အခန်း (၃၃) - ဂုဏ်သိက္ခာကို တိုက်ယူရမည်
လီကွမ်ချီသည် လူအုပ်ကြားထဲမှ တိုးဝင်ကြည့်လိုက်ရာ အရပ်ရှည်ရှည် ကြွက်သားအမြောင်းမြောင်းနှင့် လူငယ်အချို့က လီရှန်းအန်း ကို ဝိုင်းထားသည်ကို တွေ့လိုက်ရသည်။
သူတို့ထဲမှ တစ်ယောက်က လီရှန်းအန်းကို ခြေထောက်ဖြင့်ပင် နင်းထားသေးသည်။ လီကွမ်ချီ မျက်မှောင်ကြုတ်သွားမိသည်— ဘာဖြစ်ပျက်ခဲ့သည်ကို သူ အသေသေချာချာ မသိသေးပေ။
သူ့အမြင်တွင် လီရှန်းအန်းသည် ဖျတ်လတ်ထက်မြက်သူတစ်ဦး ဖြစ်သော်လည်း "လွန်ကဲလွန်းသော လူကောင်း" တစ်ဦးဟုလည်း ဆိုနိုင်သည်။ ကောင်းကင်လှေကားထစ်များသို့ တက်စဥ်က လီရှန်းအန်းသည် သူတို့ထံ အဘယ်ကြောင့် ချဥ်းကပ်ခဲ့သည်ကို လင်းတုန်းက မသိသော်လည်း လီကွမ်ချီကမူ ရိပ်မိသည်။
လီကွမ်ချီနှင့် လင်းတုန်းတို့သည် သူတို့၏ အဆောင်များကို အနည်းငယ်သာ သုံးစွဲခဲ့ကြသည်။ အကယ်၍ ထိုသို့သာ မဟုတ်ခဲ့လျှင် လီရှန်းအန်းက သူတို့ထံ ချဥ်းကပ်လာမည် သို့မဟုတ် ရင်းနှီးဖော်ရွေပြမည် မဟုတ်ပေ။
ယခုမူ လီရှန်းအန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ပါးစပ်မှ သွေးများ ထွက်နေသည်။ ထွားကျိုင်းသော လူငယ်တစ်ဦးက သူ၏ရင်ဘတ်ကို နင်းထားရင်း လက်ထဲတွင် ကျောက်စိမ်းတံဆိပ်ပြား တစ်ခုကို လှည့်ကစားကာ လှောင်ပြောင်နေသည်။
"မင်းက ငါ့ကို ရိုသေတဲ့အနေနဲ့ အခုလို လွယ်ကူတဲ့ တာဝန်မျိုးကို ငါ့ဆီ အလိုလို လာပေးရမှာ မဟုတ်ဘူးလား? ဟမ်? ဘာလို့ ဒီလောက်အထိ မေ့လျော့နေရတာလဲ?"
လီရှန်းအန်းသည် ပတ်ဝန်းကျင်မှ လူအုပ်၏ အထင်အမြင်သေးသော အကြည့်များကို ဂရုမစိုက်ဘဲ ဒေါသပင် မထွက်ချေ။
ထိုသို့အစား သွေးချင်းချင်းနီနေသော သူ၏မျက်နှာကို ပြုံးအောင်ပြင်လိုက်ပြီး -
"တောင်းပန်ပါတယ် အစ်ကိုကြီးဝမ်! အစ်ကိုကြီးက ဒီနှစ်ရက်အတွင်း တာဝန်ယူချင်မှန်း ကျွန်တော် မသိလိုက်လို့ပါ။ သိရင် အစ်ကိုကြီး ကိုယ်တိုင်လာစရာမလိုအောင် ကျွန်တော် တိုက်ယူပေးထားမှာပေါ့" ဟု ပြန်ပြောလိုက်သည်။
အစ်ကိုကြီးဝမ်ဟု ခေါ်သော လူငယ်က သူ၏ခြေထောက်ကို ဖယ်လိုက်ပြီး ရယ်မောလိုက်သည်။ ထို့နောက် ငုံ့ကာ လီရှန်းအန်း၏ ပါးကို ရိုက်လိုက်ရာ လီရှန်းအန်း၏ ဝဖိုင့်သော ပါးသားများမှာ တုန်ခါသွားတော့သည်။ သို့သော် လီရှန်းအန်း၏ အပြုံးက ပျက်မသွားချေ။
လီကွမ်ချီသည် ဘာအသံမှမထွက်ဘဲ အဝေးမှ ရပ်ကြည့်နေသည်။ လီရှန်းအန်းက မော့ကြည့်လိုက်ရာ လီကွမ်ချီကို မြင်သွားသည်။ သူ၏ ရင်းနှီးသောသူငယ်ချင်းက မိမိ၏ ဤသို့သော အရှက်ရဖွယ် အခြေအနေကို မြင်သွားသဖြင့် လီရှန်းအန်း၏ မျက်ဝန်းများ မှောင်ကျသွားသည်။
လူအုပ်ကလည်း လီရှန်းအန်း၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်ကြရာ -
"ဟေး... ဟိုဟာ လျှပ်စီးတောင်ထိပ်က လီကွမ်ချီ မဟုတ်လား?" ဟု တစ်ယောက်တစ်ပေါက် ပြောလာကြသည်။
ဝမ်တာချွန်း ဟု အမည်ရသော အစ်ကိုကြီးဝမ်သည် လှည့်ကြည့်လိုက်ရာ လီကွမ်ချီကို မြင်ပြီး မျက်နှာ ပျက်သွားသည်။ သူသည် ပျာပျာသလဲဖြင့် ဦးညွှတ်လိုက်ပြီး -
"အစ်ကိုကြီးလီ" ဟု ကျယ်လောင်စွာ နှုတ်ဆက်လိုက်သည်။
လီကွမ်ချီက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဝမ်တာချွန်းသည် အချိန်မဆွဲတော့ဘဲ သူ၏နောက်လိုက်များကို အချက်ပြကာ ထွက်ခွာရန် ပြင်တော့သည်။
သို့သော် မထွက်ခွာမီ လီကွမ်ချီကို ထပ်မံဦးညွှတ်ကာ သူရထားသော တာဝန်တံဆိပ်ပြားကို လီကွမ်ချီထံ ကမ်းပေးလိုက်သည်။
လီကွမ်ချီက ရယ်မောလိုက်ပြီး -
"ဒါက မင်းပိုင်တာပဲ။ ငါ့ကို ဘာလို့ ပေးတာလဲ?"
ဝမ်တာချွန်း တုံ့ဆိုင်းသွားပြီး မြေပြင်ပေါ်က လီရှန်းအန်းကို တစ်ချက်ကြည့်လိုက်သည်။ လီရှန်းအန်းမှာ တစ်ခုခုပြောချင်ပုံရသော်လည်း ပြန်လည်မျိုသိပ်ထားသည်။ ဝမ်တာချွန်းသည် သူရထားသော တာဝန်ကို လက်မလွှတ်ချင်သဖြင့် နောက်ဆုံးတွင် တံဆိပ်ပြားကို ပြန်သိမ်းကာ အမြန်ထွက်ခွာသွားတော့သည်။
လူအုပ်ကြီး လူစုကွဲသွားသောအခါ လီရှန်းအန်းနှင့် လီကွမ်ချီ နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ လီရှန်းအန်းက ခါးသီးစွာ ပြုံးလိုက်ပြီး -
"မင်းဘာလို့ အဲဒီတာဝန်ကို မယူလိုက်တာလဲ? အဲဒါ ဝမ်တာချွန်း ငါ့ဆီကနေ လုယူသွားတဲ့ တတိယမြောက် တာဝန်ပဲ"
လီကွမ်ချီသည် လီရှန်းအန်း၏ ဘေးတွင် ဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏ ခံစားချက်မပါသော မျက်လုံးများဖြင့် လီရှန်းအန်းကို စိုက်ကြည့်လိုက်သည်။
"မင်းက အခု ငါ့ကို လာညည်းပြနေတာလား?"
နောက်ဆုံးတွင်တော့ လီရှန်းအန်း၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။
"ဟုတ်တယ်! ငါ ညည်းနေတာ! ငါ့မှာ ဘာမှမကျန်တော့ဘူး၊ အနည်းဆုံးတော့ သူငယ်ချင်းတစ်ယောက်ကို ငါ ညည်းပြလို့ မရဘူးလား?"
လီကွမ်ချီက သဘောမတူပေ။ "မရဘူး"
လီရှန်းအန်း မှင်တက်သွားသည်။ "ဘာလို့လဲ?"
လီကွမ်ချီက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သူ့ကို မျက်စောင်းထိုးကြည့်ကာ -
"မင်းမှာ ညည်းပိုင်ခွင့် ဘာရှိလို့လဲ?"
လီရှန်းအန်း တောင့်တင်းသွားသည်။ လီကွမ်ချီ အဘယ်ကြောင့် ဤသို့မေးရသည်ကို သူ နားမလည်ချေ။ လီကွမ်ချီက ဆက်ပြောလိုက်သည် -
"မင်းက 'လွန်ကဲတဲ့ လူကောင်း' လုပ်ဖို့ ပြင်ဆင်ထားတာ မဟုတ်လား? အဲဒီလမ်းကို ရွေးချယ်ခဲ့ရင် မင်းမှာ ညည်းညူပိုင်ခွင့် ဘာရှိဦးမှာလဲ? ဒီလိုလူမျိုး ဖြစ်ချင်တယ်ဆိုရင်တော့ ကံဆိုးတာတွေကိုပဲ ကံကောင်းခြင်းလို့ မှတ်ယူလိုက်ပေါ့။"
"တစ်ယောက်ယောက်က မင်းသွားတွေကို ရိုက်ချိုးလိုက်ရင်တောင် အဲဒါကို မျိုချပြီး ပြုံးနေလိုက်ရမှာပေါ့! အဲဒါ ရှင်သန်ဖို့ ရွေးချယ်ခဲ့တဲ့ လမ်းပဲ မဟုတ်လား? အဲဒီလိုဆိုမှတော့ ဘာလို့ ညည်းနေတာလဲ?"
သူ၏စကားများက မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်လှသည်။ လီရှန်းအန်းမှာ ဆွံ့အကာ ကျန်ရစ်ခဲ့သည်။ လီကွမ်ချီသည် တာဝန်အဆောင် ဆီသို့ လျှောက်သွားရင်း -
" အမြဲတမ်း နှိပ်စက်ခံနေရတဲ့ ခြေသုတ်ပုဆိုးလိုပဲ ဆက်နေချင်တယ်ဆိုရင်တော့ အဲဒီမှာပဲ အမြဲတမ်း လဲလျောင်းနေလိုက်တော့။ အရှက်ခွဲတာ၊ စော်ကားတာမှန်သမျှကို မျိုချပြီး တိတ်တိတ်လေး ခံစားနေလိုက်။ ဒါပေမဲ့ မင်းအနေနဲ့တော်လောက်ပြီလို့ ထင်ရင်တော့ ထရပ်လိုက်တော့။ မင်းရဲ့လက်သီးနဲ့ပဲ အရာအားလုံးကို အဆုံးအဖြတ်ပေးလိုက်။"
"ငါ မင်းကို မကူညီနိုင်ဘူး။ ဘယ်သူမှလည်း မကူညီနိုင်ဘူး။ မင်းကိုယ်မင်း ကူညီနိုင်တာ မင်းတစ်ယောက်တည်းပဲ ရှိတယ်"
ထိုသို့ပြောပြီး လီကွမ်ချီ လှည့်ထွက်သွားခဲ့သည်။ လီရှန်းအန်းသည် မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့ပြီး သူ၏မျက်နှာတွင် ခံစားချက်ပေါင်းစုံ ဖြတ်ပြေးသွားသည်။ နောက်ဆုံးတွင် သူသည် အားယူကာ ထရပ်လိုက်ပြီး ဘာမှမပြောဘဲ ထွက်ခွာသွားတော့သည်။
တာဝန်အဆောင်တွင် လီကွမ်ချီသည် သင့်တော်သော တာဝန်တစ်ခုကို လက်ခံလိုက်သည်— ၎င်းမှာ အနီးနားရှိ မြို့ငယ်လေးတစ်ခုတွင် ခြောက်လှန့်နေသော ကလဲ့စားချေဝိညာဥ် တစ်ခုကို သွားရောက်စုံစမ်းရန် ဖြစ်သည်။ ဆုလာဘ်မှာ ဂုဏ်ပြုမှတ် ၅၀ ဖြစ်သဖြင့် တော်တော်လေး များပြားသည်။ ဂုဏ်ပြုမှတ် ၁ မှတ်လျှင် ဝိညာဥ်ကျောက်တုံး ၂ တုံးနှင့် ညီမျှသဖြင့် ဤတာဝန်အောင်မြင်ပါက သူ ဝိညာဥ်ကျောက်တုံး ၁၀၀ ရရှိမည်ဖြစ်သည်။ ယခင်က တပည့် ၃ ဦးအထိ မအောင်မြင်ခဲ့သောကြောင့် ဆုလာဘ်မှာ ဤမျှ မြင့်မားနေခြင်း ဖြစ်သည်။
လီကွမ်ချီ တာဝန်အဆောင်မှ ထွက်လာသောအခါ ဆူညံသံတစ်ခုကို ကြားလိုက်ရသည်။ အဝင်ဝတွင် လီရှန်းအန်း ရပ်နေသည်။ သူ၏မျက်နှာမှာ သွေးချင်းချင်းနီနေဆဲဖြစ်ပြီး နှာတံကျိုးကာ မျက်လုံးများ မို့အစ်နေသလို နှုတ်ခမ်းများလည်း ကွဲအက်နေသည်။ သို့သော် လီကွမ်ချီကို မြင်သောအခါ သူက ပြုံးပြပြီး လက်ထဲမှ တာဝန်တံဆိပ်ပြားကို ဝှေ့ယမ်းပြလိုက်သည်။
လီကွမ်ချီ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် လီရှန်းအန်း၏ ပုခုံးကို အသာပုတ်လိုက်သည်။
ထို့နောက် လီကွမ်ချီသည် ရတနာမျှော်စင် သို့ သွားကာ ဂုဏ်ပြုမှတ်အချို့ကို အသုံးပြု၍ အစီရင်အဆောင်စာရွက်အချို့နှင့် လဲလှယ်လိုက်သည်။ ပြီးနောက် ဓါးကို ခါးတွင်ချိတ်ကာ တောင်အောက်သို့ ဆင်းလာခဲ့သည်။
သူ၏ဦးတည်ရာမှာ မိုးတိမ်မြို့တော် ဖြစ်သည်။ ၎င်းမှာ မဟာရှဓါးဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ရှိသော တောင်ဘက်ဒေသမှ မြို့လေးတစ်မြို့ ဖြစ်သည်။ မြို့သူမြို့သားများသည် အဝတ်အထည် ရက်လုပ်ခြင်းနှင့် ဆိုးဆေးလုပ်ငန်းဖြင့် အသက်မွေးကြသဖြင့် မြို့ထဲတွင် ဆိုးဆေးဖိုများစွာ ရှိသည်။
သို့သော် မကြာသေးမီက အမျိုးသားများမှာ ထူးဆန်းစွာ သေဆုံးနေကြသဖြင့် မြို့တစ်ခုလုံး ထိတ်လန့်တုန်လှုပ်နေကြရသည်။ မြို့သို့ အမြဲလာနေကျ ကုန်သည်များပင် မလာရဲကြတော့ချေ။
မဟာရှဓါးဂိုဏ်းက ဤအခြေအနေကို သိရှိသွားသောအခါ ပြင်းထန်မှုကို အကဲဖြတ်ပြီး တာဝန်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
လီကွမ်ချီသည် တောင်အောက်သို့ ပထမဆုံးအကြိမ် တာဝန်ဖြင့် ဆင်းရခြင်းဖြစ်သဖြင့် စိတ်လှုပ်ရှားနေမိသည်။ သူသည် သရဲ ကို တစ်ခါမျှ မမြင်ဖူးသဖြင့် ၎င်းတို့ မည်သို့ပုံစံရှိသည်ကို သိချင်နေသည်။ ပုံပြင်များထဲကလို အမြင်အာရုံမှာ မမြင်ရဘဲ ပုံသဏ္ဌာန်မဲ့နေမလား?
သူသည် မျှော်လင့်ချက်များစွာဖြင့် မိုးတိမ်မြို့တော်ဆီသို့ မဆိုင်းမတွ ထွက်ခွာခဲ့လေသည်။ ခရီးမှာ လီပေါင်း ၁၀၀ ကျော် ဝေးကွာသဖြင့် သူ၏အရှိန်ဖြင့်ပင် တစ်ရက်နှင့် တစ်ည ခရီးနှင်ခဲ့ရလေသည်။
စာဖတ်သူများအတွက်မှတ်ချက်။
အကွာအဝေးကို တိုင်းတာတဲ့အခါ "လီ" ဟာ အသုံးအများဆုံးနဲ့ အဝေးဆုံးယူနစ် ဖြစ်ပါတယ်။
၁ လီ ကို အကြမ်းဖျင်းအားဖြင့် မီတာ ၅၀၀ လို့ သတ်မှတ်ပါတယ
၁ လီ = မီတာ ၅၀၀ (၁,၆၄၀ ပေ)
လီ : ကိုတော့ မြို့တစ်မြို့နဲ့ တစ်မြို့ အကွာအဝေး၊ ခရီးသွားတာတွေမှာ သုံးပါတယ်။
လီတစ်ရာ (၁၀၀ လီ): ၅၀ ကီလိုမီတာ (၃၁ မိုင်ခန့်)
လီတစ်ထောင် (၁,၀၀၀ လီ): ၅၀၀ ကီလိုမီတာ (၃၁၀ မိုင်ခန့်)