အခန်း (၁၈) - ယွီဆွေ့အန်း၏ ကြေကွဲဖွယ်အတိတ်
ညမှောင်ရီပျိုးချိန်တွင် လီကွမ်ချီ၏ နောက်ဖေးခြံထဲ၌ လူတစ်ကိုယ်စာခန့် အထူရှိသော သစ်တိုင်အသစ်တစ်တိုင် စိုက်ထူထားပြီးလေပြီ။ လီကွမ်ချီသည် သူ၏သစ်တိုင်အသစ်စက်စက်ကို ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူသည် အနေအထားပြင်ကာ ကျောက်သေတ္တာကို ကျောပိုးလျက်ပင် လက်သီးထိုးလေ့ကျင့်ခန်းကို စတင်တော့သည်။
လေ့ကျင့်ခန်းတစ်လျှောက် ဆက်တိုက်ထွက်ပေါ်နေသော လက်သီးချက်များ၏ “ဒုန်း... ဒုန်း” မြည်သံက အနီးအနားတွင် ကစားနေသော မိန်းကလေးငယ်တစ်ဦးကို ဆွဲဆောင်သွားသည်။ သူမသည် အိမ်ခေါင်မိုးပေါ်တွင် မှောက်လျက်အိပ်ကာ လီကွမ်းချီတစ်ယောက် သစ်တိုင်ကို ရူးသွပ်သလို ထိုးနှက်နေသည်ကို ကြည့်နေမိသည်။
သူ လက်သီးတစ်ချက် ထိုးလိုက်တိုင်း သစ်စ၊ သစ်နလေးများစွာ လေထဲသို့ လွင့်စင်သွားတတ်သည်။ သူသည် သစ်တိုင်ကို ပတ်ချာလည်လျက် ရှောင်တိမ်းလိုက်၊ လှုပ်ရှားလိုက်နှင့် အဆက်မပြတ် ရှိနေသည်။
ယွီဆွေ့အန်း၏ မျက်လုံးများမှာ မယုံနိုင်ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။
“သူက သစ်တိုင်ကို စိတ်ကူးထဲက ရန်သူလို သဘောထားပြီး လေ့ကျင့်နေတာပဲ! ဒီမျက်မမြင်ကောင်လေးက တော်တော်လေး မိုက်တာပဲ။ ဒါပေမဲ့ သူ့ကျောပေါ်ကဟာက ဘာကြီးလဲမသိဘူး...”
လေ့ကျင့်ခန်းပြီးသွားသောအခါ ချွေးရွှဲနေသော လီကွမ်ချီသည် အနားယူပြီး ရေချိုးရန် ပြင်ဆင်လိုက်သည်။ သူသည် ဂိုဏ်းအတွင်း ပထမဆုံးတက်ရမည့် သင်ခန်းစာကို မျှော်လင့်နေမိသည်။ လီနန်ထင်၏ တပည့်ဖြစ်လာရသည်မှာ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုဟု သူခံစားရသည်။
အနည်းဆုံးတော့ လီနန်ထင်သည် သူ့ကို ကြည့်သည့်အခါ ဖြူစင်သော အကြည့်ဖြင့်သာ ကြည့်သည်။ ထိုအဖိုးအိုထံမှ မကောင်းသော စိတ်ထားမျိုးကို လီကွမ်ချီ အာရုံမရမိပေ။ သူသည် ဓားသေတ္တာကို ချထားပြီးနောက် ရေကန်ထဲသို့ ကိုယ်ကိုနှစ်ကာ ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် ခေါင်မိုးပေါ်က မိန်းကလေးငယ်သည် သူ၏ခြံထဲသို့ ခိုးကြောင်ခိုးဝှက် ဆင်းလာသည်။ ထို့နောက် သူမသည် သူ၏အခန်းထဲသို့ တိတ်တဆိတ် ချဉ်းကပ်သွားလေသည်။ လီကွမ်ချီ၏ နားရွက်များ လှုပ်ခတ်သွားသည်။ သူက ဘာမှမသိသလိုပင် ပြုံးလိုက်ပြီး သူမကို လျစ်လျူရှုထားလိုက်သည်။ ရုတ်တရက် အော်သံတစ်ခု ထွက်ပေါ်လာသည်။
“အား!”
ဂျုန်း!
“ကယ်ကြပါဦး!”
လီကွမ်ချီသည် ခါးတွင် အဝတ်ကို ကပျာကယာ ပတ်လိုက်ပြီး တံခါးအပြင်သို့ ပြေးထွက်လာခဲ့သည်။ ဓားသေတ္တာအောက်တွင် ပိနေသော ခန္ဓာကိုယ်လေးမှာ လက်ကလေးများ ယမ်းကာ ရုန်းကန်နေရရှာသည်။ လီကွမ်ချီက လက်တစ်ဖက်ဖြင့် ဓားသေတ္တာကို အမြန်မလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ထိုမိန်းကလေးကို ဆွဲယူလိုက်သည်။
ကောင်မလေး၏ မျက်နှာမှာ ဖုန်များဖြင့် ပေပွနေသော်လည်း ပါးစပ်ထဲတွင် ပေါက်စီ တစ်လုံး ငုံထားဆဲဖြစ်ပြီး လက်ထဲတွင်လည်း နောက်ထပ်တစ်လုံးကို မြဲမြဲဆုပ်ကိုင်ထားသေးသည်။ အရုပ်မလေးနှင့်တူသော သူမ၏မျက်နှာလေးမှာ တွန့်ချိုးသွားကာ—
“ရှူးရှူး... နာတယ်! ဒါ နင့်ကြောင့်ဖြစ်တာ!”
သူမ၏ အဓိပ္ပာယ်မရှိသော စွပ်စွဲချက်ကြောင့် လီကွမ်းချီ ရယ်မိသွားသည်။ သူတစ်ပါးအခန်းထဲကို ခိုးဝင်တယ်၊ ခွင့်ပြုချက်မရှိဘဲ ဓားသေတ္တာကို ကိုင်တယ်၊ ကိုယ့်ဘာသာကိုယ် ပိတာကို ငါက အပြစ်ရှိတဲ့သူ ဖြစ်သွားရရောလား? လီကွမ်းချီ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း သူမ၏မျက်နှာလေး နီရဲလာသည်ကို မြင်လိုက်ရသဖြင့် အမြန်ထိုင်ချကာ စစ်ဆေးကြည့်လိုက်သည်။
“ရင်ဘတ်က နာလို့လား?”
ယွီဆွေ့အန်း၏ မျက်လုံးများမှာ နီရဲနေသည်။ မျက်ရည်များ ဝဲတက်လာကာ ခေါင်းငြိမ့်ပြရှာသည်။ သူက သူမကို အမြန်ချော့မြှောက်ပစ်လိုက်ပြီး—
“မစိုးရိမ်နဲ့နော်၊ ဒီမှာ ခဏစောင့်။ ကိုယ် အဝတ်အစားလဲပြီးတာနဲ့ တစ်ယောက်ယောက်ဆီ ခေါ်သွားပေးမယ်”
သူသည် အခန်းထဲသို့ အပြေးဝင်ကာ အဝတ်အစားကို အမြန်လဲပြီးနောက် သူမကို ပွေ့ချီလျက် အပြင်သို့ ပြေးထွက်လာခဲ့သည်။
သူ၏ ဆရာကို သွားရှာရန် တောင်ပေါ်သို့ တက်ရန် စီစဉ်လိုက်သည်။ ဓားသေတ္တာအောက် ပိသွားစဉ် သူမ၏ နံရိုးတစ်ချောင်းချောင်း ကျိုးသွားမှာကို လီကွမ်ချီ စိုးရိမ်နေမိသည်။ သူမ ကြောက်နေမည်ကို စိုး၍ တောင်ပေါ်သို့တက်စဉ် သူ၏ လေသံကို လျှော့ကာ ချော့မော့မေးမြန်းလိုက်သည်။
“မင်းနာမည် ဘယ်သူလဲ? မင်းကို နှစ်ခါတောင် တွေ့ဖူးပြီ၊ ဒါပေမဲ့ နာမည်ကို အခုထိ မသိသေးဘူး”
မိန်းကလေးငယ်မှာ နည်းနည်း စိတ်သက်သာရာရသွားပုံရပြီး သူမကိုယ်သူမ တည်ငြိမ်စေရန် လက်ထဲက ပေါက်စီကို တစ်လုတ် အမြန်ကိုက်စားလိုက်သည်။ ထို့နောက် ဆည်းလည်းသံလေးကဲ့သို့ သာယာသော အသံလေးဖြင့် ပြန်ဖြေသည်။
“ယွီဆွေ့အန်း။ ခြောက်နှစ်ရှိပြီ”
လီကွမ်းချီ ခဏမျှ ကြောင်သွားသည်။ ဤမျှ လှပသော နာမည်မျိုး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ နောက်ဆုံးတွင် သူသည် အိပ်မပျော်သေးသော လီနန်ထင်ကို တွေ့ရှိသွားသည်။ သူတို့နှစ်ယောက် ထိုမိန်းကလေးကို အတော်ကြာ ချော့မြှောက်လိုက်ရပြီးမှသာ သူမသည် လီနန်ထင်၏ ရင်ခွင်ထဲတွင် အိပ်ပျော်သွားတော့သည်။
ထိုမိန်းကလေးကို ကြည့်ရင်း လီကွမ်ချီက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“သူက ဘယ်သူ့ကလေးလဲဟင်? ကျွန်တော် သူ့ကို နှစ်ခါတောင် မြင်ဖူးတယ်”
လီနန်ထင်က သူမကို သိပ်လိုက်ပြီး စောင်ခြုံပေးကာ ခပ်ဖွဖွလေး ပုတ်ပေးနေသည်။
“ပေါက်စီလေးက ဘယ်သူ့ကလေးမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သုံးနှစ်က ငါတောင်အောက်ဆင်းတုန်းက သူ့ကို ခေါ်လာခဲ့တာ”
“ဆရာ ခေါ်လာခဲ့တာလား?”
“ဟုတ်တယ်။ လွန်ခဲ့တဲ့ သုံးနှစ်က ‘မဟာရှဓားဂိုဏ်း’ ရဲ့ လက်အောက်ခံ နယ်မြေဖြစ်တဲ့ မြောက်ဘက်ဒေသမှာ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်ခဲ့တယ်။ နှစ်နှစ်တိတိ မိုးခေါင်ပြီး လယ်သမားတွေမှာ ဆန်တစ်စေ့တောင် မထွက်နိုင်ခဲ့ဘူး။
ငါ အဲဒီကို မိုးရွာအောင် ဂါထာမန္တန် ရွတ်ဖတ်ပေးဖို့ သွားခဲ့တာ။ အဲဒီမှာ မိန်းကလေးငယ်လေးတစ်ယောက် ထိုင်နေတာကို မြင်ခဲ့တယ်။ သူ့ဘေးမှာတော့ ငတ်ပြတ်ပြီး သေဆုံးနေတဲ့ အမျိုးသမီးတစ်ယောက် ရှိနေတယ်”
“ငါ သူ့ကို ခေါ်လာပြီး လမ်းမှာ အငွေ့တထောင်းထောင်းထနေတဲ့ အသားပေါက်စီတစ်လုံး ဝယ်ပေးခဲ့တယ်။ အဲဒီတုန်းက သူ ငါ့ကိုကြည့်တဲ့ မျက်လုံးတွေထဲမှာ အရောင်တွေ တလက်လက်တောက်ပနေတာ အခုထိ မှတ်မိသေးတယ်။ အဲဒါက သူစားဖူးသမျှထဲမှာ အကောင်းဆုံးပဲလို့ သူ ပြောခဲ့တယ်လေ”
လီကွမ်ချီသည် တိတ်ဆိတ်စွာ နားထောင်နေမိသည်။ သူ၏ ငယ်ဘဝကို မတွေးဘဲ မနေနိုင်တော့ပေ။ သူမလည်း လွယ်လွယ်ကူကူ ဖြတ်သန်းခဲ့ရတာ မဟုတ်ပါလား။ ဒါကြောင့်လည်း သူမလက်ထဲမှာ ပေါက်စီက အမြဲရှိနေတာကိုး...
လီနန်ထင်က လီကွမ်ချီကို ကြည့်ကာ သိမ်မွေ့စွာ ပြောလိုက်သည်။
“မင်းရဲ့ ခံစားချက်တွေက သူ့ဇာတ်လမ်းနဲ့ ထပ်တူကျနေသလို ငါ ဘာလို့ ခံစားနေရတာလဲ?”
လီကွမ်ချီက ခါးသီးစွာ ပြုံးလိုက်ပြီး ညကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
“ဟုတ်ကဲ့... ကျွန်တော့်အစ်မ ဆုံးတုန်းက ရတဲ့ လျော်ကြေးငွေ ကြေးပြားဆယ်စိပ်နဲ့ သူ့ကို မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ လောင်းကစားစွဲနေတဲ့ ကျွန်တော့်ဦးလေးကို ကိုယ်တိုင် သတ်ခဲ့တယ်။ သူကြောင့်ပဲ ကျွန်တော့်အမေ ရောဂါသည်းပြီး ဆုံးခဲ့ရတာ။
အဲဒီနေ့က နှင်းမုန်တိုင်းတွေ အရမ်းထန်နေခဲ့တယ်။ အစ်မရဲ့ အရိုးပြာအိုးကို ရင်ခွင်ထဲပိုက်ပြီး လမ်းဘေးက မြေကြီးပေါ်ကျနေတဲ့ မုန့်လုံး နှစ်လုံးကို ကောက်စားခဲ့ရတယ်။ အဲဒီမုန့်တွေက အေးစက်မာကြောနေပေမဲ့ ကျွန်တော့်အတွက်တော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး အစားအစာပဲ။
အဲဒီနေ့က ကျွန်တော် မီးသင်္ဂြိုဟ်စက်ရုံကို နှစ်ခေါက်တောင် သွားခဲ့ရတဲ့နေ့ပဲဗျ”
သူ၏ အသံမှာ အေးဆေးနေပြီး ဘာခံစားချက်မှ မပါသကဲ့သို့ပင်။ လီနန်ထင်က သူ့ကို စိတ်မကောင်းစွာ ကြည့်လိုက်သည်။ သူသည် လီကွမ်းချီ၏ ပုခုံးကို လက်ဖြင့်ပုတ်ကာ—
“အရာအားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ဒီနေ့ကစပြီး ငါနဲ့ မင်းရဲ့ အစ်ကို အစ်မတွေကို မင်းရဲ့ မိသားစုလို့ သဘောထားလိုက်ပါ။ ‘ကောင်းကင်ဘုံလျှပ်စီးတောင်ထိပ်’ ကိုလည်း မင်းရဲ့ အိမ်လို့ပဲ မှတ်ယူလိုက်တော့”
ထိုသို့ဖြင့် အဖိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့သည် ခြံထဲတွင် အတူတကွ ထိုင်နေကြသည့် မြင်ကွင်းမှာ နွေးထွေးကြည်နူးဖွယ် ကောင်းလှပေသည်။
နောက်တစ်နေ့ မနက်တွင် လီကွမ်ချီသည် သူနှင့် မရင်းနှီးသော ကုတင်တစ်ခုပေါ်တွင် နိုးလာပြီး လီနန်ထင်၏ ပုခုံးကို မှီကာ အိပ်ပျော်သွားခဲ့ကြောင်း သတိပြုမိလိုက်သည်။ သူ တစ်ညလုံး လီနန်ထင်၏ အခန်းထဲတွင် အိပ်ခဲ့ခြင်း ဖြစ်သည်။ အရုဏ်တက်ရန် လေးနာရီခန့် လိုသေးသည်။ လီနန်ထင်မှာ ဖျာထိုင်ခုံပေါ်တွင် ထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံနေလေသည်။
လီကွမ်ချီသည် အခန်းကို သပ်ရပ်အောင် သိမ်းဆည်းပြီးနောက် အပြင်သို့ထွက်ကာ နောက်ဖေးခြံထဲ၌ လက်သီးထိုးလေ့ကျင့်ခန်း လုပ်ဆောင်လေသည်။ သူ၏ လက်သီးချက်နှင့် ခြေကန်ချက်တိုင်းမှာ ပြင်းထန်ပြီး အာရုံစူးစိုက်မှု အပြည့်ရှိလှသဖြင့် လှုပ်ရှားမှုတိုင်းတွင် လေတိုးသံများမှာ စူးရှစွာ ထွက်ပေါ်နေသည်။ သူ မသိလိုက်သည်မှာ လီနန်ထင်က တံခါးဝမှ ကြည့်ကာ သဘောကျစွာ ခေါင်းငြိမ့်နေခြင်းပင်။
လီကွမ်ချီသည် ဤလေ့ကျင့်ခန်းကို ရှစ်နှစ်တိုင်တိုင် လေ့ကျင့်ခဲ့ခြင်းကြောင့် အသေးစိတ် လှုပ်ရှားမှုတိုင်းကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည်။ သစ်တိုင်များပေါ်တွင် အဆက်မပြတ် လက်သီးထိုးခြင်းနှင့် ခြေလှမ်းကျင့်စဉ်များကြောင့် သူ၏ ကြွက်သားအားလုံးကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူ လေ့ကျင့်ခန်းပြီးသွားသောအခါ လီနန်ထင်က သူ၏နောက်တွင် ရှိနေသည်ကို သတိပြုမိသွားသည်။ လီနန်ထင်က သူ့ကို လက်မထောင်ကာ ချီးကျူးလိုက်သည်။ ထို့နောက် လီနန်ထင် ကိုယ်တိုင် ထိုကျင့်စဉ်ကိုပင် ပြသလေသည်။ သူ၏ လှုပ်ရှားမှုများမှာ လွင့်မျောနေသော တိမ်တိုက်များ၊ စီးဆင်းနေသော ရေလှိုင်းများကဲ့သို့ ချောမွေ့လှသည်။ သူသည် မိမိ၏ ခွန်အားကို အပြည့်အဝ ထိန်းချုပ်ထားနိုင်လေသည်။
ထိုသို့ ပြသမှုကို ကြည့်ကာ လီကွမ်းချီမှာ သိမြင်မှုများစွာ ရရှိသွားသည်။ လီကွမ်းချီ တစ်ယောက် စဉ်းစားခန်း ဝင်နေသည်ကို မြင်သောအခါ လီနန်ထင်က ပြုံးလိုက်ပြီး—
“ကဲ တော်ပြီ။ အေးအေးဆေးဆေး စဉ်းစားကြည့်ဦး၊ အချိန်တန်ရင် အဓိက သဘောတရားတွေကို နားလည်လာလိမ့်မယ်။ အခု ‘ကောင်းကင်ဘုံရေတောင်ထိပ်’ ကို အမြန်မသွားရင် နောက်ကျလိမ့်မယ်။ လန်ဟယ် က နောက်ကျတဲ့သူတွေကို အရမ်းမုန်းတာ”
လီကွမ်ချီ မျက်တောင်ခတ်လိုက်မိသည်။
ထိုမှသာ ကောင်းကင်ယံမှာ လင်းထိန်နေပြီဖြစ်ကြောင်း သတိပြုမိတော့သည်။ သူသည် ကပျာကယာ သန့်ရှင်းရေးလုပ်ကာ နှုတ်ဆက်လိုက်သည်။
“ဆရာ၊ ကျွန်တော် သွားတော့မယ်နော်”
လီနန်ထင်က တဟားဟား ရယ်မောလိုက်ပြီး—
“ကောင်းပြီ၊ ကောင်းပြီ။ မြန်မြန်သွားတော့”