အခန်း (၃၆) - ရွာ၏မြူနှင်းများနှင့် ကောလာဟလများ
လမ်းတစ်လျှောက်တွင် လီကွမ်ချီသည် လူများစွာကို အကဲခတ်နေခဲ့ပြီး သူ၏မျက်မှောင်မှာ တဖြည်းဖြည်း ကြုတ်လာသည်။ ထိုစဥ် အဘိုးအိုတစ်ဦး၏ အသံက သူ၏အတွေးများကို ဖြတ်တောက်လိုက်သည်။
"အရှင်သူမြတ်... ဒါက ဝမ်အာကောက် နေထိုင်ခဲ့တဲ့နေရာပါ။ သူ သေဆုံးခဲ့တာ နှစ်ရက်ရှိပြီဖြစ်ပေမဲ့ ဘယ်သူမှ မရှင်းလင်းရသေးပါဘူး"
လီကွမ်ချီ ခေါင်းညိတ်လိုက်ပြီး တံခါးဆီသို့ တည့်တည့်လျှောက်သွားကာ အသာအယာ တွန်းဖွင့်လိုက်သည်။
ကျွိ...
ဟောင်းနွမ်းနေသော သစ်သားတံခါးမှာ ကျောချမ်းဖွယ် အသံဖြင့် ပွင့်သွားသည်။ အတွင်းမှ မြင်ကွင်းကြောင့် လီကွမ်ချီ အသက်ရှူပင် မှားသွားမိသည်။ ပြင်းထန်သော သွေးညှီနံ့က သူ့ထံသို့ တိုးဝင်လာပြီး အခန်းတွင်း အပူချိန်မှာလည်း ရုတ်တရက် ထိုးကျသွားသလို ခံစားရသည်။ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူ၏ကျောရိုးတစ်လျှောက် အေးစိမ့်သွားတော့သည်။
ထွားကျိုင်းသော အမျိုးသားတစ်ဦးသည် မျက်နှာကြက် ယက်မတွင် ဇောက်ထိုး ဆွဲကြိုးချည်နှောင်ခြင်း ခံထားရသည်။ သူ၏လက်တစ်ဖက်တွင် ကပ်ကြေးတစ်စုံကို ဆုပ်ကိုင်ထားပြီး ၎င်း၏ဓါးသွားမှာ အသားတစ်စတွင် စိုက်ဝင်နေသည်။ သူ၏မျက်လုံးများမှာ အဖောက်ထုတ်ခံထားရသဖြင့် သွေးချင်းချင်းနီနေသော အပေါက်နှစ်ခုသာ ကျန်ရစ်တော့သည်။
သူ၏ ခြေချောင်းများအားလုံးမှာလည်း ရက်စက်စွာ ဖြတ်တောက်ခံထားရသည်။ သို့သော် အသက်ပျောက်စေသော ဒဏ်ရာမှာမူ လည်ပင်းရှိ ရှည်လျားနက်ရှိုင်းသော ဓါးရာကြီးပင် ဖြစ်သည်။
၎င်းဒဏ်ရာ၏ ဘေးပတ်ပတ်လည်တွင် သေးငယ်သော အခြစ်ရာများစွာ ရှိနေသည်မှာ ဓါးမှာ အလွန်တုံးနေသဖြင့် အသားကို ပြတ်တောက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ရပုံရသည်။ သွေးများမှာ ကြမ်းပြင်တစ်ခုလုံး ဖုံးလွှမ်းနေပြီး ယခုအခါ ခဲပျစ်နေပြီဖြစ်သည်။
ဤသည်မှာ လီကွမ်ချီအနေဖြင့် ဤမျှရက်စက်သော မြင်ကွင်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ အစပိုင်းတွင် ဤတာဝန်မှာ သောင်းကျန်းနေသော ကလဲ့စားချေဝိညာဥ်တစ်ခုကို ဖမ်းရုံသာဟု သူထင်မှတ်ခဲ့သည်။
ယခုမူ အခြေအနေမှာ သူထင်ထားသည်ထက် ပို၍ ရှုပ်ထွေးနေပုံရသည်။ သူသည် ရှုပ်ပွနေသော အခန်းတွင်းသို့ လှည့်လည်ကြည့်ရှုသော်လည်း ထူးခြားမှု ဘာမှမတွေ့ရချေ။
သူသည် စင်ကြယ်ခြင်း အစီရင်မှော်စာရွက် တစ်ခုကို ထုတ်ယူကာ သူ၏ အသက်ဓာတ်စွမ်းအားကို စီးဝင်စေလိုက်သည်။ မှော်စာရွက်မှာ ချက်ချင်းပင် မီးစွဲလောင်သွားသည်။
၎င်းမှော်စာရွက်သည် ကြမ်းပြင်ပေါ်ရှိ သွေးများနှင့် ထိတွေ့လိုက်သောအခါ ပေါက်ကွဲသွားတော့သည်။ မီးတောက်များ လောင်ကျွမ်းနေစဥ် သွေးများ၏ အလယ်ဗဟိုမှ ထူထပ်သော မီးခိုးမည်းများ လေထဲသို့ လွင့်တက်လာသည်။ ခဏအကြာတွင် မီးခိုးများ ပျောက်ကွယ်သွားပြီး အခန်းတွင်းရှိ ချောက်ချားဖွယ် အအေးဓာတ်မှာလည်း လျော့ပါးသွားသည်။
ဘေးမှ ကြည့်နေသောသူများမှာ အားရကျေနပ်စွာ ခေါင်းညိတ်လိုက်ကြသည်။ အစပိုင်းတွင် မဟာရှဓါးဂိုဏ်းက လူသစ်တစ်ယောက်ကို လွှတ်လိုက်သည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း လီကွမ်ချီသည် ယခင်က လာရောက်စုံစမ်းသူများထက် ပို၍ တော်ပုံရသည်။
ထိုသူများမှာ အခြေအနေကို ကြည့်ရုံသာကြည့်ပြီး ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ကြချေ။
လီကွမ်ချီသည် ထိုနေရာတွင် ရပ်ကာ မီးခိုးမည်းများ၏ ထုထည်ကို ကြည့်ပြီး မျက်မှောင်ကြုတ်နေမိသည်။
'ဒါကတော့ တော်တော်ခက်ခဲမယ့် တိုက်ပွဲပဲ'
သူသည် လှည့်၍ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"အလောင်းကို ရှင်းလင်းပြီး တတ်နိုင်သမျှ အမြန်ဆုံး သင်္ဂြိုဟ်ဖို့ စီစဥ်လိုက်ကြပါ။ ရာသီဥတုက ပူတော့ အချိန်အကြာကြီး စောင့်ရင် အလောင်းက ပုပ်စပြုလာလိမ့်မယ်"
အဘိုးအိုသည် အလောင်းကို သယ်ယူရန် လူများကို အမြန်ခေါ်လိုက်သည်။ ထို့နောက် သူသည် လီကွမ်ချီအနားသို့ မဝံ့မရဲ ချဥ်းကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။
"အရှင်သူမြတ်... ဒီမိစ္ဆာသရဲကို နှိမ်နင်းဖို့ အရှင်သူမြတ်မှာ ယုံကြည်ချက် ရှိရဲ့လား?"
လီကွမ်ချီက အနည်းငယ် ပြုံးလိုက်ပြီး -
"ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်တော် ကြိုးစားရမှာပဲ။ ဒီမှာ ရက်အနည်းငယ်လောက် နေဖို့ ကျွန်တော် စီစဥ်ထားပါတယ်။
နေ့ဘက်မှာတော့ ယန်စွမ်းအင် က အားကောင်းနေလို့ သရဲက ထွက်လာမှာမဟုတ်ဘူး။ ဒီညကျမှ သူ့ကို အပြင်ထွက်လာအောင် မျှားခေါ်မယ်"
သူ၏စကားမှာ ရွာသားများကို စိတ်အေးစေရန် ပြောလိုက်ခြင်းသာဖြစ်ပြီး သူကိုယ်တိုင်လည်း လုံးဝကြီးတော့ ယုံကြည်ချက် မရှိသေးပေ။ သူသည် ဓါးခေါင်းတလားဆီသို့ လှည့်၍ မေးလိုက်သည်။
"ဓါးဝိညာဥ်... မင်းမှာ ဘာအကြံရှိလဲ?"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ၏စိတ်ထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာသည်။
"ဟင်း... နင်က ဒီထက်ပိုပြီး စွမ်းဆောင်နိုင်မယ် ထင်နေတာ။ အခုတော့ ဟန်ကိုယ်ဖို့ လုပ်နေတာပဲကိုး"
ဓါးဝိညာဥ်က ဆက်ပြောသည် -
"ရိုးရိုးလေးပဲ။ နွားနာရီ ရဲ့ မိနစ်သုံးဆယ်မှာ တောင်ဘက်မျက်နှာမူတဲ့ ပြတင်းပေါက်နားမှာ ထိုင်ပြီး ကျင့်ကြံလိုက်။ အဲဒါဆိုရင် သူမ အလိုလို ထွက်လာလိမ့်မယ်"
လီကွမ်ချီ မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ "ဘာလို့ နွားနာရီလဲ?"
ဓါးဝိညာဥ်၏ အသံမှာ စိတ်မရှည်သလို ဖြစ်လာသည်။
"နွားနာရီဆိုတာ လေထုထဲမှာ ယင်စွမ်းအင် အမြင့်ဆုံးအချိန်ပဲ။ ပြတင်းပေါက်ဆိုတာက သူမ ဝင်တိုက်ဖို့အတွက် အလွယ်ကူဆုံး လမ်းကြောင်းပဲလေ။ ကျင့်ကြံဖို့ ပြောရတာကတော့... နင်က အမှောင်ထဲမှာ ထွန်းထားတဲ့ မီးအိမ်တစ်ခုလို ဖြစ်နေလို့ပဲ။ ကျင့်ကြံလိုက်ရင် နင်က ပိုပြီးတော့ တောက်ပလာလိမ့်မယ်"
ခဏမျှ တိတ်သွားပြီးနောက် ဓါးဝိညာဥ်က ထပ်ပြောသည်။
"ဒါပေမဲ့ စိတ်မပူနဲ့။ ဒီတစ်ခါတော့ ငါ ဝင်ပါပေးမယ်"
လီကွမ်ချီ ခဏမျှ မှင်တက်သွားသည်။ ဓါးဝိညာဥ်က သူ့ကို ကူညီမည်ဟု ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူက ရယ်မောလိုက်ပြီး -
"ဘာလဲ? ငါ့ကို စိတ်ပူနေတာလား? မင်းကိုယ်တိုင်တောင် ဝင်ပါပေးမယ်ဆိုတော့လေ"
ဘာသံမှ ပြန်မကြားရတော့ချေ။ အတော်ကြာမှ ဓါးဝိညာဥ်၏ အသံမှာ အထင်အမြင်သေးမှုနှင့် မာန်မာနများ ရောယှက်လျက် ထပ်မံထွက်ပေါ်လာသည်။
"နင်က ကိုယ့်အဆင့်အတန်းကိုယ် မသိရင်တော့ တကယ့် မျက်မမြင်ပဲ။ နင့်ကို စိတ်ပူတာလား? ငါက ငါ့ရဲ့ အသက်ဓာတ်စွမ်းအား ရင်းမြစ်ကို မဆုံးရှုံးချင်ရုံတင်ပါ။ ဒီသရဲဆီကနေ ရန်ငြိုးစွမ်းအင် အချို့ကို ငါ စုပ်ယူလို့ရတယ်။
နင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်ခင်အထိတော့ ငါက တခြားစွမ်းအင်ရင်းမြစ်တွေကို စုပ်ယူနေဖို့ လိုသေးတယ်"
ထိုသို့ပြောပြီးနောက် သူမ ပြန်လည် တိတ်ဆိတ်သွားတော့သည်။ လီကွမ်ချီက အနည်းငယ် ပြုံးလိုက်ပြီး "အိုကေ... ငါတို့ အဆင်ပြေသွားမှာပါ" ဟု ရေရွတ်လိုက်သည်။
ညမရောက်သေးမီ အချိန်အနည်းငယ် ရှိသေးသဖြင့် လီကွမ်ချီသည် ရွာသားများနှင့်အတူ ဒေသစာကို စားသောက်လိုက်သည်။ စပ်ရှားရှား အရသာများက သူ၏ ခံတွင်းကို လိုက်စေသည်။ မိုးတိမ်မြို့တော်သည် မြူဆိုင်းနေသော တောင်တန်းများ ဝန်းရံထားသည့် ချိုင့်ဝှမ်းတွင် တည်ရှိသည်။
လေထုမှာ စိုစွတ်သဖြင့် ဒေသခံများသည် ချွေးထွက်စေပြီး ကိုယ်တွင်းရှိ အအေးဓာတ်များကို ဖယ်ရှားရန် စပ်သောအစားအစာများကို ကြိုက်နှစ်သက်ကြသည်။
မွန်းလွဲပိုင်းတွင် လီကွမ်ချီသည် ရွာထဲ၌ အေးအေးဆေးဆေး လမ်းလျှောက်နေခဲ့သည်။ ရွာသားများသည် ညဘက်တွင် အပြင်ထွက်ရန် ကြောက်ရွံ့ကြသဖြင့် အိမ်သို့ စောစောပြန်လေ့ရှိကြသည်။ ယခုမူ သူရှိနေသဖြင့် နေမဝင်သေးမီအထိ အပြင်မှာ နေရဲကြသည်။
ထိုအချိန်အတွင်း သူသည် ရွာသားများထံမှ သတင်းအစအနများကို စုဆောင်းခဲ့သည်။ လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်နေရင်း သူ မျက်မှောင်ကြုတ်မိသည်မှာ အခြေအနေတစ်ခုလုံးမှာ ရှုပ်ထွေးနေသလို ခံစားရသောကြောင့် ဖြစ်သည်။
ပထမဆုံး သေဆုံးသူမှာ ကျန်းတာနူးအမည်ရသည့် အမျိုးသားဖြစ်သည်။
သူ၏ ဇနီးမှာ ဆွံ့အသူတစ်ဦးဖြစ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်က ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူသည် ရွာထဲမှ မုဆိုးမတစ်ဦးကို ခေါ်ယူကာ အတူနေထိုင်ခဲ့သည်။ ကျန်းတာနူးသေဆုံးသွားသောအခါ ထိုမုဆိုးမမှာလည်း ပျောက်ကွယ်သွားခဲ့သည်။
နောက်ပိုင်း သေဆုံးသူများမှာလည်း အမျိုးသားများသာ ဖြစ်ကြသည်— အချို့မှာ လူပျိုကြီးများဖြစ်ပြီး အချို့မှာ အိမ်ထောင်သည်များ ဖြစ်ကြသည်။
လီကွမ်ချီ မျက်မှောင်ကြုတ်လိုက်သည်။ 'ဒီလူတွေကြားမှာ ဘာဆက်စပ်မှု ရှိနေတာလဲ?'
မလှမ်းမကမ်းတွင် အသက်လတ်ပိုင်း အမျိုးသမီးနှစ်ဦးမှာ ဖရဲစေ့များကို ခွာစားရင်း ဟိုဟိုဒီဒီ ကြည့်ကာ အားရပါးရ တိုးတိုးလေး ပြောနေကြသည်။ ဆယ်မီတာခန့် ဝေးသော်လည်း သူတို့ တစ်ခုခုကို အလေးအနက် ဆွေးနွေးနေကြကြောင်း လီကွမ်ချီ သိနိုင်သည်။
သူသည် သူ၏ သိုလှောင်အိတ်ထဲမှ တောင်ပေါ်မုန့်အချို့ကို ထုတ်ယူကာ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။ သူက ပြုံးလျက် ထိုမုန့်များကို သူတို့အား ကမ်းပေးလိုက်သည်။
"အစ်မကြီးတို့... ဘာတွေ ပြောနေကြတာလဲ? ကျွန်တော့်မှာ မုန့်အပိုတွေ ပါလာလို့ပါ။ ကျွန်တော် တစ်ယောက်တည်း မကုန်နိုင်လို့ အစ်မတို့ စားပါဦး"
ဝဖိုင့်သော အမျိုးသားမှာ လက်ဆောင်ကို ယူရင်း ပြုံးပျော်သွားသည်။ "အို... အရှင်သူမြတ်လေးက တကယ့်ကို သဘောကောင်းတာပဲ!"
လီကွမ်ချီက ရယ်မောလိုက်ပြီး အခွင့်အရေးကို အရယူလိုက်သည်။
"အစ်မတို့ နှစ်ယောက် စိတ်ဝင်တစား ပြောနေတာ တွေ့လို့ပါ။ ကျွန်တော့်ကိုလည်း အဲဒီဇာတ်လမ်းလေး နည်းနည်းလောက် ပြောပြလို့ ရမလား?"
ပိန်ပိန်ပါးပါး အမျိုးသမီးက ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်လိုက်ပြီးနောက် ရှေ့သို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်မတို့ ဘာအကြောင်း ပြောရမှာလဲ? သေသွားတဲ့သူတွေ အကြောင်းပေါ့!"
လီကွမ်ချီ၏ မျက်နှာမှာ တည်ကြည်သွားပြီး အလိုအလျောက် အသံကို နှိမ့်လိုက်သည်။
"အစ်မတို့မှာ အတွင်းသတင်းတွေ ရှိလို့လား?"
ဝဖိုင့်သော အမျိုးသမီးက ဘေးဘီကို ကြည့်ကာ တခြားသူတွေ ကြားမလားဆိုပြီး စစ်ဆေးလိုက်သည်။ ထို့နောက် ပို၍ အနားတိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်မှာ -
"ဒါ... ဝဋ်လည်တာ ပဲ!"
စာဖတ်သူများအတွက်မှတ်ချက်။
[1] နွားနာရီ : မနက် ၁ နာရီမှ ၃ နာရီအတွင်း။