အခန်း (၅၃) – မှော်အင်းကွက်နှင့်မှော်ဂါထာမန္တန်များကို ဖော်ဆောင်ခြင်း
နောက်တစ်နေ့နံနက်တွင် ယွီဆွေအန်းသည် အိပ်ရာပေါ်၌ ဝေဝေဝါးဝါးဖြင့် နိုးလာသည်။ ညက စောင်ကြီးဖြင့် ပတ်လျက်သားအတိုင်း အိပ်ပျော်နေခဲ့သည်ကို သတိပြုမိသွားချိန်တွင် သူမ၏ ပါးပြင်လေးများ ရဲတက်သွား၏။ ထို့နောက် ဘေးနားတွင် အဝတ်အစားသစ်တစ်စုံ တင်ထားသည်ကို မြင်လိုက်ရသဖြင့် သူမမျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားသည်။
ခြံဝင်းထဲမှ ဓားဖြင့် လေကိုခွင်းသံများ ထွက်ပေါ်နေသည်။ အဝတ်အစားလဲပြီးနောက် သူမသည် ဝတ်စုံဖြူလေးကို ကြည့်ကာ ပြုံးမဆုံးနိုင်ဖြစ်နေ၏။ တံခါးကိုတွန်းဖွင့်ကာ အပြင်သို့ ထွက်လာသည့်အခါ ဓားကျင့်စဉ် လေ့ကျင့်နေသည့် လီကွမ်ချီကို တွေ့လိုက်ရသည်။
ယွီဆွေ့အန်း နိုးလာသည်ကို မြင်သောအခါ လီကွမ်ချီက ပြုံးပြရင်း "မဆိုးဘူးပဲ! မင်းနဲ့ အရမ်းလိုက်ဖက်တယ်၊ အတော်လည်း အတော်ပဲ။ မင်းရဲ့ အင်္ကျီဟောင်းတွေက လက်တိုကုန်ပြီလေ"
ယွီဆွေ့အန်းက မျက်စောင်းလေးထိုးကာ "အစ်ကိုကြီးက မနားဘူးလား? နှစ်ရက်လောက် နားလိုက်ပါဦးလား"
လီကွမ်ချီက ရယ်မောကာ "ကျင့်ကြံခြင်းဆိုတာ ရေဆန်မှာ လှေလှော်နေရသလိုပဲ။ ရှေ့ကိုမတက်ရင် နောက်ကို ပြန်ဆုတ်သွားလိမ့်မယ်။ အောင်မြင်ချင်ရင် နေ့တိုင်း ကျင့်ကြံနေရမယ်"
ယွီဆွေ့အန်းက လက်ခါပြရင်း "နောက်ရက်မှ ပိုစောစောထပြီး ကျင့်ရင် မရဘူးလား?"
လီကွမ်ချီက သူမ၏ ဆံပင်များကို ဖွလိုက်ကာ "ဒီနေ့ လုပ်ရမယ့်အလုပ်ကို ဘယ်လောက်စောစောထထ မနက်ဖြန်မှ လုပ်မယ်ဆိုရင် ဒါဟာ အချိန်ဆွဲတာပဲ။ ဒါနဲ့ ဒီနေ့တော့ စကားပြောဖို့ အချိန်သိပ်မရှိဘူး။ စည်းကမ်းထိန်းသိမ်းရေးအရာရှိ ချင်ရှန့်ဆီမှာ သင်တန်းတက်ရမယ်၊ ပြီးရင် ရေတောင်ထိပ် ကိုလည်း သွားစရာရှိသေးတယ်"
ယွီဆွေ့အန်းက သူ့ကို ဆွဲမထားတော့ပေ။ သူမက လှည့်ထွက်သွားရင်း "ဒါဆို ငါ ပေါက်စီသွားဝယ်တော့မယ်!" ဟု အော်ပြောကာ ပြေးထွက်သွားတော့သည်။
လီကွမ်ချီ ရေချိုးပြီး သူ၏ အနက်ရောင် ဝတ်စုံကို လျှော်ဖွပ်လှန်းလိုက်သည်။
ထို့နောက် သန့်ရှင်းသော ဂိုဏ်းဝတ်စုံဖြူကို လဲလှယ်ဝတ်ဆင်ကာ ကောင်းကင်ဘုံဓားတောင်ထိပ် သို့ ထွက်ခွာခဲ့သည်။
ယနေ့ ချင်ရှန့် ပို့ချသော သင်ခန်းစာမှာ ဝိညာဉ်အခြေခံတည်ဆောက်ခြင်းအဆင့် အကြောင်း ဖြစ်သည်။ သင်တန်းအပြီး ခန်းမဆောင်ထဲမှ ထွက်လာစဉ် လီကွမ်ချီက သူ့ဘာသာ ရေရွတ်နေမိသည်။
"ကျင့်ကြံသူတစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီဆိုရင် ဒန်ထျန်ထဲက သက်စောင့်စွမ်းအင်တွေက အရည်ပုံစံ ပြောင်းသွားတာပေါ့။ ပြီးတော့ အစားအစာ၊ ရေ နဲ့ တခြား အခြေခံလိုအပ်ချက်တွေလည်း မလိုတော့ဘူး"
"ဒါက ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတွေ ထွက်တာကို လျော့ကျစေတယ်။
အသက်တမ်းကလည်း နှစ်ပေါင်း နှစ်ရာအထိ ရှည်သွားပြီး ခဏတဖြုတ်တောင် ပျံသန်းနိုင်တယ်!"
ဤအချက်မှာ သူ့ကို အံ့အားသင့်စေသည်။ မသေမျိုးခရီးလမ်းသည် အခြေခံတည်ဆောက်ခြင်းအဆင့်မှသာ တကယ်စတင်သည်ဟု လူတွေပြောကြသည်မှာ မဆန်းတော့ပေ။ မှော်စွမ်းအင်သန့်စင်ခြင်းအဆင့် နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကြားက ကွာဟချက်မှာ အလွန်ကြီးမားလှသည်။
ယခုအချိန်တွင်ပင် သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်နိုင်မည်ဟု ယုံကြည်ချက် အပြည့်အဝမရှိသေးပေ။ ကွာခြားချက်က ပြင်းထန်လွန်းလှသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီးနောက်တွင် ကျင့်ကြံသူသည် မှော်အင်းကွက်များနှင့်မှော်ဂါထာမန္တန် များကို ပိုမိုဖော်ဆောင်နိုင်ပြီး အစီရင်အဆောင်စာရွက် မျိုးစုံကိုလည်း အသုံးပြုနိုင်သည်။
ထို့အပြင် ကျင့်ကြံသူက ထိုအဆင့်သို့ ရောက်မှသာ အစွမ်းကုန် အသုံးချနိုင်မည့် မှော်လက်နက်ကိရိယာများစွာလည်း ရှိနေသေးသည်။
ထမင်းစားဆောင်သို့ ရောက်သည်နှင့် လျှို့ဝှက်နယ်မြေမှ လီကွမ်ချီတို့အဖွဲ့ ပြန်လည်ဆုံကြသည်။ သူတို့အားလုံးမှာ ဂိုဏ်းရမှတ်များကို အဖိုးတန်အရင်းအမြစ်များနှင့် လဲလှယ်ခဲ့ကြသဖြင့် ကျင့်ကြံဆင့်များ သိသိသာသာ တိုးတက်လာကြသည်။
ရဲ့ဖုန်းက မျက်ခုံးပင့်ပြရင်း "လီကြီး... ငါတို့ကြားမှာ ဘယ်သူ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အရင်ရောက်မလဲဆိုတာ လောင်းကြေးထပ်မလား?"
လီကွမ်ချီက နှုတ်ခမ်းမဲ့ကာ "မင်းက ဆယ်ဆင့်မြောက်ကို တက်တော့မှာ မဟုတ်လား?"
ရဲ့ဖုန်းက ရယ်မောကာ မငြင်းဆိုပေ။ လီကွမ်ချီသည် ရဲ့ဖုန်း၏ ပိုက်ဆံကို လိုချင်သော်လည်း ဤလောင်းကြေးကိုမူ မထပ်ရဲပေ။ "ငါ မလောင်းဘူး"
"ဘာလို့လဲ? မင်းက ဆယ်ဆင့်မြောက်ကို ရောက်နေပြီပဲ။ ငါကြည့်ရသလောက်တော့ ဆယ်ဆင့်မြောက် အထွတ်အထိပ်က လူတွေတောင် မင်းလောက် အရှိန်အဝါ မပြင်းဘူး" ဟု ယဲ့ဖုန်းက ပြန်ပြောသည်။
လီကွမ်ချီက စိတ်ပျက်သလို သက်ပြင်းချရင်း "မင်း ပိုက်ဆံမကုန်စေချင်လို့ပါ။
ငါက စိတ်ထားကောင်းလို့ မဟုတ်ဘူးလား?"
ကျန့်လင်းက ကြားဖြတ်မေးလိုက်သည်။ "ငါတို့ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ရင် ဝိညာဉ်ဗလာနယ်မြေ ကို ဖွင့်ရမှာလေ။ မင်းတို့ အဲဒါကို ဘယ်လိုမြင်လဲ?"
ထိုမေးခွန်းကြောင့် လီကွမ်ချီ စိတ်ဝင်စားသွားသော်လည်း ရဲ့ဖုန်းက ခပ်ပြုံးပြုံးဖြင့် "ဒါက လုပ်ရိုးလုပ်စဉ်တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အများကြီး မတွေးနဲ့"
"မဟာရှဓါးဂိုဏ်းကို ထားလိုက်ဦး... အရှေ့ဘက်ဒေသ တစ်ခုလုံးမှာတောင် ဝိညာဉ်ဟာနယ်မြေထဲကနေ တစ်ခုခုတွေ့တဲ့လူက ရှစ်ဆယ်ကနေ တစ်ရာလောက်ပဲ ရှိတာ။ တကယ်တမ်း လက်နက်တစ်ခုခု ရှာတွေ့တဲ့လူကတော့ ကံကောင်းတဲ့ ဆယ်ယောက်လောက်ပဲ ရှိမယ်"
လင်းတုန်းက ခေါင်းညိတ်ကာ "စိတ်မပူပါနဲ့။ အကြီးအကဲတွေ ပြောတာတော့ ဝိညာဉ်ဟာနယ်မြေထဲမှာ တစ်ခုခုတွေ့ဖို့ဆိုတာ ပါရမီနဲ့ မဆိုင်ဘူးတဲ့။ ဝိညာဉ်ဟာနယ်မြေက အလွန်နက်ရှိုင်းပြီး ဝိညာဉ်မြစ်ထက်တောင် ပိုပြီး လျှို့ဝှက်ဆန်းပြားတယ်လို့ ဆိုတယ်။
တွေ့ရင်လည်း ကောင်းတာပေါ့၊ မတွေ့ရင်လည်း ဘာမှမဖြစ်ပါဘူး"
ကျန့်လင်းက ပြုံးပြီး "ငါတို့ထဲမှာတော့ လီကြီးတစ်ယောက်ပဲ အခွင့်အရေးရှိမယ် ထင်တယ်"
လီကွမ်ချီက ပုခုံးတွန့်ပြရင်း "ဟေး... အဲဒီလို မတွေးပါနဲ့။ ပါရမီနဲ့ မဆိုင်ဘူးဆိုမှတော့ ငါ တစ်ခုခုတွေ့မလားဆိုတာ ဘယ်သူသိမှာလဲ?"
သူတို့ ထိုအကြောင်းကို ဆက်မပြောတော့ဘဲ အေးအေးဆေးဆေး ထမင်းစားလိုက်ကြသည်။ နေ့လယ်ပိုင်းတွင် ရေတောင်ထိပ်၌ ဖော်ဆောင်ခြင်း သင်တန်း တက်ကြရမည်ဖြစ်သည်။ သို့သော် လီကွမ်ချီက ထိုအကြောင်းကို စိတ်ထဲ မှတ်ထားလိုက်သည်။ ဤအကြောင်းကို သူ ကြားဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
"ဓားဝိညာဉ်... ငါ့ရဲ့ ဝိညာဉ်ဗလာနယ်မြေထဲမှာ ဘာရှိလဲ?"
သူမက စိတ်ပျက်လက်ပျက်ဖြင့် "ငါက ဘယ်လိုလုပ် သိမှာလဲ!"
"အဲ... ဝိညာဉ်ဗလာနယ်မြေထဲမှာ လက်နက်ရှိတဲ့လူနဲ့ မရှိတဲ့လူကြားက ကွာခြားချက်က အများကြီးလား?"
ဓားဝိညာဉ်က ထေ့ငေါ့ပြောမည်ဟု သူ ထင်ထားသော်လည်း သူမက လေးနက်ပြီး လွမ်းမောဖွယ်ရာ အသံဖြင့် ပြန်ဖြေခဲ့သည်။
"ကွာခြားချက်က အကြီးကြီးပဲ။ လောကရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့လူတွေဆိုတာ သူတို့ရဲ့ ဝိညာဉ်ဟာနယ်မြေထဲမှာ တစ်ခုခု အမြဲရှိနေတတ်ကြတယ်။ ဒါက ပုံသေစည်းမျဉ်း မဟုတ်ပေမဲ့ အကျိုးသက်ရောက်မှုကတော့ အလွန်ကြီးမားတယ်"
ဓားဝိညာဉ် မပြောလိုက်သည့် အချက်မှာ လီကွမ်ချီ၏ ဝိညာဉ်ဟာနယ်မြေထဲတွင် ဓားတစ်စင်း ရှိ၊ မရှိ ဆိုသည်မှာ သူက ခေါင်းတလားထဲမှ ဓားများကို တကယ် ထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်းပင်။ အကယ်၍ သူဘာမျှ မတွေ့ခဲ့လျှင် ခေါင်းတလားထဲက ပထမဆုံးဓားကိုသာ ထာဝရ ကိုင်စွဲသွားရပေလိမ့်မည်။
လီကွမ်ချီ ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။ သူ့မှာ ပိုအရေးကြီးသည့် ကိစ္စများ ရှိသေးသည်။ သူသည် မှော်စွမ်းအင်သန့်စင်ခြင်း အဆင့် တစ်ဆယ့်နှစ်ဆင့်မြောက်သို့ ရောက်ကာစသာ ရှိသေးပြီး ကျင့်ကြံဆင့် တည်ငြိမ်ရန် အချိန်ယူရဦးမည်။ တစ်ဆယ့်သုံးဆင့်မြောက်သို့ တက်ရန်မှာ ပို၍ပင် ခက်ခဲလှသည်။
ထိုအဆင့်ကို လက်လွှတ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တိုက်ရိုက်တက်ရန် သူ ခဏမျှ တွေးမိသော်လည်း ဓားဝိညာဉ်က ထိုသို့ တွေးမိသည်ကိုပင် အကြီးအကျယ် ငေါက်ငမ်းလိုက်သဖြင့် မလုပ်ရဲတော့ပေ။
ထိုနေ့လယ်တွင် လီကွမ်ချီသည် ရေတောင်ထိပ်၌ သင်တန်းတက်ခဲ့သည်။ ယနေ့သင်တန်းကို တောင်ထွတ်သခင် ရှန်လန် ကိုယ်တိုင် ပို့ချခြင်း ဖြစ်သည်။ သင်ကြားနေစဉ် ရှန်လန်၏ အကြည့်မှာ လီကွမ်ချီထံသို့ ခဏခဏ ရောက်သွား၏။ သူ၏ အရှိန်အဝါမှာ အခြေခံတည်ဆောက်ခြင်း ကိုးဆင့်မြောက် ကျင့်ကြံသူအချို့ထက်ပင် ပိုမိုသိပ်သည်းနေသည်။
သူမ ဇဝေဇဝါ ဖြစ်မိသော်လည်း ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။
"မှော်အင်းကွက်နှင့်မှော်ဂါထာမန္တန်တွေရဲ့ သမိုင်းကြောင်းဟာ ရှေးဦးခေတ်ကတည်းက ရှိခဲ့တာပါ။ ဒါပေမဲ့ ဝေးလံသောခေတ် ကျမှသာ အများအပြား အသုံးပြုလာကြတာ ဖြစ်တယ်။ ဒဏ္ဍာရီအရ (အင်းကွက်နှင့်ဂါထာမန္တန်) စုစုပေါင်း သုံးရာ ရှိတယ်လို့ ဆိုကြတယ်။ အင်းကွက်တွေအကြောင်းပြောရရင်မှော်အင်းကွက်တွေရဲ့ နံပါတ်က သေးလေလေ ပိုပြီး စွမ်းအားကြီးလေလေပဲ"
"ပထမဆုံး အင်းကွက် သုံးဆယ်ကိုတော့ တားမြစ်အင်းကွက် တွေလို့ ခေါ်ကြတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးလံသောခေတ်ကနေ မျက်မှောက်ခေတ် အထိ ရောက်လာတဲ့အခါ အင်းကွက်အများအပြား ပျောက်ဆုံးကုန်ကြပြီ"
တစ်ဦးက လက်ညှိုးထောင်ကာ မေးလိုက်သည်။ "အကြီးအကဲ ရှန်... ဝေးလံသောခေတ်နဲ့ မျက်မှောက်ခေတ်ဆိုတာ ဘယ်အချိန်တွေကို ပြောတာလဲ?"
ရှန်လန်က စိတ်မရှည်သလို ရှင်းပြလိုက်သည်။ "မျက်မှောက်ခေတ်ဆိုတာ လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က စတာ။ ဝေးလံသောခေတ်ကတော့ နှစ်ပေါင်း တစ်သိန်းလောက်ကပေါ့။
ရှေးဦးခေတ်ကတော့ နှစ်ပေါင်း ငါးသိန်းကနေ တစ်သန်းကြားကို ဆိုလိုပြီး၊ ကမ္ဘာဦးခေတ် ကတော့ နှစ်ပေါင်း တစ်သန်းကျော်က အချိန်တွေကို ခေါ်တာ"
"မင်းတို့ အားလပ်ချိန်မှာ ကျမ်းစာခန်းဆောင်ကို သွားပြီး လူသားလောကရဲ့ သမိုင်းမှတ်တမ်းတွေကို ဖတ်ကြဦး။ ကျင့်ကြံခြင်း တစ်ခုတည်းကိုပဲ သင်မနေကြနဲ့"
ထို့နောက် သူမသည် အင်းကွက်များကို အမြန်ဆုံး ဖော်ဆောင်နည်းကို စတင်သင်ကြားပေးသည်။ လီကွမ်ချီသည် အထူးသဖြင့် တိုက်ခိုက်ရေး အင်းကွက်နှင့်မန္တန်များကို စိတ်ဝင်စားသည်။ ယခုအချိန်ထိ သူကြားဖူးသည့် အရာသုံးမျိုး ရှိသည်။
ပထမတစ်ခုမှာ ချင်ရှန့်က အလောင်းဝင်စားသူ နှစ်ဦးကို သတ်ရန် သုံးခဲ့သည့် 'မြွေနွယ်နှောင်ကြိုး' ဖြစ်သည်။ ဒုတိယတစ်ခုမှာ ရှန်လန် သုံးသော 'လျှပ်စီးနှင်တံ' ဖြစ်ပြီး၊ တတိယတစ်ခုမှာ ဂိုဏ်းချုပ် လုခန်းနျန်းက ပြစ်ဒဏ်ပေးခံရသော တပည့်ကို ဖမ်းချုပ်ရန် သုံးခဲ့သည့် အင်းကွက် ဖြစ်သည်။
အင်းကွက်များကို ထိရောက်စွာ ဖော်ဆောင်ရန် ကျင့်ကြံသူများသည် အထူးသွေးကြောမျှင်များကို ဖွင့်ထားရပြီး အသုံးပြုမဲ့ အမည်နှင့် အဆင့်အတန်းကို ရွတ်ဆိုရသည်။ ၎င်းက သူတို့၏ မှော်စွမ်းအင်များကို လှုံ့ဆော်ရန် အထောက်အကူပြုသည်။ ရှန်လန်က လက်ဝှေ့ယမ်းလိုက်ရာ ကျောင်းသားများရှေ့တွင် ရှိနေသော လူ့ခန္ဓာကိုယ် သွေးကြောပုံရိပ်မှာ ပျောက်ကွယ်သွားသည်။
သူမက ပြောလိုက်သည်။ "ဒါက လျှပ်စီးနှင်တံ ကို ဖော်ဆောင်ဖို့ စွမ်းအင်လမ်းကြောင်းပဲ။ ဒါကို သုံးရင် လျှပ်စီးဝိညာဉ်စွမ်းအား မရှိတဲ့လူတွေတောင် လက်ထဲမှာ ခိုင်မာတဲ့ လျှပ်စီးနှင်တံကို ဖန်တီးနိုင်မယ်။ အဓိကကတော့ မင်းတို့ရဲ့ အတွင်းမှာရှိတဲ့ လျှပ်စီးဝိညာဉ်စွမ်းအင်ကို ခံစားမိဖို့ပဲ"
ရှေ့ဆုံးတွင် ထိုင်နေသော လီကွမ်ချီက ရုတ်တရက် တိုးတိုးလေး ရေရွတ်လိုက်သည်။ "နံပါတ် နှစ်ရာ့ ရှစ်ဆယ်နှစ် — လျှပ်စီးနှင်တံ!"
ဖြောက်!
အလျား ဝါးတစ်ပြန် (၁ ကျန့် ) ခန့်ရှိသော ခရမ်းရောင် လျှပ်စီးနှင်တံတစ်ခုသည် လီကွမ်ချီ၏ လက်ဖဝါးပေါ်တွင် ပေါ်ပေါက်လာသည်။
ရှန်လန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ "မဆိုးဘူး။ မင်းက တကယ့်ကို လူသားမဟုတ်တဲ့ ပါရမီရှင်ပဲ"