အခန်း (၃) - စိတ်မျက်စိကို ဖွင့်ဟခြင်း
မြင့်မားသော တောင်ထိပ်တစ်ခုပေါ်တွင် ‘သာယာဝပြောရေး’ ဟု အမည်ရသည့် ရွာကလေးတစ်ရွာ ရှိသည်။ သပ်ရပ်လှပသော လောင်ပြင်ဝန်းလေးတစ်ခု၏ အလယ်တွင် ချောမောသော လူငယ်လေးတစ်ဦးမှာ တင်ပျဉ်ခွေ ထိုင်နေ၏။
သူသည် သန့်ရှင်းစင်ကြယ်သော ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး လည်ပင်းတွင်မူ အနီရောင်ကြိုးဖြင့် ချည်နှောင်ထားသည့် သာမန်ကြေးပြားဟောင်းလေးတစ်ပြား ဆွဲထားသည်။
အနီးနားတွင်မူ ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးက ဆေးတံသောက်ရင်း လူငယ်လေးကို မျက်မှောင်ကြုတ်ကာ စောင့်ကြည့်နေသည်။
“စိတ်မျက်စိကို ဖွင့်ဖို့ဆိုတာ အင်မတန် ခက်ခဲတာပဲ။ ဒီတစ်ခါတော့ သူ အောင်မြင်ပါစေလို့ ငါ မျှော်လင့်ပါတယ်”
လီကွမ်ချီသည် သူ၏နှလုံးသားထဲတွင် သုတ်တော်ကို တိုးတိုးလေး ရွတ်ဖတ်နေပြီး စိတ်အာရုံမှာ နက်ရှိုင်းသော အခြေအနေသို့ ရောက်ရှိနေသည်။
ကြည်လင်သော စိတ်ထားရှိလျှင် ဖုန်မှုန့်တစ်စကိုပင် မြင်နိုင်၏။ စိတ်တွင် တွယ်တာမှုကင်းသောအခါ ရှင်းလင်းမှုကို တွေ့ရလိမ့်မည်။ လမ်းစဉ်အသွယ်သွယ်သည် မျက်ဝန်းများမှတစ်ဆင့် အရင်းအမြစ်တစ်ခုတည်းသို့ ပြန်လည်ရောက်ရှိ၏။
အနှောင့်အယှက်ဖြစ်စေသော အတွေးများ ကွယ်ပျောက်သွားသည့်အခါ အလင်းဉာဏ် ပေါ်ပေါက်လာလိမ့်မည်။ ငြိမ်သက်စွာ ထိုင်ပါ၊ စိတ်ကို စုစည်းပါ၊ နှလုံးခုန်သံကို ရေတွက်ပါ။ စိတ်နှလုံးထဲတွင် အလင်းတောက်လာသောအခါ စကြဝဠာတစ်ခုလုံးကို ဖြည်းဖြည်းချင်း ထင်ဟပ်လာစေလိမ့်မည်။ အာရုံခံစားမှုများကို မေ့ဖျောက်ပြီး အနှစ်သာရအစစ်အမှန်ကို ရယူပါ။
စိတ်မျက်စိ ပွင့်လာသောအခါ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဖော်ပြလိမ့်မည်။
အဘိုးဖြစ်သူ သင်ကြားပေးထားသော သုတ်တော်မှာ သူ၏ခေါင်းထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။
ပြင်ပအနှောင့်အယှက်များ လွင့်ပြယ်သွားသည်နှင့်အမျှ သူ၏စိတ်မှာ ငြိမ်သက်နေသော ရေကန်တစ်ခုကဲ့သို့ အေးချမ်းလာသည်။ သူ၏ အသိစိတ်မှာ ပတ်ဝန်းကျင်သို့ စိမ့်ဝင်သွား၏။
ခေတ္တမျှကြာသော် လီကွမ်ချီသည် သူ၏စိတ်ထဲတွင် ထူထပ်သော မြူဖြူများကို မြင်တွေ့လိုက်ရသည်။ ၎င်းက သူ၏အာရုံစူးစိုက်မှုကို ပျက်ပြားလုနီးပါး ဖြစ်စေခဲ့သည်။
သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ပိတ်မှောင်နေသော အမှောင်ထုမဟုတ်သည့် အခြားအရာတစ်ခုကို မြင်တွေ့လိုက်ရခြင်းပင်! သူသည် စိတ်ကို အမြန်ပြန်လည် တည်ငြိမ်အောင်လုပ်ပြီး သုတ်တော်ကို အကြိမ်ကြိမ် ထပ်မံရွတ်ဆိုသည်။ စိတ်မျက်စိ ပွင့်တော့မည့် အခြေအနေနှင့် အနီးစပ်ဆုံး ဖြစ်နေပြီဟု သူ ခံစားနေရသည်။
လီကွမ်ချီသည် သူ၏စိတ်အာရုံထဲတွင် ထိုမြူထုဆီသို့ လျှောက်သွားသည်။ မမြင်ရသော နံရံတစ်ခုက သူ့ကို ပိတ်ဆို့ထားသကဲ့သို့ပင်။ သူသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ခိုင်မာသော စိတ်ဓာတ်ဖြင့် ရှေ့သို့ အားစိုက်လှမ်းလိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးနှင့် စွမ်းအင် (ချီ) တို့မှာ ချက်ချင်းပင် ဆူပွက်လာတော့သည်။
သူ၏ ပတ်ဝန်းကျင် မြေကြီးပေါ်ရှိ သဲများနှင့် ဖုန်မှုန့်များမှာလည်း အနည်းငယ် တုန်ခါလာ၏။
ဆေးလိပ်ငွေ့များက အဘိုးအို၏ မျက်နှာကို ဖုံးကွယ်ထားသော်လည်း သူ၏ အပြုံးကိုမူ မြင်နေရဆဲပင်။
“သူ့ရဲ့ ‘ဗလာဝိညာဉ်ခန္ဓာ’ က တကယ်ကို အံ့ဩစရာပဲ... စိတ်မျက်စိပွင့်ဖို့ ခုနစ်ရက်ပဲ ကြာတယ်... ဒီလို ပါရမီမျိုးနဲ့ဆိုရင် သူဟာ လောကမှာ တစ်ခါမှ မပေါ်ဖူးသေးတဲ့ ပါရမီရှင်ကြီး ဖြစ်လာမှာပဲ”
အဘိုးအို စကားမဆုံးသေးခင်မှာပင် လီကွမ်ချီ၏ လည်ပင်းရှိ သွေးကြောများမှာ ဖောင်းတက်လာပြီး အရေပြားကို ဖောက်ထွက်မတတ် ရုန်းကန်နေသည်။ သူ၏စိတ်မှာ ကြည်လင်သွားပြီး မြူထုထဲမှ ဖောက်ထွက်နိုင်ခဲ့ပြီ!
ဝုန်း!
တစ်စုံတစ်ခု ကွဲအက်သွားသည့် အသံမျိုး သူ၏စိတ်ထဲတွင် မြည်ဟည်းသွားသည်။ ရုတ်တရက် လီကွမ်ချီ၏ မျက်နှာမှာ အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပြီး သူ၏စွမ်းအင်များမှာလည်း တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားသည်။
နောက်ဆုံးတော့ သူ မြင်ရပြီ...။
မည်သည့် အရောင်အသွေးမျှ မရှိသော်လည်း သူ၏စိတ်မျက်စိမှာ သာမန်လူသားများ၏ မျက်စိကဲ့သို့ပင် အရာအားလုံးကို မြင်တွေ့နိုင်စွမ်း ရှိနေသည်။ အဘိုးအို စုရွှမ်က ခေါင်းညိတ်လိုက်သည်။ သူ၏ ‘သိစိတ်ပင်လယ်’ အပြည့်အဝ မဖွဲ့စည်းနိုင်ခင်မှာတော့ ဒီစိတ်မျက်စိက လုံလောက်လှပါပြီ။
လီကွမ်ချီသည် သပ်ရပ်လှပစွာ ဆောက်လုပ်ထားသော အိမ်အတွင်းရှိသိုင်းလေ့ကျင့်ရာ မြေကွက်လပ်ဝန်း (တရုတ်ရိုးရာအိမ်များ၌ပါရှိသောအိမ်အလယ်ကွက်လပ်နေရာ) ကို ဝေ့ကြည့်လိုက်သည်။ ဤသည်မှာ သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
“အဘိုး?”
စုရွှမ်က ပြုံးလိုက်သည်။ သူသည် မတ်တပ်ထရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ပြုံးရွှင်စွာ မေးလိုက်၏။
“အခု မြင်ရပြီလား”
လီကွမ်ချီမှာ အလွန်အမင်း ရင်ခုန်လှုပ်ရှားနေမိသည်။ သူသည် နီရဲနေသော မျက်ဝန်းများဖြင့် ခေါင်းကို အားပါပါ ညိတ်ပြလိုက်၏။ အရောင်အသွေးများကို မမြင်ရသော်လည်း မြင်နိုင်စွမ်း ရှိသွားခြင်းကပင် သူ့ကို များစွာ စိတ်လှုပ်ရှားစေသည်။
စုရွှမ်က သူ၏ပုခုံးကို ပုတ်ကာ ပြုံးပြီး ပြောလိုက်သည်။
“ဟားဟား။ စိတ်မပူပါနဲ့။ နောင်မှာ မင်းရဲ့ ‘နတ်ဘုရားသိစိတ်’ ကို ရရှိတဲ့အခါ လောကကြီးရဲ့ အရောင်အသွေးတွေကို သဘာဝအတိုင်း မြင်ရမှာပါ။ ဒါပေမဲ့ မင်းက စိတ်မျက်စိကို အခုမှ ဖွင့်ထားတာဆိုတော့ စွမ်းအင် တွေ အများကြီး ကုန်မှာမို့လို့ လိုအပ်မှပဲ သုံးတာ အကောင်းဆုံးပဲ။ လာ... လာ... ဒီကိုလာ။ မင်းအတွက် ကောင်းတာလေးတစ်ခု ပြင်ဆင်ထားတယ်”
လီကွမ်ချီသည် အသာအယာ ခေါင်းညိတ်ပြီး စုရွှမ်၏ စကားများကို မှတ်သားလိုက်သည်။ သူသည် ထရပ်လိုက်ပြီးနောက် အချိန်အတော်ကြာအောင် ရပ်ကြည့်နေမိသည်။
သူ၏ လက်များနှင့် ခြေထောက်များကို ငေးကြည့်ပြီး လည်ပင်းတွင် ချည်ထားသော ကြေးပြားလေးကိုလည်း သေချာကြည့်နေမိသည်။ သူက ၎င်းကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်၏။
ဒါ... ကြေးပြားဆိုတာလား...။
လီကွမ်ချီသည် စုရွှမ်၏နောက်မှ နောက်ဖေးသို့ လိုက်သွားသည်။ ရေချိုးကန်ထဲရှိ စူးရှသောအနံ့ရှိသည့် ဆေးဖန်ရည်များကို မြင်လိုက်ရသည့်အခါ သူက နှုတ်ခမ်းဆူကာ မေးလိုက်၏။
“ဒီနေ့လည်း ရေချိုးရဦးမှာလား”
သို့သော်လည်း သူသည် အင်္ကျီကို ချွတ်လိုက်သည်။ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိသာလှ၏။ စုရွှမ်ကမူ လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးရင်း အထဲသို့ ဆက်လျှောက်သွားသည်။
“အခု ရေချိုးမှာ မဟုတ်ဘူး။ ဒီကိုလာ”
လီကွမ်ချီသည် စကားတစ်ခွန်းမျှ မဆိုဘဲ စုရွှမ်၏နောက်မှ လိုက်သွားသည်။ မကြာမီမှာပင် လီကွမ်ချီ၏ အရပ်နီးပါး မြင့်မားပြီး လျှော်ကြိုးအချို့ ချည်ထားသော လေးထောင့်ပုံ ကျောက်တိုင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
လီကွမ်ချီ၏ နှုတ်ခမ်းများ တွန့်သွားသည်။ ကြိုးများကို ကြည့်ရင်း သူက လွှတ်ခနဲ ပြောလိုက်မိ၏။
“အဘိုး... ဒါကို ကျွန်တော့်ကို ကျောပိုးခိုင်းမလို့တော့ မဟုတ်ပါဘူးနော်?”
စုရွှမ်က ပြန်မဖြေဘဲ လီကွမ်ချီကို ပြုံးကြည့်နေရုံသာ ပြုသည်။ လီကွမ်ချီက ပုခုံးတွန့်လိုက်ကာ ကျောက်တိုင်ဆီသို့ သွားပြီး ကြိုးများကို ပုခုံးတွင် သိုင်းလိုက်သည်။ သူသည် ခါးနှင့် ကျောကို အားပြုလိုက်ရာ ကျောက်တိုင်ကြီးမှာ မြေကြီးပေါ်မှ ကြွတက်လာတော့သည်!
လီကွမ်ချီ၏ မျက်နှာမှာ နီရဲဖောင်းတက်လာပြီး ထစ်ထစ်အအဖြင့် ပြောလိုက်သည်။
“အ-အဘိုး! ဒါကြီးက အနည်းဆုံး ပိဿာ သုံးရာ (၅၀၀ ဂျင်) လောက် ရှိမယ်! ဒါကြီးကို ပိုးဖို့က... တကယ်ကို ခက်ခဲပါတယ်...”
စုရွှမ်က ပြုံးကာ ပြောလိုက်သည်။
“ပိဿာ သုံးရာဆိုတော့ ဘာဖြစ်လဲ။ မင်းက ‘ခန္ဓာကိုယ်လေ့ကျင့်မှု’ ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီပဲ၊ ဒါကြီးက မင်းအတွက် မလေးပါဘူး။ ဒီနေ့ကစပြီး ထမင်းစားစား၊ အိပ်အိပ်၊ တောင်တက်တောင်ဆင်း လုပ်တဲ့အခါတိုင်း ဒါကို ကျောပိုးထားရမယ်!”
လီကွမ်ချီက ညည်းညူခြင်း မပြုပေ။ သူက မေးလိုက်ရုံသာ ရှိသည်။
“လက်ဝှေ့လေ့ကျင့်တဲ့အခါရော?”
စုရွှမ်က လှည့်ကြည့်ပြီး ပြုံးလိုက်သည်။
“လေ့ကျင့်တဲ့အခါလည်း ပိုးထားရမှာပေါ့။ အိပ်တဲ့အခါတောင် မချရဘူး”
လီကွမ်ချီသည် အကြောင်းရင်းကို မသိသော်လည်း နာခံရုံမှတစ်ပါး အခြားမရှိပေ။ နေဝင်ချိန်တွင် စုရွှမ်သည် ရွာထဲသို့ နယ်ချဲ့ (ချက်) ကစားရန် ထွက်သွားသည်။ သူ မထွက်သွားမီ လီကွမ်ချီကို တစ်ချက်ကြည့်ကာ တိုးတိုးလေး ရေရွတ်သွား၏။
“ဒါက မင်းကောင်းဖို့အတွက်ပါပဲ ကောင်လေးရာ...”
နောက်တစ်နေ့ မနက်စောစောတွင် စုရွှမ်မှာ တစ်စုံတစ်ခုကို ပြင်ဆင်နေပုံရပြီး အလုပ်ရှုပ်နေသည်။ လီကွမ်ချီမှာမူ ကျောက်တိုင်ကြီးကို ကျောပိုးကာ တောင်အောက်ခြေမှ တောင်ပေါ်သို့ အမောတကော တက်နေရသည်။
ယခုကဲ့သို့ မနက်ခင်းမျိုးတွင် အိပ်ရာထချိန်မှ မနက်စာ စားချိန်အထိသည် ရွာက လူငယ်လေးများအတွက် ကစားချိန်ပင် ဖြစ်သည်။
မနက်စာ အဆင်သင့်ဖြစ်သောအခါ ပန်းပွင့်ပုံ အင်္ကျီများ ဝတ်ထားသော အမျိုးသမီးကြီးများသည် သူတို့၏ အိမ်တံခါးများကို ဖွင့်ကာ သားသမီးများ၏ အမည်များကို အားရပါးရ အော်ခေါ်ကြတော့သည်။
“ဟေ့ ကောင်စုတ်လေး! ထမင်းစားဖို့ ပြန်လာတော့!”
“ချွေးဟွာရေ... အိမ်ပြန်လာတော့လေ”
“ချန်ချန်... အခုချက်ချင်း ပြန်မလာရင်တော့ တွေ့ကြသေးတာပေါ့!”
ကျောက်ပေချန် ဟု အမည်ရသည့် လူငယ်လေးတစ်ဦးမှာ မှောင်ရိပ်ခိုကာ သူ၏ ပစ်မှတ်ကို စောင့်နေသည်။ သူ၏ မျက်ဝန်းများတွင် မုန်းတီးမှုများဖြင့် လီကွမ်ချီကို ကြည့်နေ၏။
မုန့်ဝမ်ရှူးသည် အခြားသူများအပေါ် အေးစက်သော်လည်း လီကွမ်ချီနှင့် ဆိုလျှင်မူ စကားပြောရန် ဝန်မလေးတတ်ပေ။ သို့သော် ကျောက်ပေချန်အတွက်မူ မုန့်ဝမ်ရှူးသည် သူ၏ အနာဂတ်ဇနီးလောင်းပင်! ထိုနိမိတ်မရှိသော မျက်မမြင်ကောင်က ဘယ်လိုအခွင့်အရေးနဲ့ သူ့မိန်းမကို လာပတ်သက်နေရတာလဲ။
ထို့ကြောင့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကျောက်ပေချန်သည် လီကွမ်ချီထံသို့ လာကာ ပြဿနာရှာလေ့ရှိသည်။ ကံမကောင်းစွာဖြင့် သူသည် လီကွမ်ချီ၏ အရိုက်အနှက်ကိုသာ အမြဲခံရလေ့ရှိသည်။
ယနေ့ ထူးခြားချက်မှာ လီကွမ်ချီသည် စိတ်မျက်စိ ပွင့်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူ ကျောက်ပေချန်ကို မမြင်ရလျှင်ပင် ထိုလူငယ်၏ အသက်ရှူသံမှာ နွားတစ်ကောင်ကဲ့သို့ ပြင်းထန်နေသည်ကို လီကွမ်ချီ ကြားနေရသည်။
ကျောက်ပေချန် အခွင့်အရေးရသည်နှင့် ထွက်လာကာ လက်သီးကို မြှောက်ပြီး လီကွမ်ချီကို ထိုးလိုက်သည်။ လီကွမ်ချီက အသာအယာ ဘေးသို့ ရှောင်လိုက်ပြီးနောက် ကျောက်ပေချန်၏ ဗိုက်ကို ပြန်ထိုးလိုက်၏။
ပြင်းထန်သော နာကျင်မှုကြောင့် ကျောက်ပေချန်မှာ ဗိုက်ကို ဆုပ်ကိုင်ကာ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကျသွားသည်။ သူက လီကွမ်ချီကို လက်ညှိုးထိုးကာ တုန်ရီသောအသံဖြင့် အော်ပြောလိုက်၏။
“လီ... လီကွမ်ချီ! မင်း... မင်း အစုတ်ပလုတ်! နောက်နှစ်နှစ်ပဲ စောင့်လိုက်!”
လီကွမ်ချီက ဆောင့်ကြောင့်ထိုင်ကာ ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
“ဘယ်နှစ်နှစ်ပဲ စောင့်စောင့် အတူတူပါပဲ။ မင်း ငါ့ကို ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး”
အနီးနားရှိ လူငယ်လေးများက လီကွမ်ချီ ထရပ်ပြီး သူတို့ကို ကြည့်လိုက်သည်ကို မြင်သောအခါ ထိတ်လန့်တကြား အော်ကြတော့သည်။
“ကျွန်တော်... ကျွန်တော် အိမ်ပြန်ပြီ။ အမေ ခေါ်နေပြီ”
ထိုလူငယ်လေးများ ထွက်သွားပြီးနောက် လီကွမ်ချီသည် ကျောက်ပေချန်ကို မြေကြီးပေါ်တွင် ထားရစ်ခဲ့သည်။ သူ၏ စိတ်အာရုံမှာ ဤသာယာဝပြောရေးရွာကလေးထက် ပို၍ ဝေးကွာသော နေရာသို့ ရောက်ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကျောက်ပေချန်အတွက်မူ... ကံကောင်းထောက်မစွာဖြင့် သူသည် လက်နက်သုံးရန် စိတ်မကူးသေးပေ၊ မဟုတ်လျှင် လီကွမ်ချီက သူ့ကို သတ်မိသည်မှာ ကြာလှပြီဖြစ်သည်။
လီကွမ်ချီသည် နှာခေါင်းကို ရှုံ့လိုက်ပြီး မွှေးကြိုင်သော အနံ့တစ်ခုလာရာနောက်သို့ လိုက်သွားသည်။ ရောက်ရှိသွားသောအခါ အိမ်တစ်အိမ်၏ ခြံစည်းရိုးပေါ်သို့ တက်ကြည့်ပြီး မေးလိုက်၏။
“ဒေါ်လေးလီရေ... ဘာတွေ ထူးထူးခြားခြား ချက်နေတာလဲဟင်။ အဲဒါ ကြက်ပေါင်းလား”
ကျွီ...
ဝဖြိုးသောအမျိုးသမီးကြီးတစ်ဦး တံခါးကို တွန်းဖွင့်လိုက်ပြီး သူ့ကို ပြုံးလျက် လက်လှမ်းပြလိုက်သည်။
“ကွမ်ချီပါလား! စားပြီးပြီလား။ လာလေ... ဒေါ်လေး ကျွေးမယ်”
ပြုံးနေသောအမျိုးသမီးကြီးကို ကြည့်ရင်း လီကွမ်ချီက စိတ်ထဲမှ တွေးနေမိသည်။ ‘ဒေါ်လေးလီက ဒီလိုပုံစံမျိုးကိုး...’
လီကွမ်ချီသည် သူ၏ဗိုက်ကို အမူအရာအပြည့်ဖြင့် ပွတ်ရင်း ပြောလိုက်သည်။
“မစားရသေးပါဘူး။ ကျွန်တော့်ရဲ့ ခွေးနှာခေါင်းကိုပဲ အပြစ်တင်ရမှာပဲ။ အဘိုးချက်တဲ့ တောဟင်းတွေကို မစားချင်တာနဲ့ အနံ့နောက်လိုက်လာတာ ဒီကို ရောက်လာတာပဲ”
အမျိုးသမီးကြီးက လက်ခါပြပြီး ပြောလိုက်၏။
“အဲလိုတွေ မပြောပါနဲ့ ကလေးရယ်။ မင်း လာတာ အတော်ပဲ။ အိုးထဲမှာ တစ်ဝက်လောက် ကျန်သေးတယ်”
လူငယ်လေး၏ အပြုံးမှာ ပို၍ ကျယ်ပြန့်သွားသည်။ သူက ချိုချိုသာသာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။
“ကျေးဇူးတင်ပါတယ် ဒေါ်လေးလီ။ ဟား... ဒေါ်လေးရဲ့ လက်ရာမျိုးနဲ့ဆိုရင် ဒီတောင်ပေါ်ကနေ ဆင်းပြီး စားသောက်ဆိုင် မဖွင့်တာ တကယ် နှမြောစရာပဲ”
အမျိုးသမီးကြီးမှာ မျက်လုံးလေးတွေ မှေးသွားသည်အထိ ပြုံးလိုက်ရာ မျက်စိဘေးက အရေးအကြောင်းလေးများ ပေါ်လာသည်။
“ဒေါ်လေးကို မြှောက်ပင့်နေမှန်း သိပါတယ်တော်။ ဒီမှာ ခဏစောင့်”
ခေတ္တမျှကြာသော် အပြာနုရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လှပသော မိန်းကလေးငယ်လေးတစ်ဦး ထွက်လာသည်။ သူမ၏လက်ထဲတွင် မွှေးကြိုင်သော ကြက်ပေါင်းအိုးကို ကိုင်ထား၏။
အိုးထဲက ဟင်းရည်များ ဖိတ်ကျမည်ကို စိုးရိမ်သဖြင့် သူမ၏မျက်လုံးများမှာ အိုးကိုသာ စိုက်ကြည့်နေသည်။
သူမက လမ်းလျှောက်ရင်း ညည်းတွားလိုက်၏။
“လီကွမ်ချီ... မင်းက ခွေးလား။ ငါတို့အိမ်မှာ ကောင်းကောင်းချက်တိုင်း ဘယ်လိုလုပ် အချိန်မှန်ရောက်လာရတာလဲ”
‘အခုမှ မြင်ရတော့တယ်... ဝမ်ရှူးက တကယ် လှတာပဲ...’ ထိုသို့ တွေးလိုက်မိသည်နှင့် သူ၏ နှုတ်ခမ်းအစုံမှာ ကွေးညွတ်သွားသည်။ သူက တဟားဟား ရယ်မောလိုက်၏။
မုန့်ဝမ်ရှူး၏ မျက်နှာလေးမှာ နီရဲသွားသည်။ သူမသည် အားစိုက်ပြီး အိုးကို ခြံစည်းရိုးပေါ်သို့ တင်ပေးလိုက်၏။ သူမက သူ့ကို မျက်စောင်းထိုးပြပြီး အိမ်ထဲသို့ ပြန်ပြေးဝင်သွားသည်။
သို့သော် ထိုမျက်မမြင်လူငယ်လေးက သူမ မျက်စောင်းထိုးသည်ကို မမြင်နိုင်မှန်း သတိရသွားသည့်အခါ သူမက နှုတ်ခမ်းဆူကာ မော့ကြည့်ပြီး ဆဲဆိုလိုက်သည်။
“ဒီငတုံး မျက်မမြင်လေး!”
လီကွမ်ချီက ရယ်မောကာ လှည့်ထွက်သွားသည်။ သို့သော် သူ ထွက်မသွားသေးဘဲ မတ်တပ်ရပ်ကာ အနည်းငယ် ဦးညွှတ်လိုက်ပြီး အိုးတိုးအောက်တိုး ပြောလိုက်၏။
“ဟို... ဦးလေးမုန့်... ပြန်လာပြီလား”
လီကွမ်ချီ၏ ရှေ့တွင် ရပ်နေသော အမျိုးသားက ဘာမှမပြောဘဲ လီကွမ်ချီ၏ တင်ပါးကို တစ်ချက် ကန်လိုက်သည်။ သူက ပြုံးလျက် လီကွမ်ချီကို ဆူလိုက်၏။
“ဝမ်ရှူးကို သိပ်မစနဲ့။ မင်းလည်း လူလားမြောက်တော့မှာကို အခုထိ အတည်မရှိသေးဘူး။ သွား... သွားတော့ ကောင်လေး”
လီကွမ်ချီက တဟားဟား ရယ်မောကာ ခေါင်းညိတ်လိုက်ပြီး -
“ဟုတ်ကဲ့ပါ... မနက်ဖြန် ဦးလေးမုန့်အတွက် အရက်ယူလာခဲ့ပေးပါ့မယ်” ဟု ဆိုကာ အနည်းငယ် ဝေးသော အိမ်ဆီသို့ လျှောက်သွားတော့သည်။
တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် လီကွမ်ချီက ညင်သာစွာ ခေါ်လိုက်သည်။
“အဘိုး? ကျွန်တော် ပြန်လာပြီ”
တံခါးဝတွင် ဆေးတံသောက်နေသော စုရွှမ်သည် လူငယ်လေးကို မြင်လိုက်ရသည့်အခါ မျက်နှာဝင်းပသွားသည်။ သူက နှုတ်ခမ်းကို သပ်လိုက်ပြီး -
“ငါ အမြဲပြောသားပဲ၊ ဦးလေးမုန့်ရဲ့ ဇနီးက လက်ရာ အကောင်းဆုံးပဲလို့”
လီကွမ်ချီက အိုးကို ချလိုက်သည့်အခါ စုရွှမ်က သူ၏ခေါင်းကို ရိုက်လိုက်သဖြင့် သူ လဲကျလုနီးပါး ဖြစ်သွားသည်။ စုရွှမ်က နှာခေါင်းရှုံ့ကာ ဟောက်လိုက်၏။
“မင်း စိတ်မျက်စိ ပွင့်တာ မနေ့ကတင် ရှိသေးတယ်၊ အခုတော့ အဲဒါကို ဒီလိုကိစ္စတွေအတွက် သုံးနေတာလား။ ဒီနေ့အတွက် လက်ဝှေ့ အလှည့်တစ်ရာ ထပ်တိုးလိုက်စမ်း!”
လီကွမ်ချီသည် မျက်နှာပျက်သွားသော်လည်း ပြန်မပြောရဲပေ။
“မင်း ဒီနေ့ အားထိန်းတာ တော်တယ်။ အခုထက် ပိုပြင်းသွားရင်တော့ ငါ မနက်ဖြန် ဦးလေးကျောက်ဆီ သွားတောင်းပန်ရတော့မှာ”
သူသည် ခေါင်းကို ပွတ်ရင်း အချိန်အတော်ကြာအောင် ဘာမှ ပြန်မပြောဘဲ နေလိုက်သည်။
လေချဉ်တက်သံ...
“ငါ စားလို့ပြီးပြီ” ဟု စုရွှမ်က ပြောလိုက်သည်။ လီကွမ်ချီသည် တစ်ခုခု မှားယွင်းနေသည်ကို ရုတ်တရက် အာရုံရလိုက်သည်။ သူသည် အိုးထဲတွင် တူဖြင့် လိုက်မွှေကြည့်သည်။ ခေတ္တမျှကြာအောင် တူနှင့် အိုး ထိခတ်သံများကိုသာ ကြားနေရသည်။ သူက မေးလိုက်၏။
“အဘိုး အဘိုးကြီးလုနဲ့ နယ်ချဲ့ သွားကစားဦးမှာလား”
“မင်းနဲ့ မဆိုင်ဘူး။ မင်းဘာသာ လေ့ကျင့်တာပဲ အာရုံစိုက်! ငါ တောင်ပေါ်မှာ တစ်ခုခု သွားရှာဦးမယ်။ နှစ်ရက်လောက် ကြာလိမ့်မယ်။ မနက်ဖြန် တောင်အောက်ဆင်းရင် ငါ့အတွက် အရက်ဝယ်ခဲ့ဖို့ မမေ့နဲ့ဦး”
လီကွမ်ချီသည် စိတ်ကောက်ကာ ထမင်းများကို တစ်စေ့မျှ မကျန်အောင် အားရပါးရ စားပစ်လိုက်သည်။ စားသောက်ပြီးနောက် နောက်ဖေးသို့သွားကာ အဝတ်အစားများ ချွတ်ပြီး ရေချိုးကန်ထဲတွင် ထိုင်လိုက်သည်။ မင်ပြာရောင် ဆေးဖန်ရည်များမှာ သူ၏ အရေပြားကို အဆက်မပြတ် စူးရှနာကျင်စေသည်။
ခဏအတွင်းမှာပင် လူငယ်လေး၏ အရေပြားမှာ တစ်ကိုယ်လုံး နီရဲလာပြီး နဖူးတွင်လည်း ချွေးစက်များ ပေါ်လာသည်။ သူသည် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသကဲ့သို့ သွားကို ကျစ်ကျစ်ပါအောင် စေ့ထားရင်း တုန်ရီနေမိသည်။
မင်ပြာရောင် ဆေးရည်များကြားမှ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သိပ်သည်းစွာ ဖုံးလွှမ်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ်လွှာများကို မြင်တွေ့နိုင်စွမ်း ရှိနေသည်။
လီကွမ်ချီသည် မနေ့ကမှ စိတ်မျက်စိ ပွင့်ခဲ့ခြင်း ဖြစ်သည်။ အဖြူအမဲသာ မြင်ရသော်လည်း ဤသည်မှာပင် အံ့ဩစရာ ကောင်းလှသော လက်ဆောင်တစ်ခု ဖြစ်နေပြီ။ သူသည် နေ့နှင့်ညကို ခွဲခြားနိုင်စွမ်း ရှိလာခြင်းကို အလွန်ပင် တန်ဖိုးထားသဖြင့် စိတ်မျက်စိကို ဖွင့်ရန် သူ၏ စိတ်စွမ်းအင်အားလုံးကို အကုန်အစင် သုံးခဲ့ရသည်။
လီကွမ်ချီသည် ရေချိုးကန်ထဲတွင် ထိုင်နေရင်း ဆေးရည်များကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကို တိတ်ဆိတ်စွာ အံတုနေသည်။ လက်ဝှေ့လေ့ကျင့်ခန်း ပြီးသွားလျှင် ဘာဆက်လုပ်မည်ကို သူ တွေးတောနေမိ၏။
သူ၏ လက်သီးချက်များမှာ လေထုကို ဖြတ်သန်းရင်း တဝူးဝူး မြည်နေသည်။ နောက်ဆုံးတွင် သူသည် လေ့ကျင့်ခန်း၏ နောက်ဆုံး အလှည့်ကို အောင်မြင်စွာ အဆုံးသတ်လိုက်နိုင်သည်။ လီကွမ်ချီသည် စိတ်မျက်စိကို ဖွင့်ကြည့်လိုက်သည့်အခါ သန်းခေါင်ကျော်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သူက မျက်မှောင်ကြုတ်လိုက်မိ၏။ “အဘိုး ဘာလို့ အခုထိ ပြန်မလာသေးတာလဲ”
လီကွမ်ချီသည် အလွန်အမင်း စိတ်မပူမိပေ။ သူသည် ကုတင်ပေါ်တွင် လှဲလိုက်ပြီး မကြာမီမှာပင် အိပ်ပျော်သွားတော့သည်။ နောက်တစ်နေ့ မနက်တွင်လည်း အဘိုးဖြစ်သူကို မတွေ့ရသေးပေ။
သူသည် တောင်အောက်ဆင်းကာ အရက်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ခါတစ်ရံတွင် အဘိုးဖြစ်သူမှာ တောင်ပေါ်တွင် ရက်အတော်ကြာ နေတတ်သဖြင့် သူသည် ယင်းကို ကျင့်သားရနေပြီ ဖြစ်သည်။
လီကွမ်ချီသည် သီချင်းတိုးတိုးလေး ညည်းဆိုရင်း တောင်ပေါ်မှ ဆင်းလာခဲ့သည်။ ထိုအချိန်မှာပင် သူ၏ သူငယ်ချင်းတစ်ဦးလည်း တောင်အောက်သို့ ဆင်းသွားခဲ့ပြီ ဖြစ်သည်။