အခန်း (၃၈) - မသေမျိုးလမ်းစဥ် ပွင့်လှစ်ခြင်းနှင့် သံသရာထဲသို့ ဝင်ရောက်ခြင်း
လီကွမ်ချီသည် ခေါင်းကို အသာအယာခါယမ်းကာ "သေချာပေါက်တော့ မဟုတ်ပါဘူး" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။ ဝိညာဉ်ချည်နှောင်ခြင်း သံကြိုးကို ထိန်းချုပ်ထားရင်း သူက ဆက်ပြောသည် - "တကယ်တော့ ငါ့မှာ မေးစရာ အမေးအချို့ ရှိနေလို့ပါ"
တောင်ပေါ်က ကျောင်းပျက်မှာ ပေါ်လာတဲ့ နူးညံ့တဲ့ သရဲမလေးဟာ တကယ်တော့ လီလန်ဟွာ ပဲ ဖြစ်သည်။ အဲဒီမှာရှိတဲ့ ရုပ်အလောင်းက သူမဟာ မဟုတ်နိုင်ပေမယ့် သူမရဲ့ အငွေ့အသက်တွေတော့ ရှိနေခဲ့သည်။ တစ်ခုခုတော့ လွဲနေသည်။ သူသည် သရဲမ၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး -
"တောင်ပေါ်က အလောင်းက နင့်ဟာမဟုတ်ဘူး။ အဲဒါ မုဆိုးမ ကျန်းဆွေဖန် ရဲ့ အလောင်း ဖြစ်ရမယ်"
သူ့အောက်တွင်ရှိသော သရဲမသည် ချက်ချင်းပင် ခေါင်းမော့လာပြီး လီကွမ်ချီကို ဒေါသတကြီး စိုက်ကြည့်ကာ -
"အဲဒီ ယုတ်မာတဲ့ မိန်းမအကြောင်း ငါ့ရှေ့မှာ နောက်တစ်ခါ ထပ်မပြောနဲ့! ဟုတ်တယ်! ငါ သူတို့အားလုံးကို သတ်ခဲ့တာ! ကျန်းတာနူး ကတော့ အသေထိုက်ဆုံး နောက်ဆုံးလူပဲ! လူငယ်လေး... နင် ငါ့ကို တားဖို့ ကြိုးစားရင်တော့ ငါ ရက်စက်မိရင် မပြောနဲ့တော့!"
လီကွမ်ချီ သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။ ဒီနေ့မွန်းလွဲပိုင်းက အမျိုးသမီးနှစ်ယောက်ဆီကနေ သူ လျှို့ဝှက်ချက်အချို့ကို သိခဲ့ရသည်။ ဒီအမှုဟာ မိုးတိမ်မြို့တော်ရဲ့ အကြီးမားဆုံး အရှုပ်တော်ပုံဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ မြှုပ်နှံထားခဲ့ကြတာဖြစ်သည်။
အခု လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာတော့မှသာ လူတွေရဲ့စိတ်ထဲမှာ ပြန်ပေါ်လာခြင်း ဖြစ်သည်။
ဒီအဖြစ်ဆိုးရဲ့ ဗဟိုချက်မှာတော့ အခုရှေ့မှာရှိနေတဲ့ သရဲမပဲ ဖြစ်သည်။ လီလန်ဟွာဟာ ငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ပြီး လူကုန်ကူးသူတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ သူတို့က သူမရဲ့ လျှာကို ဖြတ်ပြီး ပြည့်တန်ဆာအိမ်ကို ရောင်းစားခဲ့ကြသည်။
အသက် ၃၀ ပြည့်တဲ့အခါမှာတော့ သူမဟာ အသုံးမဝင်တော့ဘူးလို့ သတ်မှတ်ခံရပြီး မိုးတိမ်မြို့တော်က ကျန်းတာနူး ဆီကို ပြန်လည် ရောင်းစားခြင်း ခံခဲ့ရသည်။ သူမဟာ လောကီဒုက္ခတွေကို ငြီးငွေ့နေပြီဖြစ်လို့ ဇနီးတစ်ယောက်၊ မိခင်တစ်ယောက်အဖြစ် အေးအေးချမ်းချမ်း နေထိုင်သွားနိုင်မယ်လို့ ထင်ခဲ့ရှာသည်။
ဒါပေမဲ့ ရမ္မက်ကြီးပြီး သစ္စာမရှိတဲ့ ကျန်းတာနူးးဟာ မကြာခင်မှာပဲ မြို့က မုဆိုးမ ကျန်းဆွေဖန်နဲ့ ငြိစွန်းခဲ့သည်။ အလုပ်ကြိုးစားပြီး တာဝန်ကျေပွန်တဲ့ လီလန်ဟွာဟာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။ အဲဒီအချိန်မှာပဲ မြို့ထဲမှာ ကောလာဟလတွေ ပျံ့နှံ့လာခဲ့သည်— လီလန်ဟွာဟာ အရှက်မရှိတဲ့မိန်းမ၊
ပြည့်တန်ဆာအိမ်မှာ ကြာကြာနေခဲ့တော့ မြို့ထဲက ယောက်ျားတွေကို လိုက်ဖြားယောင်းနေတယ်ဆိုပြီးတော့ပေါ့။
လီကွမ်ချီက သူသိသမျှကို ပြန်ပြောပြနေစဥ်မှာပဲ သူ့အောက်က သရဲမဟာ ပြင်းထန်စွာ တုန်ယင်နေတာကို သူ သတိမထားမိခဲ့ပေ။
ဘုန်း...!
ပြင်းထန်တဲ့ ရိုက်ခတ်မှုတစ်ခုက လီကွမ်ချီကို လွင့်ထွက်သွားစေသည်။ အေးစက်တဲ့ လေပြင်းတွေက မိုးတိမ်မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ လီကွမ်ချီရဲ့ လက်ထဲက ဝိညာဉ်ချည်နှောင်ခြင်းသံကြိုးကို ကြည့်လိုက်ရာ အထဲက ဝါဂွမ်းရောင်အစီရင်စာရွက်ဟာ အက်ကွဲလာတာကို မြင်လိုက်ရသဖြင့် သူ မျက်နှာပျက်သွားသည်။
ဒိုင်း...!
"ငါ ဘယ်သူ့ကိုမှ မဖြားယောင်းခဲ့ဘူး! သူ! သူပဲ!"
လီလန်ဟွာရဲ့ မျက်နှာဟာ ရူးသွပ်မှုတွေနဲ့ ရှုံ့မဲ့နေပြီး သူမရဲ့ ရန်ငြိုးတွေဟာ ဒီရေလို တက်လာသည်။ လီကွမ်ချီဟာ ဓါးခေါင်းတလားကို ပိုးပြီး အမိုးပေါ်ကို ခုန်တက်လိုက်သည်။ အဝေးကနေ လီလန်ဟွာ ဒေါသပေါက်ကွဲနေတာကို သူ ကြည့်နေခဲ့သည်။ အဲဒီအချိန်မှာတောင် သူက -
"အော်... ငါ ပြောတာ တစ်ခုခု မှားသွားလို့လား?" လို့ ထပ်ဆွလိုက်သေးသည်။
ဘုန်း...!
ကလဲ့စားချေဝိညာဉ်ရဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာဟာ ရုတ်တရက် ညှို့ဓာတ်ပြင်းတဲ့ အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးရဲ့ ပုံစံကို ပြောင်းလဲသွားသည်။ လီလန်ဟွာဟာ သူမရဲ့ မျက်နှာကို လက်ညှိုးထိုးပြပြီး အော်ဟစ်လိုက်သည်။
"အဲဒါ အဲဒီ ယုတ်မာတဲ့ မိန်းမပဲ! ဒါတွေက ငါနဲ့ ဘာဆိုင်လို့လဲ?! ငါကသာ မတရား အနိုင်ကျင့်ခံခဲ့ရတာ!"
"ဘာလို့လဲ?! ငါက အ နေလို့ အရှက်ခွဲတာတွေ၊ စွပ်စွဲတာတွေကို ခံခဲ့ရတာလား? သူတို့ကသာ တကယ် သေထိုက်တဲ့သူတွေ! ကျန်းတာနူးဆိုတာ သူတို့ တစ်ယောက်ပြီးတစ်ယောက် ငါ့ကို အရှက်ခွဲဖို့ ခွင့်ပြုခဲ့တဲ့ တကယ့် တိရစ္ဆာန်ပဲ!"
လီကွမ်ချီဟာ စိတ်မနှံ့ဖြစ်နေတဲ့ အမျိုးသမီးကို ကြည့်ပြီး စိတ်ထဲက သက်ပြင်းချလိုက်သည်။
"ဒါဆို ကျောင်းပျက်က သစ်ပင်အောက်မှာရှိတဲ့ အရိုးစုက ကျန်းဆွေဖန်ရဲ့ ဟာပေါ့?"
လီလန်ဟွာရဲ့ အကြည့်ဟာ အေးစက်သွားသည်။ သူမရဲ့ ပုံရိပ်ဟာ အရိပ်မည်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လီကွမ်ချီဆီကို တိုးဝင်လာသည်။
လီကွမ်ချီရဲ့ အမြင်အာရုံတွေ ဝေဝါးသွားပြီး လီလန်ဟွာရဲ့ ဖြူလျော့ပြီး ခြောက်ခြားဖွယ် မျက်နှာကြီးဟာ သူ့ရှေ့တည့်တည့်မှာ ပေါ်လာသည်။ လီကွမ်ချီက ကာကွယ်ဖို့ လက်နှစ်ဖက်ကို မြှောက်လိုက်ပေမယ့် ပြင်းထန်တဲ့ အားတစ်ခုက သူ့ကို မြေပြင်ပေါ် ရိုက်ချလိုက်သည်။
ဘုန်း...!
အရှိန်ကြောင့် သူ့အောက်က အုတ်ခဲတွေ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ လီလန်ဟွာက သူ့ရဲ့ လက်မောင်းတွေကို တင်းကြပ်စွာ ဖမ်းထားပြီး အော်ဟစ်လိုက်သည်။
"ဟုတ်တယ်! အဲဒီ ယုတ်မာတဲ့ မိန်းမရဲ့ ဝိညာဉ်ကို ငါ အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်ခဲ့တာ! သူမကို တစ်စစီ ငါ ကိုက်စားပစ်ခဲ့တာ!"
"အဲဒါက ငါ့ကို ပိုသန်မာစေပေမယ့် အဲဒါ ငါလိုချင်တာ မဟုတ်ဘူး။ ငါ ကလဲ့စားချေချင်တာ! သူတို့အားလုံးကို ရက်ရက်စက်စက် သေစေချင်တာ! နင် ငါ့လမ်းကို ပိတ်ရင် နင့်ကိုလည်း ငါ သတ်မှာပဲ!"
မြေပြင်ပေါ်မှာ ဖိထားခြင်း ခံနေရပေမယ့် လီကွမ်ချီ စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။ သူမဟာ တစ်ဘဝလုံး ဒုက္ခတွေနဲ့ပဲ ကုန်ဆုံးခဲ့ရတဲ့ သနားစရာ ဝိညာဉ်လေးပါ။
ပျော်ရွှင်မှုဆိုတာကို တစ်ခဏလေးတောင် မသိခဲ့ရဘဲ အကျင့်ပျက်တဲ့ မိန်းမအဖြစ် တံဆိပ်ကပ်ခံခဲ့ရသည်။ အစကတည်းက သူမဆီကနေ တကယ့် လူသတ်လိုတဲ့ စိတ်ရိုင်းကို သူ တစ်ခါမှ မခံစားခဲ့ရပေ။
အဲဒီအချိန်မှာပဲ သူ့ကျောပေါ်က ဓါးခေါင်းတလားဟာ လှုပ်ရှားလာသည်။ နောက်ဆုံးတော့လည်း ဓါးဝိညာဉ်ကိုပဲ အရေးယူခိုင်းရတော့မည်။ လင်းထိန်တဲ့ အလင်းတန်းတစ်ခု လေထဲမှာ ပေါ်လာသည်။ ကလဲ့စားချေဝိညာဉ်ဟာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီး သူမရဲ့ အနက်ရောင် ရန်ငြိုးတွေဟာ မီးခိုးတွေအဖြစ် ပြောင်းလဲကာ ဓါးခေါင်းတလားထဲကို အလျင်အမြန် စုပ်ယူခြင်း ခံလိုက်ရသည်။
ခဏချင်းမှာပဲ လီလန်ဟွာရဲ့ ဝိညာဉ်ဟာ အလွန်ဖျော့တော့ပြီး ကြည်လင်သွားကာ မနည်း အားယူထားရတဲ့ အခြေအနေ ဖြစ်သွားသည်။ သူမရဲ့ စွမ်းအားတွေ မရှိတော့တာကို သိလိုက်ရတဲ့အခါ သူမဟာ ဝိညာဉ်လွင့်သွားသလို မြေပြင်ပေါ် လဲကျသွားသည်။
အဲဒီနောက်မှာတော့ ထူးဆန်းတဲ့ ဝိညာဉ်ပို့ဆောင်ခြင်း ဂါထာ တွေဟာ လီကွမ်ချီရဲ့ စိတ်ထဲမှာ ပေါ်လာသည်။ ဒီဂါထာဟာ မဟာရှဓါးဂိုဏ်းမှာ သူသင်ခဲ့ရတာထက် အများကြီး ပိုပြီး နက်နဲလှသည်။
လီလန်ဟွာဟာ မြေပြင်ပေါ်မှာ သတိမေ့နေတဲ့ လူကို ကြည့်လိုက်ပြီး လီကွမ်ချီဘက်ကို တောင်းပန်တိုးလျှိုးတဲ့ မျက်လုံးတွေနဲ့ လှည့်ကြည့်လာသည်။
အားနည်းနေတဲ့ ပုံရိပ်လေးဟာ ဒူးထောက်ပြီး အကြိမ်ကြိမ် ဦးညွှတ်နေရှာသည်။ သူမရဲ့ ပုံရိပ်ဟာ ပိုပြီး ဖျော့တော့လာတဲ့အခါ နောက်ဆုံးအကြိမ်အဖြစ် ဦးညွှတ်လိုက်ပြီး -
"ကျွန်မရဲ့ အောက်တန်းကျတဲ့ ဘဝအပေါ်မှာ ဘာတွယ်တာမှုမှ မရှိပါဘူး... ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရွေးနှုတ်ပြီးမှ ရခဲ့တဲ့ စင်ကြယ်မှုကိုတော့ အသက်ထက် ပိုတန်ဖိုးထားပါတယ်။ ကလဲ့စားချေဝိညာဉ် ဖြစ်လာကတည်းက ကျွန်မ အပြစ်မဲ့တဲ့သူ တစ်ယောက်ကိုမှ မထိခိုက်ခဲ့ပါဘူး"
"အရှင်တို့ ဂိုဏ်းက ဝင်မပါရဘူးလို့ တားမြစ်ထားမှန်း သိပါတယ်၊ ဒါပေမဲ့ ကျွန်မ ရဲရဲဝံ့ဝံ့ပဲ တောင်းဆိုပါရစေ... ကျေးဇူးပြုပြီး အရှင်သူမြတ်... ဒီမတရားမှုကို ပြုပြင်ပေးပါ! ကျွန်မရဲ့ နာမည်ကို သန့်ရှင်းပေးပါ! ဒီ စကားမပြောနိုင်တဲ့ အမျိုးသမီးအတွက် စကားပြောပေးပါ!
ကျွန်မဟာ လိမ်လည်လှည့်ဖျားမှုတွေကြောင့် တကယ် အနိုင်ကျင့်ခံခဲ့ရသူ ဖြစ်ကြောင်း လောကကြီးကို သိပါစေ!"
လီကွမ်ချီ မျက်လုံးမှိတ်လိုက်မိသည်။ သူ့နှလုံးသားထဲမှာ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ခံစားလိုက်ရသည်။
သူ အမှန်တရားကို သိသော်လည်း တခြားဘယ်သူမှ မသိကြပေ။ ဒါမှမဟုတ်... သူတို့အားလုံး သိနေပါလျက်နဲ့ တိတ်ဆိတ်နေဖို့ ရွေးချယ်ခဲ့ကြတာလား။ အတူတူပဲဖြစ်ပေမယ့် တစ်နည်းနည်းနဲ့တော့ ကွဲပြားနေသည်။
သူသည် ဝိညာဉ်ပို့ဆောင်ခြင်းဂါထာကို စိတ်ရင်းမှန်ဖြင့် ရွတ်ဆိုလိုက်သည်။ သန့်ရှင်းတဲ့ အဖြူရောင်အလင်းတန်းတစ်ခုက လီလန်ဟွာကို လွှမ်းခြုံသွားသည်။ သူမဟာ ခါးသီးမှုတွေ ပြည့်နှက်နေတဲ့ မျက်ရည်တွေ ပါးပြင်ပေါ် စီးကျလာရင်း မျက်လုံးကို မှိတ်လိုက်သည်။
လီကွမ်ချီ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သတိမေ့နေတဲ့ လူဆီကို လျှောက်သွားလိုက်သည်။
ဘုန်း...!
သူ့ကို ကန်လိုက်ရာ နှာတံ ကျိုးသွားသည်။ ထိုလူဟာ ညည်းညူရင်း နိုးလာသော်လည်း ဆံပင်ကို အတင်းဆွဲမခြင်း ခံလိုက်ရသည်။ လီကွမ်ချီက သူ၏ နားထဲတွင် အေးစက်စွာ တိုးတိုးလေး ပြောလိုက်သည်။
"မင်း သူမကို မြင်လား? မင်းတို့တွေ ဝိုင်းပြီး နှိပ်စက်သတ်ပစ်ခဲ့တဲ့ အမျိုးသမီးလေ"
ထိုလူဟာ ပျောက်ကွယ်တော့မယ့် ဝိညာဉ်ကိုသာ မြင်လိုက်ရပေမယ့် သူ့မျက်လုံးထဲမှာတော့ ဝမ်းသာတဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။
ဂျောက်!
လီကွမ်ချီက ထိုလူရဲ့ လည်ပင်းကို လိမ်ပြီး ချိုးပစ်လိုက်သည်။ သန့်ရှင်းတဲ့ အလင်းရောင်ထဲမှာ လီလန်ဟွာရဲ့ မျက်ရည်တွေဟာ တာကျိုးသလို စီးကျလာသည်။ သူမဟာ အလေးအနက် ဦးညွှတ်လိုက်ပြီး "အရှင်သူမြတ်ရဲ့ မသေမျိုးလမ်းစဥ် ဖြောင့်ဖြူးပါစေ" ဟု တိုးတိုးလေး ပြောလိုက်သည်။
လီကွမ်ချီဟာ အလင်းတန်းလေး ပျောက်ကွယ်သွားသည်အထိ ငြိမ်သက်စွာ ရပ်ကြည့်နေခဲ့သည်။ သူက တိုးတိုးလေး ရေရွတ်လိုက်သည် - "နင် မတရားဘူးလို့ ခံစားရလား...? နင့်ကို စွပ်စွဲခဲ့တဲ့သူတွေဟာ နင် ဘယ်လောက်တောင် မတရားခံခဲ့ရလဲဆိုတာကို ဘယ်သူ့ထက်မဆို ပိုသိကြတဲ့သူတွေပဲ"
ဓါးဝိညာဉ်က ကြားဖြတ်ပြီး "ဒါတွေက ထိုက်တန်ရဲ့လား?" လို့ ဖြည်းဖြည်းချင်း မေးလိုက်သည်။
လီကွမ်ချီက အားရပါးရ ရယ်မောလိုက်ပြီး "ထိုက်တန်တာပေါ့! ဒီလိုမှ မဟုတ်ရင် ဘာလို့ မသေမျိုးကျင့်စဥ်ကို ကျင့်ကြံနေဦးမှာလဲ?" လို့ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
ဓါးဝိညာဉ် တိတ်ဆိတ်သွားသည်။ နောက်တစ်ခဏမှာတော့ အတိုင်းအဆမရှိတဲ့ အသက်ဓာတ်စွမ်းအားတွေဟာ လီကွမ်ချီရဲ့ ကိုယ်ထဲကို စီးဝင်လာပြီး သူဟာ အသက်ဓာတ်သန့်စင်ခြင်းအဆင့် ရဲ့ ဆဋ္ဌမမြောက်အဆင့် ကို ချိုးဖျက် ရောက်ရှိသွားတော့သည်။