အခန်း (၇၁) - ဝိညာဥ်ဗလာနယ်မြေအား စမ်းသပ်ခြင်း
ထိုညက ခရမ်းရောင်နေမင်းဆောင်သည် တိတ်ဆိတ်ငြိမ်သက်ခြင်း အလျင်းမရှိခဲ့ပေ။ ဂိုဏ်းဆောင်သခင် ကျန့်ဟောက်သည် သူ၏နေဆောင်သို့ ပြန်ရောက်သည့်အခါ ဒေါသတကြီး ပေါက်ကွဲခဲ့သည်ဟူသော သတင်းများ ပျံ့နှံ့နေသည်။ သို့သော်လည်း စီနီယာအိုကြီး မြောင်ကိုယ်တိုင်က ထိုတိုက်ပွဲကို တိတ်တဆိတ် ခွင့်ပြုပေးခဲ့သဖြင့် သူသည် လူပုံအလယ်တွင် ဒေါသကို ထုတ်မပြနိုင်ခဲ့ပေ။
နေဝင်ရီတရောအချိန်တွင် ကျန်ရှိသော ဂိုဏ်းကြီးငါးဂိုဏ်းမှ တိမ်လွှာလှေသင်္ဘောများ ဆိုက်ရောက်လာပြီး ခရမ်းရောင်နေမင်းဆောင်တွင် ကျောက်ချရပ်နားလိုက်ကြသည်။ ကြိုးခုနစ်ပါးဂိုဏ်း၊ မရေမတွက်နိုင်သော နတ်ဘုရားဓါးဂိုဏ်း၊ နဂါးပြာကျွန်းဂိုဏ်း၊ ကျန့်ယွဲ့တောင်ဂိုဏ်းနှင့် ခရမ်းတိမ်တိုက်ဓါးဂိုဏ်းတို့သည် တပည့်ဆယ်ဦးစီ ခေါ်ဆောင်လာခဲ့ကြပြီး ၎င်းတို့အတွက် သီးသန့်စီစဥ်ထားသော နေရာများတွင် အခြေချနေထိုင်စေသည်။
ကြိုးခုနစ်ပါးဂိုဏ်းမှ တပည့်များ ရောက်ရှိလာသောအခါ မဟာရှဓါးဂိုဏ်းမှ တပည့်များ ရောက်၊ မရောက် မေးမြန်းကြသည်။ ၎င်းတို့အား လိုက်လံပို့ဆောင်ပေးနေသည့် ခရမ်းရောင်နေမင်းဆောင်မှ တပည့်က ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ -
"မဟာရှဓါးဂိုဏ်းလား... သူတို့က မနေ့ကတည်းက ရောက်နေတာ" ဟု ပြန်ဖြေသည်။
ထိုအုပ်စုသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ခေါင်းဆောင်ဖြစ်သူက နှာခေါင်းရှုံ့ကာ -
"ဟမ့်... အဲဒီအထဲမှာ မျက်မမြင်တစ်ယောက် ပါသလား" ဟု မေးလိုက်သည်။
ထိုတပည့် မဖြေရသေးခင်မှာပင် ကြိုးခုနစ်ပါးဂိုဏ်းမှ နောက်ထပ်တပည့်တစ်ဦးက လှောင်ပြုံးပြုံးလျက် -
"ဟဲဟဲ... တိမ်လွှာအိမ်မက် နတ်နန်းတော်ဖြစ်ရပ်က ဖြစ်ခဲ့တာ သိပ်မကြာသေးဘူးလေ။ အဲဒီကောင်လေး အခြေခံတည်ဆောက်ခြင်းအဆင့် ကို ရောက်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
ခရမ်းရောင်နေမင်းဆောင်မှ တပည့်သည် သူတို့၏စကားဝိုင်းကို စိတ်ဝင်တစားရှိလာပြီး မနေနိုင်ဘဲ မေးလိုက်သည်။
"မင်းတို့က သူ့ကို သိလို့လား"
အဖွဲ့ခေါင်းဆောင်က ဒေါသတကြီးဖြင့် -
"သိရုံတင်မကဘူး... သူက ငါတို့ဂိုဏ်းက ကျင့်ကြံခြင်းအဆင့် တပည့်ငါးယောက်ကို သတ်ခဲ့တာ! သူလုပ်ခဲ့တဲ့ကိစ္စအတွက် ငါကိုယ်တိုင် ပြန်ပေးဆပ်ခိုင်းမယ်"
ခရမ်းရောင်နေမင်းဆောင်မှ တပည့်သည် ခေါင်းငြိမ့်ပြကာ ဇာတ်ကြောင်းကို အကြမ်းဖျင်း သဘောပေါက်သွားသည်။ သို့သော်လည်း သူတို့၏ အရှိန်အဝါ များကို အကဲခတ်ကြည့်ပြီးနောက် သူ၏နှုတ်ခမ်းကို မဲ့လိုက်မိသည်။ သူတို့၏ တက်ကြွနေသော အမူအရာများကို ကြည့်ကာ ယနေ့ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်အမှတ်ရမိပြီး တစ်ချက်မျှ တုန်လှုပ်သွားသည်။ သူတို့အား ဘေးဒုက္ခထဲသို့ မဆင်မခြင် တိုးမဝင်သွားစေချင်သောကြောင့် စေတနာဖြင့် ပြောလိုက်၏။
"သူ ဒီမှာ ရှိတယ်... ဒါပေမဲ့ ငါ့အကြံပေးချက်အရတော့ ကလဲ့စားချေဖို့ မကြိုးစားတာ အကောင်းဆုံးပဲ။ မင်းတို့အားလုံး ပေါင်းရင်တောင် သူ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် သူတို့အတွက် အခန်းများကို ညွှန်ပြကာ သူတို့၏မျက်ဝန်းထဲမှ ဒေါသများကို ဂရုမစိုက်တော့ဘဲ ထွက်ခွာသွားတော့သည်။ ဖန်းလီက အားနည်းလို့လား? အကယ်၍ သူသာ အားနည်းခဲ့လျှင် ဂိုဏ်းဆောင်သခင် ကျန့်ဟောက်က သူ့အား တပည့်အဖြစ် လက်ခံမည်မဟုတ်ပေ။ မျက်မမြင်ဓါးသမားကသာ အလွန်အမင်း စွမ်းအားကြီးလွန်းနေခြင်း ဖြစ်သည်။
လူတိုင်းက သူ၏စွမ်းရည်မှာ ဖန်းလီနှင့် ယှဥ်လျှင် လုံးဝခြားနားသော အဆင့်တစ်ခုတွင် ရှိနေသည်ဟု ခံစားနေကြရသည်။ ထိုတပည့်သည် စေတနာဖြင့်သာ သတိပေးခဲ့ခြင်းဖြစ်ပြီး ကြိုးခုနစ်ပါးဂိုဏ်းမှ တပည့်များ နားထောင်ခြင်း ရှိ၊ မရှိမှာ သူ၏ကိစ္စမဟုတ်တော့ပေ။
အခြားဂိုဏ်းများကလည်း မဟာရှဓါးဂိုဏ်းအကြောင်း စုံစမ်းကြရာ မကြာမီမှာပင် ယနေ့ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို သိရှိသွားကြသည်။ အစပိုင်းတွင် ကလဲ့စားချေရန် ကြံရွယ်ထားသူများပင် စိတ်ပျက်အားလျော့သွားကြရသည်။
ဖြစ်ပေါ်လာနိုင်သော အငြင်းပွားမှုများကို ကာကွယ်ရန် တန်ရု ရိုက်ကူးထားခဲ့သည့် တိုက်ပွဲမှတ်တမ်း ကျောက်ဆောင်လွှာ သည် ဂိုဏ်းအတွင်း၌ ပျံ့နှံ့နေပြီဖြစ်သည်။ တပည့်များမှာ ထိုမှတ်တမ်းကို ဝယ်ယူရန် အလွန်စိတ်အားထက်သန်နေကြသဖြင့် တစ်ညတည်းနှင့် အချပ်ပေါင်း ရာနှင့်ချီ၍ ရောင်းချခဲ့ရသည်။
အခြားဂိုဏ်းများမှ ဒေါသထွက်နေကြသော တပည့်များသည် ထိုမှတ်တမ်းကို ကြည့်ပြီးနောက်တွင် ငြိမ်သက်သွားကြသည်။ လီကွမ်ချီ၏ ဓါးသိုင်းစွမ်းရည်မှာ သူတို့ လက်လှမ်းမမှီနိုင်သော အဆင့်တွင် ရှိနေသည်။ သူ၏ နည်းစနစ်များသာမက သူ၏ ခွန်အားနှင့် အရှိန်အဝါမှာလည်း သူတို့ထက် များစွာ သာလွန်နေသည်။
ဒုတိယမြောက်နေ့ နံနက်ခင်းတွင် လီနန်ထင်သည် သူ၏အဖွဲ့ထံသို့ အသံလှိုင်းဖြင့် သတင်းပို့လိုက်သည်။
"ဝိညာဥ်စမ်းသပ်ဆောင်ကို သွားဖို့ ပြင်ဆင်ကြတော့"
လီကွမ်ချီသည် ရေချိုးပြီးနောက် လိုအပ်သည်များကို ပြင်ဆင်ပြီးဖြစ်သည်။ သူသည် တစ်ညလုံး ကျင့်ကြံအားထုတ်နေခဲ့ပြီး မှော်စွမ်းအင် များကို အရှိန်အဟုန်ဖြင့် စုပ်ယူနိုင်သော်လည်း ထိုစွမ်းအင်၏ ထက်ဝက်မှာ ဓါးဝိညာဥ်ထံသို့ ပေးပို့ရသည်။ သူ ခံစားနေရသော စိုးရိမ်ပူပန်မှုများမှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုနံနက်ခင်းတွင် သူသည် လက်သီးစွမ်းရည် ကျင့်စဥ်ကိုပင် အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့သေးသည်။
မကြာမီမှာပင် တပည့်ဆယ်ဦးအဖွဲ့သည် လီနန်ထင်နှင့်အတူ ဝိညာဥ်စမ်းသပ်ဆောင်သို့ ပျံသန်းလာခဲ့ကြသည်။ လမ်းခရီးတစ်လျှောက်တွင် လီကွမ်ချီသည် ခရမ်းရောင်နေမင်းဆောင်၌ တပည့်ပေါင်းများစွာ ရှိနေသည်ကို သတိပြုမိသည်။ သူ့ခန့်မှန်းချက်အရ တပည့်ဦးရေ တစ်သောင်းခန့်ပင် ရှိနိုင်သည်။ 'ဒီလို ဂိုဏ်းကြီးတစ်ဂိုဏ်း နေ့စဥ်လည်ပတ်ဖို့ လိုအပ်တဲ့ အရင်းအမြစ် ပမာဏကို ငါ စဥ်းစားလို့တောင် မရနိုင်ဘူး'
လေထုထဲတွင် ကျင့်ကြံခြင်းစွမ်းအင် များ ထူထပ်စွာ တည်ရှိနေခြင်းက ခရမ်းရောင်နေမင်းဆောင်နှင့် မဟာရှဓါးဂိုဏ်းကြားရှိ ကွာဟချက်ကို သိသိသာသာ ခံစားရစေသည်။ သို့သော်လည်း သူသည် နောင်တမရပေ။ လီနန်ထင်၊ ရှန်းလန် နှင့် ဂိုဏ်းချုပ်ကြီး... သူတို့အားလုံးမှာ မိမိတပည့်များအပေါ် အလွန်အကျွံ ကာကွယ်စောင့်ရှောက်တတ်သူများ ဖြစ်ကြသည်။
သူတို့အဖွဲ့သည် အဆောက်အအုံများစွာနှင့် မြင့်မားသော တောင်တန်းများစွာကို ဖြတ်ကျော်ပျံသန်းလာခဲ့ကြသည်။ နောက်ဆုံးတွင် ခရမ်းရောင်နေမင်းဆောင်၏ နယ်မြေအစွန်ရှိ တောင်တစ်တောင်သို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ဟောင်းနွမ်းအိုမင်းသော အသွင်ရှိသည့် မည်းနက်နေသော ဂိုဏ်းဆောင်ကြီးတစ်ခု ရှိနေသည်။ ၎င်းမှာ အမြင့်ပေပေါင်း တစ်ရာကျော် (တစ်ဆယ် ကျန့် ) ခန့်ရှိပြီး ထွင်းထုထားသော မည်းနက်သည့် ကျောက်တုံးများဖြင့် တည်ဆောက်ထားသည်။
သူတို့ ဆင်းသက်လိုက်ချိန်တွင် အခြားဂိုဏ်းငါးဂိုဏ်းမှာ ရောက်ရှိနှင့်နေပြီဖြစ်သည်။
"ဟားဟားဟား... လီအိုကြီး၊ ဒီတစ်ခါ မင်းကိုယ်တိုင် အဖွဲ့ကို ဦးဆောင်လာလိမ့်မယ်လို့ မထင်ထားဘူး"
ထိုအသံမှာ ယခင်က ရှန်းလန်အား နှုတ်ဆက်ခဲ့သည့် ကျန့်ယွဲ့တောင်မှ အကြီးအကဲ၏ အသံဖြစ်သည်။ လီနန်ထင်က အနည်းငယ် ပြုံးပြလိုက်သည်။ သူသည် ထိုအကြီးအကဲနှင့် သိကျွမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။ သူတို့နှစ်ဦး ရင်းရင်းနှီးနှီး စကားပြောနေကြသော်လည်း ထိုလူကြီး၏ မျက်လုံးများက လီကွမ်ချီထံသို့ ခဏခဏ ရောက်ရှိနေသည်။
ရှန်ချီသည် လီကွမ်ချီ၏ အနားသို့ လျှောက်လာပြီး ရယ်မောကာ -
"ဟားဟားဟား! ညီအစ်ကိုလီ! ညီအစ်ကိုရဲ့! မင်းတို့နှစ်ယောက်လုံး ဒီမှာရှိနေတာ တွေ့ရတာ ဝမ်းသာတယ်ဗျာ"
ယဲ့ဖုန်းက သူ၏ပုခုံးကို နောက်ပြောင်သောအားဖြင့် လက်သီးဖြင့် ခပ်ဖွဖွထိုးကာ -
"ကြည့်ရတာ မင်း လုံးဝနေကောင်းသွားပြီထင်တယ်"
ရှန်ချီက သူ၏ရင်ဘတ်ကို ပုတ်ပြရင်း ဂုဏ်ယူစွာဖြင့် -
"ငါ နေကောင်းနေတာ ကြာပါပြီ။ မနေ့က ဖြစ်ခဲ့တာတွေကိုလည်း ငါကြားတယ်။ ညီအစ်ကိုလီ... မင်း တကယ်ကို အံ့ဩစရာကောင်းတာပဲ!"
လီကွမ်ချီက ပြုံးကာ -
"အဲဒီနေ့နောက်ပိုင်း တခြားဂိုဏ်းတွေက မင်းကို ဒုက္ခပေးတာမျိုး ရှိသေးလား"
ရှန်ချီ၏ မျက်နှာမှာ မှောင်ကျသွားပြီး -
"သူတို့ မလုပ်ရဲပါဘူး။ ကျန့်ယွဲ့တောင်ဂိုဏ်းက ဒီကိစ္စကို ထပ်မလိုက်တာ သူတို့ကံကောင်းလို့ပဲ။ ငါတို့ရဲ့ ဝိညာဥ်ဗလာနယ်မြေ တွေမှာ လက်နက်ဝိညာဥ်တွေ ပါလာဖို့ပဲ မျှော်လင့်ရတာပဲ။
ဟားဟား"
ခဏအကြာတွင် အခမ်းအနားကို ကြီးကြပ်ရန် အကြီးအကဲ စုန့်ရု ရောက်ရှိလာသည်။ တပည့်များမှာ မိမိတို့ အကြီးအကဲများ၏ နောက်တွင် နေရာယူလိုက်ကြပြီး ဝိညာဥ်စမ်းသပ်ဆောင် ဖွင့်လှစ်မည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။ စုန့်ရုက ခေါင်းတစ်ချက်ငြိမ့်ပြပြီးနောက် စိန်ပုံသဏ္ဍာန်ရှိသော မည်းနက်သည့် ကျောက်စိမ်းဆွဲသီးကို ထုတ်ယူကာ တံခါးအထက်ရှိ အပေါက်တစ်ခုတွင် ထည့်သွင်းလိုက်သည်။
ဝူးးးး
လျှို့ဝှက်ဆန်းပြားသော စွမ်းအင်လှိုင်းတစ်ခုသည် ဂိုဏ်းဆောင်ကြီးအတွင်းသို့ ပျံ့နှံ့သွားပြီး ကခုန်နေသော မီးလျှံများကဲ့သို့ မည်းနက်သော အလင်းတန်းများဖြင့် တစ်ဆောင်လုံးကို လွှမ်းခြုံသွားစေသည်။
ဂျိမ်း
ကြီးမားလှသော ကျောက်တံခါးကြီးများမှာ ဖြည်းညှင်းစွာ ပွင့်ဟလာပြီး စုန့်ရုက ကြေညာလိုက်သည်။
"အခု ဝင်ကြတော့"
ထိုနေ့တွင် ဝိညာဥ်စမ်းသပ်မှုကို ခံယူကြမည့်သူမှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းသာမက ခရမ်းရောင်နေမင်းဆောင်မှ တပည့်နှစ်ဆယ်ခန့်လည်း ပါဝင်နေသည်။
ခန်းမဆောင်ကြီးအတွင်းသို့ ခြေချလိုက်သည်နှင့် လီကွမ်ချီသည် လေထု၏ ပြောင်းလဲမှုကို ချက်ချင်း ခံစားလိုက်ရသည်။ အေးစိမ့်သော အထိအတွေ့က သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားပြီး အပူချိန်မှာလည်း ရုတ်တရက် ကျဆင်းသွားသလို ခံစားရသည်။
ခန်းမ၏ အလယ်ဗဟိုတွင် အနံတစ်ကျန့်နှင့် အမြင့်သုံးချီ ခန့်ရှိသော မည်းနက်သည့် ယဇ်ပလ္လင်တစ်ခု ရှိနေသည်။ ၎င်းအား ကျောက်တိုင်ကိုးတိုင်က ဝန်းရံထားပြီး ကျောက်တိုင်တစ်ခုချင်းစီ၏ ထိပ်တွင် အပေါက်ငယ်တစ်ခုစီ ပါရှိသည်။ ယဇ်ပလ္လင်ကို ဝန်းရံထားသည်မှာ မင်ရည်ကဲ့သို့ မည်းနက်နေသော ရေကန်တစ်ခုဖြစ်သည်။
စုန့်ရုသည် တောက်ပနေသော ဝိညာဥ်ကျောက်တုံး ကိုးတုံးကို ထုတ်ယူကာ ကျောက်တိုင်များပေါ်ရှိ အပေါက်ငယ်များထဲသို့ ထည့်လိုက်သည်။
ဝူးးးး
ကျောက်တိုင်ကိုးတိုင်မှ လျှို့ဝှက်ဆန်းပြားသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ယဇ်ပလ္လင်နှင့် သူတို့ကြားတွင် မီးခိုးရောင် ဝေဝါးနေသော အကာအကွယ်အတားအဆီးတစ်ခု ပေါ်လာသည်။ စုန့်ရုက တပည့်များဘက်သို့ လှည့်ကာ -
"ယဇ်ပလ္လင်ပေါ်ကို မတက်ခင်မှာ မင်းတို့ဟာ အညစ်အကြေးစင်ကြယ်စေတဲ့ ရေကန်ကို အရင်ဖြတ်ရမယ်။
ရေထဲမှာ အသက်ရှူနှုန်း သုံးကြိမ်စာခန့် ရပ်နေပြီးမှ ယဇ်ပလ္လင်ရဲ့ အလယ်ဗဟိုကို လျှောက်သွားပါ။ စိတ်မပူကြနဲ့... ဝိညာဥ်စမ်းသပ်မှုက အန္တရာယ်မရှိပါဘူး။ ဘာပဲဖြစ်လာဖြစ်လာ... တည်ငြိမ်အောင် ထိန်းထားကြ"
ထိုသို့ပြောပြီးနောက် သူသည် စောင့်ဆိုင်းနေသော ခရမ်းရောင်နေမင်းဆောင်မှ တပည့်များအား အရင်သွားရန် အချက်ပြလိုက်လေသည်။