အဖွဲ့သားများသည် ကြီးမားလှသော ဂိုဏ်းဝင်ပေါက်ကြီး၏ ဝေဝါးသော ပုံရိပ်ကို မြင်ရသည်အထိ အတော်ကြာအောင် ပြေးခဲ့ကြသည်။ ထိုဂိုဏ်း၏ နယ်မြေမှာ ဝါးတား တစ်သောင်းခန့် ကျယ်ဝန်းသဖြင့် မြို့တစ်မြို့ကဲ့သို့ပင် အလွန်ကြီးမားလှသည်။ ရုတ်တရက် ရုန်းရင်းဆန်ခတ်ဖြစ်သံများကို သူတို့ ထပ်မံကြားလိုက်ရပြန်သည်။
လီကွမ်ချီက လက်မြှောက်ပြကာ အဖွဲ့ကို ရပ်ရန် အချက်ပြလိုက်သည်။
သူတို့သည် ကျောက်ဆောင်ကြီးတစ်ခုနောက်တွင် ပုန်းကာ ချောင်းကြည့်လိုက်ကြသည်။ အဆင့် (၁) မိစ္ဆာသားရဲ ခြောက်ကောင်သည် မြေဝါရောင်ဝတ်စုံဝတ် တပည့်တစ်စုကို တိုက်ခိုက်နေကြသည်။ လီကွမ်ချီ မျက်မှောင်ကြုတ်လိုက်သည်။
၎င်းတို့မှာ ကျန့်ယွဲ့တောင် ဂိုဏ်းမှ တပည့်များ ဖြစ်ကြသည်။ သူတို့သည် ရတနာတစ်ခုခုကို ရှာတွေ့ခဲ့ဟန်တူသော်လည်း သားရဲများ၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရပုံရသည်။ တပည့်နှစ်ဦးမှာ ဒဏ်ရာရထားပြီးဖြစ်ရာ အကြာကြီး တောင့်ခံနိုင်မည့်ပုံမပေါ်ချေ။
လီကွမ်ချီသည် သူတို့ကို ကူညီခြင်း၏ အကျိုးနှင့် အပြစ်ကို စက္ကန့်ပိုင်းအတွင်း ချိန်ဆပြီးနောက် ကူညီရန် ဆုံးဖြတ်လိုက်သည်။ ရဲ့ဖုန်းက လီကွမ်ချီ၏ တုံ့ပြန်မှုကို သတိပြုမိကာ "ရဲ့လီ... ငါတို့ သူတို့ကို ကူကြမလား?" ဟု မေးသည်။
လီကွမ်ချီက အမြန်ရှင်းပြသည်။ "ကူရမယ်! ဒါက ကျန့်ယွဲ့တောင်နဲ့ ငါတို့ဂိုဏ်း ဆက်ဆံရေးကောင်းလို့တင် မဟုတ်ဘူး။"
"ကြည့်... ငါတို့က ကြိုးခုနစ်မျှင်ဂိုဏ်းက တပည့်တွေကို သတ်ထားပြီးပြီ၊ မိုးပြာနဂါးကျွန်းနဲ့လည်း ပြဿနာဖြစ်ထားတယ်။ ပြီးတော့ သောင်းဝိညာဉ်ဓါးဂိုဏ်းနဲ့ ခရမ်းရောင်မိုးတိမ်ဂိုဏ်းကလည်း မဟာမိတ်ဖွဲ့ထားကြတာ သိသာတယ်။
ငါတို့မှာ မဟာမိတ် လိုအပ်တယ်"
အဖွဲ့သားများက သဘောတူ ခေါင်းညိတ်ကြသည်။ လီကွမ်ချီသည် မဆင်မခြင် လူသူတော်လုပ်နေခြင်းမဟုတ်ဘဲ အခြေအနေကို သွေးအေးအေးဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။
မဆိုင်းမတွပင် သူတို့သည် ကျန့်တစ်ရာအကွာရှိ တိုက်ပွဲဆီသို့ ပြေးသွားကြသည်။ လီကွမ်ချီက အော်ဟစ်လိုက်သည် - "ကျန့်ယွဲ့တောင်က ညီအစ်ကိုတို့! တောင့်ခံထားကြ! ငါတို့ လာကူပြီ!"
ကျန့်ယွဲ့တောင်မှ လူများသည် ထိုအသံကို ကြားသောအခါ မျက်နှာများ ဝင်းပသွားကြသည်။ သို့သော် သူတို့၏ ခေါင်းဆောင်က စိတ်ချင်းဆက်သွယ်ကာ သတိပေးလိုက်သည်။ "သတိထားကြဦး!"
တပည့်သုံးဦးမှာ သားရဲများကို ခုခံရင်း ဒဏ်ရာရနေသော ရဲဘော်နှစ်ဦးကို ကာကွယ်ကာ နောက်သို့ ဆုတ်ရန် ကြိုးစားနေကြသည်။
လီကွမ်ချီအဖွဲ့ တိုက်ပွဲထဲသို့ ဝင်လာသည်နှင့် အခြေအနေမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ယခု ရင်ဆိုင်နေရသော အဆင့် (၁) သားရဲများမှာ အစောက ကြုံခဲ့ရသည့် အဆင့် (၂) သားရဲနှစ်ကောင်နှင့် ယှဥ်လျှင် ဘာမှမဟုတ်ချေ။ ၎င်းတို့မှာ ပို၍ သေးငယ်ပြီး အားနည်းကြသည်။
ခယ်ချင်းသည် အဆုံးသတ် တိုက်ကွက်ဖော်ဆောင်ရာတွင် ကျွမ်းကျင်လှသည်။ သူမ၏ ဂူချင်းကြိုးများကို တစ်ချက်ချင်း တုန်ခါလိုက်တိုင်း ဝိညာဉ်စွမ်းအား ပါဝင်သော အသံလှိုင်းများသည် သားရဲများထံသို့ ရောက်ရှိသွားပြီး ၎င်းတို့၏ စိတ်ကို ဝေဝါးသွားစေသည်။
မကြာမီ လီကွမ်ချီနှင့် အဖွဲ့သားများသည် ခရမ်းရောင် မိစ္ဆာပုတ်သင် လေးကောင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး ကျန့်ယွဲ့တောင် တပည့်များက ကျန်နှစ်ကောင်ကို အဆုံးသတ်လိုက်ကြသည်။
လီကွမ်ချီက လင်းတုန်းကို သားရဲများ၏ အတွင်းအမြုတေ များကို ယူခိုင်းလိုက်သည်။ ထို့နောက် ကျန့်ယွဲ့တောင် တပည့်များထံသို့ ချဉ်းကပ်သွားသည်။ သူတို့၏ ခေါင်းဆောင်မှာ ကြွက်သားတောင့်တင်းပြီး တည်ကြည်သော မျက်နှာထားရှိသည့် လူငယ်တစ်ဦးဖြစ်သည်။
သူက လက်သီးဆုပ်ကာ ဂါရဝပြုရင်း - "ကျွန်တော်က ကျန့်ယွဲ့တောင်က ရှန်ချီ ပါ! ကျွန်တော်တို့အဖွဲ့ကိုယ်စား မဟာရှဓါးဂိုဏ်းကို အသက်ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်!" ဟု လေးနက်သော အသံဖြင့် ဆိုသည်။
သူ၏ ကျေးဇူးတင်စကားမှာ စစ်မှန်လှသည်— အကယ်၍ လီကွမ်ချီအဖွဲ့ကသာ မရိုးသားလျှင် သူတို့ အားနည်းနေချိန်တွင် လွယ်လွယ်ကူကူ အခွင့်ကောင်းယူနိုင်သည်ကို သူ နားလည်သည်။
လီကွမ်ချီက သူ၏အဖွဲ့နှင့် မိတ်ဆက်ပေးပြီးနောက် - "ဒီနယ်မြေထဲမှာ သားရဲတွေ အများကြီးရှိတယ်။ ငါတို့ မြန်မြန်သွားရမယ်။ ဂိုဏ်းဝင်ပေါက်ဆီကို အတူတူ သွားကြရအောင်" ဟု ဆိုသည်။
ရှန်ချီက ခေါင်းညိတ်ပြီး အဖွဲ့နှစ်ဖွဲ့စလုံး တောင်ကြီးဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။ လမ်းခရီးတွင် သူတို့ ဘာဖြစ်ခဲ့သည်ကို လီကွမ်ချီ သိလိုက်ရသည်။ မိုးပြာနဂါးကျွန်းမှ တပည့်များသည် ခရမ်းရောင် မိစ္ဆာပုတ်သင် အသိုက်မှ ဥများကို ခိုးယူခဲ့သဖြင့် ကျန့်ယွဲ့တောင် အဖွဲ့မှာ အစားထိုး အလိုက်ခံရခြင်းဖြစ်သည်။
"မင်းတို့တော့ ကံဆိုးတာပဲ။
ရတနာလည်း မရဘဲ လူနှစ်ယောက်တောင် ဒဏ်ရာရသွားတယ်" ဟု လီကွမ်ချီက ပြုံးစစဖြင့် ပြောရာ ရှန်ချီက အံကြိတ်ရင်း - "အဲဒီ မိုးပြာနဂါးကျွန်းက ကောင်တွေကိုသာ မိလို့ကတော့ ငါကိုယ်တိုင် သင်ခန်းစာပေးမယ်! အော်... ဒါနဲ့ ကြားရတာတော့ မင်းတို့က ကြိုးခုနစ်မျှင်ဂိုဏ်းက မြေခွေးတွေနဲ့ ပြဿနာရှိနေတယ်ဆို၊ ဟုတ်လား?"
လီကွမ်ချီက ပြုံးရုံသာပြုံးပြီး ပြန်မဖြေပေ။ ရဲ့ဖုန်းက ပခုံးတွန့်ကာ - "သူတို့က ငါတို့ နယ်မြေထဲဝင်ဝင်ချင်း ခြုံခိုတိုက်ခိုက်ဖို့ ကြိုးစားလို့ ငါတို့က သုံးယောက်ကို အသေသတ်လိုက်တာပဲ" ဟု ဆိုသည်။
ရှန်ချီ၏ မျက်ကွင်းများ ကျဥ်းမြောင်းသွားသော်လည်း တည်ငြိမ်သောအမူအရာကို ထိန်းထားသည်။
လီကွမ်ချီက သူ့ကို သေချာစောင့်ကြည့်နေသော်လည်း ရဲ့ဖုန်း လွတ်လွတ်လပ်လပ် ပြောဆိုနေသည်ကို မတားဆီးပေ။ သူသည် အမှန်တရားကို ဖုံးကွယ်ရန် အစီအစဥ်မရှိချေ— ကျန့်ယွဲ့တောင် တပည့်များကို သူတို့၏ အင်အားကို သိစေခြင်းမှာ သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၎င်းက သူတို့ကို တစ်ခုခုမလုပ်ခင် နှစ်ကြိမ်ပြန်စဥ်းစားစေလိမ့်မည်။
မြို့တစ်မြို့နှင့်တူသော ဂိုဏ်းဟောင်းနေရာနှင့် နီးကပ်လာသောအခါ လီကွမ်ချီ ရုတ်တရက် ရပ်လိုက်သည်။ သူသည် ဆောင့်ကြောင့်ထိုင်ကာ မြေပြင်ကို လက်ဖြင့် ထိကြည့်လိုက်ပြီးနောက် မျက်လုံးများ အံ့ဩတကြီး ပြူးကျယ်သွားသည်။
"ပြေး! တစ်ခုခု မှားနေပြီ!"
မဟာရှဓါးဂိုဏ်းအဖွဲ့သည် တွေဝေမနေဘဲ အရှိန်ဖြင့် ပြေးထွက်သွားကြသည်။ သူတို့၏ ရုတ်တရက် တုံ့ပြန်မှုကြောင့် ရှန်ချီ ခဏတာ ကြောင်သွားသော်လည်း ချက်ချင်းပင် သူ့အဖွဲ့ကို လိုက်ရန် အော်ခေါ်လိုက်သည်။
"ညီအစ်ကို လီ! ဘာဖြစ်လို့လဲ? ငါတို့ ဘာလို့ ပြေးနေတာလဲ?" ဟု လီကွမ်ချီနောက် ကျန့် ၁၀(ပေ၁၀၀) ခန့်အကွာမှ စိုးရိမ်တကြီး အော်မေးသည်။
လီကွမ်ချီက လေးနက်စွာ ပြန်ဖြေသည် - "မိစ္ဆာသားရဲ အုပ်ကြီးတစ်ခု ငါတို့ဆီကို ပြေးလာနေပြီ! အများကြီးပဲ! အရမ်းများတယ်!"
သူတို့ ခဏကြာအောင် ပြေးခဲ့ကြသည်။ မြင့်မားသော မြို့ရိုးကြီးများနှင့် ဝါးတား ရှစ်ရာခန့် အကွာသို့ ရောက်သောအခါ ဝါးတား တစ်ရာခန့်အကွာတွင် ဖုန်လုံးကြီးများ ထလာသည်ကို မြင်လိုက်ရသည်။
လီကွမ်ချီ လှည့်ကြည့်လိုက်သောအခါ မိစ္ဆာသားရဲ ရာပေါင်းများစွာ သူတို့နောက်သို့ လိုက်လာသည်ကို တွေ့လိုက်ရသည်။ ထိုသားရဲအုပ်၏ အရှေ့ဆုံးတွင် ပျံသန်းနေသည်မှာ အစောက အမှောင်လင်းနို့ကြီးပင် ဖြစ်သည်။
မြေကြီး တုန်ဟီးနေပြီး သားရဲများ၏ ဟိန်းသံများ ဆူညံနေသည်။ လူတိုင်း မြန်မြန်ပြေးနိုင်ရန် ခြေထောက် နောက်နှစ်ချောင်းလောက် ပိုပါလာပါစေဟု ဆုတောင်းနေကြသည်။ သူတို့သည် တောင်ဘက်မှနေ၍ ဂိုဏ်းဝင်ပေါက်သို့ ချဉ်းကပ်နေစဥ် ရုတ်တရက် သူတို့၏ ဘယ်ဘက်မှ လူအုပ်ကြီး ပေါ်လာပြန်သည်။ အခြားအဖွဲ့တစ်ခုလည်း ဝင်ပေါက်ဆီသို့ အစွမ်းကုန် ပြေးလာနေခြင်းဖြစ်သည်။
လီကွမ်ချီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုနေရာတွင် ဂိုဏ်းပေါင်းစုံမှ တပည့်များ— သောင်းဝိညာဉ်ဓါးဂိုဏ်း၊ ခရမ်းရောင်မိုးတိမ်ဂိုဏ်း၊ မိုးပြာနဂါးကျွန်းနှင့် ကြိုးခုနစ်မျှင်ဂိုဏ်းတို့ ရှိနေကြသည်။ သူ၏ မျက်နှာမှာ အေးစက်သွားပြီး အမိန့်ပေးလိုက်သည်။
"မြန်မြန်! သူတို့ကို အရင်ရောက်ခွင့် မပေးနဲ့!"
ဤကျယ်ပြောလှသော မြက်ခင်းပြင်တွင် ပုန်းစရာနေရာ မရှိချေ။ သူတို့၏ တစ်ခုတည်းသော အခွင့်အရေးမှာ ဂိုဏ်းဟောင်းပျက်ကြီးထဲသို့ အမြန်ဝင်ကာ သားရဲများ မရောက်မီ တံခါးကို ပိတ်ရန်သာ ဖြစ်သည်။
သို့သော် သောင်းဝိညာဉ်ဓါးဂိုဏ်းနှင့် မိုးပြာနဂါးကျွန်း တပည့်များကလည်း သူတို့ကို မြင်သွားကြသည်။ လော့ဟူ၏ မျက်နှာမှာ ပို၍ပင် ရက်စက်သွားသည်။
"စီနီယာအစ်ကို! မြန်မြန်! ငါတို့ အရင်ဝင်မှဖြစ်မယ်!"
အဖွဲ့နှစ်ဖွဲ့စလုံးမှာ ဝင်ပေါက်ဆီသို့ အပြိုင်အဆိုင် အရှိန်မြှင့်လိုက်ကြသည်။ လီကွမ်ချီသည် သူတို့၏ အမြန်နှုန်းကို တွက်ချက်ကြည့်ရင်း စိတ်ပျက်သွားသည်။ အကယ်၍ သူ တစ်ခုခု မလုပ်လျှင် အခြားဂိုဏ်းများ အရင်ရောက်သွားပြီး တံခါးကို ပိတ်လိုက်ပါက သူတို့အဖွဲ့မှာ အပြင်တွင် သားရဲစာအဖြစ် ကျန်ရစ်ခဲ့ပေလိမ့်မည်။
လီကွမ်ချီက ရှန်ချီဘက် လှည့်ကြည့်ကာ - "သူတို့ ဝင်သွားပြီးရင် တံခါးမပိတ်နိုင်အောင် ငါ အရင်သွားနှင့်မယ်။ မင်းတို့ မြန်မြန်လိုက်ခဲ့!"
ရှန်ချီ ပြန်မပြောနိုင်ခင်မှာပင် လီကွမ်ချီ၏ ကြွက်သားများ တင်းမာသွားပြီး နောက်တစ်စက္ကန့်တွင် မြေပြင်ပေါ်၌ ကျင်းကြီးတစ်ခု ချန်ထားခဲ့ကာ မြားတစ်စင်းကဲ့သို့ ပြေးထွက်သွားတော့သည်။
သူ၏အရှိန်မှာ ကျားသစ်တစ်ကောင်ထက်ပင် မြန်နေသေးသည်။ ရဲ့ဖုန်း နှုတ်ခမ်းမဲ့လိုက်မိသည်။
လီကွမ်ချီ ကျောပေါ်တွင် လွယ်ထားသော ဓါးခေါင်းတလားမှာ ဂျင် ၅၀၀ (၂၅၀ ကီလိုဂရမ်ခန့်) လေးကြောင်း အခြားသူများ မသိသော်လည်း ရဲ့ဖုန်းကတော့ သိသည်။ ဒီလောက်လေးတဲ့ အရာကို ထမ်းထားတာတောင် သူ ဘယ်လို ဒီလောက် မြန်နေရတာလဲ?
လီကွမ်ချီ အစွမ်းကုန် ပြေးသည်။
လေသံများ နားထဲတွင် တဝီဝီ မြည်နေရင်း သူသည် အနီးဆုံးရှိ မိုးပြာနဂါးကျွန်း တပည့်တစ်ဦးထံသို့ ဓါးကိုကိုင်ကာ ပြေးဝင်သွားသည်။ လော့ဟူသည် လီကွမ်ချီ သူတို့ထံသို့ ပြေးဝင်လာသည်ကို မြင်သောအခါ သူ၏မျက်လုံးများထဲတွင် ရက်စက်မှုများ လက်သွားသည်။
မဟာရှဓါးဂိုဏ်းတွင် သူ ခံခဲ့ရသော အရှက်ရမှုကို သူ မမေ့သေးပေ။ ကံကောင်းထောက်မစွာဖြင့် သူသည် နောက်ပိုင်းတွင် မိုးပြာနဂါးကျွန်းသို့ ဝင်ခွင့်ရခဲ့သည်။
လော့ဟူက အေးစက်စွာ ပြောလိုက်သည် - "အစ်ကိုတို့... မဟာရှဓါးဂိုဏ်းက မျက်မမြင်ကောင်က ငါတို့ကို လာတားနေတာပဲ!"
ကြိုးခုနစ်မျှင်ဂိုဏ်းမှ ကျန်ရှိသော တပည့်နှစ်ဦး၏ မျက်လုံးထဲတွင်လည်း သတ်ဖြတ်လိုစိတ်များ ပြည့်လာသည်။ "ဒါဆိုရင် သူ့ကို အရင်ဆုံး သတ်ပစ်ရမှာပေါ!
မှတ်ချက်: ၁ကျန့် -၁၀ ပေ ရှိပါသည်
ကျန့် : ဒါကိုတော့ တိုက်ပွဲခန်းတွေ၊ အခန်းအကျယ်အဝန်းတွေမှာ သုံးပါတယ်။ (ဥပမာ - ၁၀ ကျန့်အကွာကနေ ဓားချွန်နဲ့ ပစ်လိုက်တယ် - ပေ ၁၀၀ အကွာ)