အခန်း (၆၁) – အဲဒီလူကို ကျွန်တော်သတ်လိုက်ပြီ
ထိုညတွင် ရွှမ်ထျန်းအင်ပါယာ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ နိုင်ငံတော်အတိုင်ပင်ခံ ထန်ချုံချင့် သေဆုံးသွားပြီး လီမိသားစုအပေါ် စွပ်စွဲထားသော ပုန်ကန်မှု ရာဇဝတ်မှုမှာလည်း ပယ်ဖျက်ခြင်း ခံလိုက်ရသည်။ လက်ရှိ ဧကရာဇ်မှာမူ? မဟာရှဓါးဂိုဏ်းမှ လေးစားဖွယ် ကျင့်ကြံသူတစ်ဦးက သူ၏ ထီးနန်းကို ယာယီ ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။
မိုးမှာ တဖွဲဖွဲ ရွာသွန်းနေဆဲဖြစ်ပြီး လီကွမ်ချီသည် ထီးတစ်ချောင်းကို ဆောင်းကာ မုန်တိုင်းကြားတွင် ပျောက်ကွယ်သွားတော့သည်။ သူ မြို့ပြင်သို့ ရောက်သောအခါ ဒဏ်ရာများကို ကုသရန် ဂူတစ်ခုကို ရှာလိုက်သည်။
မျက်နှာဖြူလျော့နေသော သူသည် အဝတ်အစားများကို ချွတ်ကာ ရွှေရောင် ဆေးမှုန့်အချို့ကို လူးလိုက်၏။ ကုထုံးဆေးလုံးတစ်လုံးကို ဝါးမျိုပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သက်စောင့်စွမ်းအင်များ တဖြည်းဖြည်း ပြန်လည် အားကောင်းလာသည်ကို ခံစားလိုက်ရသည်။
သူ သက်ပြင်းချလိုက်မိသည်။
သူသည် ဂူနံရံကို ကျောမှီထိုင်ရင်း နောက်ဆုံးတွင်မှ အသက်ကို ဝဝရှူနိုင်တော့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလောက်အထိ ဒုက္ခပေးနိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ အဲဒီ သက်စောင့်စွမ်းအင် အကာအကွယ်ကို ဖောက်ဖို့က တကယ့်ကို ခက်ခဲတာပဲ။
သို့သော် ထန်ချုံချင့်သည် မည်သည့်ဂိုဏ်းနှင့်မျှ မသက်ဆိုင်သော လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်မည်ဟု သူ ယုံကြည်နေသည်။ အခြေအမြစ်ရှိသော ဂိုဏ်းတစ်ခုမှ တပည့်ဖြစ်ပါက ကျင့်ကြံခြင်းလောက၏ မပြောမဖြစ် တားမြစ်ချက်များကို သိရှိပေလိမ့်မည်။ ထိုလူ၏ ဓားသိုင်းမှာလည်း မည်သည့်ဂိုဏ်း၏ အငွေ့အဝါမျှ မပါဘဲ သူ၏ ကိုယ်ပိုင်အရည်အချင်းပေါ်မှာသာ မူတည်နေသည်။
ပို၍ သိသာသောအချက်မှာ သူ၏ သက်စောင့်စွမ်းအင်မှာ အလွန်အမင်း အားမကောင်းလှပေ။ သူသည် မှော်စွမ်းအင်သန့်စင်ခြင်း ကိုးဆင့်မြောက်သို့ ရောက်ရှိချိန်မှာပင် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ရမည်။
လီကွမ်ချီသည် သူ၏ ဒန်ထျန်(စွမ်းအင်များစုစည်းရာနေရာ) အတွင်းရှိ စွမ်းအင်များ ကုန်ခမ်းနေသည်ကို အာရုံခံမိသဖြင့် တရားထိုင်ကာ ကျင့်ကြံလိုက်သည်။ သူ မသိလိုက်သည်မှာ ဓားဝိညာဉ် သည် သူ၏ နောက်ကျောဘက်တွင် ကိုယ်ထင်ရှားပြကာ အသိအမှတ်ပြုသည့်သဘောဖြင့် ခပ်ဖွဖွ ခေါင်းညိတ်ပြနေခြင်းပင်။
လီကွမ်ချီသည် သူ၏ ကျင့်ကြံခြင်း ခရီးစဉ်တစ်လျှောက်တွင် ထူးခြားသော ကြံ့ခိုင်မှုနှင့် ပြတ်သားမှုကို ပြသနိုင်ခဲ့သည်။
တိုက်ပွဲအတွင်း လီကွမ်ချီသည် ထိုးထွင်းသိမြင်မှုအချို့ကို ရရှိခဲ့သည်။ သူသည် ဝေဝေဆာဆာရှိသော ဓားသိုင်းကွက်များကို မလိုလားတော့ပေ။ လူတစ်ယောက်ကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်ပြီး ၎င်းက သက်စောင့်စွမ်းအင် သုံးစွဲမှုကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မည်ဖြစ်သည်။
နောက်တစ်နေ့ နံနက်တွင် လီကွမ်ချီသည် အနီးဆုံး ဆိပ်ကမ်းသို့ အပြေးအလွှား သွားကာ တိမ်လှေ တစ်စင်းပေါ်သို့ တက်လိုက်သည်။ တိမ်လှေက သူ့ကို ကောင်းကင်ယံသို့ သယ်ဆောင်သွားရာ အေးချမ်းသော အချိန်လေးတစ်ခုကို သူ ရရှိလိုက်သည်။ သူ မျက်လုံးများကို မှိတ်ရန် ပြင်လိုက်စဉ်မှာပင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
သူ၏ မျက်လုံးများ ပွင့်လာပြီး တိမ်လှေ၏ အကာအကွယ်ကို ဖြတ်ကာ လူတစ်ဦးသည် ဖြည်းညင်းစွာ ဝင်လာသည်—သူကား ကောင်းကင်လျှပ်စီးတောင်ထွတ်၏ ဒုတိယအကြီးအကဲ ရွှီကျိန်းကျဲ့ ပင် ဖြစ်သည်။
လှေသူကြီးသည် အလျင်အမြန် မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်သည်။ "ဆရာကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ!"
ကျန်ခရီးသည်များကလည်း ထိုနည်းတူပင် ပြုမူကြသည်။ ရွှီကျိန်းကျဲ့က လက်ဝှေ့ယမ်းကာ သူတို့ကို ထစေလိုက်သည်။ ထို့နောက် သူက ပြုံးလျက် လီကွမ်ချီ၏ ဘေးသို့ လျှောက်လာသည်။ "ဟေ့... ကောင်လေး၊ တစ်ခုခု ဖြစ်ခဲ့တယ်လို့ ငါကြားတယ်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က တော်ဝင်မိသားစုတွေနဲ့ ပွေလီနေတယ် ဟုတ်လား?"
လီကွမ်ချီက ခေါင်းညိတ်လိုက်သည်။ "အကြီးအကဲကိုယ်တိုင် လာဖို့ လိုလို့လား?"
ရွှီကျိန်းကျဲ့က ရယ်မောလိုက်သည်။ "လိုတာပေါ့။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကတော့ ကိစ္စမရှိပေမဲ့ ဧကရာဇ်အသစ် ရွေးချယ်တာကတော့ နောက်ကိစ္စတစ်ခုပဲ။ မင်းရော ဘယ်လိုလဲ? စုံစမ်းရင်း ဒဏ်ရာရသေးလား? အဲဒီကျင့်ကြံသူက မင်းကို သတိထားမိသွားလား?"
လီကွမ်ချီက ပုခုံးတွန့်လိုက်ရင်း "ဟို... ဒုတိယအကြီးအကဲ... ကျွန်တော်... အဲဒီ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို သတ်လိုက်ပြီ"
"ဘာ...!"
ရွှီကျိန်းကျဲ့၏ အသံမှာ တစ်တန်ခွဲခန့် မြင့်တက်သွားပြီးနောက် သူ ဆူပူတော့သည်။ "မင်းကတော့လေ... နောက်စရာ မဟုတ်ဘူးနော်! မင်းလို မှော်စွမ်းအင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို သတ်လိုက်တယ် ဟုတ်လား?"
လီကွမ်ချီက အမှန်အတိုင်း ပြန်ဖြေသည်။
"သူက သိပ်ပြီးတော့ မသန်မာပါဘူး..."
"မသန်မာဘူးဆိုရင်တောင် သူက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူပဲကွ!"
ရွှီကျိန်းကျဲ့ လက်မခံနိုင်ခင်မှာပင် လီကွမ်ချီက အနားတိုးကာ မေးလိုက်သည်။ "ဂိုဏ်းက ကျွန်တော့်ကို ဆုလာဘ်တွေ ပိုပေးမှာလား? ကြည့်ပါဦး... ကျွန်တော်က အဲဒီကျင့်ကြံသူကို သတ်ပြီးပြီလေ။
အကြီးအကဲ လုပ်ရမှာက ဧကရာဇ်အသစ် ခန့်အပ်ဖို့ပဲ ကျန်တော့တာ။ လက်ညှိုးလေး တစ်ချက် လှုပ်ရုံပဲလေ။ အဲဒါက ဆုလာဘ်နဲ့ တန်ဖိုးရှိမယ် မဟုတ်လား?"
ရွှီကျိန်းကျဲ့ ရယ်မောလိုက်တော့သည်။ "မင်း အတွင်းစည်းတပည့် ဖြစ်ရမှာကို ငြင်းခဲ့တာဟာ အပြင်စည်း စာမေးပွဲအတွက် ပေးမယ့် အမှတ်တွေကြောင့်ပဲ ဖြစ်ရမယ်! အဘိုးကြီးလီကတော့ အဲဒီတုန်းက မယုံဘူး၊ မင်းက သူ့ကို အနိုင်ယူဖို့ သက်သက် လုပ်တာလို့ ပြောနေတာ။
ကောင်းပြီ... မင်း ကောင်းကောင်း လုပ်ခဲ့တယ်! ဒါကို လောလောဆယ် လျှို့ဝှက်ထားလိုက်။ ပြန်ရောက်ရင် အမှတ်တွေ သွားထုတ်ဖို့ တာဝန်ပေးဆောင် ကို တန်းတန်းမတ်မတ် သွားလိုက်တော့"
လီကွမ်ချီ ပြုံးလိုက်မိသည်။ ဟင်း... မေးကြည့်လိုက်တာ ကောင်းသွားတယ်။ အလုပ်ဖြစ်သွားတာပဲ။
ရွှီကျိန်းကျဲ့သည် ဓားတစ်စင်းကို ထုတ်ကာ ပြန်ရန် ပြင်လိုက်သည်။ လီကွမ်ချီက ဦးညွှတ်လိုက်၏။ "သွားပါပြီ ဒုတိယဦးလေး"
ရွှီကျိန်းကျဲ့က တစ်ခုခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် လှည့်မေးသည်။
"မင်း မကြာခင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်တော့မှာလား?"
လီကွမ်ချီ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အဟန့်အတားများမှာ လျော့ရဲနေပြီဖြစ်သည်။ ရွှီကျိန်းကျဲ့၏ မျက်နှာတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။ "ဒါဆိုရင် ကောင်းကောင်း ပြင်ဆင်ထား။ မင်းရဲ့ ဝိညာဉ်ဗလာ အတွက်ကတော့... မင်းအပေါ်မှာပဲ မူတည်လိမ့်မယ်"
ထို့နောက် ရွှီကျိန်းကျဲ့သည် လှေ၏ အကာအကွယ်ကို အသာအယာ ခွဲထုတ်လိုက်သည်။ သူသည် ဓားပေါ်သို့ တက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ရွှမ်ထျန်းအင်ပါယာဆီသို့ ဦးတည်သွားတော့သည်။ သူ ထွက်ခွာသွားပြီးနောက် တိမ်လှေပေါ်ရှိ အခြေအနေမှာ ပြောင်းလဲသွားသည်။ ခရီးသည်များသည် လီကွမ်ချီကို ပိုမို ရိုသေစွာ ကြည့်ကြသော်လည်း သူ မျက်လုံးမှိတ်ကာ ကျင့်ကြံနေသည်ကို မြင်သည့်အခါ မည်သူမျှ အနားမကပ်ရဲကြပေ။
လီကွမ်ချီသည် မဟာရှဓါးဂိုဏ်းနှင့် အနီးဆုံး ဆိပ်ကမ်းဖြစ်သော 'အေးချမ်းခြင်း ဆိပ်ကမ်း' တွင် ဆင်းလိုက်သည်။ လမ်းပေါ်က ဈေးသည်များသည် ဓားခေါင်းတလားကို ကျောပိုးထားသော လီကွမ်ချီ လမ်းလျှောက်သွားသည်ကို မြင်သည့်အခါ အသာအယာ ဦးညွှတ်နှုတ်ဆက်ကြသည်။ လီကွမ်ချီက ပြုံးပြရုံသာ ပြုပြီး မဆိုင်းမတွဘဲ မဟာရှဓါးဂိုဏ်းသို့ ပြန်လာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရွှမ်ထျန်းအင်ပါယာကို စုံစမ်းခဲ့သည့်အတွက် သူရရှိသော အမှတ်များမှာ သုံးဆ တိုးသွားခဲ့သည်။ လီကွမ်ချီ၏ စာရင်းထဲသို့ အမှတ်များ လွှဲပြောင်းပေးနေသော စီမံခန့်ခွဲသူသည် သူ့ကို ငေးကြည့်ရင်း တိုးတိုးလေး မေးသည်။ "တူတော် မောင်လီ... မင်း တကယ်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို သတ်ခဲ့တာလား?"
လီကွမ်ချီက နက်နဲသော အပြုံးဖြင့် ပြုံးလိုက်ပြီး အနားတိုးကာ ပြန်ဖြေလိုက်သည်။
"ခန့်မှန်းကြည့်လေ..."
သူ၏ ဝင်းထဲသို့ ပြန်ရောက်သောအခါ ယွီဆွေ့အန်း သည် သူ၏ အိမ်ခေါင်မိုးပေါ်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမက တစ်ခုခုကို ရှာနေသကဲ့သို့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေသည်။ သူ့ကို မြင်လိုက်ရသည်နှင့် သူမက အောက်သို့ ခုန်ဆင်းလာသည်။ "လီကွမ်ချီ! ဘာလို့ ဒီလောက် ကြာနေတာလဲ?!"
ထို့နောက် သူမက သူ့ကို စိုက်ကြည့်ရင်း လက်နှစ်ဖက်လုံးကို ဖြန့်ပေးလိုက်သည်။ လီကွမ်ချီ ရယ်မောလိုက်ပြီး "ပေါက်စီတွေ ပါလာပါတယ်! လာ... အိမ်ထဲမှာ သွားစားကြရအောင်"
သူတို့နှစ်ဦး ဝင်းထဲသို့ လျှောက်ဝင်သွားကြသည်။ "တောက် တောက်... လမင်းကြည့်မြို့က အသားပေါက်စီကြီးကို ကြည့်ဦး! ပြီးတော့ ဒါက—"
လီကွမ်ချီက ချောင်းအသာဟန့်လိုက်သည်။ "ထူးခြားတဲ့ မုန့်တွေလည်း ပါပါသေးတယ်..."
ယွီဆွေ့အန်းက ပေါက်စီကို အားရပါးရ ကိုက်လိုက်ပြီး ကျေနပ်အားရစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူမက ပါးစပ်အပြည့်ဖြင့် ပြောလိုက်သည်။ "ဒါ တကယ် အရသာရှိတယ်!"
"အားလုံး မင်းအတွက်ပဲ"
သူမက မော့ကြည့်လိုက်သည်။ "ဘယ်သွားမလို့လဲ?"
"ဝိညာဉ်မြင့်တင်ခြင်း စင်မြင့် ဆီကို"
ကျင့်ကြံခြင်း အခန်းများစွာ၏ ဘေးတွင် လီကွမ်ချီသည် သူ၏ ဝိညာဉ်အမှတ်အသားပြားထဲရှိ မှတ်တမ်းတင်ထားသော အမှတ်များကို ကြည့်လိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် အမှတ် ခြောက်ရာ ရရှိခဲ့သဖြင့် စုစုပေါင်း တစ်ထောင်ရှစ်ရာ ဖြစ်သွားပြီဖြစ်သည်။ ဤအမှတ်ဖြင့် သူသည် 'နက်မှောင်အဆင့်' ဝိညာဉ်မြင့်တင်ခြင်း စင်မြင့်ကို တစ်လတိတိ အသုံးပြုနိုင်သည်။
သူသည် သွားကို တင်းတင်းစေ့ကာ အမှတ် ခုနစ်ရာကို သုံးပြီး နက်မှောင်အဆင့် ကျင့်ကြံခြင်းအခန်းကို ငှားလိုက်သည်။ ဤနေရာရှိ မဟာရှဓါးဂိုဏ်းမှ တပည့်များသည် သူတို့၏ ကျင့်ကြံခြင်းကို အသည်းအသန် လုပ်ဆောင်နေကြသဖြင့် မိတ်ဖွဲ့ရန် အချိန်မရှိကြပေ။
သူတို့၏ အထူးစာမေးပွဲစနစ်အရ အဆင့်နောက်ဆုံး နှစ်ကြိမ်ဆက်တိုက် ရပါက အတွင်းစည်းမှ နှင်ထုတ်ခံရမည် ဖြစ်သည်။ ထို့ကြောင့် အပြင်စည်းတပည့်များက အတွင်းစည်းကို အထူးလေးစားကြပြီး ၎င်းက အတွင်းစည်းဝင်များကိုလည်း ပိုမို ကြိုးစားလာအောင် တွန်းအားပေးနေခြင်း ဖြစ်သည်။ လူတိုင်းမှာ အပြေးအလွှား သွားလာနေကြပြီး တစ်နေရာရာသို့ သွားရန် လိုအပ်ပါက ပြေး၍ပင် သွားကြသည်။
လီကွမ်ချီသည်လည်း ဤပတ်ဝန်းကျင်တွင် ဖိအားကို ခံစားနေရသည်။ အထူးသဖြင့် အတွင်းစည်းတပည့်များက သူတို့၏ ဓားများပေါ်တွင် ပျံသန်းနေသည်ကို မြင်သည့်အခါ ပို၍ ခံစားရသည်။ သူ သွားကို တင်းတင်းစေ့လိုက်သည်။ ဒီတစ်ခါ တံခါးပိတ် ကျင့်ကြံနေတုန်းမှာ တစ်ဆယ့်သုံးဆင့်မြောက်ကို သေချာပေါက် ရောက်အောင်သွားရမယ်!
"ဓားဝိညာဉ်... မင်း ရှိလား?"
"ဘာလိုချင်လို့လဲ?" ဟု သူမက ပြန်ဖြေသည်။
"ဒီလောက်အထိ ရိုင်းစရာ မလိုပါဘူး... ဝိညာဉ်ဗလာ ဟင်းလင်းပြင် အကြောင်း မေးမလို့ပါ။ အဲဒါက အတိအကျ ဘာလဲ?"