အခန်း ၃၉၈ - အဲ့ဒါက ဘာမှမဟုတ်ပါဘူး
လီကွမ်ချီက ပြုံးလိုက်ရင်း အလျင်အမြန်ပင် လက်ဝါးချင်းရိုက်၍ ဂါရဝပြုလိုက်ကာ... "စိတ်ထဲမထားပါနဲ့ ဦးလေးရာ။ ကျွန်တော် ပြန်ရောက်ကတည်းက တကယ်ကို အလုပ်များနေခဲ့တာပါ။ ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတွေကလည်း တောင်လိုပုံနေလို့လေ။ ဒါပေမဲ့ အခုလို အသက်ရှူချောင်ခွင့်ရတဲ့ အချိန်လေးမှာတော့ ဦးလေးဆီ လာပြီး ထမင်းတစ်နပ်လောက် အလကားနှိုက်စားရမယ်လို့ တွက်ထားတာ" ဟု ပြောလိုက်သည်။
လှပတဲ့ ဝေါယာဉ်တစ်စီး မြောက်တက်ဖို့အတွက် လက်တွေအများကြီး လိုအပ်တယ်ဆိုသလိုပင်။ လီကွမ်ချီသည် ထိုစကားတစ်ခွန်းဖြင့် ရဲထျန်ယင်၏ ဂုဏ်သိက္ခာကို အများသူငါအလယ်တွင် ပေါ်ပေါ်ထင်ထင် မြှင့်တင်ပေးလိုက်ခြင်း ဖြစ်ပေသည်။
ရဲ့မိသားစုမှာ ယခင်က ဆေးဘက်ဝင်အပင်များ ရောင်းချသည့် ကုန်သည်မျှသာ ဖြစ်ခဲ့ဖူးသည်။ သူတို့၌ မဟာရှဓါးဂိုဏ်းသို့ ဝင်ရောက်သွားခဲ့သော ရဲဖုန်းအမည်ရှိသည့် သားတစ်ယောက် ရှိသော်လည်း ထိုအချိန်က သူသည် အောင်မြင်ကျော်ကြားမှု သိပ်မရှိခဲ့ပါချေ။
သို့သော်လည်း ယခုအခါတွင်မူ အရာအားလုံးက ပြောင်းလဲသွားခဲ့ချေပြီ။ မဟာရှဓါးဂိုဏ်းသည် စိမ်းပြာရောင်တိမ်တိုက်တိုက်ကြီး၏ မြောက်ဘက်နယ်မြေတစ်ခုလုံးတွင် တိတ်တဆိတ်ပင် အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်လာခဲ့သည်။
လူတိုင်းက ထိုဂိုဏ်းသို့ ပူးပေါင်းရန် အသည်းအသန် ကြိုးစားနေကြသော်လည်း ဂိုဏ်းပြန်လည်ဖွင့်လှစ်ကတည်းက မည်သည့်တပည့်သစ်ကိုမျှ ခေါ်ယူခြင်း မရှိသေးပါချေ။ ထို့အပြင် အရှေ့ဘက်နယ်မြေ၏ ထိပ်သီးအင်အားစုတစ်ခုဖြစ်သော မိုမိသားစုနှင့် ထိပ်တိုက်တွေ့ဆုံခဲ့စဉ်ကလည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ကို ပြသနိုင်ခဲ့သေးသည်။
ထို့ကြောင့်ပင် မဟာရှဓါးဂိုဏ်း၏ ကြီးပွားတိုးတက်မှုနှင့်အတူ ရဲ့မိသားစု၏ အဆင့်အတန်းမှာလည်း လိုက်ပါမြင့်တက်လာခဲ့ခြင်း ဖြစ်ပေသည်။
လီကွမ်ချီ ရောက်ရှိလာခြင်းကြောင့် ချုံးထိုင်တောင်ကုန်းစံအိမ်ကြီးတစ်ခုလုံးမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ဝင်းပနေခဲ့ချေပြီ။ သူသည် လွန်ခဲ့သော နှစ်နှစ်အတွင်း စိမ်းပြာရောင်တိမ်တိုက်တိုက်ကြီးပေါ်၌ အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်မှာ ငြင်းပယ်ရန် မရှိပေ။ သူ၏ ကျော်ကြားမှုကို ထည့်မတွက်ထားလျှင်ပင် ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအဖြစ် ရောက်ရှိလာခြင်းကတင် စံအိမ်ကြီးတစ်ခုလုံးမှ သူ့ကို အမြင့်ဆုံးသော ရိုသေလေးစားမှုဖြင့် ကြိုဆိုရန် လုံလောက်လှပေသည်။
ကြမ်းပြင်ပေါ်တွင် ခင်းကျင်းထားသော ကော်ဇောနီကြီးနှင့် ဘေးတစ်ဖက်တစ်ချက်စီတွင် စီတန်းရပ်နေကြသည့် အစေခံမိန်းကလေးများကို ကြည့်ရင်း လီကွမ်ချီက မတတ်နိုင်သည့် အပြုံးမျိုး ပြုံးလိုက်မိကာ... "ဦးလေးရဲ့... ဒီလောက်အထိ လုပ်ဖို့ တကယ်မလိုပါဘူးဗျာ" ဟု ဆိုလိုက်၏။
ရဲ့ထျန်ယင်က ဟားဟားဟား... ဟု အားရပါးရ ရယ်မောလိုက်ရင်း လက်ဝှေ့ယမ်းပြလိုက်သည်... "ကဲ... တော်ပြီ။ အားလုံးပဲ မင်းတို့အလုပ် မင်းတို့ ပြန်လုပ်ကြတော့"
အစေခံမိန်းကလေးများက ဦးညွှတ်၍ ယဉ်ကျေးစွာ ဂါရဝပြုလိုက်ကြပြီးနောက် ထွက်ခွာသွားခဲ့ကြတော့သည်။
ထိုအခါမှသာ လီကွမ်ချီသည် သက်ပြင်းတစ်ချက်ကို အသာချနိုင်တော့၏။
ရဲထျန်ယင်၏ ဘေးတွင် ရဲ့ဖုန်း၏ မိခင်ဖြစ်သူ စုရှီ ရပ်နေခဲ့သည်။ သူမသည် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသိက္ခာရှိကာ ကျေးဇူးတော်နှင့် ပြည့်စုံလှပေသည်။ သူမသည် နှစ်ပေါင်းများစွာပတ်လုံး ပစ်ပယ်ခြင်းကို တိတ်ဆိတ်စွာ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ဖူးသော်လည်း ၎င်းမှာ ပါရမီရှင်သားဖြစ်သူကို အကာအကွယ်ပေးရန်အတွက် ရဲ့ထျန်ယင် အသုံးပြုခဲ့သော နည်းလမ်းတစ်ခု ဖြစ်ခဲ့ပေသည်။ ထိုအရာက ရဲ့ဖုန်းအား သူ၏ဖခင်အပေါ် အထင်အမြင်လွဲမှားစေခဲ့ဖူးသည်။
ယခုအခါတွင်မူ ရဲ့ဖုန်းသည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်ရာ စုရှီအနေဖြင့် သူမ၏ ရသင့်ရထိုက်သော နေရာမှန်ကို သဘာဝအတိုင်း ပြန်လည်ရရှိခဲ့ချေပြီ။
လီကွမ်ချီက သူမကို ဦးညွှတ်လိုက်ရင်း... "နှုတ်ဆက်ပါတယ် အန်တီစု။ နှစ်နှစ်တောင် ကြာသွားခဲ့ပေမဲ့ အန်တီက ပိုပြီးတော့တောင် လှပနုပျိုလာသလိုပဲဗျာ" ဟု နှုတ်ဆက်လိုက်၏။
သူမက မျက်ဝန်းလေးများ မှေးစင်းသွားသည်အထိ လှပစွာ ပြုံးလိုက်မိရင်း... "မင်းကတော့ နှုတ်ချိုတဲ့ ကောင်လေးပဲ" ဟု ကျီစယ်လိုက်ရှာသည်။
ရဲ့ထျန်ယင်၏ နောက်ကွယ်တွင် ရပ်နေခဲ့ကြသော လူအုပ်ကြီးမှာ သူတို့၏ မျိုးနွယ်စုခွဲအသီးသီးမှ ခေါင်းဆောင်များ ဖြစ်ကြသည်။ မည်သူမျှ အသက်ပြင်းပြင်းပင် မရှူရဲကြပါချေ။ သူတို့ရှေ့မှ လူငယ်လေးမှာ အသက်ပေါင်းများစွာကို ခြွေယူခဲ့ခြင်းနှင့်အတူ 'သွေးစွန်းသတ်ဖြတ်သူ' ဟူသော အမည်ဆိုးကို ရရှိထားသူ မဟုတ်ပါလား။
ထိုတင်းမာမှုကို ခံစားမိသဖြင့် ရဲထျန်ယင်က လှည့်ကြည့်လိုက်ရင်း... "ကဲ... မင်းတို့အားလုံး သွားနိုင်ပါပြီ။ မင်းတို့ရဲ့ တာဝန်တွေကိုပဲ သွားလုပ်ကြတော့" ဟု အမိန့်ပေးလိုက်၏။
သူတို့အားလုံး သက်ပြင်းချနိုင်ကြတော့ကာ အလျင်အမြန်ပင် ဦးညွှတ်၍ ထွက်ခွာသွားခဲ့ကြတော့သည်။ လီကွမ်ချီ ရောက်လာခြင်းမှာ ရဲ့ထျန်ယင်နှင့် စုရှီတို့ကို ရိုသေလေးစားသောကြောင့် ဖြစ်သည်ကို သူတို့ သိရှိကြသဖြင့် ဆက်လက်ရှိနေခြင်းက မသင့်တော်ပါချေ။
ရဲထျန်ယင်သည် လီကွမ်ချီကို အဓိက အဆောင်မကြီးဆီသို့ တိုက်ရိုက် လမ်းပြခေါ်ဆောင်သွားခဲ့တော့သည်။
သူတို့ စားပွဲတစ်ခုတွင် ထိုင်လိုက်ကြစဉ် စုရှီက သူတို့အတွက် ရေနွေးကြမ်း တည်ခင်းဧည့်ခံရန် ထရပ်လိုက်၏။ ထိုအခါ လီကွမ်ချီသည် ပျာပျာသလဲနှင့် မတ်တပ်ထရပ်လိုက်မိရင်း သူမကို တားဆီးလိုက်ကာ... "အန်တီစု... အဲ့ဒီလို လုပ်ဖို့ မလိုပါဘူးဗျာ။ ရေနွေးကြမ်းပဲဟာကို။ ကျွန်တော့်ကို လွန်ခဲ့တဲ့ နှစ်နှစ်က အောက်ခြေလွတ်နေတဲ့ ကောင်လေးတစ်ယောက်လိုပဲ သဘောထားပေးပါ" ဟု ပြောလိုက်သည်။
စုရှီက သူ့ကို စနောက်သည့်အကြည့်ဖြင့် မျက်စောင်းထိုးလိုက်ရင်း... "ဘယ်လိုလုပ် အဲ့ဒီလို သဘောထားလို့ ရမှာလဲ။ မင်းက အခု မဟာရှဓါးဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်နေပြီလေ၊ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ အကယ်၍ ရဲ့မိသားစုက မင်းကို ရေနွေးကြမ်းတစ်ခွက်တောင် မတည်ခင်းနိုင်ဘူးဆိုရင် လူတွေအမြင်မှာ ဘယ်လိုဖြစ်သွားမလဲ" ဟု ဆို၏။
လီကွမ်ချီက ခါးသက်စွာ ပြုံးလိုက်မိရင်း... "ဦးလေးရဲ့... ကျွန်တော့်ကို ကူညီပါဦးဗျာ။ ငြိမ်မနေပါနဲ့။ အကယ်၍ ရဲ့ဖုန်းသာ ဒီအကြောင်းကို သိသွားရင် သူ ကျွန်တော့်ကို သတ်လိမ့်မယ်!" ဟု အကူအညီတောင်းလိုက်တော့သည်။
ထိုအချိန်တွင်မှ ရဲ့ထျန်ယင်သည် လီကွမ်ချီအနေဖြင့် လုပ်ထုံးလုပ်နည်း အခမ်းအနားများကို တကယ်ပင် ဂရုမစိုက်ဘဲ ရဲ့ဖုန်းကို ညီအစ်ကိုအရင်းကဲ့သို့ သဘောထားကြောင်း သဘောပေါက်သွားခဲ့တော့သည်။ သူက စုရှီကို သူမ၏ ထိုင်ခုံသို့ ပြန်ထိုင်ရန် လက်ပြလိုက်ရင်း... "လာထိုင်ပါ ရှင်ကလည်း။ သူက ကိုယ့်ကိုယ်ကိုယ် လူစိမ်းတစ်ယောက်လို သဘောထားနေတာ မဟုတ်ဘူး" ဟု ပြောလိုက်၏။
စုရှီ ပြန်လည်ထိုင်လိုက်သည့် အခါတွင်မှ လီကွမ်ချီသည် သက်ပြင်းတစ်ချက်ကို လွတ်လပ်စွာ ချနိုင်တော့ရင်း... "အန်တီတို့ နှစ်ဦးစလုံး ရဲဖုန်းအတွက် စိုးရိမ်နေကြမယ်ဆိုတာ ကျွန်တော် သိပါတယ်။ အန်တီတို့လည်း သူ့ကို ဆက်သွယ်လို့ မရဘူး မဟုတ်လား" ဟု မေးလိုက်သည်။
ထိုအခါ သူတို့၏ အမူအရာများမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့ရ၏။ အကယ်၍ လီကွမ်ချီသာ ရောက်မလာခဲ့ပါက ရဲထျန်ယင်ကိုယ်တိုင် မဟာရှဓါးဂိုဏ်းသို့ သွားရောက်တွေ့ဆုံရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ပထမဆုံးနှစ်ဝန်းကျင်လောက်အထိ သူတို့သည် ရဲဖုန်းထံမှ သတင်းစကားအချို့ ရရှိခဲ့သေးသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်အတွင်းမှာတော့ သတင်းစကားများမှာ တဖြည်းဖြည်း နည်းပါးသွားခဲ့ပြီး နောက်ဆုံးတွင် လုံးဝ ရပ်တန့်သွားခဲ့တော့၏။ ထိုအချိန်ကစပြီး စိုးရိမ်ပူပန်မှုများက သူတို့ကို တိုက်စားနေခဲ့သည်။ စုရှီမှာမူ သားဖြစ်သူအတွက် စိုးရိမ်ပူပန်မှုများကြောင့် ညပေါင်းများစွာ အိပ်မပျော်နိုင်ဘဲ ဖြတ်သန်းခဲ့ရရှာသည်။
စုရှီသည် စိတ်ကို ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လျက်... "ဖုန်းအာ တစ်ခုခု ဖြစ်သွားလို့လားဟင်" ဟု တုန်လှုပ်စွာ မေးရှာသည်။
လီကွမ်ချီက နူးညံ့စွာ ပြုံးပြလိုက်ရင်း... "မစိုးရိမ်ပါနဲ့ အန်တီစုရာ။ ရဲ့ဖုန်းက သန်မာပါတယ်။ ကျွန်တော့်မှာ တစ်ခုခု ဖြစ်သွားရင်တောင် သူကတော့ ဘာမှမဖြစ်ဘဲ ကောင်းကောင်းမွန်မွန် ရှိနေဦးမှာပါ" ဟု နှစ်သိမ့်လိုက်၏။
ထိုအခါ စုရှီက ဒေါသတကြီးဖြင့်... ".. အဲ့ဒီလို နိမိတ်မရှိတဲ့ စကားတွေ မပြောပါနဲ့။ မင်းတို့ နှစ်ယောက်စလုံး ဘာမှမဖြစ်ဘဲ ဘေးကင်းရမယ်!" ဟု ကျိန်ဆဲလိုက်တော့သည်။
ရဲ့ထျန်ယင်က ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီး... "ဖုန်းအာက မင်းနဲ့အတူ ရှိမနေဘူးလား။ သူ ဘယ်မှာလဲ" ဟု မေးလိုက်၏။
လီကွမ်ချီ ခဏမျှ အရှိန်သတ်လိုက်သော်လည်း အမှန်တရားကို ဖုံးကွယ်မထားရန် ရွေးချယ်လိုက်ရင်း... "သူ ကျွန်တော်နဲ့အတူ ရှိမနေပါဘူး။ သူက တစ်ယောက်တည်း ကျင့်ကြံဖို့အတွက် ထွက်ခွာသွားခဲ့တာပါ။ ကျွန်တော် သိသလောက်ဆိုရင်တော့ သူ အခု မဟာရှနယ်မြေ မှာ ရှိမနေတော့ပါဘူး။ သူက လီယန်တိုက်ကြီး ရဲ့ ထိုက်ချင်းနယ်မြေ ထဲမှာ ရှိနေသင့်ပါတယ်" ဟု ပြောပြလိုက်သည်။
ရဲ့ထျန်ယင် ဆွံ့အသွားခဲ့ရ၏။ "ဘာ...?! ထိုက်ချင်းနယ်မြေ ဟုတ်လား?!"
သူ၏ လေသံမှာ မြင့်တက်သွားခဲ့ရပြီး... "အဲ့ဒီနေရာက အရမ်းကို ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့နေရာလေ။ သူ ဘာဖြစ်လို့ အဲ့ဒီကို သွားရတာလဲ?!"
လီကွမ်ချီက အလျင်အမြန်ပင် ပြန်လည်နှစ်သိမ့်ပေးလိုက်သည်... "ဦးလေးရဲ့.. သူ့ရဲ့ အသက်အညှာကျောက်စိမ်းပြား က အကောင်းအတိုင်း ရှိနေသေးတယ် မဟုတ်လား။ သူက အတွေ့အကြုံ သွားရှာနေရုံပါပဲ။ မဟာရှနယ်မြေကလည်း ဘေးကင်းလှတယ်လို့ ပြောလို့မရပါဘူး။ ပြီးတော့ အခု ရဲဖုန်းက အရမ်းသန်မာနေပြီမလို့ သူ ဘာမှမဖြစ်ပါဘူး"
ဇနီးမောင်နှံနှစ်ဦးစလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက်မှ သူတို့၏ ပုခုံးများမှာ အနည်းငယ် ပြေလျော့သွားခဲ့ရတော့သည်။ အကယ်၍ စံအိမ်၏ လျှို့ဝှက်အခန်းအတွင်း သိမ်းဆည်းထားသော ကျောက်စိမ်းပြားသာ အက်ကွဲသွားခဲ့ပါက သူတို့သည် မဟာရှဓါးဂိုဏ်းဆီသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်မှာ ကြာလှပေလိမ့်မည်။
လီကွမ်ချီ၏ နှုတ်မှ တိုက်ရိုက်ကြားလိုက်ရသဖြင့် သူတို့ရင်ထဲတွင် အနည်းငယ်မျှတော့ သက်သာရာရသွားခဲ့ရ၏။
လီကွမ်ချီလည်း ရင်ထဲ၌ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်မိရင်း သာမန်ကာလျှံကာ ပုံစံဖြင့်... "မိသားစုရဲ့ စီးပွားရေးကော ဘယ်လိုလဲ ဦးလေးရဲ့။ အခုဆိုရင် အများကြီး တိုးတက်နေလောက်ပြီ မဟုတ်လား... ဟဟ" ဟု မေးလိုက်သည်။
သို့သော် ရဲ့ထျန်ယင်၏ တုံ့ပြန်မှုက သူ့ကို အံ့အားသင့်သွားစေခဲ့၏။ သူသည် စိတ်မသက်မသာ ဖြစ်သွားဟန်ဖြင့် လှုပ်ရှားလိုက်ပြီး မျက်ဝန်းများမှာ မှေးမှိန်သွားခဲ့ရသည်။ စုရှီက သူ၏ တံတောင်ဆစ်ဖြင့် တို့လိုက်သော်လည်း သူကတော့ ဆက်လက်၍ တိတ်ဆိတ်နေခဲ့ဆဲပင်။
စုရှီက သူ့ကို စူးရှသောအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် လီကွမ်ချီထံသို့ လှည့်ကာ... "မင်းနဲ့ ဖုန်းအာက ရင်းနှီးပြီးသားမလို့ အန်တီ မင်းကို ဖုံးကွယ်မထားတော့ပါဘူး။ မင်းတို့နှစ်ယောက်ကြောင့်ပဲ အန်တီတို့ဟာ မဟာရှဓါးဂိုဏ်းနဲ့ စီးပွားရေးအရ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီး အောင်မြင်တဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။
ဒါပေမဲ့... လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစပြီး ကတ္တီပါနီဓါးဂိုဏ်း နဲ့ တစ္ဆေဝိညာဉ်ဂိုဏ်း တို့က အန်တီတို့ရဲ့ ဆေးဘက်ဝင်အပင်တောင်တန်းတွေကို ပစ်မှတ်ထားလာခဲ့ကြတယ်။ အန်တီတို့မှာ အရင်က တောင်တန်း တစ်ဆယ့်နှစ်လုံး ရှိခဲ့တာ... အခုတော့ ခုနစ်လုံးကို သူတို့ လုယူသွားကြပြီ။ အကယ်၍ ဒီလိုသာ ဆက်ဖြစ်နေရင် စံအိမ်ကြီးတစ်ခုလုံးကိုပါ သူတို့ ဝါးမြိုသွားကြလိမ့်မယ်" ဟု ရင်ဖွင့်လိုက်တော့သည်။
ထိုစကားကြောင့် လီကွမ်ချီ၏ မျက်ဝန်းများ မှေးစင်းသွားခဲ့ရပြီး ၎င်းတို့အတွင်းမှ အေးစက်လှသော အလင်းတန်းများ ဖြတ်သန်းသွားခဲ့ရချေပြီ။
"ကတ္တီပါနီဓါးဂိုဏ်း...? တစ္ဆေဝိညာဉ်ဂိုဏ်း...? ဟွန့်... ကြည့်ရတာ သူတို့တွေ သေချင်စော ပြနေကြပြီ ထင်တယ်"