အခန်း (၄၉) – လျှို့ဝှက်ဆန်းပြားသော အရိုးစုနှင့် လျှပ်စီးအိုင်
လီကွမ်းချီသည် စင်ပေါ်ရှိ ပစ္စည်းများကို မွှေနှောက်ရှာဖွေလိုက်သော်လည်း ကျောက်စိမ်းပုလင်းများမှာ ဗလာဟောင်းလောင်းဖြစ်နေသည်ကိုသာ တွေ့လိုက်ရ၏။ သို့သော် အခြားတစ်ဖက်ရှိ ကျောက်စိမ်းသေတ္တာများထဲတွင်မူ ပြင်းရှပြီး အားကောင်းသော ရနံ့များ ထွက်ပေါ်နေသည့် အခြေခံအုတ်မြစ်တည်ဆောက်ရေးဆေးလုံး တစ်လုံး ရှိနေသည်။
လီကွမ်းချီသည် စိတ်လှုပ်ရှားစွာဖြင့် ဆေးလုံးများနှင့် ဗလာကျောက်စိမ်းပုလင်းများကို သိမ်းဆည်းလိုက်ပြီးနောက် လှည့်ထွက်ခဲ့သည်။
'အလဟဿတော့ အဖြစ်မခံနိုင်ဘူး။ အင်း... ဟို မြေခွေးအိုကြီးတွေ ဘယ်ရောက်ကုန်တာလဲ? ငါတို့ကို သေတွင်းထဲ ပစ်ထားခဲ့ပြီး နယ်မြေထဲကနေ မောင်းထုတ်ရဲတယ်ပေါ့လေ... ဒီအတွက် နောင်တရစေရမယ်...'
ပထမဆုံးခန်းမဆောင်ထဲမှ ထွက်လာပြီးနောက် ပျက်စီးယိုယွင်းနေသော ဂိုဏ်းဝင်းကြီးကို သူ ဝေ့ဝဲကြည့်လိုက်သည်။
တစ်ချိန်က ခန့်ညားထည်ဝါခဲ့သော အဆောက်အအုံများသည် ကြီးမားမြင့်မားသော်လည်း ယခုမူ ပျက်စီးခြင်းတရားတို့ လွှမ်းမိုးနေလေပြီ။ ပြိုပျက်နေသော တံတိုင်းများသည် နေရာအနှံ့ ရှိနေပြီး ကြမ်းပြင်ပေါ်တွင်လည်း အဆုံးမရှိဟု ထင်ရသော နက်ရှိုင်းသည့် ကျင်းကြီးများက အမာရွတ်များပမာ ထင်ကျန်နေသည်။
ဤနေရာ၏ လမ်းကြောင်းများကို မကျွမ်းကျင်သဖြင့် သူသည် ဦးတည်ရာမဲ့ လျှောက်သွားနေမိသည်။
ရုတ်တရက် တံတိုင်းတစ်ခု၏ အနောက်ဘက်တွင် လွင့်ထွက်နေသော ဝတ်ရုံစတစ်ခုကို သူ သတိပြုမိသွား၏။ အနီးကပ်သွားကြည့်သောအခါ ထိုဝတ်ရုံမှာ အရိုးစုတစ်ခုကို ခြုံလွှမ်းထားခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
အရိုးစု၏ နံရိုးများမှာ ကြေမွနေပြီး သေဆုံးမှုမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်ခဲ့ပုံရသည်။ ဝတ်ရုံ၏ လက်ရာမြောက်လှသော ဒီဇိုင်းကိုကြည့်ခြင်းဖြင့် ဤသူသည် ကျင့်ကြံဆင့်မြင့်မားသော တာအိုဆရာတစ်ဦး ဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။ သို့သော် ထိုဝတ်ရုံသည် ၎င်း၏ မှော်စွမ်းအင်များကို ဆုံးရှုံးသွားသည်မှာ ကြာပြီဖြစ်သည်။
လီကွမ်းချီက အစကို အသာအယာ ဆွဲကိုင်လိုက်သည့်အခါ ဝတ်ရုံမှာ ဖုန်မှုန့်များအဖြစ် ကြေမွပျက်စီးသွားတော့သည်။
သူ့အာရုံမှာ အနီးအနားတွင် ကျနေသော ခရမ်းရောင် ကျောက်စိမ်းဆွဲပြားတစ်ခုဆီသို့ ရောက်သွား၏။ ၎င်းသည် ထူးဆန်းစွာပင် ပျက်စီးခြင်းမရှိဘဲ တည်ရှိနေပြီး "宗" (ဂိုဏ်း) ဟူသော စာလုံးကို ထွင်းထုထားသည်။
လီကွမ်းချီ၏ ရင်ခုန်သံများ မြန်လာသည်။ ဤသူသည် ဂိုဏ်းချုပ် ဖြစ်နေနိုင်မလား? သူသည် အရိုးစုပေါ်ရှိ ဝတ်ရုံများကို ဖယ်ရှားလိုက်ရာ လက်ချောင်းတစ်ချောင်းတွင် ဝတ်ဆင်ထားသော ခရမ်းရောင် ကျောက်စိမ်းလက်စွပ်ကို တွေ့လိုက်ရသည်။ လီကွမ်းချီသည် ၎င်းကို အမြန်ချွတ်ယူပြီး ဝတ်စုံပေါ်တွင် ပွတ်တိုက်ကာ ဖုန်ခါလိုက်သည်။ ထို့နောက် လက်ဝါးနှစ်ဖက်ကို ပူးကပ်ကာ အရိုအသေပေးလိုက်၏။
"ကျုပ်ကို အပြစ်မတင်ပါနဲ့ဗျာ။ ခင်ဗျားလည်း သေနေပြီပဲ... ဒီမှာထားခဲ့ရင်လည်း အလဟဿ ဖြစ်နေမှာ။ ကျုပ်က ဒီပစ္စည်းကို တွေ့ရတယ်ဆိုကတည်းက ကျုပ်တို့မှာ ကံကြမ္မာရေစက် ရှိလို့ပေါ့။ ဒါကြောင့် ကျုပ်က လုယူတာမဟုတ်ပါဘူး၊ ခင်ဗျားလည်း သဘောတူမယ်လို့ ကျုပ်ယုံကြည်ပါတယ်"
ကံကောင်းထောက်မစွာဖြင့် ထိုသူမှာ သေဆုံးသွားသည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့ပြီဖြစ်သည်။ သို့မဟုတ်ပါက လီကွမ်းချီ၏ အရှက်မရှိမှုကို ကျိန်းသေပေါက် ငေါက်ငမ်းမိပေလိမ့်မည်။ လီကွမ်းချီသည် သူ၏ နတ်ဘုရားအာရုံ ကို အသုံးပြု၍ လက်စွပ်ပေါ်မှ အားနည်းနေသော တံဆိပ်ခတ်နှိပ်မှုကို အမြန်ဖျက်ဆီးလိုက်သည်။
အံ့ဩစရာကောင်းသည်မှာ ထိုလက်စွပ်အတွင်းရှိ သိုလှောင်ခန်းမှာ အလွန်တရာ ကျယ်ဝန်းနေခြင်းပင်။ အတွင်းခန်းမှာ အချင်း ဝါးတစ်ရာ ခန့် ရှိပြီး သူ၏ လက်ရှိသိုလှောင်အိတ်ထက် ဆယ်ဆမျှ ပိုကြီးသည်။ ထို့အပြင် အတွင်း၌ ဝိညာဥ်ကျောက်တုံး အများအပြားလည်း ရှိနေ၏။ အကြမ်းဖျင်း တွက်ချက်ကြည့်ရသလောက် အလတ်စား ဝိညာဥ်ကျောက်တုံး တစ်ရာ့တစ်ဆယ်ခန့် ရှိသည်။
လီကွမ်းချီ ပြုံးလိုက်မိသည်။ ဤမျှအထိ သူ မမျှော်လင့်ထားခဲ့ပေ။ ထို့နောက် အတွင်း၌ ထူးခြားသော ကျောက်စိမ်းပေလွှာ တစ်ခုကို တွေ့သဖြင့် ထုတ်ယူကြည့်ရှုလိုက်သည်။
အနက်ရောင်အဆင့် အမြင့်ဆုံး အပြေးသိုင်းကွက် — 'လျှပ်စီးအဟုန်' !
လီကွမ်းချီသည် ကျေနပ်အားရစွာ ပြုံးလိုက်ပြီးနောက် နတ်ဘုရားအာရုံကို အသုံးပြုကာ ကျောက်စိမ်းပေလွှာကို ဖွင့်လိုက်သည်။
ရှုပ်ထွေးလှသော ကျမ်းစာများနှင့် မှော်စွမ်းအင် လှုံ့ဆော်နည်းများ ပါဝင်သည့် မီးခိုးရောင် စာသားများစွာသည် သူ၏ စိတ်အာရုံထဲသို့ တိုးဝင်လာသည်။ သူသည် အပြေးသိုင်းကွက်အတွက် ကျမ်းစာတစ်ခုကို လိုက်နာကျင့်ကြံရန် ကြိုးစားကြည့်သည်။ သက်စောင့်စွမ်းအင် စီးဆင်းမှုမှာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသော်လည်း အခြေခံသဘောတရားကိုမူ သူ နားလည်သွားခဲ့သည်။
'ကျင့်ကြံခြင်းခရီးလမ်း အစောပိုင်းမှာတင် လူသေပစ္စည်း နှိုက်နေရပြီလား... ကျင့်ကြံခြင်းလောကမှာ ဓားပြတွေ အပေါဆုံးလို့ ပြောကြတာ မဆန်းပါဘူးလေ'
သူသည် လက်စွပ်ကို လက်ချောင်းတွင် စွပ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ရုတ်တရက် လက်ထဲရှိ ကျောက်စိမ်းဆွဲပြားမှာ အလင်းဖျော့ဖျော့ လင်းလာပြီး လမ်းကြောင်းတစ်ခုသို့ ညွှန်ပြနေသည်။ လီကွမ်းချီသည် ချက်ချင်းပင် ထိုနောက်သို့ လိုက်သွားတော့၏။
ကျောက်စိမ်းဆွဲပြား၏ လမ်းညွှန်မှုဖြင့် သူသည် ဂိုဏ်း၏ပင်မခန်းမကို ဖြတ်ကာ တောင်နောက်ဘက်သို့ ရောက်ရှိလာသည်။ လမ်းတစ်လျှောက်တွင် ဖြူစင်သော ကျောက်စိမ်းမှ ထွင်းထုထားသည့် တရားထိုင်ဖျာ နှစ်ချပ်မှအပ စိတ်ဝင်စားစရာ ဘာမျှမတွေ့ခဲ့ရပေ။ မကြာမီမှာပင် သူသည် ဂိုဏ်း၏ နောက်တောင်ကုန်းသို့ ရောက်လာခဲ့သည်။
ဤနေရာသည် များသောအားဖြင့် ကန့်သတ်နယ်မြေ ဖြစ်လေ့ရှိသည်။ အတွင်းပိုင်းသို့ ပိုဝင်လေလေ၊ ပတ်ဝန်းကျင်မှာ ပို၍ စိမ့်စိမ့်လာလေဖြစ်ပြီး ပြင်းထန်သော တိုက်ပွဲတစ်ခု၏ အကြွင်းအကျန်များကို နေရာအနှံ့ တွေ့နေရသည်။ နောက်ဆုံးတွင် သူသည် အတော်အတန် ကောင်းမွန်စွာ ကျန်ရစ်နေသည့် စံအိမ်တော်တစ်ခုရှေ့သို့ ရောက်လာခဲ့သည်။ တံခါးပေါ်ရှိ ကမ္ပည်းစာကို သူ မော့ကြည့်လိုက်သည်။
'ဂိုဏ်းချုပ် စံအိမ်တော်'
ပါးလွှာသော အလင်းကာရံမှု တစ်ခုက လီကွမ်းချီကို တားဆီးထားသော်လည်း သူ၏ သက်စောင့်စွမ်းအင် အနည်းငယ်ကို ကျောက်စိမ်းဆွဲပြားထဲ ထည့်သွင်းလိုက်သည့်အခါ လမ်းကြောင်းပွင့်သွားပြီး သူ အတွင်းသို့ ဝင်နိုင်ခဲ့သည်။ အတွင်းပိုင်း၌ ဆွဲပြားပေါ်ရှိ အလင်းတန်းမှာ အိပ်ခန်းတစ်ခုအတွင်းရှိ ကူးပြောင်းခြင်း အစီရင် ဆီသို့ လမ်းပြပေးနေသည်။ အစီရင်စပေါ်ရှိ အပေါက်ငယ်ကို သူ ကြည့်လိုက်ပြီးနောက် ဆွဲပြားကို အထဲသို့ ထည့်လိုက်သည်။
ဝုန်း!
အစီရင်စုမှာ လင်းထိန်သွားသော်လည်း ဘာမျှ ထူးခြားမလာပေ။ သူ အစီရင်စုကို ဝေ့ကြည့်လိုက်ရာ အခြားအပေါက်ငယ် အများအပြားကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် နားလည်သွားသည်။ သူသည် ဝိညာဥ်ကျောက်တုံး (၁၆) တုံးကို အစီရင်စုထဲသို့ ထပ်ထည့်လိုက်သည်။ ၎င်းသည် ထပ်မံလင်းထိန်လာသော်လည်း ဘာမှ ဖြစ်မလာသေးပေ။
'ဒီ အစီရင်အစုတ်က အလတ်စား ဝိညာဥ်ကျောက်တုံးတွေကိုများ တောင်းနေတာလား?!'
ဖြောက်! ဖြောက်!
မျက်စိတစ်မှိတ်အတွင်းမှာပင် လီကွမ်းချီ ပျောက်ကွယ်သွားတော့သည်။
ဖြောက်! ဖြောက်!
လီကွမ်းချီ မျက်လုံးများ ပွင့်လာသည်။ တစ်ကိုယ်လုံး စူးရှနာကျင်နေမှုက သူ့ကို နိုးလာစေခြင်းဖြစ်သည်။ အံ့ဩစရာကောင်းသည်မှာ သူသည် ရှေးဟောင်းယဇ်ပလ္လင်တစ်ခုပေါ်တွင် ရပ်နေခြင်းပင်။ လျှပ်စီးများက ပတ်ပတ်လည်တွင် လက်ပတ်နေပြီး အချို့မှာ သူ့ပေါ်သို့ပင် ကျရောက်နေသည်။
သူသည် ထိန်းမရအောင် တုန်ယင်နေမိ၏။ သူ မော့ကြည့်လိုက်ရာ ယဇ်ပလ္လင်အထက်တွင် လွင့်မျောနေသော ကြီးမားသည့် လျှပ်စီးအိုင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်း၏ အလယ်ဗဟိုတွင် လျှပ်စီးစွမ်းအားများကို စုပ်ယူနေဟန်ရှိသော ပစ္စည်းတစ်ခု ရှိနေသည်။
ထိုစဉ် ဓားဝိညာဥ် သည် သူ့အနီး၌ တဖြည်းဖြည်း ပေါ်လာသည်။ သူမ ပေါ်လာရန် စွမ်းအင်များစွာ သုံးရသဖြင့် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပေါ်လာလေ့မရှိပေ။ လီကွမ်းချီက သူမကို ကြည့်ပြီး "အဲဒါ ဘာကြီးလဲ?" ဟု မေးလိုက်သည်။
သူမ၏ လှပသော မျက်ဝန်းများက လျှပ်စီးအိုင်အလယ်ရှိ ပစ္စည်းပေါ်တွင် စိုက်ကြည့်နေပြီး အသံမှာ တိုးညင်းကာ မယုံကြည်နိုင်ဖြစ်နေပုံရသည်။ "ဒါက ဘာလို့ လူသားလောကမှာ ပေါ်နေရတာလဲ?"
လီကွမ်းချီ မျက်မှောင်ကြုတ်လိုက်သည်။ "အဲဒါ ဘာလဲဆိုတာ ပြောဦးလေ"
သူမက လီကွမ်းချီကို လှည့်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ခံစားချက်ပေါင်းစုံဖြင့် ပြည့်နှက်နေသည်။ တစ်ဖန် ဓားဝိညာဥ်သည် အဖိုးစုရွှမ်က သူမကို လီကွမ်းချီထံ ဘာကြောင့် အပ်နှံခဲ့သလဲဟု တွေးတောမိပြန်သည်။
"နင် တကယ် ကံကောင်းတာပဲ" သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။ "အဲဒီအရာကို နင် ရခဲ့ရင် နောင်တစ်ချိန်မှာ နင့်အတွက် အများကြီး အထောက်အကူပြုလိမ့်မယ်။ ဒါပေမဲ့ အဲဒါကို ရဖို့ကတော့ နင့်ဘာသာနင်ပဲ ကြိုးစားရမှာ။ ငါ့အကြံပြုချက်ကတော့ ဒီယဇ်ပလ္လင် တစ်ခုလုံးကိုပါ ယူသွားဖို့ပဲ"
သူမ ပျောက်ကွယ်သွားရာ ဇဝေဇဝါဖြစ်နေသော လီကွမ်းချီသာ ကျန်ရစ်ခဲ့သည်။ သူက ညည်းညူလိုက်သည် "အနည်းဆုံးတော့ အဲဒါ ဘာလဲဆိုတာ ပြောသွားဦးမှပေါ့! ဒီက လျှပ်စီးစွမ်းအားတွေက တအား ပြင်းတာ! ကျုပ် ရှေ့တိုးလိုက်ရင် ပြာဖြစ်သွားမှာဗျ!"
သူ ညည်းညူနေသော်လည်း အတွင်းစိတ်တွင်မူ သိလိုစိတ်က ပြင်းပြနေသည်။ ထိုပစ္စည်းမှာ မည်သို့ပင်ဖြစ်စေ ဓားဝိညာဥ် ကိုယ်တိုင် ပေါ်လာသည်အထိ တန်ဖိုးရှိနေသည် မဟုတ်ပါလား။
"ဟူး... ကဲ လုပ်ကြည့်ရအောင်!" လီကွမ်းချီ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ မျက်ဝန်းများမှာ ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေ၏။ 'ကိုးဆင့်လှည့်ပတ် လျှပ်စီးကျမ်းစာ' သည် သူ၏ ခန္ဓာကိုယ်အတွင်း စတင်စီးဆင်းလာသည်။ ချက်ချင်းဆိုသလိုပင် လျှပ်စီးအိုင်သည် သူ့ကို ရန်သူဟု မှတ်ယူလိုက်သည့်အလား တုံ့ပြန်လာပြီး လျှပ်စီးတန်းများစွာ သူရှိရာသို့ တိုးဝင်လာတော့သည်။
ဘုန်း!
ဟင်းလင်းပြင်တစ်ခုလုံး ပေါက်ကွဲသံများ ဟိန်းထွက်သွားသည်။ အိုင်နှင့် သူသည် ဝါးဆယ်ပြန် မျှသာ ဝေးသော်လည်း သုံးလှမ်းခန့် လျှောက်ပြီးနောက် သူ၏ အရှိန်မှာ နှေးကွေးသွား၏။ ဤအချိန်တွင် အားကောင်းသော လျှပ်စီးစွမ်းအားများက သူ၏ တစ်ကိုယ်လုံးကို ဝါးမြိုထားပြီးဖြစ်သည်။ သူ နာကျင်စွာ အော်ဟစ်လိုက်မိသည်။
"အား! ကျိန်စာသင့်စမ်း!"
လျှပ်စီးများက သူ၏ အရေပြားကို လောင်ကျွမ်းစေပြီး မည်းတူးသွားစေသည်။ ဤဒဏ်မှာ သူ၏ ပထမဆုံး ဆေးရေချိုးစဉ်ကထက်ပင် ပိုဆိုးနေသည်။
'ဟင်း!' ထိုစဉ် စိတ်ကူးတစ်ခု ရသွားသည်။ သူသည် လက်တစ်ဖက်ဖြင့် ဓားသေတ္တာကို ဆုပ်ကိုင်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် စောစောက ဒိုင်းလွှားကို ကိုင်လိုက်သည်။ ထို့နောက် အားယူကာ ခုန်ဝင်လိုက်၏။
ကျန်ရှိနေသော အကွာအဝေးကို သူ တစ်ချက်တည်းဖြင့် ခုန်ဖြတ်လိုက်သည်။ သူ့ပတ်ပတ်လည်တွင် မိုးခြိမ်းသံများ ဆူညံနေပြီး လျှပ်စီးတန်းများစွာက သူ၏ မှော်ဒိုင်းလွှားကို ဖောက်ထွက်သွားသည်။ လီကွမ်းချီသည် လျှပ်စီးအိုင် အလယ်ဗဟိုရှိ လူဦးခေါင်းခန့်ရှိသော ထိုပစ္စည်းကို လှမ်းယူလိုက်ပြီး သိုလှောင်လက်စွပ်ထဲသို့ အမြန်သိမ်းဆည်းလိုက်သည်။
လျှပ်စီးများ ပျောက်ကွယ်သွားသည့် ခဏမှာပင် လီကွမ်းချီသည် ယဇ်ပလ္လင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။ သူ၏ တစ်ကိုယ်လုံးမှာ မည်းတူးနေပြီး ဆံပင်များမှာ လောင်ကျွမ်းကာ အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေပြီဖြစ်သည်။ လျှပ်စီးထိမှန်ထားသော ဒဏ်ရာများမှ သွေးများ စိမ့်ထွက်နေ၏။
မရေမတွက်နိုင်သော လျှပ်စီးမျှင်တန်းလေးများသည် သူ၏ သွေးကြောမျှင်များ ထဲတွင် ပတ်ပြေးနေဆဲပင်။ လီကွမ်းချီသည် ယဇ်ပလ္လင်ပေါ်တွင် မလှုပ်မယှက်ဘဲ ပြင်းထန်သော ဝေဒနာကို အောင့်ခံရင်း လဲလျောင်းနေရရှာတော့သည်။