ထိုမိန်းကလေးသည် လီကွမ်ချီ၏ အခန်းထဲသို့ ဝင်လာသောအခါ သူမ၏မျက်လုံးထဲတွင် မာန်မာနများ ရှိနေဆဲဖြစ်သော်လည်း မျက်နှာအမူအရာမှာမူ သိသိသာသာ နူးညံ့သွားခဲ့သည်။
သူမ ဘာကြောင့် ရုတ်တရက် နူးညံ့သွားသည်ကို လီကွမ်ချီ မသိသော်လည်း သူမကို ပြုံးပြလိုက်ကာ - "ဘာကိစ္စလဲ? ငါ့ကို ချစ်သွားတာလား?" ဟု မေးလိုက်သည်။
သူမသည် လီကွမ်ချီ၏ ထိုနှာဘူးရုပ်ကို ခြေထောက်ဖြင့် နင်းခြေပစ်ချင်စိတ် ပေါက်သွားသည်။ သို့သော် အဘိုးအို၏ သတိပေးချက်နှင့် သူမ၏ လက်ရှိအခြေအနေကို သတိရကာ စိတ်ကို ထိန်းလိုက်ရသည်။
သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး "ငါတို့ စကားပြောလို့ရပါတယ်။ နင့်ဆီက ငါယူထားတဲ့ အသက်ဓာတ် တွေကို ပြန်ပေးနိုင်ပါတယ်" ဟု ပြောလိုက်သည်။
လီကွမ်ချီသည် အထူးအထွေ ခံစားချက်မပြဘဲ သူမကို ထိုင်ရန်သာ အချက်ပြလိုက်သည်။ သူမ မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ သူက ရယ်မောရင်း "ထိုင်ပါဦး၊ ပြီးမှ အေးအေးဆေးဆေး ပြောကြတာပေါ့" ဟု ဆိုသည်။
သူမ ထိုင်လိုက်သည်နှင့် သူက တည့်တည့်ပဲ မေးတော့သည်။ "မင်းက ဘယ်သူလဲ?"
သူမက ရိုးသားစွာပင် "ငါက ဓါးဝိညာဉ် တစ်ခုပဲ" ဟု ဖြေသည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီး "အဲဒီ ဓါးခေါင်းတလားထဲမှာ နေတဲ့ ဓါးဝိညာဉ်လား?"
ထိုမိန်းကလေးက ငြင်းဆိုခြင်းမရှိသဖြင့် သူသည် အတွေးနက်သွားသည်။ "ဓါးခေါင်းတလားထဲမှာ ဓါးဘယ်နှစ်လက် ရှိတာလဲ?"
သူမက လက်ညှိုးသုံးချောင်းကို ဖြည်းဖြည်းချင်း ထောင်ပြလိုက်သည်။
သူက ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်ပြီး "မင်းမှာ နာမည်ရှိလား?" ဟု ထပ်မေးသည်။
မိန်းကလေးမှာ ခဏတာ တောင့်တင်းသွားပြီးမှ ခေါင်းခါပြကာ - "ငါ့နာမည်ကို သိဖို့ နင်မှာ အခွင့်အရေး မရှိသေးဘူး။ ငါ့ကို တစ်ခုခု ခေါ်ချင်ရင် 'ဓါးဝိညာဉ်' လို့ပဲ ခေါ်လိုက်"
ဤအဖြေမှာ ယခင်ကအတိုင်းပင် ဖြစ်သော်လည်း လီကွမ်ချီသည် သူမက ရန်စလို၍ ပြောခြင်းမဟုတ်ဘဲ အမှန်တရားကို ပြောနေခြင်းဖြစ်ကြောင်း ခံစားမိသည်။ ထို့ကြောင့် သူ ဆက်မမေးတော့ပေ။ သူ တကယ်သိချင်သည်မှာ ထိုဓါးသုံးလက်မှာ ဘာတွေလဲဆိုသည်ကို ဖြစ်သည်။
သူ့အတွေးကို သိနေသည့်အလား သူမက "နင့်ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် အထဲမှာရှိတဲ့ ဓါးတွေရဲ့ စွမ်းအားကို နင် မခံနိုင်ဘူး။ ရွှေအမြုတေအဆင့် ရောက်မှသာ ပထမဆုံးတစ်လက်ကို မနည်း ထိန်းချုပ်နိုင်လိမ့်မယ်။ ငါ့အကြောင်းဆိုရင်တော့... ဟဲဟဲ... စဥ်းတောင်မစဥ်းစားနဲ့ဦး"
သူက ပခုံးတွန့်လိုက်သည်။ ခဏစဥ်းစားပြီးနောက် "မင်းကို ငါ့အသက်ဓာတ်တွေ ပေးပြီး ဘေးမှာ ထားရတာ ငါ့အတွက် ဘာအကျိုးအမြတ် ရှိမှာလဲ?" ဟု မေးသည်။
သူမက သူမကိုယ်သူမ လက်ညှိုးထိုးပြသည်။
သူက သူမအဖြေကို မစောင့်တော့ဘဲ "ဟင်း... ချောတော့ ချောပါရဲ့၊ ဒါပေမဲ့ ကြည့်ရုံပဲ ကြည့်လို့ရပြီး ထိလို့မရတော့ ငါပဲ ရှုံးနေသလိုပဲ!" ဟု ရေရွတ်လိုက်သည်။
ဓါးဝိညာဉ်၏ မျက်နှာမှာ မှောင်ကျသွားသည်။ ဤမျှ အရှက်မရှိသောသူမျိုးကို သူမ တစ်ခါမှ မကြုံဖူးချေ။ အကယ်၍သာ ရှေးခေတ်တုန်းကဆိုလျှင်...။
"ဟွန့်! နင်ကတော့ အိပ်မက်မက်နေလိုက်!"
ဓါးဝိညာဉ်သည် သူမ၏ ကောက်ကြောင်းလှလှ ကိုယ်ဟန်ကို ကုလားထိုင်ပေါ်တွင် မှီလိုက်ပြီး - "ငါဆိုလိုတာက နောက်ပိုင်းကျရင် နင့်ကို ကျင့်ကြံခြင်းအတတ်တွေ သင်ပေးနိုင်တယ်လို့ ပြောတာ"
"ငါ့မှာ ဆရာရှိပြီးသားပဲ"
သူက ပခုံးတွန့်ပြသည်။ သူမ၏ ကမ်းလှမ်းချက်မှာ သူ့အတွက် အဓိပ္ပာယ်မရှိသလို ဖြစ်နေသည်။
သူမက သူ့ကို မျက်စောင်းထိုးကြည့်ကာ "ငါ-က-သူ-နဲ့-မ-တူ-ဘူး! သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးပဲ ရှိသေးတာ။ သူ ဝိညာဥ်သန္ဓေတည်ခြင်းအဆင့် ကို ရောက်သွားရင်တောင် ငါ့အတွက်တော့ ဘာမှမဟုတ်သေးဘူး! ဒီလောကမှာ ငါသင်ပေးနိုင်သလိုမျိုး နင့်ကို ဘယ်သူမှ မသင်ပေးနိုင်ဘူး!"
လီကွမ်ချီက သူမ၏ လေသံကို လှောင်ပြောင်သည့်အနေဖြင့် နောက်ဆုံးစာကြောင်းကို လိုက်ဆိုလိုက်သည်။ စိတ်ထဲတွင်မူ 'ဒီဓါးဝိညာဉ်က စိတ်မနှံ့တာတော့ မဟုတ်ပါဘူးနော်? ဘာလို့ သိပ်မတော်သလို ခံစားနေရတာလဲ? တကယ်လို့... ငါ သူမကို မလိုချင်ရင်ကော?'
ဓါးဝိညာဉ်က မျက်လုံးမှိတ်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူမသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပုံစံတစ်ခုကို ဖော်ပြလိုက်သည်။
၎င်းကို မြင်လိုက်ရသည်နှင့် လီကွမ်ချီ နားလည်သွားသည်။ ၎င်းမှာ လူပုံရိပ်တစ်ခုဖြစ်ပြီး ယခု သူကျင့်ကြံနေသော မပြည့်စုံသော ကျင့်စဥ်၏ လမ်းကြောင်းကို ပြသနေခြင်းဖြစ်သည်။
သို့သော် ထိုအလင်းတန်း လှုပ်ရှားသွားသော လမ်းကြောင်းမှာ သူ၏ လက်ရှိကျင့်ကြံမှု နည်းလမ်းနှင့် လုံးဝ ကွဲပြားနေသည်။ သူ အလွန်တုန်လှုပ်သွားသည်။ ဤနည်းလမ်းသစ်မှာ သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်ကို သုံးဆမျှ မြန်ဆန်စေနိုင်သည်။
ထို့နောက် သူနှင့် စိမ်းသက်နေသော ကျမ်းစာများစွာမှာလည်း ၎င်း၏ ဘေးတွင် ပေါ်လာသည်။ သူ မျက်ခုံးပင့်လိုက်ပြီး - "ဒါက... မပြည့်စုံတဲ့ ကျမ်းစာရဲ့ ကျန်တဲ့ အစိတ်အပိုင်းလား?" ဟု အံ့ဩတကြီး မေးလိုက်သည်။
ဓါးဝိညာဉ်က အေးအေးဆေးဆေး ခေါင်းညိတ်ပြကာ - "ဒီလိုမျိုး အမှိုက်စား ကျင့်စဥ်မျိုးအတွက် ဒုတိယပိုင်းကို ဖော်ထုတ်ရတာ ကလေးကစားစရာပဲ! ဒါပေမဲ့ ဒီကျင့်စဥ်က နင့်ရဲ့ ဝိညာဉ်အမြစ်နဲ့ တော်တော်ကို ကိုက်ညီမှုရှိတယ်၊ ဒါကြောင့် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် မရောက်မချင်း နင် ဒါကို ပြောင်းဖို့ မလိုသေးဘူး"
လီကွမ်ချီက နှုတ်ခမ်းဆူလိုက်သော်လည်း ဘာမှပြန်မငြင်းပေ။ 'ငါ့ကျင့်စဥ်ကို အမှိုက်လို့ ထင်ရင် ပိုကောင်းတာ ပေးလေ!' ဟု စိတ်ထဲက တွေးနေမိသည်။
သို့သော် လက်ရှိဦးစားပေးမှာ ပျောက်ဆုံးနေသော ကျမ်းစာများနှင့် လမ်းကြောင်းများကို မှတ်သားရန်ပင် ဖြစ်သည်။ ခဏအကြာတွင် ဝိညာဉ်အလင်းတန်းများ ပျောက်ကွယ်သွားသည်။
ဓါးဝိညာဉ်က လီကွမ်ချီကို မာန်ပါပါကြည့်ကာ "ဒါနဲ့ပတ်သက်ပြီး နင် ဘာပြဿနာရှိသေးလဲ?" ဟု မေးသည်။
လီကွမ်ချီက ပြုံးပြပြီး လက်ကာပြကာ - "မရှိပါဘူး၊ မရှိပါဘူး။ ဒါပေမဲ့... မေးစရာတစ်ခု ရှိသေးတယ်။ မင်း အသက်ဓာတ် ဘယ်လောက် ထပ်လိုဦးမှာလဲ?"
ဓါးဝိညာဉ်က ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ဟန်ကိုယ်ဖို့ဖြင့် - "ငါ ဆက်ပြီး စုပ်ယူနေဦးမှာပဲ" ဟု ပြောသည်။
လီကွမ်ချီ မျက်နှာပျက်သွားသည်။ "ဒါဆို ငါကျင့်ကြံတိုင်း အသက်ဓာတ် တစ်ဝက်ကို မင်းကို ပေးနေရမှာလား?"
ဓါးဝိညာဉ်က ခဏစဥ်းစားပြီး - "အဲဒါက ငါ နိုးထဖို့အတွက်ပဲ လိုတာပါ။ နင် အခြေခံတည်ဆောက်ခြင်းအဆင့် မရောက်မချင်း ငါ ထပ်မလိုတော့ပါဘူး။
ဒါပေမဲ့ အဲဒီအဆင့်ရောက်ရင်တော့ ငါ့ရဲ့ ဝိညာဉ်ကို ထိန်းသိမ်းဖို့အတွက် နင့်အသက်ဓာတ် တစ်ဝက်ကို ပေးရလိမ့်မယ်"
လီကွမ်ချီ စိတ်အေးသွားရသည်။ နောက်နှစ်လဆိုလျှင် ပထမဆုံး စာမေးပွဲရှိသည်ဖြစ်ရာ သူ၏ အသက်ဓာတ် တစ်ဝက်ကို သူမအား မပေးနိုင်ချေ။
သူမသာ ဆက်ယူနေလျှင် သူ၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
သူမ တံခါးအပြင်သို့ ထွက်သွားသောအခါ ရုတ်တရက် သူ့ကို လှည့်ကြည့်လိုက်သည်။ လီကွမ်ချီက သူမကို ထပ်ပြီး ဒေါသမထွက်စေချင်သဖြင့် ချက်ချင်းပင် တည်တည်ကြည်ကြည် နေလိုက်သည်။
သူမသည် ကမ္ဘာမြေအဆင့် ကျင့်စဥ်တစ်ခုကို အလွယ်တကူ ပြန်လည်ပြင်ဆင်နိုင်သူ ဖြစ်သည်! ထို့ပြင် သူမသည် ဓါးတစ်လက်၏ ဝိညာဉ်လည်း ဖြစ်သည်... ထိုဓါးမှာ ဘယ်လောက်တောင် အစွမ်းထက်လိမ့်မလဲ?
'တစ်နေ့ကျရင် ငါ... ' လီကွမ်ချီ ချောင်းဟန့်လိုက်သည်။ 'သူမကို ငါ့လက်ထဲမှာ ကိုင်ထားရမယ်!'
ဓါးဝိညာဉ်သည် သူ့ကို အတော်ကြာ စိုက်ကြည့်နေပြီးမှ တည်ကြည်စွာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်... မသေစေနဲ့!"
ထို့နောက် သူမသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဓါးခေါင်းတလားထဲသို့ ပျောက်ကွယ်သွားတော့သည်။ လီကွမ်ချီမှာတော့ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သည်။
သူမ ဘာကို ဆိုလိုတာလဲ? ဘာလို့ ငါ့ကို မသေစေနဲ့လို့ ပြောတာလဲ? သူမရဲ့ စွမ်းအားတွေနဲ့ဆိုရင် သူမက တော်တော် အစွမ်းထက်မှာပဲ... အဲဒါကို ဘာလို့ ဒီလို ထူးဆန်းတဲ့ စကားမျိုး ပြောရတာလဲ?
'နေဦး... ငါ့ရဲ့ ခန့်ညားထည်ဝါမှုကြောင့် သူမ ငါ့ကို ချစ်သွားတာများလား?'
သူသည် ခေါင်းခါယမ်းလိုက်ပြီး သူ၏ဆံပင်ကို မာန်ပါပါ သပ်လိုက်သည်။
ထိုစဥ် ထူးဆန်းသော အင်အားတစ်ခု သူ၏ကိုယ်ထဲတွင် ပေါ်လာပြီး သူ၏ အရှိန်အဝါမှာလည်း ပိုမိုအားကောင်းလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အသက်ဓာတ်သန့်စင်ခြင်း အဆင့် (၅) ၏ အလယ်သို့ ပြန်လည် ရောက်ရှိသွားတော့သည်— ယခင် အမြင့်ဆုံးအဆင့်ထက် အနည်းငယ်သာ လိုတော့သည်။
ရုတ်တရက် အဘိုးအိုတစ်ဦးသည် သူ၏ ခြံဝင်းတံခါးကို ဝုန်းကနဲ ဖွင့်၍ ဝင်လာတော့သည်။