အခန်း (၂၉) - ငါ ဂရုမစိုက်ဘူး!
ထိုညတွင် လီကွမ်ချီသည် ကျင့်ကြံခြင်းအခန်းထဲ၌ ထိုင်ကာ နောက်ဆုံးကျန်ရှိသော အောက်တန်းစား ဝိညာဥ်ကျောက်တုံး ဆယ်တုံးကို ဝိညာဥ်စုစည်းခြင်း အစီရင်စုထဲသို့ ထည့်လိုက်သည်။ သူက တိုးညှင်းသောလေသံဖြင့် -
"ဒီနေ့ ငါ ကျင့်ကြံခြင်းအဆင့် (၆) ကို ရောက်အောင် ကြိုးစားကြည့်လို့ ရပြီ" ဟု ရေရွတ်လိုက်သည်။
လွန်ခဲ့သော တစ်လအတွင်း သူ၏ခန္ဓာကိုယ်မှာ သိသိသာသာ ပြောင်းလဲလာခဲ့သလို ကောင်းကင်နှင့် မြေကမ္ဘာ၏ ဝိညာဥ်စွမ်းအင်အပေါ် ခံစားနိုင်စွမ်းမှာလည်း ပိုမိုထက်မြက်လာခဲ့သည်။ သူသည် တင်ပျဉ်ခွေထိုင်ကာ နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားတော့သည်။
သူ၏ကိုယ်တွင်းရှိ အရှိန်အဝါများမှာ ပိုမိုမြန်ဆန်စွာ စီးဆင်းလာပြီး ကျင့်ကြံခြင်းအခန်းအတွင်းရှိ ဝိညာဥ်စွမ်းအင်များသည် ရှည်လျားသော ဖဲကြိုးတန်းတစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး အသက်ဓာတ်စွမ်းအင် အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူ ခံစားနေရသည်— အဆင့်တက်ရန် နီးကပ်နေပြီဖြစ်သည်။
ရုတ်တရက် သူ၏ခြေရင်းရှိ ဓါးခေါင်းတလားမှာ အသက်ဝင်လာသကဲ့သို့ ဟိန်းထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။
မျက်လုံးများကို တင်းတင်းမှိတ်ထားသော လီကွမ်ချီသည် မျက်မှောင်ကြုတ်သွားသည်။ သူ၏ အသက်ဓာတ်စွမ်းအင်များသည် သူ၏ထိန်းချုပ်မှုအပြင်ဘက်သို့ ရောက်ရှိကာ ခန္ဓာကိုယ်ထဲမှ စတင်ထွက်ခွာသွားသည်။
အသက်ရှူသံ အနည်းငယ်အတွင်းမှာပင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အဆင့် (၄) သို့ ထိုးဆင်းသွားတော့သည်။ လီကွမ်ချီသည် စိတ်ထဲမှ ထိတ်လန့်မှုကို နှိမ်နင်းလိုက်ပြီး ထိုထူးဆန်းသော စွမ်းအင်ကုန်ဆုံးမှုကို ရပ်တန့်ရန် သူ၏အရှိန်အဝါလှည့်ပတ်မှုကို တတ်နိုင်သမျှ အရှိန်မြှင့်လိုက်သည်။ သို့သော် သူ ဘာပဲလုပ်လုပ် သူ၏ ဒန်ထျန် ဝဲဂယက်ထဲမှ အသက်ဓာတ်စွမ်းအင်များသည် မြစ်ရေကဲ့သို့ အပြင်သို့သာ ဆက်လက်စီးထွက်နေခဲ့သည်။
အဆင့် (၃)! အဆင့် (၂)!
လီကွမ်ချီ၏ မျက်နှာသည် ပြာနှမ်းသွားသည်။ သူ ဘာမှမတတ်နိုင်တော့ချေ။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အဆင့် (၁) သို့ ပြန်လည် ပြိုလဲသွားသည်ကိုသာ မတတ်သာဘဲ ကြည့်နေရတော့သည်။ သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး နဖူးတွင်လည်း ချွေးစေးများဖြင့် ပြည့်နှက်နေသည်။
သူ၏ နို့နှစ်ရောင် မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေ၏။ ဟာလာဟင်းလင်းဖြစ်နေသော ကျင့်ကြံခြင်းအခန်းကို ဝေ့ကြည့်လိုက်ရာ မည်သူမျှမရှိဘဲ တံခါးမှာလည်း တင်းတင်းပိတ်ထားဆဲဖြစ်ကြောင်း သူ အတည်ပြုလိုက်သည်။
သူသည် ယိမ်းထိုးလျက် ဓါးခေါင်းတလားဆီသို့ လျှောက်သွားလိုက်သည်။ တည်တင်းသော မျက်နှာထားဖြင့် သူက တိုးညှင်းစွာ ပြောလိုက်သည်။
"ငါ့ကိုယ်ထဲက အသက်ဓာတ်စွမ်းအင်တွေကို မင်းစုပ်ယူနေတာ ငါခံစားလို့ရတယ်။ အဲဒီထဲမှာ ဝိညာဥ်တစ်ခုခု ရှိနေတယ်ဆိုရင် ငါတို့ စကားပြောနိုင်မယ်လို့ မျှော်လင့်တယ်!"
တိတ်ဆိတ်နေဆဲ။ သူ၏ ကိုယ်ပိုင်အသက်ရှူသံမှလွဲ၍ အခန်းထဲတွင် ဘာအသံမှ မရှိချေ။ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
လီကွမ်ချီသည် မြေပြင်ပေါ်တွင် အသက်မဲ့သည့် ပစ္စည်းတစ်ခုလို လဲလျောင်းနေသော ဓါးခေါင်းတလားကို စိုက်ကြည့်နေမိသည်။ သူသည် ရှေ့သို့တိုးကာ ဓါးခေါင်းတလားကို မလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
ကျင့်ကြံရာမှ အပြန် ကူရန် သည် လီကွမ်ချီကို အဝေးမှ လှမ်းမြင်လိုက်သည်။ သူမ နှုတ်ဆက်ရန် မပြင်ရသေးမီမှာပင် သူသည် ဓါးခေါင်းတလားကို ကိုင်လျက် တောင်နောက်ဘက်သို့ အပြေးအလွှား သွားနေတော့သည်။
သူ၏ ညိုမှိုင်းနေသော မျက်နှာထားကို မြင်သဖြင့် သူမ ဘာမှမပြောရန် ရွေးချယ်လိုက်သည်။ သို့သော် သူ၏ ဇီဝအသက်ဓာတ်မှာ အလွန်အားနည်းနေသည်ကို သူမ ခံစားလိုက်ရသည်။ သူ ကျင့်ကြံပြီးခါစမို့ ဖြစ်လိမ့်မည်ဟု တွေးကာ သူမ ထပ်ပြီး စဥ်းစားမနေတော့ပေ။
လီကွမ်ချီသည် တောင်နောက်ဘက်ရှိ ကမ်းပါးယံတစ်ခုဆီသို့ ပြေးသွားလိုက်သည်။ ကျန် တစ်ထောင် မြင့်သော ကမ်းပါးစွန်းတွင် ရပ်ကာ သူသည် ဓါးခေါင်းတလားကို ကမ်းပါးအပြင်ဘက်သို့ လှမ်းထုတ်လိုက်သည်။ သူသည် အေးစက်သော လေသံဖြင့် နောက်ဆုံးသတိပေးချက်ကို ထုတ်ပြန်လိုက်သည်။
"နောက်ဆုံးအကြိမ်ပဲ မေးမယ်— မင်း စကားပြောမှာလား၊ မပြောဘူးလား?"
ဓါးခေါင်းတလားမှာ ဘာတုံ့ပြန်မှုမှ မရှိသေးပေ။ လီကွမ်ချီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူသည် ခါးကို လွှဲလိုက်ပြီး ဓါးခေါင်းတလားကို ကမ်းပါးအောက်သို့ လွှတ်ချလိုက်လေတော့သည်။
"ငါက မျက်နှာသာပေးပေမဲ့ မင်းက လက်မခံဘူးကိုး!"
သူသည် နောက်သို့ပင် လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။ သူ ဘာတစ်ခုမှ ဆုံးရှုံးသွားသည်ဟု မခံစားရချေ— ယခု သူပိုင်ဆိုင်ထားသမျှ အရာအားလုံးမှာ သူ၏ ကိုယ်ပိုင်လက်နှစ်ဖက်ဖြင့် ရုန်းကန်ရရှိထားခြင်း ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့် ပြန်ကျသွားသည်ဆိုဦးတော့၊ ကြိုးစားအားထုတ်မှုဖြင့် ပြန်လည်ရယူနိုင်ပါသည်။ ဤဓါးခေါင်းတလားကို အချိန်အတော်ကြာ လွယ်ပိုးလာခဲ့သော်လည်း သူ ဘာမှ နားမလည်နိုင်ခဲ့ချေ။
၎င်းသည် သူ့အတွက် ဆူးတစ်ချောင်းလို ဖြစ်နေခဲ့သည်။ လီကွမ်ချီ၏ အတွေးမှာ ရိုးရှင်းသည်— ဤဓါးခေါင်းတလားက မည်မျှပင် အစွမ်းထက်စေကာမူ သူအသုံးမချနိုင်ပါက သူ့အတွက် အမှိုက်ထက် မပိုပေ။
သူ့နှလုံးသား နာကျင်နေသလား? မနာကျင်ပါ။ သူ ဂရုမစိုက်ပါ။ သူ ယခုရရှိထားသမျှမှာ သူ၏ ကိုယ်ပိုင်ကြိုးစားမှုကြောင့်သာ ဖြစ်သည်။ ဓါးခေါင်းတလားက သူ့ကို ဘာမှပေးမထားခဲ့ချေ။
သူ၏ နေအိမ်သို့ ပြန်ရောက်သောအခါ လီကွမ်ချီသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ၏ခြံဝန်းအတွင်း လေထဲတွင် ဝဲပျံနေသည်မှာ အခြားမဟုတ်၊ ထိုဓါးခေါင်းတလားပင် ဖြစ်သည်။ ထိုထူးဆန်းသော မြင်ကွင်းကို သူ အနည်းငယ်မျှပင် အံ့ဩမနေဘဲ ဆဲဆိုလိုက်သည်။
"သွားစမ်းပါ... "
ဓါးခေါင်းတလားမှာ တုန်ခါသွားသည်။ ထို့နောက် အတွင်းမှ မရေမတွက်နိုင်သော ဝိညာဥ်အလင်းတန်းများ ပွင့်ထွက်လာပြီး အနီရောင်ဝတ်စုံဝတ် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး၏ ပုံသဏ္ဌာန်အဖြစ် စုစည်းသွားသည်။ သူမသည် အလွန်အရပ်ရှည်ပြီး လီကွမ်ချီထက် ခေါင်းတစ်လုံးခွဲခန့် ပိုမြင့်သည်။
သူမ၏ နှာတံမှာ စင်းနေပြီး လှပချောမွေ့သော မျက်နှာသွင်ပြင် ရှိသည်၊ အသားအရေမှာလည်း ကျောက်စိမ်းကဲ့သို့ ဖြူဝင်းဝင်းပပ ရှိလှသည်။ သူမ၏ အနီရောင်ဝတ်စုံသည် ခန္ဓာကိုယ်တွင် ကျပ်ကျပ်ထုတ်စီးထားသဖြင့် သူမ၏ ကောက်ကြောင်းအလှကို ပေါ်လွင်စေသည်။
သူမ၏ အကြည့်မှာ ဆီးနှင်းကဲ့သို့ အေးစက်ပြီး မာန်မာနများ ပြည့်နှက်နေသည်မှာ လူသားများကို ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူမ၏ အေးစက်သော အရှိန်အဝါနှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် နတ်သက်ကြွေလာသော နတ်သမီးတစ်ပါးနှင့်ပင် တူနေတော့သည်။
အမြဲတမ်း စိတ်တည်ငြိမ်တတ်သော လီကွမ်ချီပင်လျှင် သူမ၏ လွန်ကဲသော အလှတရားကြောင့် ခဏမျှ မှင်တက်သွားရသည်။ သူမ စကားမပြောမီမှာပင် သူသည် တည်တင်းသော မျက်နှာထားကို ပြင်လိုက်ပြီး -
"မ... မ... မလုပ်နဲ့။ မြူဆွယ်တဲ့ အကွက်တွေက ငါ့အပေါ်မှာ အလုပ်မဖြစ်ဘူး" ဟု ပြောလိုက်သည်။
ထိုအမျိုးသမီးမှာ စကားပင် မပြောရသေးသော်လည်း သူ၏စကားကြောင့် မျက်ခုံးများ တွန့်ချိုးသွားပြီး မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူမသည် ပျံသန်းသွားကာ လေထဲတွင် ဝဲနေသော ဓါးခေါင်းတလားပေါ်တွင် ထိုင်လိုက်သည်။
သူမ၏လက်က ဓါးခေါင်းတလားကို ပွတ်သပ်လိုက်ရာ အဝတ်အစား၏ အနားစမှာ အနည်းငယ် လျောကျသွားပြီး သူမ၏ ပုခုံးတစ်ဝက်ခန့် ပေါ်လာသည်။ ထိုသို့ဖြစ်နေသော်လည်း သူမက ဘာမှမဖြစ်သကဲ့သို့ ပြုမူနေသည်။ သူမ၏ ရှည်လျားသော ဖီးနစ်မျက်လုံးများဖြင့် လီကွမ်ချီကို စိုက်ကြည့်ကာ ဆောင်းရာသီ၏ စမ်းရေတွင်းကဲ့သို့ အေးစက်သော လေသံဖြင့် ပြောလိုက်သည် -
"မင်းမှာ ငါ့ကို ပိုင်ဆိုင်ခွင့် မရှိဘူး"
သူမ၏ အထင်အမြင်သေးသော စကားများသည် လီကွမ်ချီ၏ ရင်ဘတ်ကို ဓားနှင့် ထိုးလိုက်သကဲ့သို့ပင်။
'ပိုင်ဆိုင်ခွင့် မရှိဘူး' တဲ့။
သူငယ်စဥ်က အဝတ်အစားသစ်၊ ဖိနပ်သစ်များ တစ်ခါမျှ မရရှိခဲ့ဖူးချေ။
"မင်းမှာ အဝတ်အစားသစ်တွေ ဝတ်ခွင့်မရှိဘူး" ဟု သူ၏ဦးလေးဖြစ်သူ လီတာရှန်း က သူ့ကို အမြဲပြောလေ့ရှိသည်။
လီကွမ်ချီသည် ထိုမိန်းကလေးထံသို့ အရှိန်ဖြင့် လျှောက်သွားလိုက်သည်။ တစ်လှမ်း။ နှစ်လှမ်း။ သုံးလှမ်း။ အလင်းဖြင့် ဖွဲ့စည်းထားသော မိန်းကလေး၏ ရှေ့သို့ ရောက်သောအခါ သူသည် ရပ်လိုက်ပြီး သူမကို မော့ကြည့်လိုက်သည်။ သူမက သူ့ကို မာန်ကြီးစွာဖြင့် ငုံ့ကြည့်နေသည်။
လီကွမ်ချီသည် ဓါးခေါင်းတလားကို လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်သည်။
ဘုန်း...!
သူသည် အင်အားကို အလွန်အကျွံ သုံးလိုက်သဖြင့် လေထဲတွင် ဝဲနေသော ဓါးခေါင်းတလားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ဘုန်း...!
သူသည် ဓါးခေါင်းတလား၏ ဘေးဘက်သို့ နင်းတက်လိုက်ပြီး သူ၏ ဖြူဖျော့သော မျက်လုံးများနှင့် သူမ၏ မျက်လုံးများ လက်မအနည်းငယ်မျှသာ ကွာဝေးသည်အထိ တိုးကပ်လိုက်သည်။ သူသည် သူမကို တည်ငြိမ်စွာ စိုက်ကြည့်ပြီးနောက် သူမကဲ့သို့ပင် အေးစက်စွာ မေးလိုက်သည်။
"မင်းက ငါ့ရဲ့ အသက်ဓာတ်စွမ်းအင်တွေကို ခိုးယူပြီးမှ ကိုယ်ထင်ပြနိုင်တဲ့ ဓါးဝိညာဥ် သက်သက်ပဲ။ ဘာက မင်းကို ဒီလောက် မာန်တက်ခွင့် ပေးထားတာလဲ? မင်းရဲ့ မာန်မာနနောက်ကွယ်မှာ ဘယ်လိုအင်အား ရှိနေလို့လဲ?"
ထိုမိန်းကလေးမှာ လီကွမ်ချီ၏ ရဲတင်းမှုကြောင့် အံ့အားသင့်သွားပြီး တုံ့ပြန်ရန်ပင် မေ့လျော့နေခဲ့သည်။ သူမ သတိပြန်ဝင်လာချိန်တွင် သူက အလွန်နီးကပ်နေသဖြင့် သူ၏ ပူနွေးသော အသက်ရှူသံကိုပင် သူမ ခံစားနေရသည်။
သူမသည် နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီးနောက် ပြင်းထန်သော အင်အားတစ်ခုဖြင့် လီကွမ်ချီကို အနည်းငယ်ခန့် နောက်သို့ လွင့်ထွက်သွားစေသည်။
သူမ၏ မျက်လုံးများထဲတွင် ဒေါသများ လက်ခနဲ ဖြစ်သွားပြီး အေးစက်စွာ ပြောလိုက်သည် -
"ငါ ဒီလိုပြုမူနိုင်တာက ငါဟာ..."
သို့သော် ထိုမိန်းကလေးမှာ စကားကို အဆုံးမသတ်ဘဲ ပြန်လည် မျိုသိပ်လိုက်သည်။ ထို့နောက် သူမသည် ရုတ်တရက် ရယ်မောလိုက်ပြီး သူမ၏ အဝတ်အစားများကို ညင်သာစွာ ပြင်ဆင်လိုက်သည်။ သူမက မိမိကိုယ်ကိုယ် ပြစ်တင်သလို လေသံဖြင့် ပြောလိုက်သည် -
"ငါ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့တာ... ဒီနေ့တော့ ကလေးတစ်ယောက်ရဲ့ စကားကြောင့် ဒေါသထွက်နေမိပါလား"
သူမသည် ဖြည်းည်းစွာ ထရပ်လိုက်သည်။ လီကွမ်ချီကို အထက်စီးမှ တစ်ချက်ကြည့်လိုက်ပြီးနောက် သူမက ကြီးမားသော ကျေးဇူးကို ပေးသနားသကဲ့သို့ ပြောလိုက်သည်။
"ဒီနေ့ကစပြီး မင်းကျင့်ကြံလို့ ရလာတဲ့ အသက်ဓာတ်စွမ်းအားရဲ့ ထက်ဝက်ကို ငါလိုချင်တယ်။ အဲဒါအတွက် အပြန်အလှန်အနေနဲ့ မင်း အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်တဲ့အခါ ဒီထဲက ဓါးတစ်လက်ကို မင်းကို သုံးခွင့်ပေးမယ်"
လီကွမ်ချီက အေးစက်စွာ ရယ်မောလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
"သွားတော့။ မင်းရဲ့ ဓါးကို ငါ စိတ်မဝင်စားဘူး"
စိတ်ထဲတွင်မူ သူက 'ဘာတွေလဲဟ? မင်းက ငါ့ရဲ့ အသက်ဓာတ်စွမ်းအင်တွေကို ခိုးဖို့ ကြိုးစားနေတဲ့ ဓါးဝိညာဥ်ပဲလေ! မင်းရဲ့ လိမ်ညာမှုတွေကို ငါ အကုန်မြင်နေရတယ်' ဟု တွေးနေခဲ့သည်။
သူ၏ သဘောထားကြောင့် ထိုမိန်းကလေးမှာ ဒေါသပေါက်ကွဲသွားတော့သည်။ သူမ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အအါများ လက်သွားပြီး ဓါးခေါင်းတလားမှာ တုန်ခါလာကာ ဖြည်းဖြည်းချင်း ပွင့်လာသည်။
ရုတ်တရက် ဓါးတစ်လက် ပေါ်လာပြီး သူမ၏ လှပသော လည်ပင်းပေါ်တွင် အေးစက်စွာ တင်ထားလိုက်သည်။ မိန်းကလေးမှာ တောင့်တင်းသွားပြီး သူမ၏ မျက်လုံးများထဲတွင် နောက်တစ်ကြိမ် ဒေါသများ ပြည့်နှက်လာပြန်သည်။
"ဒီအဘိုးကြီး! ရှင် ကျွန်မကို ခြိမ်းခြောက်တာ ဒါနဲ့ဆို ဒုတိယအကြိမ် ရှိပြီနော်!"
ခန့်ညားထည်ဝါသော အသံတစ်ခု သူမ၏ ဦးခေါင်းထဲတွင် ပဲ့တင်ထပ်လာသည်။
— နင်လို မိန်းမယုတ်! ငါက သတ်ဖြတ်လိုတဲ့ စိတ်အာရုံကို သုံးကြိမ်အထိပဲ သည်းခံမယ်။ တတိယအကြိမ်မြောက်ဆိုရင်တော့ နင် သေရလိမ့်မယ်။ ငါ့မြေးက အတင်းအကျပ် လုပ်တာကို ကြိုက်တဲ့လူ မဟုတ်ဘူး။ အကယ်၍ နင် သူနဲ့ အတူယှဥ်တွဲ နေထိုင်ချင်တယ်ဆိုရင်တော့ ဒီထက် နူးညံ့တဲ့ နည်းလမ်းကို သုံးဖို့ ငါ အကြံပေးချင်တယ်
သူမ၏ မျက်နှာအမူအရာမှာ မယုံကြည်နိုင်မှု၊ အံ့အားသင့်မှုတို့မှသည် မတတ်သာဘဲ လက်ခံလိုက်ရမှုသို့ ပြောင်းလဲသွားသည်။
"ကောင်းပြီလေ! သူစုပ်ယူခံလိုက်ရတာတွေကို ငါ ပြန်ပေးလိုက်ပါ့မယ်"
ဓါးမှာ ပျောက်ကွယ်သွားသည်။ သူမသည် ဓါးခေါင်းတလားပေါ်တွင် ကျန်ရစ်ခဲ့ပြီး အသက်ကို ပြင်းပြင်းရှူနေရသည်။ ထို့နောက် အသက်ကို ဝအောင် ရှူလိုက်ပြီး ဓါးခေါင်းတလားပေါ်မှ ခုန်ဆင်းကာ လီကွမ်ချီ၏ အခန်းဆီသို့ အရှိန်ဖြင့် လျှောက်သွားလေတော့သည်။