ရှန်လန်၏ မျက်နှာထားမှာ အေးစက်သွားသည်။ သူမသည် လက်ကိုဆန့်ထုတ်ကာ လက်ဖဝါးကို ဖြန့်လိုက်သည်။
"မန္တန်အမှတ် ၂၈၂! မိုးကြိုးနှင်တံ!
ဖျန်း...!
ခရမ်းရောင်နှင်တံတစ်ခု ထွက်ပေါ်လာပြီး လျှပ်စစ်စွမ်းအင်များ တဖျတ်ဖျတ်နှင့် ထိုလူ၏မျက်နှာကို ရိုက်ခတ်သွားသည်။
ဘုန်း!
ထိုရိုက်ချက်ကြောင့် ထိုလူမှာ အနည်းငယ်ခန့် လွင့်ထွက်သွားပြီး ပါးပြင်မှာ မည်းတူးသွားတော့သည်။ ထိုလူသည် ဒေါသကြောင့် သွေးတိုးကာ တုန်ရင်နေသော လက်ညှိုးဖြင့် ရှန်လန်ကို ညွှန်ပြနေသည်။
ရှန်လန်က မိုးကြိုးနှင်တံကို ပြန်သိမ်းကာ သူမ၏အဖွဲ့ကို ဦးဆောင်၍ သူ့ဘေးမှ ဖြတ်ကျော်သွားသည်။
"မင်းက မိုးပြာနဂါးကျွန်းရဲ့ စီမံခန့်ခွဲသူလေးပဲ ရှိသေးတာ၊ ငါ့ကို ဘယ်လိုများ စကားပြောရဲတာလဲ? ဟွန့်! ဒါက မင်းပါးစပ်ကို မဟခင် သေချာစဥ်းစားတတ်ဖို့ သင်ခန်းစာဖြစ်ပါစေ!"
ထိုလူသည် ဒေါသအိုးပေါက်ကွဲမတတ် ဖြစ်နေသော်လည်း ပြန်မပြောရဲတော့ချေ။ ရှန်လန်၏ အကြည့်က နောက်တစ်ခွန်းထပ်ပြောလျှင် ထပ်ရိုက်မည်ဟု သိသာစေသည်။ ရှန်လန်တို့အဖွဲ့ ဝေးသွားမှသာ ထိုလူက "အဲဒီမိန်းမယုတ်! နင်တို့တွေ နန်းတော်ထဲရောက်ရင် အဲဒီထဲကလူ အချို့ကို သတ်ပစ်လိုက်ကြစမ်း!" ဟု ကျိန်ဆဲတော့သည်။
အဖွဲ့၏ နောက်ဆုံးတွင်ရှိသော လီကွမ်ချီက ထိုစကားကို ကြားလိုက်သဖြင့် အေးစက်စွာ ပြုံးလိုက်သည်။ ဟဲဟဲ... မင်းက ငါတို့ကို သတ်နိုင်မယ် ထင်နေတာလား?
မကြာမီ သူတို့သည် ကျန့်ယွဲ့တောင်မှ တပည့်များ စောင့်ဆိုင်းနေသော နေရာသို့ ရောက်ရှိလာသည်။
ကျန့်ယွဲ့တောင်တပည့်များသည် မြေဝါရောင် ဂိုဏ်းဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ အသက်ကြီးကြီး အကြီးအကဲတစ်ဦးက ရှန်လန်ကို မြင်သောအခါ အပြေးအလွှား လာကြိုသည်။
"ဟားဟားဟား! အကြီးအကဲ ရှန်ကိုယ်တိုင် တပည့်တွေကို လိုက်ပို့မယ်လို့ မထင်ထားဘူး။ ဧည့်ဝတ်မကျေတာ ရှိရင် ခွင့်လွှတ်ပါ... အိုး... မဟာရှဓါးဂိုဏ်းက ဒီတစ်ခါ တပည့်ကောင်းတွေ အများကြီး ရထားတာပဲ။"
ထိုအကြီးအကဲသည် အလွန်ယဥ်ကျေးပြီး အိမ်ရှင်ကောင်းပီသစွာ နှုတ်ဆက်သည်။ သူက နောက်သို့လှည့်ကြည့်ကာ "ဒါတွေကတော့ ဒီနှစ်မှဝင်တဲ့ ငါတို့တပည့်တွေပါ။ မင်းတို့ကလေးတွေနဲ့ ယှဉ်ရင်တော့ လိုအပ်ချက်တွေ ရှိပါသေးတယ်" ဟု ဆိုသည်။ နှိမ့်ချပြောဆိုသော်လည်း သူ၏ မျက်နှာတွင် ဂုဏ်ယူမှုများ အရိပ်အယောင် ပေါ်နေသည်။
အဘယ်ကြောင့်ဆိုသော် သူ့နောက်က တပည့်အများစုမှာ အသက်ဓာတ်သန့်စင်ခြင်း နဝမအဆင့် တွင် ရှိနေကြသောကြောင့်ဖြစ်သည်။
ရှန်လန်က ပြုံး၍ "မိုးတိမ်အိပ်မက် နန်းတော်ထဲမှာ ငါတို့တပည့်တွေ အပြန်အလှန် စောင့်ရှောက်နိုင်ကြဖို့ မျှော်လင့်ပါတယ်" ဟု ဆိုရာ အကြီးအကဲကလည်း "သေချာတာပေါ့" ဟု ပြန်ဖြေရင်း သူတို့ကို ကျန့်ယွဲ့တောင်၏ ပင်မတောင်ထိပ် နောက်ဘက်သို့ ဦးဆောင်ခေါ်သွားသည်။
လမ်းတွင် အခြားဂိုဏ်းအသီးသီးမှ တပည့်များ စုဝေးလာကြသည်။ လီကွမ်ချီသည် လူအုပ်ထဲတွင် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ အဲဒီလူက... လီကွမ်ချီ၏ မျက်နှာထား မပြောင်းလဲသော်လည်း စိတ်ထဲတွင် နာမည်ကို ပြန်စဥ်းစားနေမိသည်။
လော့ဟူ ? သူက မိုးပြာနဂါးကျွန်းကို ရောက်သွားတာကိုး။ လီကွမ်ချီ ခေါင်းခါရင်း သက်ပြင်းချလိုက်မိသည်။ ဂိုဏ်းတိုင်းက မဟာရှဓါးဂိုဏ်းလို မဟုတ်ကြပေ။ လော့ဟူသည် လူသစ်စုဆောင်းပွဲတုန်းက စရိုက်မကောင်းမှန်း ပြခဲ့သော်လည်း 'ဝိညာဉ်အမြစ် နှစ်မျိုး' ရှိသောကြောင့် မိုးပြာနဂါးကျွန်းက လက်ခံခဲ့ခြင်းဖြစ်သည်။
သို့သော် လီကွမ်ချီ သတိထားမိသည့် နောက်ထပ်လူတစ်ဦးမှာ ကျောက်ရွှမ်းကျူ ပင် ဖြစ်သည်။ သူက တခြားသူများနှင့်မတူဘဲ ထူးခြားသည့် အရှိန်အဝါတစ်ခု ရှိနေသည်။
မကြာမီ ဂိုဏ်းခြောက်ခုစလုံးသည် ကြီးမားသော ယဇ်ပလ္လင်တစ်ခုပေါ်တွင် စုဝေးမိကြသည်။ ကျန့်ယွဲ့တောင် အကြီးအကဲက အလယ်သို့ ထွက်လာကာ -
"စည်းကမ်းတွေကို မင်းတို့တပည့်တွေကို ရှင်းပြပြီးသားလို့ ယုံကြည်ပါတယ်။
လျှို့ဝှက်နယ်မြေထဲ ရောက်သွားရင်တော့ ကိုယ့်အသက်ကိုယ် တာဝန်ယူရမယ်။ အထဲက ရန်ငြိုးတွေကို အထဲမှာပဲ ထားခဲ့ကြပါ။ အားလုံး အဆင်သင့်ဖြစ်ရင် စလိုက်ကြရအောင်။"
ဂိုဏ်းခြောက်ခုမှ အုပ်ထိန်းသူ အကြီးအကဲများသည် အထူးပြုလုပ်ထားသော ကျောက်စိမ်းဆွဲပြားများကို ထုတ်ယူကာ လေထဲသို့ မြှောက်တင်လိုက်ကြသည်။
ဆွဲပြား ခြောက်ခုစလုံး လင်းထိန်လာပြီး ကောင်းကင်ယံတွင် လှပပြီး ဝေဝါးသော နန်းတော်ကြီးတစ်ခု ပေါ်လာတော့သည်။
ရှန်လန်က လီကွမ်ချီထံသို့ စိတ်ချင်းဆက်သွယ်ကာ စကားပြောလိုက်သည်။
"အထဲမှာ ပြဿနာတက်ရင် လိုအပ်သလို တိုက်ခိုက်စမ်း! သတ်ဖို့လိုရင်လည်း သတ်ပစ်!"
သူမက အခြားတပည့်များကိုလည်း "အထဲရောက်ရင် လီကွမ်ချီက မင်းတို့ရဲ့ ခေါင်းဆောင်ပဲ!" ဟု ခိုင်မာစွာ အမိန့်ပေးလိုက်သည်။
လင်းတုန်း နှင့် ရဲ့ဖုန်းက ဘာမှမပြောသော်လည်း ခယ်ချင်းက ခေတ္တတွေဝေပြီးမှ ခေါင်းညိတ်သည်။ ကျန့်လင်းကတော့ စိတ်မချသလို ဖြစ်နေသော်လည်း ဘာမှမပြောရဲပေ။ သူတို့ရှေ့ရှိ ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
"အထဲရောက်ရင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို မချိုးဖျက်မိဖို့ သတိထားကြ! မဟုတ်ရင် အပြင်ကို ချက်ချင်း ပြန်ရောက်လာလိမ့်မယ်! အားလုံး ကံကောင်းကြပါစေ!"
ဝီး...!
အက်ကွဲကြောင်း တည်ငြိမ်သွားသည်နှင့် လူတိုင်း လျှို့ဝှက်နယ်မြေထဲသို့ တိုးဝင်သွားကြသည်။ ရှန်လန်က "မင်းတို့လည်း သွားတော့လေ" ဟု ညင်သာစွာ ဆိုလိုက်ရာ လီကွမ်ချီ ခေါင်းညိတ်ပြပြီး သူ၏အဖွဲ့ကို ဦးဆောင်ကာ ဝင်သွားတော့သည်။
အက်ကွဲကြောင်းကို ဖြတ်ကျော်ရသည်မှာ ရေထဲသို့ ငုပ်လျှိုးဝင်လိုက်ရသလိုပင်။ သူ၏ အသိစိတ်မှာ ခဏတာ ဝေဝါးသွားသည်။
ရွှမ်း...! ရွှမ်း...!
လက်နက်ပုန်း များက လေကိုခွဲ၍ ပျံသန်းလာကြသည်!
ချောက် ချောက် ချောက်!
လီကွမ်ချီသည် သူ၏ခြေထောက်အောက်တွင် ဟာလာဟင်းလင်းဖြစ်သွားပြီး ပြုတ်ကျနေသည်ကို ခံစားလိုက်ရသည်။ ထိုအချိန်မှာပင် သူသည် ဓါးကိုဆွဲထုတ်ကာ သူ့မျက်နှာဆီသို့ ပျံလာသော လက်နက်ပုန်း များကို ကျွမ်းကျင်စွာ ပုတ်ထုတ်လိုက်သည်။
"အားလုံး သတိထားကြ!"
သူတို့သည် ဝါးတားအတော်ကြာ ပြုတ်ကျပြီးနောက် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျဆင်းသွားသည်။ အားလုံး မျက်နှာများ ဖြူလျော့ကုန်သည်။
လီကွမ်ချီကတော့ မြေပြင်ကို ထိသည်နှင့် တောလိုက်ကျားသစ်တစ်ကောင်ကဲ့သို့ ရှေ့သို့ ဒိုင်းကနဲ ပြေးထွက်သွားသည်။ ကျန်သူများမှာ သူနင်းလိုက်သော မြေပြင်၌ ကျင်းငယ်တစ်ခု ဖြစ်ကျန်ခဲ့သော အသံကိုသာ ကြားလိုက်ရသည်။
ရဲ့ဖုန်းက အမြန်နှုန်းမြှင့်သည့် နည်းစနစ်ကို သုံးကာ ဓါးကိုကိုင်၍ လီကွမ်ချီနောက်သို့ လိုက်သွားသည်။ ကျန်သုံးဦးမှာ လက်နက်များကို ထုတ်ကာ ပတ်ဝန်းကျင်ကို သတိဖြင့် ကြည့်နေကြသည်။ ကျန့်လင်းက မျက်မှောင်ကြုတ်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။ "သွားမယ်! ဘယ်ဘက်ကို သွားကြစအောင်!"
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးမှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။ သူက ငါ့လက်နက်တွေကို အကုန်ပုတ်ထုတ်နိုင်တယ်လား? သူသည် ထွက်ပြေးရန် လှည့်လိုက်သည်။ သို့သော် လှည့်လိုက်သည့်အချိန်တွင် လီကွမ်ချီမှာ သူ့နောက် ကျန့် (၂၀ )အတွင်းသို့ ရောက်နေပြီဖြစ်သည်။ ဤအရှိန်နှင့်ဆိုလျှင် ခဏချင်းအတွင်း မိတော့မည်ဖြစ်သည်။
ဘာဖြစ်တာလဲ? သူ ဘာလို့ ဒီလောက် မြန်နေတာလဲ?
လီကွမ်ချီ၏ နောက်မှ ရဲ့ဖုန်းမှာ အရှိန်မြှင့်နည်းစနစ်ကို အစွမ်းကုန်သုံးသော်လည်း မမီနိုင်ချေ။ သူက တိုးတိုးလေး ရေရွတ်လိုက်သည် - "ဒီကောင်ရဲ့ ကြွက်သားအင်အားက ကြောက်စရာပဲ! ခန္ဓာကိုယ်ကျင့်ကြံသူ လိုမျိုး သန့်သန့်အင်အားကို သုံးနေတာတောင် ဒီလောက်မြန်နေတယ်!"
လီကွမ်ချီက မျက်မှောင်ကြုတ်ကာ သူ၏ 'ဝိညာဉ်ရေးရာအသိစိတ်' ကို သုံး၍ ထိုလူ၏တည်နေရာကို ရှာလိုက်သည်။
"ကြိုးခုနစ်မျှင်ဂိုဏ်း လား?"
ဘုန်း!
သူ အရှိန်ကို ထပ်မြှင့်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း ရဲ့ဖုန်းနှင့် သူကြားတွင် ဝါးတားအတော်များများ ကွာဟသွားသည်။ သူတို့သည် တောအုပ်ကြီးထဲတွင် ရောက်နေခြင်းဖြစ်ပြီး သူတို့လိုက်နေသော လူငယ်မှာ သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်ကာ သစ်ကိုင်းတစ်ခုမှ တစ်ခုသို့ ခုန်လွှားပြေးနေသည်။
ပြေးနေရင်း သူက ကျောက်စိမ်းပြားကို ထုတ်ကာ "ကူညီကြပါ! ငါ့ကို တွေ့သွားပြီ!" ဟု အော်ဟစ်လိုက်သည်။
ရုတ်တရက် ထိုလူငယ်သည် သူ၏ လည်ပင်းနောက်တွင် ပူနွေးသော အသက်ရှူသံတစ်ခုကို ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်— သူ့ကို စိုက်ကြည့်နေသော မျက်လုံးဖြူဖြူ တစ်စုံပင် ဖြစ်သည်။
"မိပြီ!"
ဘုန်း!
လီကွမ်ချီက သူ့နံရိုးကို အားပြင်းပြင်းနှင့် ကန်လိုက်သည်။
ဂွပ်!
ထိုလူငယ်မှာ အရုပ်မလေးတစ်ရုပ်ကဲ့သို့ နောက်သို့ လွင့်ထွက်သွားပြီး သစ်ပင်ကြီးတစ်ပင်ကို တိုက်မိကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ လူငယ်မှာ နံရိုးကို လက်ဖြင့်ဖိကာ နာကျင်လွန်းသဖြင့် အော်ဟစ်နေတော့သည်။
ရဲ့ဖုန်း ရောက်လာပြီး လီကွမ်ချီ၏ ဘေးတွင် ရပ်လိုက်သည်။ "ဟင်း... မင်းနဲ့တွေ့တာ သူ ကံဆိုးတာပဲ"
ကျန်သူများလည်း မကြာမီ ရောက်လာကြသည်။ ခယ်ချင်းက သွေးအန်နေသော လူငယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။
ကျန့်လင်း၏ မျက်နှာမှာလည်း တည်ကြည်နေသည်။ ထိုလူငယ်၏ အရှိန်အဝါအရ အနည်းဆုံး အသက်ဓာတ်သန့်စင်ခြင်း အဋ္ဌမအဆင့် ရှိသော်လည်း လီကွမ်ချီရှေ့တွင် ဘာမှမတတ်နိုင်ခဲ့ချေ။
လီကွမ်ချီသည် ဓါးကိုကိုင်ကာ အေးစက်သော မျက်နှာဖြင့် ထိုလူငယ်ထံသို့ တိုးသွားသည်။
ခယ်ချင်းက တွေဝေစွာဖြင့် -
"သူ့ကို ဒီအတိုင်းပဲ ထားခဲ့ရင်ကော... သူ သင်ခန်းစာရလောက်ပါပြီ။ ဂိုဏ်းခြောက်ခုက နှစ်ပေါင်းများစွာ အတူတူ လက်တွဲလာတာ၊ သူ့ကို ဒီလိုမျိုး သတ်ပစ်လို့ မဖြစ်ဘူးလေ။"
လီကွမ်ချီ သူမစကားကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ တခြားကျင့်ကြံသူတွေ ဘယ်မှာလဲဆိုတာ သူတို့မသိဘူး။ အကယ်၍ ဒီလူကို သတ်လိုက်ရင်တောင် ဘယ်သူမှ သက်သေမရှိဘူး။ သူက အရင်လာတိုက်တာဖြစ်လို့ လီကွမ်ချီကတော့ လွှတ်ပေးဖို့ အစီအစဥ် မရှိချေ။
ရုတ်တရက် မြေပြင်ပေါ်တွင် လဲနေသော လူငယ်၏ မျက်လုံးများမှာ ရက်စက်မှုများဖြင့် တောက်ပလာသည်။ သူသည် လက်တစ်ဖက်ဖြင့် ခယ်ချင်း၏ မျက်နှာဆီသို့ ဓါးမြှောင်တစ်လက်ကို ပစ်ပေါက်လိုက်သည်။
"သေစမ်း!!"
ရွှမ်း...!
ရဲ့ဖုန်းက အမြန်ပင် ဓါးဖြင့် ကာလိုက်သည်။ "သတိထား!"