အခန်း (၆) - ကျောက်ယွမ်လင်၏ ဒေါသ
ဝုန်း!
လူငယ်လေး လီကွမ်ချီ၏ ခြေထောက်အောက်ရှိ ကျောက်ပြားမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ ကောက်စန်းသည် လီကွမ်ချီမှာ ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်သည်ဟု ရိပ်မိလိုက်သဖြင့် မျက်မှောင်ကြုတ်သွား၏။ သို့သော် သူ သိလိုက်ချိန်တွင် နောက်ကျသွားလေပြီ။
ပေတစ်ရာခန့်အကွာမှ လူအုပ်ကြီးသည် လီကွမ်ချီမှာ ကောက်စန်းထံသို့ အရိပ်တစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်ကို မြင်လိုက်ရသည်။ လီကွမ်ချီသည် ကောက်စန်း၏ ဓားမြှောင်ကို ငုံ့ရှောင်လိုက်ပြီးနောက် တူနှင့် ထုလိုက်သကဲ့သို့ ပြင်းထန်သော လက်သီးချက်ဖြင့် ကောက်စန်း၏ မေးရိုးကို ထိုးချလိုက်သည်။
ဂွပ်!
မေးရိုးကျိုးသွားသော အသံမှာ လေထဲတွင် ပဲ့တင်ထပ်သွားသည်။ လီကွမ်ချီ၏ လက်သီးချက်မှာ ကြောက်မက်ဖွယ် ဒေါသများ ပါဝင်နေသဖြင့် ကောက်စန်း၏ မေးရိုးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားပြီး လေထဲသို့ လွင့်စင်သွားတော့သည်။
သူသည် ဘယ်လက်ကို အသုံးပြုကာ ကောက်စန်း၏ ညာလက်အရိုးများကို ချိုးပစ်လိုက်ပြီး ဓားမြှောင်ကို လုယူကာ သုံးချက်ဆင့် တိုက်ခိုက်လိုက်သည်။
မျက်နှာပေါ်သို့ ပူနွေးသော သွေးများ စင်ဟပ်နေသော်လည်း လီကွမ်ချီ၏ မျက်နှာမှာမူ အေးစက်တည်ငြိမ်နေဆဲပင်။ သူ စတင်လှုပ်ရှားကတည်းက သတ်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
ကောက်စန်း၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေသည်။ သူ၏ မျက်ဝန်းများမှာ ကြောက်လန့်တကြား ပြူးကျယ်လာသော်လည်း အသက်ဝိညာဉ်မှာ တဖြည်းဖြည်း လွင့်ပြယ်သွားခဲ့ပြီ...။
“အား!!! အစ်ကိုကောက်!”
လီကွမ်ချီသည် ဓားမြှောင်ကို ညာလက်တွင် ကိုင်ထားပြီး နောက်ထပ် ပစ်မှတ်တစ်ခု၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။ ထိုသူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ယှက်သန်းသွားသော်လည်း သတ္တိကို မွေးကာ ဒေါသတကြီး ပြန်ထိုးလိုက်၏။
“သေစမ်း!”
လီကွမ်ချီက ထိုလက်သီးကို ထိပ်တိုက် ပြန်ထိုးလိုက်သည်။ ထိခိုက်မှုကြောင့် ထိုသူ၏ လက်မောင်းအရိုးမှာ ကျိုးသွားပြီး သွေးထွက်နေသော အရေပြားကို ဖောက်ထွက်လာတော့သည်။
လီကွမ်ချီက ရှေ့သို့ လှမ်းကာ ဓားမြှောင်ကို အောက်မေးရိုးထဲသို့ ထိုးစိုက်လိုက်သည်။ ထို့နောက် သူသည် လေထဲသို့ ခုန်တက်ကာ ထိုသူ၏ ခေါင်းကို ကန်လိုက်ပြီး ဓားကို ပြန်ဆွဲထုတ်ကာ နောက်ဘက်သို့ ဝေ့ပစ်လိုက်၏။
ဖတ်!
ထက်မြက်သော ဓားမြှောင်မှာ တတိယမြောက် လူ၏ မျက်မှောင်ကြားသို့ စိုက်ဝင်သွားသည်။ လီကွမ်ချီ မြေပြင်ပေါ်သို့ ဆင်းသက်သည်နှင့် ဓားကို ပြန်ဆွဲထုတ်ကာ မုန့်ဝမ်ရှူးရှိရာဘက်သို့ ပြေးသွားသည်။ သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် ချောမွေ့လှသဖြင့် ခဏချင်းအတွင်းမှာပင် လူသုံးယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။
ထိတ်လန့်သွားသော လူအုပ်ကြီးမှာ ချက်ချင်းပင် လူစုခွဲကာ ထွက်ပြေးကြတော့သည်။ လီကွမ်ချီမှာမူ လူသုံးယောက်ကို သတ်ခဲ့သော်လည်း စိတ်လှုပ်ရှားခြင်း မရှိဘဲ တည်ငြိမ်နေဆဲပင်။ ဤသည်မှာ အဘိုးစုရွှမ်၏ သင်ကြားပြသမှုနှင့် လေ့ကျင့်ပေးမှုများကြောင့် ဖြစ်သည်။
မုန့်ဝမ်ရှူးသည် အော်ဟစ်သံများနှင့် မြေကြီးပေါ်သို့ လဲကျသံများကို ကြားနေရသော်လည်း ဘာဖြစ်နေမှန်း မသိပေ။ ထိတ်လန့်နေသော လူအုပ်ကြောင့် သူမ ကြောက်နေသော်လည်း လီကွမ်ချီ၏ စကားကို မှတ်သားကာ မျက်လုံးကို တင်းတင်းမှိတ်ထားရှာသည်။
ရုတ်တရက် သူမ၏ ဘယ်ဘက်ပုခုံးကို ဖိထားသော လက်မှာ ဖယ်ခွာသွားသည်ကို ခံစားလိုက်ရသည်။ ထိုသူမှာ အိတ်ခွံတစ်ခုကဲ့သို့ နောက်သို့ လွင့်စင်သွားပြီး နောက်ဘက်ရှိ တံခါးတစ်ခုကိုပင် ရိုက်မိကာ ကျိုးပျက်သွားတော့သည်။ ထိုသူမှာ ပြန်မထလာတော့ပေ။
အခြေအနေ မဟန်တော့မှန်း သိလိုက်သဖြင့် နောက်ဆုံးကျန်ရစ်သူမှာ ဝါးလုံးလေးတစ်ခုကို ထုတ်ကာ မီးညှိလိုက်သည်။ မီးစများမှာ ပေ ၃၀၀ (၃၀ ကျန်း) ခန့်အထိ လေထဲသို့ မြင့်တက်သွား၏။
လီကွမ်ချီ မျက်လုံးကို မှေးလိုက်သည်။ “အချက်ပြမီး...”
သူသည် ထိုသူ၏ လက်မောင်းကို လက်သီးဖြင့် ရိုက်ချိုးလိုက်ပြီးနောက် လည်ပင်းကို ဓားဖြင့် လှီးဖြတ်လိုက်သည်။
မုန့်ဝမ်ရှူး၏ အသက်ရှူသံများမှာ မြန်ဆန်နေသော်လည်း ရုတ်တရက် သူမ၏ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။ သူမ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် လီကွမ်ချီ၏ နူးညံ့သောအသံကို ကြားလိုက်ရ၏။
“ပြီးပြီ။ သွားရအောင်”
လီကွမ်ချီက သူမ၏ မျက်လုံးများကို လက်တစ်ဖက်ဖြင့် ကာထားပြီး ကျန်လက်တစ်ဖက်ဖြင့် မြို့ပြင်သို့ ဦးဆောင်ခေါ်သွားသည်။ သူတို့ ထွက်သွားပြီး မကြာမီမှာပင် ကျောက်ယွမ်လင်သည် လူအယောက် ၂၀ ကျော်၊ မြင်းများဖြင့် ရောက်ရှိလာသည်။ မြေကြီးပေါ်ရှိ အလောင်း ခြောက်ခုကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မှောင်ကျသွားသည်။ လီကွမ်ချီသည် ဟန်ဆောင်နေသော အဘွားကြီးကိုလည်း အရှင်မထားခဲ့သည်မှာ သိသာလှသည်။
ကျောက်ယွမ်လင်က အေးစက်စွာ ရေရွတ်လိုက်သည်။
“ငါ့လူတွေကို သတ်ပြီးမှ ထွက်ပြေးနိုင်မယ် ထင်နေတာလား။ ဟွန်း! လိုက်ကြစမ်း!”
သူ၏ အမိန့်ပေးသံနှင့်အတူ သူတို့သည် မြင်းများကို အရှိန်မြှင့်ကာ လီကွမ်ချီ သွားရာဘက်သို့ လိုက်ကြတော့သည်။
ထိုအချိန်တွင် လီကွမ်ချီမှာ မြို့ပြင်သို့ ရောက်ခါစရှိသေးပြီး မုန့်ဝမ်ရှူး၏ လက်ကို လွှတ်ပေးလိုက်သည်။ သူမသည် စိတ်ကို မထိန်းနိုင်တော့ဘဲ သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ငိုချလိုက်တော့သည်။
“ဟီး... ကျွန်မ ထင်နေတာ... ထင်နေတာက... အဟင့်... နင် ဘာလို့ ဒီကို... ရောက်နေတာလဲ... နင် ရောက်လာလို့ တော်သေးတာပေါ့... ကွမ်ချီ၊ ငါ တကယ် ကြောက်နေတာ...”
လီကွမ်ချီက သူမကို ညင်သာစွာ ပွေ့ဖက်ပြီး ကျောကို ပုတ်ပေးလိုက်သည်။ သူ၏ နူးညံ့သော အသံနှင့် နွေးထွေးသော လက်များက သူမကို စိတ်အေးသွားစေသည်။
“မကြောက်နဲ့တော့။ ငါ ရှိတယ်လေ။ မငိုနဲ့တော့၊ ငါတို့ အမြန်သွားမှ ဖြစ်မယ်။ ဟိုလူက အချက်ပြမီး သုံးလိုက်တာဆိုတော့ သူတို့ ငါတို့နောက်ကို ချက်ချင်း လိုက်လာကြတော့မှာ”
မုန့်ဝမ်ရှူးက နီရဲနေသော မျက်ဝန်းများဖြင့် ခေါင်းညိတ်ပြသည်။ သို့သော် ဒဏ်ရာများနှင့် ထိတ်လန့်မှုကြောင့် သူမ၏ ခြေထောက်များမှာ အားမရှိသကဲ့သို့ ဖြစ်နေရှာသည်။ လီကွမ်ချီက ဆောင့်ကြောင့်ထိုင်ကာ ကျောပေးလိုက်ပြီး -
“လာ... ငါ့ကျောပေါ် တက်လိုက်” ဟု ဆိုသည်။
မုန့်ဝမ်ရှူး မျက်နှာလေး နီသွားသော်လည်း အသာအယာ ခေါင်းညိတ်ကာ သူ၏ ကျောပေါ်သို့ တက်လိုက်သည်။ သူမနှင့် ထိတွေ့လိုက်ရသည့် အချိန်တွင် လီကွမ်ချီ၏ အသက်ရှူသံမှာ ခေတ္တမျှ ရပ်တန့်သွား၏။ သူမ၏ ပါးပြင်များ ပူနွေးလာပြီး သူ၏ ပုခုံးပေါ်တွင် မျက်နှာကို ရှက်ကိုးရှက်ကန်း ဝှက်ထားမိသည်။
ထိုအချိန်တွင် မြေပြင်မှ ပြင်းထန်သော တုန်ခါမှုကို သူ အာရုံခံမိလိုက်သည်။ သူ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး လူရူးတစ်ယောက်ကဲ့သို့ အစွမ်းကုန် ပြေးတော့သည်။ တစ်ပြိုင်နက်တည်းမှာပင် စိတ်မျက်စိဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း စိတ်ပျက်စရာသာ တွေ့ရသည်။ ချန်ရှင်းမြို့၏ ၁၀ လီ ပတ်လည်မှာ မြေပြန့်လွင်ပြင်များသာ ရှိသဖြင့် ပုန်းစရာ နေရာ မရှိပေ။
မကြာမီမှာပင် ကျောက်ယွမ်လင်နှင့် သူ၏လူများက လိုက်မီလာကြသည်။ ပေတစ်ထောင်ခန့် အကွာအဝေးသို့ ရောက်လာသည့်အခါ လီကွမ်ချီက ရုတ်တရက် ရပ်လိုက်သည်။ မြေပြန့်ပေါ်တွင် လူတစ်ယောက်ကို ပိုးထားရင်း မြင်းများကို ယှဉ်ပြေးရန်မှာ မဖြစ်နိုင်ပေ။
မုန့်ဝမ်ရှူးကို မြေပြင်ပေါ်သို့ ညင်သာစွာ ချပေးရင်း လီကွမ်ချီက တိုးတိုးလေး ပြောလိုက်၏။
“ငါ့ကို ကျောပေးပြီး ရပ်နေပါ။ ပြီးရင် ဂဏန်းတွေကို စရေတွက်ပါ။ ငါးရာ ပြည့်တဲ့အချိန်မှာ ငါ မင်းဆီ ပြန်ရောက်လာလိမ့်မယ်”
ထို့နောက် သူသည် အဝေးမှ လာနေသော လူများဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ သွေးများ ဆူပွက်လာပြီး နှလုံးခုန်သံမှာ အမြင့်ဆုံးအထိ တက်လာသည်။ သူ၏ ကိုယ်မှ ထွက်ပေါ်လာသော အေးစက်လှသည့် သတ်ဖြတ်လိုစိတ်များကြောင့် မုန့်ဝမ်ရှူးမှာ ခေါင်းကို အနည်းငယ် လှည့်ကြည့်မိသည်။ သူ၏ ကျောပြင်ကို ကြည့်ရင်း သူမမှာ သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားလိုက်ရ၏။
လီကွမ်ချီသည် အံကြိတ်ကာ မျက်လုံးကို မှိတ်ပြီး နာကျင်မှုကို အောင့်ခံထားသည်။ ယခုတစ်ခါ သူ၏ သတ်ဖြတ်လိုစိတ်မှာ အရင်ကထက် အများကြီး ပိုပြင်းထန်နေသည်။ မြင်းပေါ်တွင် ထိုင်နေသော လူငယ်လေးမှာ လွန်ခဲ့သော ရှစ်နှစ်က ကျောက်အိမ်တော်မှ သခင်လေးပင်...။
သူက ကျောက်ယွမ်လင်... သူ့အစ်မရဲ့ အသက်ကို ဘာမှမတန်သလို သဘောထားခဲ့တဲ့ မိစ္ဆာကောင်!
ကျောက်ယွမ်လင်သည် လီကွမ်ချီကို သေချာမမြင်ရသေးသော်လည်း နီးကပ်လာသည့်အခါ သူ ချက်ချင်း မှတ်မိသွားသည်! ကျောက်ယွမ်လင်မှာလည်း လီကွမ်ချီကဲ့သို့ပင် ခန္ဓာကိုယ်လေ့ကျင့်မှုအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ သူသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး မျက်လုံးများမှာ ထူးဆန်းသော စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။
“မင်းက ဟိုမျက်မမြင်ကောင်လေးပဲ! ဟားဟားဟား! မသေသေးဘူးလား။ လွန်ခဲ့တဲ့ ရှစ်နှစ်က နှင်းမုန်တိုင်းမှာ မင်း သေသွားပြီလို့ ငါ ထင်နေတာ!”
ကျောက်ယွမ်လင်က လီကွမ်ချီကို အထက်အောက် ကြည့်လိုက်ပြီး တဟားဟား ရယ်မောလိုက်သည်။
“မင်းက မင်းအစ်မလိုပဲ... မင်းတို့နှစ်ယောက်လုံးက ကံကြမ္မာ အဆိုးဆုံးပဲ။ အခုတော့ သူတောင်းစား ဖြစ်နေတာလား”
လီကွမ်ချီက သူ့ကို စိုက်ကြည့်လိုက်သည်။ သူသည် လူအရေအတွက်ကို စစ်ကြည့်ကာ “တစ်ဆယ့်ခုနစ်၊ တစ်ဆယ့်ရှစ်...” ဟု မိမိကိုယ်ကို ရေရွတ်နေသည်။
လီကွမ်ချီထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်များကြောင့် ပတ်ဝန်းကျင်ရှိ မြင်းများမှာ ထိတ်လန့်ကာ ခြေဆောင့်နေကြသည်။ မြင်းစီးသမားများက မြင်းများကို ကြာပွတ်ဖြင့် ရိုက်သော်လည်း မည်သူမျှ မြင်းများကို ထိန်းမရကြပေ။
မုန့်ဝမ်ရှူးသည် နားကို ပိတ်ထားသည်။ လီကွမ်ချီကို ကျောပေးလျက် သူမ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေ၏။
“ခုနစ်... ရှစ်... ကိုး...”
ကျောက်ယွမ်လင်သည် လီကွမ်ချီ၏ ရှေ့တွင် ရပ်နေရင်း မုန့်ဝမ်ရှူး၏ ပုံစံကို ရွံစရာကောင်းသော အကြည့်ဖြင့် ကြည့်ကာ လီကွမ်ချီကို မေးလိုက်သည်။
“မင်းတို့က ဘယ်လို ပတ်သက်တာလဲ”
လီကွမ်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ “သူက ငါ့ရဲ့ အနာဂတ်ဇနီးလောင်းပဲ”
ထို့နောက် သူသည် လုံးဝ သတိလက်လွတ် ဖြစ်နေသော ကျောက်ယွမ်လင်ထံသို့ ပြေးဝင်သွားတော့သည်။ သူ ခြေလှမ်းလိုက်သော နေရာတွင် မြေကြီးမှာ ကျင်းကြီးတစ်ခု ဖြစ်သွား၏။ ကျောက်ယွမ်လင် ထိတ်လန့်သွားပြီး ဘေးနားရှိ မြင်းဇက်ကြိုးကို ဆွဲကာ မြင်းဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်သည်။
လီကွမ်ချီ၏ လက်သီးမှာ မြင်း၏ ခေါင်းပေါ်သို့ ကျရောက်သွားသည်။ ပိဿာ ခြောက်ရာ (၁၀၀၀ ဂျင်) ကျော်လေးသော မြင်းကြီးမှာ သူ၏ လက်သီးချက်ကြောင့် လေထဲသို့ လွင့်စင်သွားတော့သည်။ ဦးခေါင်းခွံမှာ ကွဲအက်ကာ သွေးနှင့် အသားစများမှာ ရောထွေးသွား၏။
ကျောက်ယွမ်လင်မှာ မြင်းနောက်ကွယ်တွင် ရှိနေသော်လည်း ပြင်းထန်သော အားကြောင့် ခြေလှမ်းပေါင်းများစွာ နောက်သို့ ဆုတ်သွားရသည်။ ဘေးက အစောင့်များမှာလည်း ထိတ်လန့်လွန်းသဖြင့် ဘာမှ မလုပ်နိုင်ကြပေ။ လီကွမ်ချီ ပြသလိုက်သော ခွန်အားမှာ သာမန်လူသားထက် သာလွန်နေလေပြီ။
လီကွမ်ချီ၏ လက်သီးချက်တွင် ပြင်းထန်သော ဒေါသများ ပါဝင်နေသည်။ နောက်ဆုံးတော့ သူ၏ ရင်ထဲက ဒေါသများကို ပုံချစရာ အပေါက်တစ်ခု ရခဲ့ပြီ။ သူသည် ကျောက်ယွမ်လင်ကို ဘေးတစောင်း ကြည့်လိုက်၏။
“ငါက ဆင်းရဲပေမဲ့ ငါ့မှာ ကြေးပြား ဆယ်ကုံးတော့ ရှိတယ်။ ဒါကြောင့် ငါ အဲဒီ ကြေးပြား ဆယ်ကုံးနဲ့ပဲ... မင်းရဲ့ အသက်ကို ဝယ်မယ်!”
ကျောက်ယွမ်လင် ထိတ်လန့်သွားသည်။ သူသည်လည်း ခန္ဓာကိုယ်လေ့ကျင့်မှုအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက်နှင့် လီကွမ်ချီကို မယှဉ်နိုင်သည်ကို မယုံနိုင် ဖြစ်နေရသည်။ သို့သော် သူ၏ မာနက သူ့ကို ထွက်ပြေးခွင့် မပေးပေ! သူတောင်းစားတစ်ယောက်ကို ကျောက်ယွမ်လင်က တန်းတူအဖြစ် ဘယ်လို သဘောထားနိုင်ပါ့မလဲ။
ကျောက်ယွမ်လင်သည် အစောင့်တစ်ဦး၏ မြင်းမှ ဓားကို ဆွဲယူကာ ဟိန်းဟောက်လိုက်၏။
“သူ့ကို သတ်ကြစမ်း!! သတ်နိုင်တဲ့သူကို ရွှေစင် အကျပ်တစ်ရာ ပေးမယ်!”
အစောင့်များ၏ မျက်လုံးများမှာ ဆုငွေကြောင့် တောက်ပသွားသည်။ သူတို့သည် မြင်းပေါ်မှ ခုန်ဆင်းကာ လီကွမ်ချီထံသို့ ဝိုင်းအုပ်လိုက်ကြသည်။ သို့သော်... လက်သီးနှင့် ခြေထောက်ကိုသာ သုံးတတ်သည့် ထိုလူမိုက်များက သူ့ကို ဘယ်လိုယှဉ်နိုင်ပါ့မလဲ။
လှုပ်ရှားမှုတိုင်းတွင် လီကွမ်ချီသည် ပြိုင်ဘက်ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်လိုက်သည်။ အချို့ကိုမူ အားမထိန်းနိုင်ဘဲ ပွဲချင်းပြီး သတ်ပစ်လိုက်၏။ လူတစ်ယောက်၏ လည်ပင်းကို လက်သီးဖြင့် ရိုက်ချိုးပြီးနောက် လီကွမ်ချီသည် ကျောက်ယွမ်လင်ထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူသည် သေမင်းနှင့် တူနေပြီး မည်သူမျှ သူ့ကို မတားနိုင်ကြပေ။
ခဏအတွင်းမှာပင် သူသည် အစောင့်အားလုံးကို အနိုင်ယူလိုက်ပြီး ထက်ဝက်မှာ သေဆုံးသွားသည်။ ကျန်ရှိသူများမှာလည်း ပြင်းထန်သော ဒဏ်ရာများဖြင့် မြေကြီးပေါ်တွင် လဲလျောင်းကာ အော်ဟစ်နေကြရ၏။
ကျောက်ယွမ်လင်သည် အံကြိတ်ကာ လီကွမ်ချီကို မနိုင်နိုင်ဟု မယုံကြည်နိုင်ဘဲ ဓားဖြင့် တိုက်ခိုက်တော့သည်။ လီကွမ်ချီသည် ယခုထိ လက်သီးဖြင့်သာ တိုက်ခိုက်နေသဖြင့် ဓားကိုင်ထားသော ပြိုင်ဘက်ကို ရင်ဆိုင်ရန် အစပိုင်းတွင် ခက်ခဲသော်လည်း သူ၏ လက်သီးချက်များမှာ မြန်ဆန်ပြီး ပြင်းထန်လှသည်။ သူသည် ရှောင်တိမ်းရင်း အခွင့်အရေးကို ရှာလိုက်၏။
ကျောက်ယွမ်လင် ဓားကို ပြန်ဆွဲလိုက်သည့် အချိန်တွင် လီကွမ်ချီက သူ၏ ရင်ဘတ်ကို ထိုးလိုက်သည်။
ဂွပ်!
ထိုလက်သီးတစ်ချက်တည်းနှင့်ပင် ကျောက်ယွမ်လင်၏ နံရိုးလေးချောင်း ကျိုးသွားတော့သည်။ သူသည် မြေကြီးပေါ်သို့ လဲကျသွားပြီး သွေးများ အန်ထုတ်လိုက်ရသည်။
သူသည် ဘေးဘီကို ကြည့်လိုက်ရင်း မုန့်ဝမ်ရှူးကို မြင်သွားသဖြင့် သူ၏ အကြည့်မှာ ပြောင်းလဲသွားသည်။ သူသည် ‘အဆောင်လက်ဖွဲ့’ စက္ကူတစ်ချပ်ကို ထုတ်ကာ သူ့ကိုယ်ပေါ်တွင် ကပ်လိုက်၏။ ထိုအဆောင်မှာ ချက်ချင်းပင် မီးတောက်သွားတော့သည်။
ကျောက်ယွမ်လင်မှာ လေပြင်းတစ်ခုကဲ့သို့ မုန့်ဝမ်ရှူးထံသို့ ပြေးဝင်သွားသည့်အခါ လီကွမ်ချီ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ သူသည် မျက်နှာပျက်သွားပြီး ကျောက်ယွမ်လင်နောက်သို့ အပြေးလိုက်တော့သည်။ လီကွမ်ချီသည် အင်္ကျီလက်ကို ခါလိုက်ရာ ဓားမြှောင်တစ်စင်း သူ၏ လက်ထဲသို့ ကျလာသည်။ သူသည် ထိုဓားကို အစွမ်းကုန် ပစ်လိုက်၏။
ဖတ်!
ဓားမြှောင်မှာ ကျောက်ယွမ်လင်၏ ပုခုံးထဲသို့ စိုက်ဝင်သွားသဖြင့် သူ အရှိန်လျော့သွားသည်။ ထိုအခွင့်အရေးကို အသုံးချကာ လီကွမ်ချီသည် မုန့်ဝမ်ရှူး၏ နောက်ဘက်သို့ ရောက်ရှိသွားသည်။
ဝူး!
ကျောက်ယွမ်လင်၏ ဓားမှာ လီကွမ်ချီ၏ ညာဘက်ပုခုံးကို ထိုးဖောက်သွားသည်။ ကျောက်ယွမ်လင်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားသော်လည်း ဓားကို ပြန်ဆွဲထုတ်ရန် ကြိုးစားသည့်အခါတွင်မူ လီကွမ်ချီက ဓားသွားကို ညာလက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရ၏။
လီကွမ်ချီ၏ သွေးများမှာ ဓားသွားတစ်လျှောက် စီးကျနေသော်လည်း သူသည် ကျောက်ယွမ်လင်ကို စိုက်ကြည့်နေသည်။ ကျောက်ယွမ်လင်သည် လီကွမ်ချီ၏ သွေးဆူနေသော မျက်လုံးဖြူကြီးများနှင့် ဆုံလိုက်ရသည့်အခါ ကျောချမ်းသွားတော့သည်။ သူသည် ရွေးချယ်စရာ မရှိတော့ဘဲ လက်ထဲရှိ ကျောက်စိမ်းပြားကို ဖျက်ဆီးပစ်လိုက်ရ၏။
“ကြေးပြား ဆယ်ကုံး!” ဟု လီကွမ်ချီက အေးစက်စွာ ပြောလိုက်သည်။ သူသည် ဘယ်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ ကြောက်မက်ဖွယ် အရှိန်အဝါများ စုစည်းလာတော့သည်။
ဘုန်း!
ထိုလက်သီးချက်ကြောင့် ကျောက်ယွမ်လင်မှာ လွင့်ထွက်သွားသည်။ သူ၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားပြီး သွေးများနှင့်အတူ အသားစများကိုပါ အန်ထုတ်လိုက်ရ၏။ လီကွမ်ချီ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး သူ၏ ပုခုံးတွင် စိုက်နေသော ဓားကို ကိုင်ကာ ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။ ထို့နောက် သွေးစွန်းနေသော ဓားကို ကိုင်လျက် ကျောက်ယွမ်လင်ထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
မုန့်ဝမ်ရှူးမှာ ဂဏန်းများကို ဆက်ရေတွက်နေဆဲပင်။ “ရှစ်ဆယ့်ငါး...”
ကျောက်ယွမ်လင်သည် လီကွမ်ချီ နီးကပ်လာသည်ကို ထိတ်လန့်တကြား ကြည့်နေသည်။ သူသည် ကြောက်စိတ်များကြောင့် နောက်သို့ အသည်းအသန် ဆုတ်နေရှာသည်။
“မင်း ငါ့ကို မသတ်နိုင်ပါဘူး! မသတ်ပါနဲ့! ငါ မကြာခင်မှာ ပါရမီစစ်ဆေးတော့မှာ... ငါက နတ်ဘုရားတစ်ယောက် ဖြစ်လာတော့မှာပါ! မသတ်ပါနဲ့... ငါ့ကို လွှတ်ပေးရင် မင်းကို ပိုက်ဆံတွေ အများကြီး ပေးမယ်! ဝိညာဉ်ကျောက်တုံးတွေလည်း ပေးမယ်! ဟုတ်တယ်! ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ ရှိတယ်!”
လီကွမ်ချီသည် အိတ်ထဲမှ ကြေးပြားအချို့ကို ထုတ်ကာ မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။
“မင်းရဲ့ ယုတ်ညံ့တဲ့ အသက်က ကြေးပြား ဆယ်ကုံးပဲ တန်တယ်” ဟု သူက အေးစက်စွာ ရေရွတ်လိုက်လေသည်။