အခန်း (၃၇) - ကလဲ့စားချေဝိညာဥ်၏ ဝိညာဥ်ပိတ်လှောင်မှုနှင့် လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်း
မြို့သူမြို့သားအများစုက တမင်တကာ ရှောင်လွှဲနေကြသည့် မှောင်မိုက်သော လျှို့ဝှက်ချက်တစ်ခုကို လီကွမ်ချီ ယခုလေးတင် သိလိုက်ရပြီဖြစ်သည်။ နေဝင်ရိုးရီအချိန်သို့ ရောက်လာသည်နှင့်အမျှ နေဝင်ဆည်းဆာ၏ ရွှေရောင်အလင်းတန်းများသည် တောင်တန်းများနောက်ကွယ်သို့ ပျောက်ကွယ်သွားတော့သည်။ လီကွမ်ချီကို စကားပြောခဲ့သော အမျိုးသမီးနှစ်ဦးမှာလည်း အိမ်သို့ အသီးသီး အလောတကြီး ပြန်သွားကြလေပြီ။
"လီလန်ဟွာ .. ကျန်းဆွေဖန် .. လူကုန်ကူးသူတွေပေါ့" လီကွမ်ချီက မည်သည့်ခံစားချက်မှမပါသော မျက်နှာထားဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေသော အချက်အလက်များသည် ယခုမှပင် စတင်၍ ပွင့်ထွက်လာတော့သည်။
ယခုအခါ သူလုပ်ရန် ကျန်ရှိသည်မှာ ကလဲ့စားချေဝိညာဥ် ပေါ်လာသည်အထိ စောင့်ဆိုင်းပြီး အမှန်တရားတစ်ခုလုံးကို ဖော်ထုတ်ရန်ပင် ဖြစ်သည်။
ညဉ့်နက်လာပြီ။ မြို့ဝန်မှာ အိမ်မှ ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်၍ ခြံဝင်းထဲတွင် လီကွမ်ချီ တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
လင်းထိန်နေသော အခန်းထဲတွင် ဆီမီးအိမ်တစ်လုံးနှင့် မီးတောက်ရှေ့တွင် ချထားသော စက္ကူရုပ်တစ်ခုသာ ရှိသည်။ ဆီမီးအိမ်၏ အလင်းကြောင့် ပြတင်းပေါက်ပေါ်တွင် လူတစ်ယောက် မတ်မတ်ထိုင်နေသည့် အရိပ်တစ်ခု ပေါ်နေလေသည်။
နွားနာရီ ဆိုက်ရောက်လာသည်နှင့် တစ်ပြိုင်နက် တိတ်ဆိတ်နေသော မိုးတိမ်မြို့တော်မှာ ပို၍ပင် အပ်ကျသံကြားရလောက်အောင် ငြိမ်သက်သွားတော့သည်။
လမ်းဘေးခွေးများပင် အသံမထွက်တော့ဘဲ မြို့တစ်ခုလုံးကို သေခြင်းတရားက ဝါးမြိုလိုက်သကဲ့သို့ပင်။ ပုံမှန်မဟုတ်သော အေးစက်လှသည့် လေပြင်းတစ်ခုက မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များကို လွင့်စင်သွားစေသည်။
ရုတ်တရက် သရဲပုံရိပ်တစ်ခုမှာ ရွာအဝင်ဝရှိ သစ်ကိုင်းတစ်ခုပေါ်တွင် ရိပ်ကနဲ ပေါ်လာသည်။ နောက်တစ်ခဏတွင် ၎င်းသည် မြို့၏ အနောက်ဘက်ရှိ အိမ်တစ်လုံးဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
တင်းကြပ်စွာ ပိတ်ထားသော အိမ်အတွင်း၌ လူကြမ်းပုံစံရှိသော အမျိုးသားတစ်ဦးမှာ ကုတင်ပေါ်တွင် ဟောက်သံပြင်းပြင်းဖြင့် အိပ်ပျော်နေသည်။ ကလဲ့စားချေဝိညာဥ်သည် ထိုလူ၏ မျက်နှာအထက် သုံးလက်မခန့်အကွာတွင် တိုက်ရိုက်ကိုယ်ထင်ပြလိုက်သည်။
နီရဲကာ ရှည်လျားလှသော လျှာကြီးမှာ လေထဲတွင် တွန့်လိမ်နေပြီး ထိုလူ၏ နဖူးတည့်တည့်သို့ ထိုးစိုက်ချလိုက်သည်။
သူ၏ ဟောက်သံမှာ ချက်ချင်း ရပ်တန့်သွားသည်။ သူ၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ထိတ်လန့်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် အိပ်ရာမှ နိုးလာသည်။
တစ်ချိန်တည်းမှာပင် မဟာရှဓါးဂိုဏ်း၏ တောင်ထိပ်၌ ဂိုဏ်းအကြီးအကဲတစ်ဦးသည် ဓါးပျံကို အစွမ်းကုန်စီးနင်း၍ တာဝန်အဆောင် ဆီသို့ အပြေးအလွှား သွားနေသည်။
"မြန်မြန်လုပ်! မိုးတိမ်မြို့တော်ရဲ့ တာဝန်အဆင့်ကို အဆင့် (၃) အထိ ချက်ချင်းမြှင့်လိုက်! အခြေခံတည်ဆောက်ခြင်းအဆင့် အောက်က ဘယ်သူ့ကိုမှ အဲဒီတာဝန် ယူခွင့်မပေးနဲ့!"
ကောင်တာနောက်ကွယ်မှ တပည့်မလေးမှာ တာဝန်၏ ခက်ခဲမှုအဆင့်ကို အမြန်ပြင်ဆင်လိုက်သည်။ သို့သော် သူမ ပြင်ဆင်နေစဥ်မှာပင် လွန်ခဲ့သော နှစ်ရက်ကတည်းက တပည့်တစ်ဦး ထိုတာဝန်ကို လက်ခံထားသည်ကို သတိပြုမိလိုက်သည်။ သူမသည် ဤကိစ္စကို စီမံခန့်ခွဲသူ ထံ ချက်ချင်း တိုင်ကြားလိုက်သည်။
စီမံခန့်ခွဲသူ၏ မျက်နှာမှာ မှောင်ကျသွားသည်။ "ဘယ်သူယူသွားတာလဲ?!"
တပည့်မလေးက မှတ်တမ်းကို စစ်ဆေးလိုက်ရာ သူမ၏မျက်နှာမှာ ဖြူလျော့သွားသည်။ "ကျွန်မ... တွေ့ပါပြီ..."
စီမံခန့်ခွဲသူက သူမ၏ တုံ့ဆိုင်းနေမှုကို စိတ်မရှည်စွာဖြင့် ဟောက်လိုက်သည်။ "ပြောစမ်း! ဘယ်သူ အဲဒီတာဝန်ကို ယူသွားတာလဲ?!"
"လျှပ်စီးတောင်ထိပ်က တပည့်... လီကွမ်ချီ ပါ..."
ထိုစကားကြောင့် စီမံခန့်ခွဲသူ၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ တာဝန်ကို ယူသွားသူမှာ အခြားသူမဟုတ်၊ မဟာရှဓါးဂိုဏ်း၏ ပါရမီရှင်အသစ်ကလေး လီကွမ်ချီပင် ဖြစ်သည်။
ဒေါသထွက်နေသော လီနန်ထင် ၏ ပုံရိပ်မှာ သူ၏စိတ်ထဲတွင် ဖြတ်ကနဲ ပေါ်လာသည်။ သူသည် တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ကျောက်စိမ်းပြားကို ဆွဲယူကာ လျှပ်စီးတောင်ထိပ်သို့ အသည်းအသန် သတင်းပို့လိုက်တော့သည်။
ချက်ချင်းပင် တောင်ထိပ်မှ ပြင်းထန်သော စွမ်းအင်တစ်ခု ပွင့်ထွက်လာပြီး ဂိုဏ်းတစ်ခုလုံးကို တုန်ခါသွားစေသည်။ လျှပ်စီးတောင်ထိပ်မှ တောက်ပလှသော အလင်းတန်းတစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ညဥ့်ကောင်းကင်ယံကို ခွဲထွက်ကာ မိုးတိမ်မြို့တော်ဆီသို့ ဓါးပျံဖြင့် အစွမ်းကုန် အရှိန်ပြင်းစွာ ပျံသန်းသွားတော့သည်။
စီမံခန့်ခွဲသူမှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။ ထိုတပည့်လေး အသက်ရှင်နေပါစေဟုသာ သူ ဆုတောင်းနေမိသည်။ မဟုတ်ပါက သူ၏ အလုပ်ပြုတ်ရုံသာမက ပြင်းထန်သော အပြစ်ပေးမှုကိုပါ ခံရပေလိမ့်မည်။
မိုးတိမ်မြို့တော်တွင်မူ -
စိမ်းပြာရောင် ဝိညာဥ်ချည်မျှင်တစ်ခုမှာ ထွားကျိုင်းသော ထိုလူ၏ နဖူးမှ ထွက်ပေါ်နေပြီး သရဲမက ၎င်းကို ရုပ်သေးကြိုးတစ်ခုကဲ့သို့ သူမ၏ လက်ချောင်းများကြားတွင် ကိုင်ထားသည်။ ထိုလူ၏ သက်မဲ့နေသော မျက်လုံးများမှာ ရှေ့သို့သာ စိုက်ကြည့်နေရင်း မီးဖိုချောင်ဆီသို့ လျှောက်သွားတော့သည်။
သူသည် စဥ်းတီတုံးဆီသို့ တစ်လှမ်းချင်း လှောက်သွားသည်။ သူ၏ ဘယ်လက်ကို သစ်သားပေါ်တွင် ဖိထားပြီး ညာလက်ကမူ ဓါးကို လှမ်းယူလိုက်သည်။ ဘာဖြစ်နေသည်ကို သူ အပြည့်အဝ သိနေသော်လည်း သူ၏ ခန္ဓာကိုယ်မှာ သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ချေ။
သူ၏ နားထဲတွင် အေးစက်သော ရယ်မောသံတစ်ခု ပဲ့တင်ထပ်နေသည်။ "ဟဲဟဲ... ကြောက်နေတာလား?"
ခြောက်ခြားဖွယ်ကောင်းသော အသံမှာ သေမင်း၏ တိုးတိုးလေး ပြောသံကဲ့သို့ သူ၏ စိတ်ထဲတွင် တွားသွားနေပြီး ကျောချမ်းသွားစေသည်။ သူ၏ ပြူးကျယ်နေသော ထိတ်လန့်ဖွယ် မျက်လုံးများမှာ ကြေးခေါင်းလောင်းများကဲ့သို့ပင်။
သူ၏ နှုတ်ခမ်းများမှာ ဖြူလျော့နေပြီး နဖူးတွင်လည်း ချွေးစေးများဖြင့် စိုစွတ်နေသည်။ သို့သော် ထိုထိတ်လန့်မှုများကြားမှပင် သူ၏ခန္ဓာကိုယ်မှာ သူ့အလိုလို လှုပ်ရှားနေဆဲ ဖြစ်သည်။ ဓါးမှာ လေထဲသို့ ဖြည်းဖြည်းချင်း မြင့်တက်လာပြီး ခုတ်ချရန် အသင့်ပြင်လိုက်သည်။
ရုတ်တရက် အခန်း၏ အမှောင်ရိပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"နင့်ကို လီလန်ဟွာလို့ ခေါ်ရမလား... ဒါမှမဟုတ် ကျန်းဆွေဖန်လို့ ခေါ်ရမလား?"
"ဘယ်သူလဲ?!"
မှောင်မိုက်သော မြူခိုးများ ဖုံးလွှမ်းနေသော သရဲမသည် ခေါင်းကို လှည့်၍ အမှောင်ထောင့်ဆီသို့ စိုက်ကြည့်လိုက်သည်။
"ငါက အဲဒီ ပြည့်တန်ဆာမ ကျန်းဆွေဖန် မဟုတ်ဘူး! အဲဒီမိန်းမ!"
သူမကို ဝန်းရံထားသော မြူခိုးမည်းများမှာ ပြင်းထန်စွာ ဝှေ့ယမ်းလာပြီး ထိုအမည်ကြောင့် သူမ၏ စိတ်ခံစားမှုများ ပေါက်ကွဲလာသည်။ လီကွမ်ချီသည် အမှောင်ထဲမှ ထွက်လာပြီး သူ၏ ကိုယ်ပေါ်မှ အသက်ဓာတ်ဖုံးကွယ်ခြင်း အစီရင် ကို ခွာလိုက်သည်။
သရဲမသည် သူ့ကို မြင်လိုက်ရသည်နှင့် မှင်တက်သွားသည်။ တစ်ချိန်တည်းမှာပင် လီကွမ်ချီ၏ စိတ်မျက်စိမှာ ပွင့်လာပြီး သူမ၏ စစ်မှန်သော ရုပ်သွင်ကို မြင်လိုက်ရသည်— သူမမှာ လွန်ခဲ့သောရက်က ဘုရားကျောင်းပျက်ထဲတွင် သူကြုံခဲ့ရသော အမျိုးသမီးပင် ဖြစ်သည်။ သို့သော် ယခု သူမ၏ အရှိန်အဝါမှာ လုံးဝကို ကွဲပြားနေလေပြီ။
သူမ၏ အကြည့်မှာ အေးစက်သွားသည်။ သူမသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင် လက်ဝါးချက်တစ်ခုကို သူ့ထံသို့ ပစ်လွှတ်လိုက်သည်။ လီကွမ်ချီ နှလုံးခုန်ရပ်မတတ် ဖြစ်သွားပြီး အချိန်မီ ရှောင်တိမ်းလိုက်ရသည်။
ထိုတိုက်ခိုက်မှုမှာ နံရံကို ထိမှန်သွားပြီး နက်ရှိုင်းသော မီးလောင်ရာကြီး ချန်ရစ်ခဲ့သည်မှာ အကယ်၍သာ သူ့ကို ထိမှန်ခဲ့လျှင် အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။
ချောက်...!
သူ၏ဓါးမှာ ဓါးအိမ်အတွင်းမှ လျှပ်စီးကဲ့သို့ ထွက်ပေါ်လာသည်။ သူသည် အသက်ဓာတ်စွမ်းအားကို ချက်ချင်း လည်ပတ်စေလိုက်ပြီး ဓါးသွားပေါ်တွင် လျှပ်စီးစွမ်းအင် ပါဝင်သော အသက်ဓာတ်စွမ်းအား အလွှာပါးလေးကို ဖုံးလွှမ်းလိုက်သည်။
လျှပ်စီးကြောင်းလေးများမှာ ဓါးသွားတစ်လျှောက် တဖျပ်ဖျပ် တောက်နေသည်။ သရဲမထံမှ ပြင်းထန်သော ဖိအားများ ထွက်ပေါ်နေသော်လည်း လီကွမ်ချီသည် တုံ့ဆိုင်းမနေဘဲ ရှေ့သို့ တိုးဝင်လိုက်သည်။
သူသည် 'မိုးပြာကြာပန်း ဓါးသိုင်း' ကို အသုံးပြုရန် ဓါးကို မြှောက်လိုက်သည်။ ၎င်းမှာ အလယ်အဆင့်သာ ရှိသေးသော်လည်း သူ၏ အပြင်းထန်ဆုံး တိုက်ကွက် ဖြစ်သည်။ တောက်ပသော အစိမ်းရောင် ကြာပန်းပုံစံ ဓါးလှိုင်း သုံးခုမှာ တစ်ခုပြီးတစ်ခု ပွင့်ထွက်လာပြီး သရဲမထံသို့ ခုတ်ပိုင်းသွားတော့သည်။
ဘုန်း...!
သူမသည် ထိုဓါးလှိုင်းများကို လုံးဝ ဂရုမစိုက်ဘဲ ရှေ့သို့ တိုးဝင်လာသည်။ ဝိညာဥ်ခန္ဓာကိုယ် ဖြစ်သောကြောင့် သာမန်အသက်ဓာတ်စွမ်းအား တိုက်ခိုက်မှုများသည် သူမအတွက် အန္တရာယ် မရှိချေ။ လီကွမ်ချီသည် မိုးပြာကြာပန်း တိုက်ကွက်ကို ထုတ်ဖော်လိုက်သဖြင့် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။
သူသည် သူ၏ အသက်ဓာတ်စွမ်းအားအားလုံးကို ဓါးထဲသို့ အတင်းအကျပ် ထည့်သွင်းလိုက်ရသည်။ သူ၏ လက်ထဲမှ အဖိုးတန်ဓါးဆီမှ ထူးဆန်းသော အက်ကွဲသံများ ထွက်ပေါ်လာပြီး ချက်ချင်းပင် တစ်လက်လုံး အက်ကြောင်းများ ထင်သွားသည်။
ကလဲ့စားချေဝိညာဥ်သည် လီကွမ်ချီထံသို့ လုယက်တိုးဝင်လာသည်။ သူမ၏ စူးရှသော လက်သည်းများမှာ သူ၏ မျက်လုံးများဆီသို့ ရောက်ခါနီးပြီ ဖြစ်သည်။ နောက်ဆုံးမိနစ်တွင် ကြာပန်းဓါးလှိုင်း သုံးခုမှာ သူမကို ထိမှန်သွားသည်။
ဘုန်း...!
ထိုတိုက်ခိုက်မှုမှာ ပြင်းထန်လွန်းလှသဖြင့် နောက်ကွယ်မှ နံရံကိုပင် ဖြိုချလိုက်ပြီး သရဲမကို ဆယ်ဂဏန်းခန့်အထိ လွင့်ထွက်သွားစေသည်။ ထိုလူ၏ နဖူးနှင့် ချိတ်ဆက်ထားသော ဝိညာဥ်ချည်မျှင်မှာလည်း ချက်ချင်း ပြတ်တောက်သွားတော့သည်။ လီကွမ်ချီ၏ ဓါးမှာ ထိုပြင်းထန်သော အားကို မခံနိုင်ဘဲ ကျိုးပဲ့သွားပြီး လက်ထဲတွင် ဓါးရိုးသာ ကျန်ရစ်တော့သည်။
ထွားကျိုင်းသော ထိုအမျိုးသားမှာ သတိပြန်ဝင်လာသည်။ ဖြစ်ပျက်သမျှကို သိလိုက်ရသောအခါ သူ၏မျက်နှာမှာ ထိတ်လန့်မှုကြောင့် ရှုံ့မဲ့သွားသည်။
"လီလန်ဟွာ?! ဒါပေမဲ့... နင်က သေသွားပြီလေ! သ-သရဲ... အခု ငါ့အလှည့်လား? မဟုတ်ဘူး၊ ငါ မသေချင်သေးဘူး!"
သူသည် ထိတ်လန့်တုန်လှုပ်သွားပြီး အိမ်ထဲမှ ခြေဦးတည့်ရာ ထွက်ပြေးတော့သည်။
လီကွမ်ချီ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တုံ့ဆိုင်းမနေဘဲ ဝိညာဉ်ချည်နှောင်ခြင်း အစီရင် တစ်ခုကို မီးညှိလိုက်သည်။ ရွှေရောင်သံကြိုးများ ထွက်ပေါ်လာပြီး သရဲမကို တုပ်နှောင်လိုက်သည်။ ထို့နောက် သူသည် ကျိုးပဲ့နေသော ဓါးရိုးကို ထိုလူထံသို့ လှမ်းပစ်လိုက်သည်။ ၎င်းမှာ ထိုလူ၏ ခေါင်းကို တည့်တည့်ထိမှန်သွားသည်။
ဂြောက်!
ရွှေရောင်သံကြိုးများဖြင့် ချည်နှောင်ခံထားရသော လီလန်ဟွာသည် သွေးနီရောင်မျက်လုံးများကို ဖြည်းဖြည်းချင်း မြှောက်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။ သူမ၏ အသံမှာ အေးစက်လှသည်။
"နင်က သူ့ကို ကာကွယ်ပေးချင်နေတာလား?"
[1] နွားနာရီ (Hour of the Ox): မနက် ၁ နာရီမှ ၃ နာရီအတွင်း။