငိုဘူး... ဘယ်တော့မှ မရယ်ဘူး... ကြည့်နေတတ်ရုံပဲ...”
မိခင်က တီးတိုးရေရွတ်လိုက်သည်။
သို့သော် သူမ၏ တိတ်ဆိတ်မှုများကြားတွင် မိဘနှစ်ပါးက သူမကို အလွန်ချစ်ခင်မြတ်နိုးကြပေသည်။
သူမသည် မွေးကတည်းကပင် လှပလွန်းလှ၏။ ကလေးဘဝတွင်ပင် အလွန်အကျွံ လှပနေခဲ့သည်။ ထူးခြားဆန်းကြယ်သည့် ရွှေရောင်မျက်ဝန်းများက ရှားပါးလှသော အမှတ်အသားတစ်ခုပင်။
မျိုးနွယ်စုမှ အကြီးအကဲများက သူမသည် တိမ်တိုက်များထက် မြင့်မားစွာ ရောက်ရှိလိမ့်မည်
သို့မဟုတ် ဘေးအန္တရာယ်တစ်ခုခုကို ဆောင်ကြဉ်းလာလိမ့်မည်ဆိုပြီး ပြောဆိုကြလေသည်။
ယွဲ့လန်၏ မိသားစုမှာ မြို့ငယ်လေးတစ်ခုတွင် နေထိုင်သည့် သာမန် ကျင့်ကြံသူမျိုးနွယ်စုလေးသာ ဖြစ်သည်။ လူလေးစားမှုခံရသော်လည်း အင်အားကြီးမားခြင်းတော့ မရှိပေ။
အေးချမ်းစွာ နေထိုင်ခဲ့ကြသည်။ ထိုသူ ရောက်မလာခင်အချိန်အထိပင်။
နှစ်အနည်းငယ် ကုန်လွန်သွားခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ယွဲ့လန်က ပို၍ လှပလာကာ ထက်မြက်သော အသွင်အပြင်များ ရှိလာသော်လည်း ကလေးဘဝ၏ အပြစ်ကင်းစင်မှု အနည်းငယ် ကျန်ရှိနေသေးသည်။
အနီးအနားရှိ မြို့တစ်ခုသို့ ကျင့်ကြံရေးဆိုင်ရာ ပစ္စည်းများ ဝယ်ယူရန် မိဘများနှင့်အတူ သွားရောက်ပြီးနောက် မျိုးနွယ်စု၏ နေအိမ်သို့ ပြန်ရောက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေး၏။
ဝိညာဉ်သားရဲများ ဆွဲလာသော ရွှေရောင်ရထားလုံးကြီးတစ်စင်းက သူတို့၏ ဂိတ်ပေါက်ဝသို့ ဆိုက်ရောက်လာသည်။
ကျင့်ကြံရေး သင်ခန်းစာမှ ပြန်လာချိန်တွင် ယွဲ့လန်က သူ့ကို မြင်လိုက်ရသည်။ လျှပ်စီးတိမ်တိုက်ပုံစံ ချုပ်လုပ်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး အေးစက်စက် အပြုံးတစ်ခုကို ဆင်မြန်းထားသည့် အရပ်မြင့်မြင့် သေသပ်လှပစွာ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဆင်းလာကာ နောက်တွင် တပည့်အနည်းငယ် ပါလာလေသည်။
“ဒီကလေးမလေးလား...”
သူက သူမကို တန်ဖိုးကြီး ရှားပါးရတနာတစ်ခုလို စိုက်ကြည့်ရင်း မေးလိုက်သည်။
“ဟုတ်ပါတယ် သခင်ငယ်... ကြည့်လိုက်ပါဦး... သူက အရမ်းကို ရှားပါးတဲ့ ရတနာပါလို့ ကျွန်တော် ပြောခဲ့တယ် မလား...”
သူ့နောက်လိုက်တစ်ဦးက ဝင်ရောက်ဖြေကြားလိုက်၏။
“မှန်တယ်... ငါ ကစားခဲ့ဖူးတဲ့ တခြား မိန်းမတွေထက်တောင် ပိုပြီး ခမ်းနားနေသေးတယ်... ပြီးတော့ သူက နည်းနည်းလေးတောင် ပိုပြီး ထူးခြားနေသေးတယ်...”
ဂေါင်ငယ်သခင်က ကျေနပ်သည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
ယွဲ့လန်က သူမ၏ အပြစ်ကင်းစင်သော မျက်ဝန်းများဖြင့် မျက်တောင်ခတ်လျက် ငြိမ်သက်စွာ ရပ်ကြည့်နေသည်။
ဖခင်ဖြစ်သူက ကမန်းကတန်းပင် သူမရှေ့သို့ အကာအကွယ်ပေးသည့်အနေဖြင့် ဝင်ရပ်လိုက်လေသည်။
“ကျွန်တော်တို့ဆီ ကြွလာတာ အရမ်းကို ဂုဏ်ယူပါတယ် ဂေါင်သခင်လေး...”
ဖခင်ဖြစ်သူက ရိုသေစွာ နှုတ်ဆက်လိုက်သည်။ ထိုလူငယ်၏ ဆိုးရွားသော နာမည်ပျက်များနှင့် အင်အားကြီးမားသော နောက်ခံကို သိရှိထားသဖြင့် ပြဿနာမဖြစ်စေရန် ရှောင်လွှဲနေခြင်းပင်။
“ဒီကလေးမလေးကို ငါနဲ့အတူ ခေါ်သွားချင်တယ်... စျေးကိုသာ ပြောလိုက်ပါ...”
ဂေါင်သခင်ငယ်က ယွဲ့လန်ကို လက်ညှိုးထိုးပြကာ ကြင်နာဟန်ဆောင်ထားသော အပြုံးဖြင့် တိုက်ရိုက်ပင် တောင်းဆိုလိုက်၏။
“ဒါပေမဲ့ သခင်ငယ်... သူမက ကလေးလေးပဲ ရှိသေးတာမို့... ပြန်စဉ်းစားပေးပါဦး...”
နာမည်ဆိုးဖြင့် ကျော်ကြားသော ဤသခင်ငယ်၏ လေသံနောက်ကွယ်မှ အဓိပ္ပာယ်ကို သတိထားမိလိုက်သဖြင့် ဖခင်ဖြစ်သူက မျက်မှောင်ကြုတ်လျက် တောင်းဆိုလိုက်သည်။
“ကလေးက ကြီးလာမှာပေါ့... ငါ့ဂိုဏ်းကို ခေါ်သွားပြီး ငါကိုယ်တိုင် ပြုစုပျိုးထောင်ပေးမယ်... နှစ်အနည်းငယ်ကြာရင် သူက အကောင်းဆုံး ကျင့်စဉ်ကူအိုးလေးတစ်ခု ဖြစ်လာမှာပါ...”
လူငယ်၏ အပြုံးက ပိုမိုကျယ်ပြန့်လာလေသည်။
မိခင်ဖြစ်သူ၏ မျက်နှာမှာ ဖြူလျော့သွားတော့၏။
ယွဲ့လန်က ဖခင်ကို မော့ကြည့်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
“ဖေဖေ... ကျင့်စဉ်ကူအိုးဆိုတာ ဘာလဲ...”
ဖခင်က ပြန်မဖြေခဲ့ပေ။
“ဒီလို... ကမ်းလှမ်းလာတာကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ မျိုးနွယ်စုကတော့ လက်မခံနိုင်ပါဘူး...”
ဖခင်ဖြစ်သူက တင်းမာသော လေသံဖြင့် ခိုင်မာစွာ ငြင်းဆိုလိုက်သည်။
ဂေါင်သခင်လေးက ခေါင်းစောင်းလိုက်၏။
“ငါက မင်းတို့ဆီက ခွင့်ပြုချက် တောင်းနေတာလို့ ထင်နေတာလား...”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လေထုမှာ တင်းမာမှုများဖြင့် ပြည့်နှက်သွားလေသည်။
မိခင်က ယွဲ့လန်၏ လက်ကို ညင်သာစွာ ဆွဲကိုင်ကာ အဓိက ခန်းမဘက်သို့ နောက်ဆုတ်ခေါ်သွား၏။
“သခင်လေး... ကျေးဇူးပြုပြီး ပြန်ပါတော့...”
ဖခင်က ခက်ထန်စွာ တောင်းဆိုလိုက်သည်။
“ဟား... အဆင့်နိမ့်တဲ့ မင်းတို့လိုကောင်တွေက ငါတို့ သခင်လေးကို ငြင်းရဲတယ်ပေါ့... ဒီကလေးမလေးက သခင်လေးရဲ့ မျက်စိကျတာကိုခြင်း ခံရတာ အရမ်းကို ကံကောင်းနေပြီ...”
သူ့နောက်လိုက်တစ်ဦးက ကဲ့ရဲ့လိုက်သည်။
ဂေါင်သခင်လေးကမူ အနည်းငယ်မျှ မတုန်လှုပ်ဘဲ ဤအခြေအနေကို သူလိုလားနေသည့်အလား ပို၍ပင် ပြုံးလိုက်လေသည်။
“မင်းတို့ နောင်တမရဖို့ မျှော်လင့်ပါတယ်...”
သူက အေးစက်စက် ပြုံးလျက် ပြောဆိုကာ ပြန်လှည့်ထွက်သွားတော့၏။
ထိုညတွင် မျိုးနွယ်စုက ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ကြသည်။ ယွဲ့လန်ကို ထိုကဲ့သို့သော လူယုတ်မာလက်ထဲသို့ မည်သည့်အခါမှ မအပ်ရန်ပင်။ သူတို့က မြို့စားထံသို့ ဤကိစ္စကို တိုင်ကြားရန် စီစဉ်ခဲ့ကြသော်လည်း
ဤမြို့ငယ်လေးအတွင်း ဂေါင်ငယ်သခင်၏ သြဇာအာဏာ မည်မျှကြီးမားသည်ကို သူတို့ လျှော့တွက်မိသွားခဲ့လေသည်။
__
အရုဏ်ဦးမတိုင်မီအချိန်လေးမှာပင် မီးတောက်များ စတင်လောင်ကျွမ်းလာတော့၏။
အိမ်ခန်းများအတွင်း ထူးဆန်းပြီး အသက်ရှူကျပ်စေသော မီးခိုးငွေ့များ ပြည့်နှက်နေပြီး အော်ဟစ်သံများက ညဉ့်နက်ယံကို ဖုံးလွှမ်းသွားလေသည်။
ယွဲ့လန် လန့်နိုးလာချိန်တွင် မိခင်ဖြစ်သူက သူမကို အရေးတကြီး လှုပ်နှိုးနေပြီး မိခင်၏ မျက်နှာမှာ ဖြူလျော့ကာ ပူပန်နေပေသည်။
“မေမေ... ဘာဖြစ်တာလဲ...”
“အချိန်မရှိတော့ဘူး လန်အာ—မေမေနဲ့ လိုက်ခဲ့... မြန်မြန်...”
သူတို့နှစ်ဦး စင်္ကြံလမ်းတစ်လျှောက် အပြေးအလွှား သွားကြလေသည်။
တောင်တန်းများကြားရှိ အေးချမ်းသော ဘေးမဲ့တောလေးအလား တိတ်ဆိတ်ခဲ့ဖူးသည့် မျိုးနွယ်စု အိမ်ကြီးက ယခုအခါ မီးတောက်များနှင့် ပရမ်းပတာ ဖြစ်နေတော့၏။
အရိပ်များက နံရံများထက်တွင် ကခုန်နေပြီး အစောင့်များ သေဆုံးနေကာ အဆောက်အအုံများ ပြိုကျနေပြီး ကြမ်းပြင်များထက်တွင် သွေးများဖြင့် စွန်းထင်းနေလေသည်။
ယွဲ့လန်သည် ခြေဗလာဖြင့် နားမလည်နိုင်စွာ နောက်မှ ပြေးလိုက်ရသည်။ သို့သော် ဘိုးဘွားများ ထားရှိသည့် ခန်းမသို့ ရောက်ချိန်တွင် ကျောက်ကြမ်းပြင်ပေါ်၌ ထွင်းထုထားသော တောက်ပနေသည့် ဝင်္ကပါတစ်ခုအနီးတွင် ရပ်နေသော ဖခင်ဖြစ်သူကို တွေ့လိုက်ရ၏။
ဖခင်ဖြစ်သူ ဒဏ်ရာရထားသည်။ လက်တစ်ဖက်က ဘေးတွင် တွဲကျနေပြီး သူ၏ ဝတ်ရုံမှာ သွေးများဖြင့် နီရဲနေလေသည်။
“လန်အာ ဘေးကင်းရဲ့လား...”
ဖခင်က အသံဩဩဖြင့် မေးလိုက်သည်။
“ဘေးကင်းပါတယ်...”
မိခင်က ယွဲ့လန်ကို ဝင်္ကပါဆီသို့ ဆွဲခေါ်သွားရင်း ဖြေလိုက်၏။
“ဖေဖေ... ဘာဖြစ်တာလဲ...”
ယွဲ့လန်က မျက်လုံးပြူးကာ မေးလိုက်သည်။
သို့သော် ဖခင်ဖြစ်သူ မဖြေနိုင်ခင်မှာပင်။
ဗုန်း…
တံခါးများ ပွင့်ထွက်သွားလေသည်။
အပျက်အစီးများကြားတွင် ဂေါင်လျန်းယူက ရပ်နေပြီး သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဆင်တူ ဂိုဏ်းဝတ်ရုံများကို ဝတ်ဆင်ထားသော ကျင့်ကြံသူအချို့ ပါလာ၏။
မီးရောင်တစ်ဝက် ဟပ်နေသော သူ၏ မျက်နှာက လှောင်ပြောင်နေသည့် အပြုံးတစ်ခုပမာ တွန့်လိမ်နေလေသည်။
“ကျွတ်... ကျွတ်... ဒီလောက်လှတဲ့ ကလေးမလေးကို မပေးတာနဲ့ ဒီလောက် ပြဿနာရှာနေစရာ လိုလို့လား...”
သူက ပခုံးပေါ်မှ ပြာများကို ပေါ့ပေါ့ပါးပါး ခါထုတ်ရင်း ရှေ့သို့ ဖြည်းညင်းစွာ တိုးလာသည်။
“အဘိုးကြီး... အဲဒီကလေးမလေးကို ပေးလိုက်ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ...”
သူက ခေါင်းစောင်းလိုက်ပြီး ပြုံးလျက် ဆက်ပြောလိုက်၏။
“အခုတော့ မင်းရဲ့ မျိုးနွယ်စု လောင်ကျွမ်းသွားတာကို ထိုင်ကြည့်နေရတော့မှာပေါ့...”
သူမ၏ ဖခင်က သူတို့ရှေ့တွင် ဝင်ရပ်လိုက်လေသည်။
“သူက ကလေးပဲ ရှိသေးတာပါ...”
“အခုတော့ သူက ငါ့အပိုင် ဖြစ်သွားပြီ... မင်းတို့ ပူးပေါင်းဖို့ အခွင့်အရေး ရခဲ့ပြီးသားပါ...”
ဂေါင်လျန်းယူက အပြုံးများ ပျောက်ကွယ်သွားပြီး ခက်ထန်စွာ ပြောလိုက်၏။
သူ့နောက်ရှိ ကျင့်ကြံသူတစ်ဦးက ဓားကို မြှောက်လိုက်သော်လည်း ဂေါင်က လက်ကာပြလိုက်သည်။
“မလုပ်နဲ့... ငါကိုယ်တိုင် အရသာခံပါရစေ...”
သူက ရှေ့သို့ ဖြည်းညင်းစွာ ခြေတစ်လှမ်း တိုးလာလေသည်။ မိခင်က ယွဲ့လန်ကို နီးကပ်စွာ ဆွဲဖက်လိုက်ပြီး တီးတိုးမှာကြားလိုက်၏။
“လန်အာ... ဂရုတစိုက် နားထောင်... သမီး ရှင်သန်ရမယ်... သန်စွမ်းအောင် လုပ်ရမယ်... ပြီးတော့ နောက်ကို လုံးဝ ပြန်မကြည့်နဲ့...”
ယွဲ့လန်က တုန်ယင်လျက် မိဘနှစ်ပါးကို တစ်လှည့်စီ ကြည့်လိုက်သည်။
“ဒါပေမဲ့...”
ဖခင်ဖြစ်သူက ကျောက်စိမ်းပြားတစ်ခုကို သူမ၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်ပြီး ဝင်္ကပါစနစ်ကို စတင်အသက်သွင်းလိုက်လေသည်။
“အဲဒီမှာရှိတဲ့လူတွေကို ဒီအဆောင်ပြား သေချာပေါက် ပြလိုက်ပါ... တစ်ယောက်ယောက်က သမီးကို စောင့်ရှောက်ပေးလိမ့်မယ် လန်အာ...”
“မလုပ်ပါနဲ့... သမီး...”
ဝင်္ကပါက သူမ၏ ခြေဖဝါးအောက်တွင် တောက်ပလာလေသည်။
မိခင်က သူမကို နောက်ဆုံးအကြိမ် ကြည့်လိုက်၏။ နူးညံ့ပြီး နှလုံးကွဲကြေနေသော်လည်း ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသော အပြုံးတစ်ခုပင်။
ထို့နောက် အခန်းတစ်ခုလုံး မျက်စိကျိန်းမတတ် အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားတော့သည်။
အရာအားလုံး မပျောက်ကွယ်သွားမီ ယွဲ့လန် နောက်ဆုံး မြင်လိုက်ရသည့် မြင်ကွင်းမှာ။
သူမ၏ မိဘနှစ်ပါး ယှဉ်တွဲရပ်နေခြင်းပင်။
ထို့နောက် ဖခင်၏ နောက်ကျောမှ ဓားတစ်လက် ထိုးစိုက်ဝင်သွားခြင်းကို မြင်လိုက်ရ၏။
မိခင်၏ အော်ဟစ်သံက ညဉ့်နက်ယံကို ထိုးခွဲသွားလေသည်။
ဂေါင်လျန်းယူက ဒေါသတကြီးနှင့် ဝင်္ကပါအလုပ်လုပ်နေခြင်းကို ရပ်တန့်ရန် ရှေ့သို့ ပြေးဝင်လာသည်။
ထို့နောက်တွင်တော့။
မျက်စိကျိန်းမတတ် အဖြူရောင်အလင်းတန်းများကသာ သူမ၏ အမြင်အာရုံကို ဖုံးလွှမ်းသွားတော့၏။
ညဉ့်နက်ချိန်၊ လီဖုန်း၏ အခန်းထဲတွင်။
ယွဲ့လန်၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာလေသည်။
ရွှေရောင်။ အေးစက်စက်။ တိတ်ဆိတ်ခြင်းပင်။
“အိပ်မက်ဆိုးလား...”
ယွဲ့လန် တီးတိုးရေရွတ်လိုက်ပြီး အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထိန်းကာ ဖြည်းညင်းစွာ ထထိုင်လိုက်သည်။
စောင်က သူမ၏ ဗလာကျင်းနေသော ပခုံးပေါ်မှ လျောကျသွားပြီး ညှပ်ရိုးအကွေ့ကို ပေါ်လွင်စေ၏။ ချောမွေ့ပြီး အပြစ်အနာအဆာကင်းသော သူမ၏ အသားအရေက ပြတင်းပေါက်မှ စိမ့်ဝင်လာသည့် လရောင်အောက်တွင် မှိန်ဖျဖျ တောက်ပနေလေသည်။
သူမ လီဖုန်း၏ နေဆောင်သို့ ပြောင်းရွှေ့လာသည်မှာ နှစ်ရက် ရှိပြီဖြစ်သည်။
နေ့ဘက်တွင် သူက သူမကို ဘာမှ အနှောင့်အယှက် မပေးသော်လည်း ညဘက်တွင်မူ
လုံးဝကို အခြေအနေတစ်မျိုး ဖြစ်သွားတတ်ပေသည်။
သူမဘေးတွင် လီဖုန်းသည် အင်္ကျီဗလာဖြင့် အိပ်မောကျနေသည်။ လက်တစ်ဖက်က ခေါင်းအုံးကို ပျင်းရိစွာ ပွေ့ဖက်ထားပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု စွဲကပ်နေကာ သူ စမ်းသပ်ချင်နေသည့် နောက်ထပ် အဓိပ္ပာယ်မရှိသော “သေမျိုးနည်းစနစ်” တစ်ခုခုကို အိပ်မက်မက်နေပုံရလေသည်။
ယွဲ့လန် သူမ၏ လက်များကို ငုံ့ကြည့်လိုက်၏။ မျက်ရည်တစ်စက်က သူမ၏ မျက်ဝန်းထောင့်မှ ကျဆင်းလာပြီး သူမ၏ လက်ဖဝါးပေါ်သို့ တိတ်ဆိတ်စွာ ကျရောက်သွားသည်။
ဘေးတွင် အိပ်ပျော်နေဆဲဖြစ်သော အမျိုးသား၏ တိတ်ဆိတ်သော်လည်း လုံခြုံမှုပေးစွမ်းနိုင်သည့် ကျန်ရစ်နေသော နွေးထွေးမှုကို ခံစားလိုက်ရပြီးနောက် သူမ တိတ်ဆိတ်စွာ ထထိုင်လိုက်ကာ ပိုးသားစောင်က သူမ၏ ခန္ဓာကိုယ်ပေါ်မှ လျောကျသွားလေသည်။
သူမက ပါးလွှာသော ဝတ်ရုံကို ခပ်လျော့လျော့ လွှမ်းခြုံလိုက်၏။ သူမ၏ ခြေဗလာလေးများက သစ်သားကြမ်းပြင်ကို အသံမထွက်စေဘဲ ထိတွေ့သွားသည်။
သူမ ပြတင်းပေါက်သို့ လျှောက်သွားကာ အေးစက်သော ညလေညင်းကို သူမ၏ အသားအရေပေါ်သို့ ဖြတ်သန်းတိုက်ခတ်စေလိုက်လေသည်။
တိတ်ဆိတ်နက်ရှိုင်းသော တွေးတောမှုများအတွင်း သူမဘာကို တကယ် တွေးနေမိမှန်း သူမကိုယ်တိုင်သာ သိနိုင်ပေလိမ့်မည်။