အခန်း (၃၁) - အချိန်နှစ်ဆတိုး ယဇ်ပလ္လင်
"ကွမ်ချီ! ကွမ်ချီ! မင်း ဘာဖြစ်သွားတာလဲ? ကူရန် ပြောတာတော့ မင်း တောင်နောက်ဘက်က ကမ်းပါးဆီ သွားတယ်ဆို!"
"သူ ဘယ်မှာလဲ?!" လီနန်ထင်က ဟိုဟိုဒီဒီ ဝေ့ကြည့်ရင်း အော်ဟစ်နေတော့သည်။ "ကိုယ့်ကိုယ်ကိုယ် အဆုံးမစီရင်လိုက်နဲ့ဦး! မင်းမှာ မကျေနပ်တာ၊ စိတ်ညစ်စရာရှိရင် ငါ့ကိုသာ ပြောပြစမ်းပါ!"
ကျွိ~
လီကွမ်ချီက အနေရခက်သော အပြုံးဖြင့် အခန်းတံခါးကို ဖွင့်လိုက်ပြီး ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
"အဲ... ဆရာ၊ ဘာမှမဖြစ်ပါဘူး။ ကျွန်တော် တောင်နောက်ဘက်ကို အမှိုက်သွားပစ်တာပါ"
'ဟေ့! နင် ဘယ်သူ့ကို အမှိုက်လို့ ပြောနေတာလဲ?!'
လီကွမ်ချီ၏ အပြုံးမှာ ခဲသွားတော့သည်။ ဓါးဝိညာဥ်၏ အသံက သူ၏စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ! လီနန်ထင်က မျက်တောင်တစ်ခတ်အတွင်း သူ၏ဘေးသို့ ရောက်လာပြီး သူ၏ အသက်ဓာတ်စွမ်းအားဖြင့် လီကွမ်ချီ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
သူ၏ အရှိန်အဝါမှာ အရင်ကထက် အနည်းငယ် အားနည်းနေသည်မှလွဲ၍ ကျန်သည့်အရာများ ဘာမှမဖြစ်သည်ကို တွေ့လိုက်ရမှသာ လီနန်ထင် သက်ပြင်းချနိုင်တော့သည်။
လီနန်ထင်က သူ၏တပည့်မှာ ကျင့်ကြံရာတွင် အလွန်အမင်း အလျင်စလိုဖြစ်သွားသဖြင့် အရှိန်အဝါ အားနည်းသွားသည်ဟု ထင်မှတ်ကာ သတိပေးလိုက်မိသည်။
"ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး အတင်းအကျပ် မလုပ်ပါနဲ့။ မင်းရဲ့ တိုးတက်မှုက အင်အားကြီးဂိုဏ်းကြီးတွေရဲ့ အဓိကတပည့်တွေနဲ့တောင် ရင်ဘောင်တန်းနေပြီပဲ။ ကျင့်ကြံခြင်းလမ်းခရီးက ရှည်လျားလွန်းတယ်— အလောတကြီး လုပ်စရာမလိုပါဘူး"
လီကွမ်ချီက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ "နားလည်ပါပြီ ဆရာ"
စိတ်အေးသွားသော လီနန်ထင်က ရယ်မောလိုက်ပြီး -
"ဒီနှစ်ရက်အတွင်း မင်းမှာ ဘာမှလုပ်စရာမရှိရင် တာဝန်အဆောင် (Mission Pavilion) က တာဝန်အချို့ကို ယူပြီး လုပ်ကြည့်လို့ရတယ်။ တောင်အောက်ဆင်းပြီး ဒီဒေသအနှံ့ လေ့လာခွင့်ရမှာပေါ့။ ဒါက မင်းရဲ့ အမြင်တွေကို ပိုကျယ်ပြန့်စေလိမ့်မယ်"
လီနန်ထင် ထွက်သွားသည်နှင့် လီကွမ်ချီ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ အကယ်၍ သူ၏ ကျင့်ကြံခြင်းအဆင့်ကသာ သိသိသာသာ ထိုးဆင်းသွားခဲ့မည်ဆိုလျှင် သူ၏ဆရာ မည်သို့တုံ့ပြန်မည်ကို သူ မတွေးရဲချေ— စိတ်ရူးများပင် ပေါက်သွားနိုင်ပါသည်။
ဓါးဝိညာဥ်၏ အသံက သူ၏ခေါင်းထဲတွင် ပြန်လည် ထွက်ပေါ်လာသည်။
"နင်နဲ့ငါက တစ်သားတည်း ချည်နှောင်ထားပြီးသားဆိုတော့ နင် ပိုသန်မာလာအောင် ငါ အစွမ်းကုန် ကူညီပေးမယ်။ နင့်ရဲ့ စိတ်အာရုံစွမ်းအား နဲ့ ဓါးခေါင်းတလားကို စမ်းသပ်ကြည့်လိုက်— အဲဒီထဲမှာ ထူးခြားတဲ့ ဟင်းလင်းပြင်တစ်ခု ရှိတယ်"
လီကွမ်ချီ၏ နှလုံးခုန်နှုန်း မြန်သွားသည်။
"ဘယ်လို ဟင်းလင်းပြင်မျိုးလဲ? ပစ္စည်းသိုလှောင်တဲ့ နေရာလား?"
ဓါးဝိညာဥ်က တဟားဟား ရယ်မောလိုက်သည်။
"သိုလှောင်တဲ့နေရာ ဟုတ်လား?! နင် ငါ့ကို အထင်သေးလွန်းတာပဲ!"
လီကွမ်ချီက ပြန်မငြင်းတော့ပေ။ သူသည် သူ၏စိတ်အာရုံစွမ်းအားကို ဓါးခေါင်းတလားဆီသို့ လွှတ်လိုက်သည်။ အရင်ကလိုပင် အတွင်းထဲမှာ ဘာရှိမှန်း သူ မမြင်ရသေးချေ။ တစ်ခုခုက သူ၏ အာရုံခံစားမှုကို ပိတ်ဆို့ထားသကဲ့သို့ပင်၊ သို့သော် ဓါးဝိညာဥ်ပြောသော ဟင်းလင်းပြင်ကိုမူ သူ အာရုံရလာသည်။
ဝုန်...!
လျှို့ဝှက်ဆန်းပြားသော စွမ်းအင်တစ်ခု ဓါးခေါင်းတလားမှ လှိုင်းသဏ္ဌာန် ထွက်ပေါ်လာပြီး လီကွမ်ချီမှာ အခန်းထဲမှ ပျောက်ကွယ်သွားတော့သည်။
ဘုန်း...!
ဓါးခေါင်းတလားမှာ ကြမ်းပြင်ပေါ်သို့ တိုးညှင်းသော အသံဖြင့် ပြုတ်ကျသွားသည်။ လီကွမ်ချီမှာမူ သူ၏ပတ်ဝန်းကျင်ရှိ တောက်ပနေသော ဝိညာဥ်အလင်းတန်းများကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ ဆယ်(ကျန့်) ခန့် ကျယ်ဝန်းသော ရှေးဟောင်းယဇ်ပလ္လင်တစ်ခုပေါ်တွင် သူ ရပ်နေရသည်ကို အံ့ဩစွာ တွေ့လိုက်ရသည်။
"ဒါက ဘာကြီးလဲ?"
ဓါးဝိညာဥ်သည် ယဇ်ပလ္လင်ပေါ်တွင် ဖြည်းဖြည်းချင်း ကိုယ်ထင်ပြလာသည်။
"ဒီ အစီရင်ပေါ်မှာ ဝိညာဥ်ကျောက်တုံးတွေ တင်ကြည့်လိုက်"
လီကွမ်ချီသည် ယဇ်ပလ္လင်ပေါ်ရှိ မြင့်တက်နေသော ကျောက်ပြားတစ်ခုကို ကြည့်လိုက်သည်။ ၎င်းတွင် ချိုင့်ခွက်ငယ် ဆယ်ခု ပါရှိသည်။ သူသည် အောက်တန်းစား ဝိညာဥ်ကျောက်တုံး ဆယ်တုံးကို ထုတ်ကာ ထိုအပေါက်များထဲသို့ ထည့်လိုက်သည်။ ချက်ချင်းပင် ထိုကျောက်ပြားထက်၌ လျှို့ဝှက်ဆန်းပြားသော ပုံစံများစွာ လင်းလက်လာသည်။
ဝုန်...!
သူ့ပတ်ဝန်းကျင်ရှိ မည်းမှောင်နေသော ဟင်းလင်းပြင်ကြီးမှာ တုန်ခါသွားပြီး ယဇ်ပလ္လင်ထက်မှ စူးရှသော ငွေရောင်အလင်းတန်းများ ပွင့်ထွက်လာသည်။ သို့သော် ထိုမျှသာဖြစ်ပြီး ဘာမှထူးခြားမလာသဖြင့် လီကွမ်ချီ ဇဝေဇဝါ ဖြစ်သွားသည်။ ယဇ်ပလ္လင်ပေါ်ရှိ ဝိညာဥ်ကျောက်တုံးများမှာလည်း သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ကုန်ဆုံးသွားနေသည်။
သူက မမေးဘဲ မနေနိုင်တော့ချေ။ "ဒါပဲလား?"
ဓါးဝိညာဥ်က သူမ၏နှုတ်ခမ်းကို မဲ့လိုက်ပြီး -
"ဒီနေရာမှာ အချိန်က ပြင်ပကမ္ဘာထက် နှစ်ဆပိုမြန်တယ်"
လီကွမ်ချီက မျက်မှောင်ကြုတ်ကာ သတိကြီးစွာဖြင့် ပြန်မေးလိုက်သည်။
"နှစ်ဆ ဟုတ်လား? ငါ ကြားတာ မှန်ရဲ့လား?"
"အင်း"
"သောက်ကျိုးနည်း! ဒါ... ဒါက... အချိန်... ဒီမှာ အချိန်စီးဆင်းမှုက ကွဲပြားနေတာလား?! ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"
ဓါးဝိညာဥ်က ယဇ်ပလ္လင်ကို စိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ? ဒါပေမဲ့... အနိမ့်စား ဝိညာဥ်ကျောက်တုံး ဆယ်တုံးဆိုရင် အများဆုံး နှစ်နာရီပဲ ခံလိမ့်မယ်။
အလယ်အလတ်အဆင့်ဆိုရင် တစ်ရက်၊ အဆင့်မြင့်ကျောက်တုံးဆိုရင်တော့ တစ်လအထိ ခံလိမ့်မယ်"
လီကွမ်ချီသည် ကုန်ကျမည့်စရိတ်ကို တွေးကာ နှလုံးသားထဲမှာ အောင့်ခနဲ ဖြစ်သွားသော်လည်း ဤအရာမှာ မယုံကြည်နိုင်လောက်သော အခွင့်အရေးဖြစ်ကြောင်း သူ သိလိုက်သည်။ ၎င်းက အလွန်အစွမ်းထက်လွန်းလှသဖြင့် မည်သူ့ကိုမျှ သိခွင့်ပေး၍ မဖြစ်ချေ။
ထို့နောက် သူ၏မျက်နှာ ပျက်သွားပြီး ကျောက်ပြားပေါ်မှ ဝိညာဥ်ကျောက်တုံးများကို အမြန်ပြန်ယူလိုက်သည်။ ငါးပုံတစ်ပုံခန့်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
"တကယ့်ကို အံ့ဩစရာကောင်းတာပဲ... ဒါပေမဲ့ ဝိညာဥ်ကျောက်တုံးတွေ အရမ်းကုန်တာပဲဗျာ"
လီကွမ်ချီ နှမြောတသဖြစ်နေသည်ကို ကြည့်ပြီး ဓါးဝိညာဥ်က မျက်လုံးလှန်လိုက်သည်။
"ကျင့်ကြံတာကိုသာ ကြိုးစားစမ်းပါ၊ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အမြန်ဆုံးရောက်အောင် လုပ်။ အဲဒီအဆင့်ကို ရောက်တာနဲ့ ဓါးခေါင်းတလားထဲက ပထမဆုံးဓါးကို နင် သုံးလို့ရလိမ့်မယ်"
လီကွမ်ချီက နှုတ်ခမ်းကို စေ့လိုက်ပြီး ထိုကျောက်ပြားအတွက် သူ လိုအပ်မည့် ငွေကြေးဓနကို စိတ်ထဲမှ တွက်ချက်နေမိသည်။
ရှုး...!
သူသည် အခန်းထဲသို့ ပြန်လည်ရောက်ရှိလာပြီး ဓါးခေါင်းတလားကို မကာ နောက်ဖေးခြံရှိ ကျင့်ကြံခြင်းအခန်းဆီသို့ အပြေးအလွှား သွားတော့သည်။ သူ၏အခန်းထဲတွင် ဝိညာဥ်ကျောက်တုံးများကို စတင်ရေတွက်လိုက်ရာ အတော်အသင့် ကျန်ရှိနေသေးသည်။ သူသည် ဝိညာဥ်ကျောက်တုံး တစ်ရာခန့်ကို ထုတ်လိုက်ပြီး လက်ညှိုးခန့် ထူသော စန္ဒကူးနံ့သာတိုင် တစ်တိုင်ကို ထွန်းလိုက်သည်။ ထို့နောက် ဓါးခေါင်းတလားအတွင်းရှိ လျှို့ဝှက်ဆန်းပြားသော ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားလေသည်။
နောက်တစ်နေ့ မနက်တွင် လီကွမ်ချီသည် ကျင့်ကြံခြင်းအခန်းထဲမှ ထွက်လာခဲ့သည်။ သူ၏အကြည့်က အမွှေးတိုင်ပေါ်သို့ ကျရောက်သွားရာ တစ်ဝက်ခန့် ကျန်ရှိနေသေးသည်ကို တွေ့ရသည်။ အချိန်စီးဆင်းမှုက တကယ်ပင် ကွဲပြားခြားနားနေခဲ့သည်။
သူ၏ရင်ထဲတွင် လေးနက်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ယဇ်ပလ္လင်ဟင်းလင်းပြင်ထဲတွင် နှစ်ရက်အပြည့် ကုန်ဆုံးသွားခဲ့သော်လည်း အပြင်လောကတွင်မူ တစ်ရက်သာ ရှိသေးသည်။ သူက လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒီအရာက ကြောက်စရာကြီးပဲ။ ဒီဓါးခေါင်းတလားရဲ့ စွမ်းဆောင်ရည်တွေကို ဘယ်သူမှ မသိစေရဘူး!"
သူသည် စိတ်အားတက်ကြွစွာဖြင့် ကိုယ်လက်သန့်စင်လိုက်ပြီး မဟာရှဓါးဂိုဏ်း၏ ဟဲဗင်လီသတ္တုတောင်ထိပ်တွင် တက်ရောက်ရမည့် နောက်ထပ်သင်တန်းအတွက် ပြင်ဆင်လိုက်သည်။ သတ္တုတောင်ထိပ်မှ အကြီးအကဲက အခြေခံဓါးကွက်တစ်ခုကို သင်ကြားပေးမည်ဖြစ်၍ သူ သွားရောက် နားထောင်လိုခြင်း ဖြစ်သည်။
သူ၏ နေအိမ်မှ ထွက်လာစဥ်မှာပင် ပေါက်စီ တစ်လုံးကို ကိုင်ထားသော ယွီဆွေ့အန်းနှင့် ဆုံလေသည်။ သူမက သူ့ကို မြင်သည်နှင့် အနားသို့ ပြေးလာကာ မေးလိုက်သည်။
"ဟေ့! မျက်မမြင်ကောင်လေး၊ နင် ဘာတွေလုပ်နေတာလဲ? ငါ နင့်ကို မမြင်ရတာ ရက်တော်တော်ကြာပြီ"
သူက ပြုံးလျက် သူမ၏ဆံပင်များကို ဖွဖွလေး ဖွလိုက်သည်။ သူမက မျက်လုံးလှန်လိုက်သည်။
"ပေါက်စီလေး... နင်က ဘယ်လိုဖြစ်လို့ နေ့တိုင်း စိတ်မပူမပင်ဘဲ နေနိုင်ရတာလဲ?"
ယွီဆွေ့အန်းက မျက်မှောင်ကြုတ်ကာ အလေးအနက် ပြန်ဖြေသည်။
"အဲဒီလိုပဲ နေသင့်တာ မဟုတ်ဘူးလား? အဖိုးက ငါ့ကို တစ်ခါက ပြောဖူးတယ်"
"သူ ဘာပြောလို့လဲ?"
သူမသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လီနန်ထင် လုပ်လေ့ရှိသလို ဟိုဟိုဒီဒီ လမ်းလျှောက်ပြသည်။ သူ၏ မျက်နှာအမူအရာကိုပင် ဟာသဖြစ်အောင် လိုက်လုပ်ပြသေးသည်။
"ကောင်းကင်နဲ့အမျှ ကြီးမားတဲ့ လှိုင်းလုံးကြီးတွေ မင်းခေါင်းပေါ်ကို ရိုက်ခတ်လာရင်တောင် မင်းကတော့ ပြုံးပြုံးလေးနဲ့ ဆက်ရှင်သန်နေရမယ် တဲ့!"
လီကွမ်ချီ ခဏမျှ မှင်တက်သွားသည်။ ထိုစကားများက သူ၏ရင်ကို ထိမှန်သွားစေသည်။ ယွီဆွေ့အန်းက သူမ၏ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ဂုဏ်ယူဝင့်ကြွစွာ ပြုံးပြလိုက်သည်။
"ဘယ်လိုလဲ? ငါ လုပ်ပြတာ သူနဲ့ မတူဘူးလား?"
လီကွမ်ချီမှာ အံ့ဩနေမိသည်။ သူမပြောတာက အဓိပ္ပာယ်ရှိသည်ဟု သူ ခံစားလိုက်ရသည်။
"အင်း... ကလေးတစ်ယောက်က ဘာလို့ အမြဲ စိတ်ညစ်နေရမှာလဲ? နင့်မှာ နေ့တိုင်း စားဖို့ ပေါက်စီရှိနေတာပဲ၊ ဒါက ပျော်စရာပဲလေ။ နင် ဘာကို စိတ်ပူနေမှာလဲ?"
ယွီဆွေ့အန်းက နှုတ်ခမ်းစူလိုက်သည်။ "ငါ့မှာလည်း စိတ်ပူစရာတွေ ရှိတာပေါ့!"
"အို... ဘာတွေများလဲ?" သူက စိတ်ဝင်တစား မေးလိုက်သည်။
သူမက အလွန်တရာ တည်ကြည်လေးနက်စွာဖြင့် ပြန်ဖြေလိုက်သည် -
"ပေါက်စီ မစားရတဲ့အခါ ဘာစားရမလဲဆိုတာ ငါ စိတ်ပူရတယ်!"
"ဟားဟားဟား! သတ္တုတောင်ထိပ်ကို ငါနဲ့အတူ လမ်းလျှောက်လိုက်ဦးမလား?"
"ရတာပေါ့! သွားကြစို့၊ သွားကြစို့! ငါ နင့်ပုခုံးပေါ် တက်စီးချင်တယ်!"
ထို့နောက် လူငယ်လေးနှင့် ကလေးမလေးတို့သည် လေကဲ့သို့ အဟုန်ဖြင့် သတ္တုတောင်ထိပ်ဆီသို့ ပြေးထွက်သွားကြလေတော့သည်။