အခန်း (၇၉) - သိန်းဂဏန်းဆိုတာ အပြောလွယ်ပါတယ်!
စာကြည့်ခန်းအတွင်း၌ ရဲ့ထျန်းယင်သည် ပင်ပန်းနွမ်းနယ်နေသော အမူအရာဖြင့် သူ၏ရှေ့မှ ကုလားထိုင်ကို ညွှန်ပြလိုက်သည်။ "ထိုင်ဦး"
ရဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်သော်လည်း သူခိုင်းသည့်အတိုင်း ထိုင်လိုက်သည်။ ဖခင်ဖြစ်သူကို ကြည့်ရင်း ဘာစကားစပြောရမှန်း သူ မသိဖြစ်နေ၏။
ရဲ့ထျန်းယင်က သူ့ကို ကြည့်ကာ "ဘာတွေဖြစ်နေလဲဆိုတာ မင်း သိချင်နေတယ် မဟုတ်လား"
ရဲ့ဖုန်း ခေါင်းငြိမ့်ပြလိုက်သည်။ သူ၏ဖခင်က ဆက်ပြောပြသည်မှာ "မင်းလည်း အခု 'အခြေခံအုတ်မြစ်တည်ခြင်းအဆင့်' ကို ရောက်ပြီဆိုတော့ နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ မင်းသိသင့်ပြီ။ လွန်ခဲ့တဲ့ သုံးလလောက်က ကျန်းရှုဟန် ငါ့ဆီကို ရုတ်တရက် ရောက်လာပြီး ကုန်စည်အမြောက်အမြား အရေးပေါ် အော်ဒါလာတင်တယ်။ ငါတို့ဆီမှာ အဲဒီလောက်အထိ လက်ကျန်မရှိပေမဲ့ ပုံမှန်သွင်းပေးနေကျ ကုန်သည်တွေနဲ့ စကားပြောကြည့်ရင် ဖြစ်နိုင်မယ်လို့ ငါထင်ခဲ့မိလို့ သဘောတူလိုက်တာ"
"ဒါပေမဲ့ စာချုပ်ထဲမှာ တစ်ချက်ပါလာတာက... အကယ်၍ သုံးလအတွင်း အရောက်မပို့နိုင်ရင် အဆတစ်ရာ လျော်ကြေးပေးရမယ်ဆိုတဲ့ အချက်ပဲ။ အဲဒီတုန်းက တခြားမိသားစုတွေကလည်း အချိန်မီ ပေးနိုင်မယ်လို့ အာမခံထားကြတာဆိုတော့ ငါလည်း သိပ်ပြီး အလေးမထားမိလိုက်ဘူး။ အဲဒါကြောင့်ပဲ ငါတို့မိသားစု အခုလို ဒုက္ခတွင်းထဲ ကျသွားရတာပေါ့"
စကားအဆုံးတွင် ရဲ့ထျန်းယင်က သူ၏သားကို ကြည့်လိုက်သည်။ "မင်း ဘယ်လိုထင်လဲ"
အချိန်အတော်ကြာပြီးနောက် ရဲ့ဖုန်းသည် စာကြည့်ခန်းထဲမှ ထွက်လာခဲ့ရာ အခန်းဘေးတွင် စောင့်နေသော လီကွမ်ချီကို တွေ့လိုက်ရသည်။
သူတို့ စကားပြောဖြစ်ကြစဉ် လီကွမ်ချီ မျက်မှောင်ကြုတ်သွားသည်။ သူ ကြားဖြတ်နားထောင်မိသမျှကို ပြန်စဉ်းစားရင်း "မင်းနဲ့ မင်းအဖေက လမ်းကြောင်းလွဲပြီး စဉ်းစားနေကြတာလို့ ငါထင်တယ်။ ဒါတွေအားလုံးက ကျန်းမိသားစုက ဆင်ထားတဲ့ ထောင်ချောက်ပဲ။
မင်းအဖေ ဆက်သွယ်ထားတဲ့ ကုန်သည်တွေကို သူတို့ ပိုက်ဆံပေးပြီး အကွက်ဆင်ထားတာ ကျိန်းသေတယ်။ ပြီးတော့ သူတို့က ရဲ့မိသားစုရဲ့ စီးပွားရေးကိုပဲ လိုချင်နေတာ မဟုတ်ဘူးလို့ ငါထင်တယ်"
ရဲ့ဖုန်း၏ ရင်ဘတ်ထဲ တင်းကျပ်သွားသည်။ "ဘာလဲ"
လီကွမ်းချီက အသံလွှင့်မှော်ပညာ ကို အသုံးပြု၍ အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ကျန်းမိသားစုရဲ့ တကယ့်ပန်းတိုင်က မင်းရဲ့ညီမလေး ရဲ့ချင်းအာ ဖြစ်ဖို့ များတယ်"
အခန်းထဲ ပြန်ဝင်ပြီးနောက် လီကွမ်ချီက သူကြားခဲ့ရသည်များနှင့် သူ၏ သံသယများကို ထပ်မံ ပြောပြလိုက်သည်။ ရဲ့ထျန်းယင်မှာ ဒေါသတကြီးဖြင့် စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ "ဒါကြောင့်ကိုး... ကျန်းရှုဟန်က ငါ့ကို ချင်းအာကိုပါ ခေါ်လာဖို့ အတင်းပြောနေတာ! အဲဒီကောင်ယုတ်! ကျန်းယွမ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက တကယ်ပဲကိုး!"
လီကွမ်းချီက ရဲ့ချင်းအာ၏ အရှိန်အဝါမှ ခံစားမိသည်များကို ပြန်စဉ်းစားကာ မေးလိုက်သည်။ "ရဲ့ချင်းအာမှာ 'ရေဓာတ်ခံဝိညာဥ်အမြုတေ' ရှိတာလား"
ရဲ့ထျန်းယင်က ခေါင်းငြိမ့်လိုက်၏။ "ဟုတ်တယ်။ ချင်းအာမှာ 'ယင်ရေဓာတ်ခန္ဓာကိုယ်' ရှိတယ်။ ဟွန့်! ငါတို့ကို ထောင်ချောက်ဆင်နေကြတာပေါ့လေ!"
ရဲ့ဖုန်းက "အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ" ဟု မေးလိုက်သည်။
လီကွမ်ချီ အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ "လုပ်နိုင်တာ သိပ်မရှိဘူး။ ကျန်းမိသားစုက ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လာပြီဆိုကတည်းက မင်းတို့ဘက်က 'ဝိညာဥ်ဆေးဖက်ဝင်အပင်' တွေကို အချိန်မီ မပေးနိုင်ဘူးဆိုတာ သူတို့ ယုံကြည်ချက်ရှိနေလို့ပဲ။ စာချုပ်ကိစ္စမှာလည်း... သူတို့က အဲဒီအချက်တွေကိုပဲ အတင်းကိုင်ထားမှာ"
ရဲ့ဖုန်းက "လျော်ကြေး ဘယ်လောက် ပေးရမှာလဲ" ဟု ထပ်မေးသည်။
ရဲ့ထျန်းယင်က နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်၏။ "အနိမ့်စား ဝိညာဥ်ကျောက်တုံး တစ်သန်း..."
ထို့နောက် သူက မျက်လုံးများကို ပြန်ဖွင့်ကာ အော်ဟစ်လိုက်သည်။
"ဟွန့်! ငါ ဝိညာဥ်ကျောက်တုံး တစ်သန်း ပေးရမယ်ဆိုရင်တောင် ချင်းအာကိုတော့ အဲဒီလူမိုက်လေးနဲ့ လက်မထပ်စေရဘူး! မိသားစု ဘဏ္ဍာတိုက်တစ်ခုလုံး ပြောင်သွားပါစေဦးတော့၊ ငါ အစကနေ ပြန်စမယ်!"
ရဲ့ဖုန်း စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသည်။ သူသည် ခေါင်းငုံ့ကာ မေးလိုက်၏။ "အဖေ... ချင်းအာက အဖေ့အတွက် ဒီလောက် အရေးကြီးနေတာဆိုရင် ဘာလို့ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော်တို့နဲ့ အမေကို လျစ်လျူရှုထားခဲ့တာလဲ"
ရဲ့ထျန်းယင်က လီကွမ်ချီကို တစ်ချက်ကြည့်ပြီးမှ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ "လျစ်လျူရှုတယ် ဟုတ်လား? ငါသာ မင်းတို့ကို တကယ် လျစ်လျူရှုခဲ့ရင် မင်း ဒီအိမ်တော်မှာ နေစရာ ရှိပါဦးမလား။
မင်း လိုချင်သမျှ အစားအသောက်၊ အဝတ်အစားနဲ့ ငွေကြေးတွေကော ရနေပါ့မလား"
ရဲ့ဖုန်း စကားမပြောနိုင်တော့ပေ။
ဖခင်ဖြစ်သူက ဆက်ပြောသည်မှာ "ငါက အေးစက်ပြီး မင်းအစ်ကိုတွေကိုပဲ မျက်နှာသာပေးတယ်လို့ မင်းထင်နေမှာပဲ။ အမှန်က မင်းက ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းမယ့်သူဆိုတာ ငါသိလို့ မိသားစု စီးပွားရေးတွေထဲမှာ မင်းကို မပါစေချင်ခဲ့တာ။ မင်းအစ်ကိုတွေကိုတော့ ငါ သိပ်ပြီး အများကြီး မျှော်လင့်မထားဘူး၊ သူတို့အတွက်က စီးပွားရေးကို စီမံခန့်ခွဲနိုင်ရင် လုံလောက်ပြီ"
"အခု မင်းလည်း 'အခြေခံအုတ်မြစ်တည်ခြင်းအဆင့်' ကို ရောက်ပြီဆိုတော့ အချိန်တန်ပြီ။ မနက်ဖြန်ကစပြီး မင်း ရှေ့ဆောင်ဝင်းထဲကို ပြောင်းလာခဲ့တော့"
ရဲ့ဖုန်း၏ မျက်ဝန်းများ နီမြန်းလာသည်။ နှစ်ပေါင်းများစွာက ခံစားခဲ့ရသမျှ အာဃာတများမှာ အလိုအလျောက် ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။
လီကွမ်ချီက သူတို့သားအဖ သီးသန့်စကားပြောနိုင်ရန် အပြင်သို့ ငြိမ်သက်စွာ ထွက်လာခဲ့သည်။
သူ လမ်းလျှောက်လာရင်း မျက်မှောင်ကြုတ်ထားသည်မှာ ပြုံးရိပ်သို့ ပြောင်းလဲသွားသည်။ "ငါ သူတို့ကို လိုအပ်နေတဲ့ တွန်းအားတစ်ခု ပေးလိုက်နိုင်ပုံပဲ..."
သုံးရက်ဆိုသည့် အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ရဲ့ဖုန်း၏ မိသားစုသည် အိမ်တော်အနောက်ဘက်မှ အကောင်းဆုံးဖြစ်သည့် အရှေ့ဆောင်ဝင်းသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ဝင်းအသစ်မှာ ကျယ်ဝန်းလှပြီး အစေခံများလည်း ယခင်ကထက် ပိုများလာကာ အားလုံးက ပိုမို ယဉ်ကျေးပျူငှာလာကြသည်။
ရဲ့ထျန်းယင်မှာမူ နှစ်ရက်တိုင်တိုင် ပျောက်နေခဲ့သည်—သူသည် ပေါက်ဈေးထက် သုံးဆပေး၍ ဝိညာဥ်ဆေးဖက်ဝင်အပင်များကို ကိုယ်တိုင်လိုက်လံ ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လက်ဗလာနီးပါးဖြင့်သာ ပြန်ရောက်လာခဲ့၏။
ယခုမူ သူသည် ပင်မခန်းမဆောင်တွင် နွမ်းနယ်စွာ ထိုင်နေသည်။ သူ၏ ဆံပင်များတွင် ဆံဖြူများပင် သိသိသာသာ ပေါက်လာခဲ့ပြီ။
ရဲ့ဖုန်း ဘာမှမပြောပေ။ ဒီနေ့က နောက်ဆုံးရက်ဖြစ်သည်။
ရဲ့ထျန်းယင်က မျက်လုံးများကို ဖွင့်ကာ သက်ပြင်းချလိုက်သည်။ "မစိုးရိမ်တော့ဘူး။ ဒီတောင်ပေါ်အိမ်တော်ကြီးကို ရောင်းရမယ်ဆိုရင်တောင် ရောင်းပစ်လိုက်ရုံပဲပေါ့"
သူသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးသား ဖြစ်ကြောင်း ထင်ရှားသည်။
ဘုန်း!
ကောင်းကင်ယံမှ ပြင်းထန်သော အရှိန်အဝါနှစ်ခုက အိမ်တော်တစ်ခုလုံးကို ဖိနှိပ်လိုက်သည်။
ရဲ့ထျန်းယင်က အေးစက်စွာ နှာမှုတ်လိုက်ရင်း ထိုသူတို့ကို ရင်ဆိုင်ရန် ပျံတက်သွားသည်။
ကျန်းရှုဟန်နှင့် အခြား အဖိုးအိုတစ်ဦးမှာ ကောင်းကင်ယံတွင် ရပ်နေကြသည်။ သူတို့နောက်တွင်မူ ကျန်းရှုဟန်၏သား ကျန်းယွမ် ရှိနေ၏။ သူတို့၏ ဝတ်ရုံရှည်များမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေကြသည်။
ရဲ့ဖုန်းက သူ၏ ဓါးကို အမြန်ဆွဲယူကာ ဖခင်ဖြစ်သူနောက်သို့ ပျံတက်လိုက်သည်။
လီကွမ်ချီမှာလည်း သူ၏ ကျောက်စိမ်းဆက်သွယ်ရေးပြားမှ သတင်းတစ်ခု ရရှိပြီးနောက် နောက်ကွယ်မှ လိုက်ပါလာသည်။
ရဲ့ထျန်းယင်သည် သူတို့ရှေ့ 'သုံးတောင်' အကွာတွင် ရပ်တန့်လိုက်ပြီး "ဟွန့်! အကြွေးတောင်းရတာ ဒီလောက်တောင် အလောတကြီး ဖြစ်နေရသလား"
ကျန်းရှုဟန်က ရယ်မောလိုက်ပြီး သွေးစက်နှစ်စက်ပါသည့် ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်လိုက်သည်။ ၎င်းမှာ သူတို့နှစ်ဦး လက်မှတ်ထိုးထားသည့် စာချုပ်ကျောက်စိမ်းပြား ဖြစ်သည်။
"ရဲ့ထျန်းယင်.. စာချုပ်ပါ သတ်မှတ်ရက် ရောက်လာပြီ။ မင်း ဆုံးဖြတ်ပြီးပြီလား? တို့နှစ်မိသားစု မင်္ဂလာပွဲကျင်းပပြီး ပျော်ပျော်ရွှင်ရွှင် ပေါင်းကြမလား? ဒါမှမဟုတ် ရဲမိသားစုတစ်ခုလုံး ဖျာပုံရာပုံ ဘဝရောက်သွားမလား?"
ရဲ့ထျန်းယင်က မဲ့ပြုံးပြုံးလိုက်၏။ "ငါ ပိုက်ဆံအများကြီးပေးပြီး ဝိညာဥ်ဆေးဖက်ဝင်အပင်တွေ ဝယ်လို့မရအောင် မင်း တော်တော်လေး ကြိုးစားထားပုံရတယ်နော်"
ကျန်းရှုဟန်က ရယ်မောလိုက်သည်။ "လီတစ်ရာ ပတ်လည်မှာရှိတဲ့ 'တောင်နီမြက်' မှန်သမျှကို ငါ အကုန် သိမ်းကျုံးဝယ်ထားပြီးပြီ။ မင်းသာ ရှာလို့ရသေးတယ်လို့ ထင်နေရင် အိပ်မက်မက်နေတာပဲ ဖြစ်မှာ။ မင်းသမီးကို ငါ့သားနဲ့ ပေးစားလိုက်ရင် အားလုံး ပြီးသွားလိမ့်မယ်။ မဟုတ်ရင်တော့ ငါ့ကို ဝိညာဥ်ကျောက်တုံး တစ်သန်း ပေး၊ ဒါဆိုရင် ငါ ထွက်သွားပေးမယ်"
ရဲ့ထျန်းယင်၏ မျက်နှာ ပျက်သွားသည်။
သူသည် လက်ကို ဝေ့ယမ်းလိုက်ရာ 'သိုလှောင်အိတ်' သုံးဆယ်ကျော်က သူတို့ဆီသို့ လွင့်သွားတော့သည်။ ထို့နောက် 'ချုံထိုင်တောင်ပေါ်အိမ်တော်' ၏ မြေကွက်ပိုင်ဆိုင်မှု စာချုပ်ကိုပါ ပစ်ပေးလိုက်၏။
"အိတ်တွေထဲမှာ ဝိညာဥ်ကျောက်တုံး ခြောက်သိန်းနဲ့ သိန်းနှစ်သိန်း တန်ဖိုးရှိတဲ့ ဆေးဖက်ဝင်အပင်တွေ ပါတယ်။ ချုံးထိုင်တောင်ပေါ်အိမ်တော်ရဲ့ ပိုင်ဆိုင်မှု စာချုပ်ကိုလည်း ငါ ထည့်ပေးလိုက်ပြီ"
"သိန်းဂဏန်းဆိုတာ အပြောလွယ်ပါတယ်! အကုန်ယူသွားလိုက်တော့!"