အခန်း (၃၂) - ဓါးသိုင်းပညာမှ အသိအမြင်များ ရရှိခြင်း
ကောင်းကင်ဘုံသတ္တုတောင်ထိပ် ၏ လက်ရှိတောင်ထိပ်သခင်မှာ မုန့်လင်းဟိုင် ဖြစ်သည်။ ယခင်တောင်ထိပ်သခင် ထူခွေ မှာမူ သူ၏တပည့်များကို လမ်းမှန်မသွန်သင်နိုင်ခဲ့သည့် အပြစ်ကြောင့် အပြစ်ပေးခံနေရဆဲ ဖြစ်သည်။
မုန့်လင်းဟိုင်သည် ယနေ့သင်ခန်းစာကို ကိုယ်တိုင်ဦးစီး သင်ကြားပေးနေခြင်းလည်း ဖြစ်သည်။ လီကွမ်ချီ ရောက်ရှိသွားချိန်တွင် လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံး တပည့်များဖြင့် ပြည့်နှက်နေလေပြီ။
မုန့်လင်းဟိုင်က စတင်ပြောကြားလိုက်သည်။
"ဒီနေ့မှာတော့ အခြေခံဓါးသိုင်း ၁၇ မျိုးအပြင် တိုက်စစ်ကို ပိုပြီးဦးစားပေးတဲ့ နောက်ထပ်အခြေခံဓါးသိုင်းတစ်ခုကိုလည်း ငါသင်ပေးမယ်။ အပြေးနည်းစနစ်နဲ့ တွဲသုံးမယ်ဆိုရင် ပိုပြီးထိရောက်လိမ့်မယ်။ လီကွမ်ချီ... မင်း ရှေ့ကိုထွက်ခဲ့ပြီး အခြေခံဓါးသိုင်း ၁၇ မျိုးကို မိတ်ဆက်ပြပေးနိုင်မလား?"
ထိုသို့ပြောရင်း သူက လီကွမ်ချီကို ရှေ့သို့ခေါ်ကာ သံဓါးတစ်လက်ကို ကမ်းပေးလိုက်သည်။ စင်အောက်ရှိ အသစ်ဝင်တပည့် ရာပေါင်းများစွာက လီကွမ်ချီကို အားကျသောအကြည့်များဖြင့် စိုက်ကြည့်နေကြသည်။ သူက ပုခုံးတွန့်လိုက်ပြီး ဓါးရေးဟန်ပြင်လိုက်သည်။ သူ ဓါးရေးပြလိုက်သည်နှင့် လေထုကို ဓါးဖြင့်ခွဲလိုက်သံမှာ တရွှီရွှီ မြည်ဟည်းသွားပြီး စင်မြင့်ပေါ်ရှိ နေရာအနှံ့သို့ ပြေးလွှားလှုပ်ရှားလိုက်သည်။
လီကွမ်ချီက ဓါးကိုဝှေ့ယမ်းရင်း ရှင်းပြလိုက်သည်။
"အခြေခံဓါးသိုင်း ၁၇ မျိုးဆိုတာကတော့ ထိုးခြင်း၊ ဖောက်ခြင်း၊ ခုတ်ခြင်း၊ တို့ခြင်း၊ အောက်မှအထက်သို့ပင့်ခုတ်ခြင်း၊ အလျားလိုက်ဝှေ့ခြင်း၊ ဒေါင်လိုက်ဝှေ့ခြင်း၊ မြှောက်ခြင်း..."
ဂျောက်...!
စူးရှသော အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အားအရှိန်သည် ဓါးရိုးမှသည် ဓါးဦးဖျားအထိ စီးဆင်းသွားပြီး သံဓါးမှာ သုံးပိုင်းပြတ်ကာ ကွဲအက်သွားတော့သည်။ သာမန်ဓါးတစ်လက်သည် လီကွမ်ချီ၏ အခြေခံဓါးသိုင်းပြသမှုကိုပင် ခံနိုင်ရည်မရှိခဲ့ချေ။
မုန့်လင်းဟိုင်မှာ အံ့အားသင့်ကာ စိုက်ကြည့်နေမိသည်။ လီကွမ်ချီတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော အင်အားရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ လီကွမ်ချီနှင့် မုန့်လင်းဟိုင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် လီကွမ်ချီက ပြောလိုက်သည်။
"အဲ... အကြီးအကဲမုန့်၊ ကျွန်တော် တခြားဓါးတစ်လက် ပြောင်းသုံးရမလား?"
"အေး... သုံးသင့်တယ်။ သာမန်သံဓါးတွေက မင်းရဲ့အားကို ခံနိုင်ရည်မရှိလောက်အောင် ကြွပ်ဆတ်လွန်းတယ်။ ငါ့ဓါးကိုပဲ သုံးလိုက်"
လီကွမ်ချီသည် ထိုမှော်ဓါးကို ကိုင်လိုက်သည်နှင့် သူ၏ အရှိန်အဝါတစ်ခုလုံးမှာ သိမ်မွေ့စွာ ပြောင်းလဲသွားသည်။ ထိုပြောင်းလဲမှုကို မုန့်လင်းဟိုင် တစ်ဦးတည်းသာ အာရုံခံနိုင်လေသည်။
ချောက်...!
"ပင့်ခြင်း! ယမ်းခြင်း၊ ပတ်ခြင်း၊ ဖြတ်ခြင်း၊ ခတ်ခြင်း၊ လိမ်ခြင်း၊ မခြင်း၊ အလျားလိုက်ခုတ်ခြင်း၊ ဒေါင်လိုက်ခုတ်ခြင်းနဲ့ လှည့်စားခြင်း!"
သူသည် လျင်မြန်လှသော လှုပ်ရှားမှုများဖြင့် ဝှေ့ယမ်းပြလိုက်သည်။
ဤအရာများသည် အခြေခံလှုပ်ရှားမှုများသာ ဖြစ်သော်လည်း သူ၏လက်ထဲတွင်မူ အလွန်ပင် ထူးခြားလေးနက်နေတော့သည်။ မုန့်လင်းဟိုင်၏ မျက်လုံးများမှာ ဂုဏ်ယူမှုကြောင့် တောက်ပနေသည်။
"မင်းက ဓါးသိုင်းပညာမှာ ဒီလောက်အထိ ကျွမ်းကျင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
လီကွမ်ချီက အနည်းငယ်ပြုံးပြကာ စင်ပေါ်မှ ဆင်းလာခဲ့သည်။ မုန့်လင်းဟိုင်က ပြောလိုက်သည်။
"လီကွမ်ချီ ပြသသွားတဲ့ လှုပ်ရှားမှု ၁၇ မျိုးလုံးဟာ အခြေခံအကျဆုံး ဓါးသိုင်းတွေပဲ။ ပိုပြီးရှုပ်ထွေးတဲ့ ဓါးကွက်တွေဆိုတာ ဒီအခြေခံတွေကိုပဲ ပေါင်းစပ်တာ ဒါမှမဟုတ် ပြုပြင်မွမ်းမံထားတာတွေပဲ ဖြစ်တယ်"
ထို့နောက် မုန့်လင်းဟိုင်က လီကွမ်ချီကို အသေအချာ စိုက်ကြည့်လိုက်သည်။ လီကွမ်ချီသည် မွေးရာပါ ဓါးကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု သူ အမှန်တကယ် ခံစားလိုက်ရသည်။
"မင်းတို့ သတိထားမိလားတော့ မသိဘူး၊ သူပြသသွားတဲ့ လှုပ်ရှားမှုအားလုံးဟာ နောက်ဆုံးမှာ လေထဲက အမှတ်တစ်ခုတည်းမှာပဲ လာပြီးဆုံနေကြတာ!"
ဝိုး...!
မုန့်လင်းဟိုင်၏ သတိပေးစကားကြောင့် တပည့်များမှာ ဘဝင်ခိုက်သွားကြသည်။ ရဲ့ဖုန်း၏ မျက်လုံးများပင် နားလည်သွားဟန်ဖြင့် တောက်ပလာသည်။ သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဪ... အဲဒါကြောင့်မို့လို့ သူ့ရဲ့လှုပ်ရှားမှုတွေက ရေစီးကြောင်းလို ချောမွေ့နေတာကိုး။ တကယ့်ကို ကျော့ရှင်းလွန်းတယ်!"
အခြားတောင်ထိပ်များမှ တပည့်များသည်လည်း သူ၏လှုပ်ရှားမှုများ အဘယ်ကြောင့် ဤမျှ သဘာဝကျနေရသည်ကို နောက်ဆုံးတွင် နားလည်သွားကြသည်။
ထို့နောက် မုန့်လင်းဟိုင်က သူ၏ဓါးကို မြှောက်ကာ ကြေညာလိုက်သည်။
"ဒီနေ့ သင်မယ့်နည်းစနစ်ကတော့ 'ဝဇီရဓါး' လို့ ခေါ်တယ်။ သေချာကြည့်ထားကြ!"
ရွှီ...!
အသက်ဓာတ်စွမ်းအားများ ပွင့်ထွက်လာသည်နှင့်အမျှ မုန့်လင်းဟိုင်၏ ပုံရိပ်မှာ ဝေဝါးသွားသည်။ ဓါးသည် လေထုကို ခွဲထွက်သွားပြီး လေတိုးသံများကို ချန်ရစ်ခဲ့သည်။ ဓါးသွားမှာ လျှပ်စီးကဲ့သို့ လျင်မြန်စွာ လမ်းကြောင်းပြောင်း လှုပ်ရှားနေသည်။ လီကွမ်ချီသည် သူ၏ စိတ်မျက်စိဖြင့် လှုပ်ရှားမှုတိုင်းကို ဂရုတစိုက် လေ့လာနေသည်။
သူ့အမြင်တွင် မုန့်လင်းဟိုင်၏ လှုပ်ရှားမှုများသည် ရိုးရှင်းသည်။ ၎င်းတို့ကို အခြေခံနည်းစနစ် လေးမျိုးဖြစ်သော ခတ်ခြင်း၊ ပင့်ခြင်း၊ တို့ခြင်းနှင့် ထိုးခြင်းတို့အပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ၎င်းမှာ တိုက်စစ်သက်သက်ဖြစ်ပြီး ၎င်းကို ခုခံရန် တစ်ခုတည်းသောနည်းလမ်းမှာ ထိုတိုက်စစ်နည်းစနစ်များကိုပင် ခုခံစစ်အဖြစ် ပြောင်းလဲအသုံးချရန် ဖြစ်သည်။
'ဝဇီရဓါး' ကို ခုခံရန်မှာ တို့ခြင်း၊ ပင့်ခြင်းနှင့် ခတ်ခြင်းတို့ကို ပေါင်းစပ်ကာ ဝင်လာသော တိုက်ခိုက်မှုများကို ပိတ်ဆို့ရန်ပင် ဖြစ်သည်။
မုန့်လင်းဟိုင်က ဓါးကို ပြန်သိမ်းကာ မတ်တပ်ရပ်လိုက်သည်နှင့် လီကွမ်ချီသည် နက်ရှိုင်းသော အတွေးထဲသို့ နစ်မျောသွားသည်။ မုန့်လင်းဟိုင်၏ ပြသမှုသည် သူ၏စိတ်ထဲတွင် တံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်သကဲ့သို့ပင်။
ဓါးဝိညာဥ် ပြောခဲ့သလိုပင်— နည်းစနစ်များဆိုသည်မှာ စိတ်ထဲတွင်သာ ရှိခြင်း ဖြစ်သည်။ နည်းစနစ်တစ်ခုတည်းကိုပင် အသုံးချပုံပေါ် မူတည်၍ ရည်ရွယ်ချက်အမျိုးမျိုးအတွက် သုံးနိုင်ပါသည်။
မရေမတွက်နိုင်သော အတွေးအမြင်များ သူ၏စိတ်ထဲသို့ စီးဝင်လာပြီး အခြေခံဓါးသိုင်း ၁၇ မျိုးမှာ မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများအဖြစ် ဖြန့်ကျက်သွားသည်။
ပတ်ဝန်းကျင်မှ အသံများမှာ ဝေဝါးပျောက်ကွယ်သွားပြီး လီကွမ်ချီသည် ထိုနေရာမှာပင် တင်ပျဉ်ခွေထိုင်လျက် အသိအမြင်သစ်များကို ဆင်ခြင်နေတော့သည်။
မုန့်လင်းဟိုင်သည် လီကွမ်ချီ၏ အခြေအနေကို သတိပြုမိလိုက်သဖြင့် လူအုပ်ကြီးကို တိတ်ဆိတ်သွားစေရန် ပြင်းထန်သော ဖိအားတစ်ခုကို ခန်းမအတွင်း ထုတ်လွှတ်လိုက်သည်။ လီကွမ်ချီ၏ စိတ်ထဲတွင်မူ တစ်ခါမျှမရဖူးသော ကြည်လင်မှုကို ခံစားနေရသည်။
သူသည် မြူဖြူများ ဝေနေသော ကမ္ဘာတစ်ခုထဲတွင် ရောက်ရှိနေပြီး သူ့ကို ဝန်းရံထားသည်မှာ သူ၏ပုံတူ မိတ္တူပွားများစွာ ဖြစ်သည်။ ပုံတူတစ်ခုချင်းစီက ဓါးသိုင်းအမျိုးမျိုးကို ပြသနေကြသည်။
ပုံတူတစ်ခုက ရိုးရှင်းသော တို့ခြင်းနည်းစနစ်ကို အသုံးပြုလိုက်သော်လည်း ပြိုင်ဘက်၏ လက်နက်ကို ထိလိုက်ရုံဖြင့် ပြိုင်ဘက်မှာ လွင့်ထွက်သွားသည်။
နေဦး...
လီကွမ်ချီသည် သူ၏စိတ်ထဲမှ ပိတ်ဆို့မှုတစ်ခု ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။ ဓါးသိုင်းပညာ၏ တင်းကြပ်သော စည်းမျဉ်းများက သူ့ကို မနှောင်ဖွဲ့နိုင်တော့ချေ။ သူသည် ထိုအရာများကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
အတန်ကြာမှ သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူသည် စိုးရိမ်တကြီး စောင့်ကြည့်နေသော မုန့်လင်းဟိုင်ကို မော့ကြည့်ကာ ပြောလိုက်သည်။
"အကြီးအကဲရဲ့ သင်တန်းကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
မုန့်လင်းဟိုင်က ရယ်မောလိုက်ပြီး -
"အနှောင့်အယှက် ဟုတ်လား? ငါ့အတန်းထဲက လူတိုင်းက မင်းလို အသိအမြင်တွေ ရနိုင်မယ်ဆိုရင် ငါ နေ့တိုင်း ပျော်ပျော်ကြီး သင်ပေးမှာပေါ့။ ဒါနဲ့... မင်း တစ်ခုခုကို သိမြင်သွားပြီလား?"
လီကွမ်ချီက ပြုံးလိုက်သည်။ "နည်းနည်းပါပဲ"
မုန့်လင်းဟိုင်က သူ့ကို အတန်းမှထွက်ကာ တိတ်ဆိတ်သော နေရာတစ်ခုတွင် ဆက်လက်ဆင်ခြင်ရန် အကြံပေးလိုက်သည်။ လီကွမ်ချီက ထိုအကြံပြုချက်ကို လက်ခံလိုက်သည်— သူရရှိထားသော အသိအမြင်များကို ပြန်လည်စုစည်းရန် အချိန်လိုအပ်သောကြောင့် ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခန်းသို့ ပြန်ရောက်သည်နှင့် သူသည် ချက်ချင်းပင် တရားထိုင်သည့် အခြေအနေသို့ ဝင်ရောက်သွားတော့သည်။
နောက်တစ်နေ့ မနက်တွင် သူ နိုးလာသောအခါ ဓါးဝိညာဥ်၏ အသံကို ကြားလိုက်ရသည်။
"မဆိုးဘူး။ နင်က ဓါးလမ်းစဥ်ပေါ်ကို ခြေချရုံပဲ ရှိသေးပေမဲ့ ဓါးသိုင်းရဲ့ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေကို ဖောက်ထွက်နိုင်ခဲ့ပြီပဲ။ တော်တယ်"
ဓါးဝိညာဥ်က သူ့ကို ချီးမွမ်းလိမ့်မည်ဟု လီကွမ်ချီ မမျှော်လင့်ထားခဲ့ပေ။ သူက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒါကို မင်းသိနေရင် ဘာလို့ ငါ့ကို စောစောက မပြောပြတာလဲ?"
ဓါးဝိညာဥ်က ရယ်မောသံဖြင့် ပြောလိုက်သည်။
"တချို့သော သဘောတရားတွေက ရှင်းပြရတာ မလွယ်ဘူး။ တစ်ယောက်ယောက်က နင့်ကို ဘယ်နှစ်ကြိမ်ပဲ ပြောပြော၊ နားလည်ဖို့ဆိုတာ ကိုယ်တိုင် သိမြင်မှုအပေါ်မှာပဲ မူတည်တယ်။
ငါက နင့်ကို ဓါးသိုင်းရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်အောင် လုပ်လို့ ပြောခဲ့ရင်တောင် အဲဒါက တကယ် ဘာကို ဆိုလိုသလဲဆိုတာ နင် သဘောပေါက်မှာ မဟုတ်ဘူး"
လီကွမ်ချီက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ အတန်းထဲတွင် ရရှိခဲ့သော ကနဦးသိမြင်မှု မရှိဘဲနှင့် ဤသဘောတရားကို သူ အမှန်တကယ် နားလည်နိုင်မည် မဟုတ်ပေ။ သူသည် ခါးကို ဆန့်လိုက်ပြီး သူ၏ဆရာက တာဝန်အဆောင် သို့ သွားကြည့်ရန် ပြောခဲ့သည်ကို သတိရလိုက်သည်။
အခန်းကို သန့်ရှင်းရေးလုပ်ပြီးနောက် သူသည် ကောင်းကင်ဘုံမဏ္ဍိုင်တောင်ထိပ် ရှိ တာဝန်အဆောင်သို့ ထွက်ခွာခဲ့သည်။ သူရရှိထားသော ဝိညာဥ်ကျောက်တုံးများမှာ ကုန်သလောက် ဖြစ်နေပြီဖြစ်၍ ဝိညာဥ်ကျောက်တုံးများ ပိုမိုရရှိနိုင်မည့် နည်းလမ်းကို ရှာဖွေရန် လိုအပ်သည်။ မဟုတ်ပါက သူ၏ ကျင့်ကြံခြင်းအရှိန်မှာ လျော့ကျသွားပေလိမ့်မည်။
ထိုနေရာသို့ ရောက်သောအခါ တပည့်အုပ်ကြီးမှာ အဝင်ဝတွင် စုဝေးကာ ဆူညံစွာ စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ လူအုပ်ကြားထဲမှ တစ်ဆင့် သူ၏မျက်နှာကို ညိုမှိုင်းသွားစေသည့် မြင်ကွင်းတစ်ခုကို သူ မြင်လိုက်ရသည်။ မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူတစ်ယောက်ရှိနေပြီး သူသည် ထိုလူကို သိနေသည်။ သို့သော် သူသည် ကူညီရန် အလောတကြီး ရှေ့သို့ မတိုးသေးဘဲ ဘေးတွင် ရပ်ကာ အခြေအနေကို အကဲခတ်ရန်သာ ရွေးချယ်လိုက်လေသည်။