အခန်း (၇၈) - ရဲ့ထျန်းယင်၏ ရင်ဆိုင်မှု
ပင်မခန်းမဆောင်၏ အထက်ပိုင်းတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ထိုင်နေကြသည်။ ဘယ်ဘက်တွင် ထိုင်နေသူမှာ အပြာရင့်ရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ခါးတွင် ကျောက်စိမ်းခါးပတ်ကို ပတ်ထားသည်။ သူ၏ ရုပ်ရည်မှာ ထက်မြက်ပြီး ယောက်ျားပီသလှ၏။ သူကား ရဲ့ဖုန်း၏ ဖခင်ဖြစ်သူ 'ရွှေအမြုတေအဆင့်' အစောပိုင်းသို့ ရောက်ရှိထားသည့် ကျင့်ကြံသူ ရဲ့ထျန်းယင်ပင်ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ သူ၏ မျက်နှာထက်၌ အလိုလိုက်အကြိုက်ဆောင်သည့် အပြုံးတစ်ခုက စွန်းထင်နေသည်။
သူ၏ နောက်ကွယ်တွင်မူ ဖျော့တော့သည့် အပြာရောင် ဂါဝန်ရှည်ကို ဆင်မြန်းထားသော မိန်းကလေးတစ်ဦး ငြိမ်သက်စွာ ရပ်နေ၏။ သူမမှာ ရဲ့ချင်းအာ ပင်ဖြစ်သည်။ သူမ၏ လှပနုနယ်သော ပါးပြင်ပေါ်တွင် မျက်ရည်စများက စီးကျနေပြီး မျက်ဝန်းတစ်စုံက ကြမ်းပြင်သို့ စိုက်ကြည့်နေရှာသည်။
ရဲ့ထျန်းယင်းက စပျစ်ရည်ခွက်ကို မြှောက်ကာ ပြုံးလိုက်ရင်း "ညီနောင်ကျန်း... ကျုပ်တို့ဘက်က ပစ္စည်းမပေးချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့... ကျုပ်ဆီကို သွင်းပေးနေကျ ကုန်သည်တွေ ဘာဖြစ်ကုန်လဲ မသိဘူး၊ ရုတ်တရက်ကြီး အချိန်မီ မပို့နိုင်ဘူး ဖြစ်နေလို့ပါ။ ကျုပ်တို့ ခင်မင်လာတဲ့ သက္ကရာဇ်တွေကို ထောက်ထားပြီး နောက်ထပ် နှစ်ရက်လောက်ပဲ အချိန်ပေးပါဦး"
သူ့အနားတွင် ထိုင်နေသည့် ခန္ဓာကိုယ် အနည်းငယ် ဝဖြိုးသူမှာမူ အလွန်ပင် သက်သောင့်သက်သာ ရှိနေပုံရသည်။ သူက ရွှေနဂါးပုံစံ ပန်းထိုးထားသည့် အပြာရောင်ဝတ်ရုံကို ဆင်မြန်းထား၏။ နှာခေါင်းမှာ ကြက်သွန်ဖြူလုံးကဲ့သို့ ကားနေပြီး နှုတ်ခမ်းများမှာ ထူထဲကာ မျက်လုံးများထဲတွင် ကောက်ကျစ်သည့် အရိပ်အယောင်များ ယှက်သန်းနေသည်။ သူက ခြေထောက်တစ်ဖက်ကို ချိတ်ကာ ထိုင်နေပြီး စားပွဲပေါ်မှ စပျစ်ရည်ခွက်ကို မမယူဘဲ လက်ဖြင့် လှည့်ကစားနေလေသည်။
သူကား ကျန်းမိသားစု၏ အိမ်ထောင်ဦးစီးဖြစ်ပြီး ဆေးဘက်ဝင် အပင်လုပ်ငန်းတွင် ထိပ်သီးတစ်ဦးဖြစ်သည့် ကျန်းရှုဟန် ပင်ဖြစ်သည်။ သူသည် 'ရွှေအမြုတေအဆင့်' အလယ်အလတ်သို့ ရောက်ရှိထားသည့် အစွမ်းထက် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။
"အဟက်... ရဲ့ကြီးရာ၊ ကျုပ်က ခင်ဗျားကို အချိန်မပေးချင်တာ မဟုတ်ပါဘူး။ ဒီကုန်စည်တွေက အဓိက ဂိုဏ်းကြီးတစ်ခုကို ပို့ရမှာဗျ။ ဂိုဏ်းကြီးတွေနဲ့ စီးပွားရေးလုပ်ရတာ ဘယ်လောက် ခက်ခဲလဲ ခင်ဗျား သိတာပဲ။ သူတို့က ရလဒ်ကိုပဲ ကြည့်တာ။ ကျုပ်သာ ဒီအလုပ်ကို အလေးမထားရင် အဆတစ်ရာ လျော်ကြေးပေးရမယ့် စာချုပ်မျိုးကို လက်မှတ်ထိုးပါ့မလား"
"ပြီးတော့ ဒါက အကြီးစား အရောင်းအဝယ်ကြီးဗျ။ ကျုပ်တို့က ခင်မင်ရင်းနှီးမှု မရှိရင် ဒီကုန်စည်ရဲ့ တစ်ဝက်ကို ခင်ဗျားဆီ ခွဲပေးပါ့မလား။ ဒါသာ အောင်မြင်သွားရင် ကျုပ်တို့ ဘယ်လောက်တောင် အမြတ်အစွန်း ရမလဲဆိုတာ ခင်ဗျားလည်း သိသားပဲ"
ကျန်းရှုဟန်က ထိုနေရာတွင် စကားကို ခေတ္တရပ်လိုက်သည်။
ရဲ့ထျန်းယင်၏ နဖူးတွင် ချွေးစေးများ ပျံတက်လာ၏။ ဤအလုပ်၏ တန်ဖိုးကို သူ ကောင်းကောင်း သိသော်လည်း ယခုအချိန်တွင် ပစ္စည်းက လက်ဝယ်မရှိပေ။ အကယ်၍သာ စာချုပ်ကို ဖောက်ဖျက်ပြီး လျော်ကြေးပေးရမည်ဆိုလျှင်... ရဲ့မိသားစု၏ ဘဏ္ဍာတိုက်တစ်ခုလုံး ပြောင်သလင်းခါသွားမည်ဖြစ်ပြီး အခြားသော စီးပွားဖက်များကလည်း စာချုပ်များ ဖျက်သိမ်းကာ ဝိုင်းအုံ တောင်းဆိုကြပေလိမ့်မည်။
ထိုအခါ ရဲ့မိသားစုမှာ တစ်ညတွင်းချင်းပင် ချောက်ထဲသို့ ထိုးကျသွားတော့မည် ဖြစ်သည်။
ရဲ့ထျန်းယင်ဘာမှပြန်မပြောနိုင်ခင်မှာပင် ကျန်းရှုဟန်က ဆက်ပြောလိုက်သည် "ကုန်ပစ္စည်း အပ်ရဖို့ သုံးရက်ပဲ လိုတော့တယ်။ ကျုပ်ဘက်က တစ်ဝက်ကတော့ အဆင်သင့်ပဲ။ ရဲ့ကြီး... ခင်ဗျားဘက်က တစ်ဝက်အတွက် ကျုပ် ဘာလုပ်ပေးရမလဲ"
ရဲ့ထျန်းယင်မျက်မှောင်ကြုတ်သွားသည်။ သူသည် ကျန်းရှုဟန်အား အကြိမ်ကြိမ် နှိမ့်ချကာ တောင်းပန်ခဲ့ပြီးပြီ ဖြစ်သော်လည်း ကျန်းရှုဟန်ကမူ ခေါင်းမာနေဆဲဖြစ်ကာ စာချုပ်အကြောင်းကိုသာ ထပ်တလဲလဲ ပြောနေခဲ့သည်။
ရုတ်တရက် အပြင်ဘက်မှ တစ်စုံတစ်ယောက် အပြေးအလွှား ဝင်လာသည်ကို သူ မြင်လိုက်ရသည်။ ရဲ့ထျန်းယင်မျက်မှောင်ကြုတ်လျက် ရဲ့ဖုန်းကို ကြည့်ကာ မေးလိုက်၏။ "မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ...? နေပါဦး! မင်း 'အခြေခံအုတ်မြစ်တည်ခြင်းအဆင့်' ကို ရောက်သွားပြီလား"
ရဲ့ထျန်းယင်၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်အချို့ ဖြတ်ပြေးသွားသည်။ သူက ရဲ့ဖုန်းကို လက်ယပ်ခေါ်လိုက်ပြီး "လာ... ဒီမှာ လာထိုင်"
ရဲ့ဖုန်း တွေဝေသွားသည်။ သူနှင့် ဖခင်ဖြစ်သူ၏ ဆက်ဆံရေးမှာ အမြဲတမ်း အေးစက်ခဲ့သည်သာ။ ယခင်ကဆိုလျှင် ယခုကဲ့သို့ လူစုံသည့်ပွဲမျိုးတွင် သူသည် အခန်း၏ ထောင့်တစ်နေရာ၌သာ မတ်တတ်ရပ်နေရစမြဲ ဖြစ်သည်။ သို့သော် ယခုမူ တင်းမာလှသည့် အခြေအနေကြားတွင်ပင် သူ၏ဖခင်က သူ့ကို ဘေးနားတွင် လာထိုင်ရန် ဖိတ်ခေါ်နေသည်။
လီကွမ်ချီမှာလည်း တံခါးဝတွင် ပေါ်လာသည်။
ရဲ့ဖုန်းက "ဒါ ကျွန်တော့်သူငယ်ချင်းပါ" ဟု ပြောလိုက်သည်။
ရဲ့ထျန်းယင်းက ခေါင်းအနည်းငယ် ငြိမ့်ပြကာ လီကွမ်ချီကိုပါ ထိုင်ရန် အမူအရာပြလိုက်သည်။ ရဲ့ဖုန်း မျက်မှောင်ကြုတ်မိသော်လည်း ဘာမှမပြောတော့ပေ။ သူတို့ ထိုင်လိုက်ကြပြီးနောက် ရဲ့ဖုန်းက ရဲ့ချင်းအာကို စိတ်ချရန် ခေါင်းငြိမ့်ပြလိုက်သည်။
ကျန်းရှုဟန်၏ မျက်လုံးများထဲတွင် ကောက်ကျစ်သည့် အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
"ခင်ဗျားရဲ့ တတိယသားက အခြေခံအုတ်မြစ်တည်ခြင်းအဆင့်ကို ရောက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။ ဂုဏ်ယူပါတယ်ဗျာ"
ထို့နောက် ကျန်းရှုဟန်က ထကာ ပြန်ရန် ပြင်လိုက်သည်။
ရုတ်တရက် ရဲ့ထျန်းယင်က စားပွဲပေါ်ရှိ စပျစ်ရည်ခွက်ကို ရိုက်ခွဲလိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ အောက်ကျို့နေသော အမူအရာများမှာ ပျောက်ကွယ်သွားပြီး အေးစက်တည်ငြိမ်သည့် အမူအရာသာ ကျန်ရှိတော့သည်။
ကျန်းရှုဟန်က ဖြည်းဖြည်းချင်း လှည့်ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။ "ငါ့ခွက်ကို ရိုက်ခွဲတယ်ပေါ့? ဒါက ဘာသဘောလဲ"
ရဲ့ထျန်းယင်ကလည်း မတ်တတ်ထရပ်ကာ ကျန်းရှုဟန်ကို စိုက်ကြည့်ရင်း ရုတ်တရက် အော်ဟစ်ရယ်မောလိုက်သည်။ "ခင်ဗျား စိတ်ကူးထဲမှာ ဆုံးဖြတ်ပြီးသားကြီးပဲ၊ ဘာလို့ ဟန်ဆောင်နေဦးမှာလဲ။
ကျန်းရှုဟန်... ခင်ဗျား ဘာအတွက် လာတယ်ဆိုတာကိုပဲ တဲ့တိုးပြောစမ်းပါ။ ငါလည်း ဒီလောက်အထိ အောက်ကျို့ပြီး ခွေးတိုးဝက်တိုး တောင်းပန်ပြခဲ့တာ လုံလောက်ပါပြီ။ ပြောစမ်း... ကျန်းမိသားစုက ဘာကို လိုချင်နေတာလဲ"
ကျန်းရှုဟန်၏ ပါးပြင် ကြွက်သားများ လှုပ်ခတ်သွားသည်။
သူက ရဲ့ဖုန်း၏ အနောက်မှ မိန်းကလေးငယ်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်၏။ "ရဲ့ကြီးရာ... ဘာလို့ ဒီလောက် ဒေါသထွက်နေတာလဲ။ ဒါက သေးသေးလေးပါ၊ လျော်ကြေးကိစ္စက ဖြေရှင်းရတာ လွယ်ပါတယ်။"
ရဲ့ထျန်းယင်၏ ရင်ဘတ်ထဲ တင်းကျပ်သွားသည်။ ကျန်းရှုဟန် တစ်ခုခု မကောင်းတာ ကြံစည်နေပြီဆိုသည်ကို သူ သိလိုက်ပြီ။
သူ တွေးထားသည့်အတိုင်းပင် ကျန်းရှုဟန်က ပြုံးလျက် ပြောလိုက်သည် "ချင်းအာက ဒီနှစ်ဆို ဆယ့်လေးနှစ် ပြည့်ပြီ မဟုတ်လား။ အခုဆို အပျိုဖော်ဝင်လို့ တော်တော်လေး အရွယ်ရောက်နေပြီပဲ။ ငါ့သား ကျန်းယွမ်နဲ့ဆိုရင် တော်တော်လိုက်ဖက်မှာ။ ကျုပ်တို့နှစ်မိသားစုသာ တစ်ဆွေတစ်မျိုးတည်း ဖြစ်သွားရင် ဒီလိုကိစ္စလေးတွေက ဘာမှမဟုတ်တော့ပါဘူး"
ကျန်းရှုဟန်၏ အပြုံးကို ကြည့်ရင်း ရဲ့ထျန်းယင်၏ ကျောရိုးထဲအထိ စိမ့်တက်သွားသည်။
ရဲ့ဖုန်းက ဒေါသတကြီးဖြင့် ဝုန်းခနဲ ထရပ်လိုက်သည်။ "အိမ်မက်ပဲ မက်နေလိုက်! တစ်ခုတော့ ရှင်းရှင်းပြောထားမယ်။ ငါ့ညီမကို ဘယ်သူနဲ့ပဲ လက်ထပ်လက်ထပ်၊ ကျန်းယွမ်နဲ့တော့ လုံးဝ မဖြစ်နိုင်ဘူး!"
သူ၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ကျန်းယွမ်ဆိုသည်မှာ မည်သို့သော လူစားမျိုးလဲဆိုသည်ကို သူ ကောင်းကောင်း သိထားသည်။
သူက အလိုလိုက်ခံထားရသည့်၊ စိတ်ဓာတ်ပုတ်ခတ်ပြီး ယုတ်မာသည့် ကောင်စားမျိုး ဖြစ်သည်။ မိသားစုအရှိန်အဝါကို အကာအကွယ်ယူပြီး ဆင်းရဲသား မိန်းကလေးတွေကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူ ဖြစ်သည်။ ကျန်းအိမ်တော်ထဲ ရောက်သွားသည့် မိန်းကလေးများထဲတွင် အသက်ရှင်လျက် ပြန်ထွက်လာသူ အလွန်နည်းပါးပြီး ထွက်လာနိုင်သူများကိုလည်း ငွေပေး၍ နှုတ်ပိတ်လေ့ရှိသည်။
ထို့ကြောင့် 'မဟာရှဓါးဂိုဏ်း' က ကျေးလက်မိန်းကလေးကို အဓမ္မကျင့်သည့် ပြင်ပဂိုဏ်းသားတစ်ဦးကို ကွပ်မျက်လိုက်စဉ်က ရဲ့ဖုန်းတစ်ယောက် ဝမ်းသာခဲ့ဖူးသည်။သူသည် ကျန်းယွမ်နှင့် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့သူ ဖြစ်သည်။ ကျန်းယွမ်သည် မိန်းမများနှင့် ပတ်သက်လျှင် ဖောက်ပြန်သည့် ဝါသနာများစွာရှိသော သွေးအေးသူတစ်ယောက် ဖြစ်ကြောင်း သူ သိနေသည်။
ကျန်းရှုဟန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ထိုအခါ ရဲ့ဖုန်း၏ အပေါ်သို့ ပြင်းထန်သော ဖိအားလှိုင်းတစ်ခု ကျရောက်လာ၏။
ဘုန်း!
ရဲ့ဖုန်း ထိုင်နေသည့် ကုလားထိုင်မှာ ပေါက်ကွဲသွားသည်။ သူသည် မမြင်ရသော အင်အားတစ်ခု၏ ဖိနှိပ်မှုကြောင့် ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး မလှုပ်သာတော့ပေ။
ကျန်းရှုဟန်က သူ့ကို ရွံရှာစွာ ကြည့်ရင်း ကောက်ကျစ်စွာ ပြုံးလိုက်သည်။ "အခြေခံအုတ်မြစ်တည်ခြင်းအဆင့်လောက်ရှိတဲ့ ကလေးက ငါ့ကို အော်ရဲတယ်ပေါ့? ရဲ့ထျန်းယင်.. ခင်ဗျားက သားကို ဆုံးမဖို့ ပျက်ကွက်နေပုံရတယ်။ ကျုပ်ကပဲ အစား ဆုံးမပေးရမလား"
လီကွမ်းချီက သူ၏ ဓါးကို ဆွဲထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ 'သက်စောင့်စွမ်းအား' များသည် တရှိန်ရှိန် တက်လာပြီး မျက်ဝန်းထဲတွင်လည်း သတ်ဖြတ်လိုသည့် အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။ တစ်ကိုယ်လုံးရှိ ကြွက်သားများ တင်းမာသွားကာ သူ၏ ခြေဖဝါးအောက်ရှိ ကျောက်ပြားများမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွား၏။
သူသည် ဘယ်လက်ဖြင့် လက်ကွက်အချို့ကို ဖော်ဆောင်လိုက်ပြီး ညာလက်ဖြင့် ဓါးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
ရုတ်တရက် လေပြင်းများ တိုက်ခတ်လာပြီး ရဲ့အိမ်တော်အထက်တွင် တိမ်မည်းများ လိပ်တက်လာကာ ဝေးလံသော အရပ်မှ မိုးခြိမ်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။
ဘုန်း!
နောက်ထပ် အစွမ်းထက်သည့် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြန်သည်။ ရဲ့ထျန်းယင်က သူတို့နှစ်ဦးကြားသို့ ဝင်ရပ်လိုက်ပြီး လီကွမ်းချီကို တားဆီးရန် လက်မြှောက်ပြလိုက်သည်။ ထို့နောက် သူ၏ ခါးမှ ဓါးကို ဆွဲထုတ်ကာ ကျန်းရှုဟန်၏ မျက်နှာတည့်တည့်သို့ ချိန်ရွယ်လိုက်၏။
သူက မဲ့ပြုံးတစ်ခုဖြင့် ပြောလိုက်သည် "လုပ်ကြည့်လေ... စမ်းကြည့်လိုက်စမ်းပါ။ ငါက ယဉ်ကျေးလို့ 'ညီနောင်ကျန်း' လို့ ခေါ်နေတာကို မင်းက ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်နေတာလား။ မင်း ရွှေအမြုတေအဆင့်ကို ရောက်ခဲ့တာ ကံကောင်းလို့ပဲ။ ပြီးတော့ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ 'လျိုကျား ခရမ်းရောင် ဂျင်ဆင်း' ကို ရခဲ့လို့သာ ရွှေအမြုတေ အလယ်အလတ်အဆင့်ကို တက်နိုင်ခဲ့တာ။
အဲဒါသာ မရှိရင် ကျန်းမိသားစုဆိုတာ မျိုးနွယ်စုကြီးတောင် ဖြစ်လာမှာ မဟုတ်ဘူး။ ငါ့အတွက်တော့ မင်းက ကံကောင်းလို့ ချမ်းသာလာတဲ့ အကောင်ထက် မပိုဘူး"
ကျန်းရှုဟန်၏ ပါးပြင် ကြွက်သားများ တဆတ်ဆတ် တုန်သွားသည်။ သူသည် "ကံကောင်းလို့ ချမ်းသာလာသူ" ဟူသော စကားရပ်ကို အလွန် မုန်းတီးသူ ဖြစ်သည်။ သူ၏ မျက်လုံးများက အေးစက်စွာ တောက်ပလာ၏။
"ငါ ပေးစရာရှိတဲ့ ရွေးချယ်စရာတွေကို ပေးပြီးပြီ။ သုံးရက်အတွင်းမှာ ကုန်ပစ္စည်းကို ပေးမလား၊ လျော်ကြေးပေးမလား။ အဲဒီလျော်ကြေးကို ရဲ့မိသားစု ပြန်ရုန်းနိုင်ပါဦးမလားဆိုတာ ငါ သံသယဖြစ်မိတယ်နော်။ ဟွန့်!"
ကျန်းရှုဟန်က သူ၏ ဝတ်ရုံစကို ခါယမ်းကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။
လီကွမ်းချီက သူ၏ ဓါးကို ပြန်သိမ်းကာ ရဲ့ဖုန်းကို ထူပေးလိုက်၏။
ရဲ့ထျန်းယင်က လီကွမ်ချီကို တစ်ချက် အသေအချာ ကြည့်လိုက်ပြီးနောက် ရဲ့ဖုန်းဘက်သို့ လှည့်ကာ "ဖုန်းအာ... ချင်းအာကို ခေါ်သွားလိုက်ဦး၊ မင်းသူငယ်ချင်းကိုလည်း အိမ်တော်အနှံ့ လိုက်ပြလိုက်ပါ။ ပြီးရင် ငါ့စာကြည့်ခန်းကို လာခဲ့ဦး"
ရဲ့ထျန်းယင်းက လီကွမ်းချီကို အနည်းငယ် ပြုံးပြလိုက်ကာ "စိတ်အေးအေးထားပြီး ကိုယ့်အိမ်လိုပဲ သဘောထားပါ" ဟု ပြောလိုက်သည်။
လီကွမ်ချီက ယဉ်ကျေးစွာ ဦးညွှတ်လိုက်သော်လည်း စိတ်ထဲတွင်မူ အံ့အားသင့်နေမိသည်။ ဤလူမှာ ရဲ့ဖုန်း ပြောပြထားသည့် ဖခင်မျိုး မဟုတ်ပေ။ ဓါးကို ဆွဲထုတ်လိုက်စဉ်က ထွက်ပေါ်လာသည့် သတ်ဖြတ်လိုသော အရှိန်အဝါအရ... ရဲ့ထျန်းယင်သည် ရဲ့ဖုန်းနှင့် ရဲ့ချင်းအာကို အလွန်ပင် တန်ဖိုးထားကြောင်း ထင်ရှားနေသည်။
ရဲ့ဖုန်းမှာလည်း အံ့အားသင့်နေမိသည်။ သူ၏ ရှေ့တွင် ရပ်နေသည့် အမျိုးသားမှာ သူ မှတ်မိနေသော ဖခင်နှင့် လုံးဝကို ကွာခြားနေသောကြောင့်ပင် ဖြစ်တော့သည်။