အခန်း (၁) - မျက်မမြင်လူငယ်လေး လီကွမ်ချီ
မြူပြာတိမ်တိုက်တိုက်ကြီး၏ မြောက်ပိုင်းနှင်းခဲမြို့တော်။ ကျောက်အိမ်တော်၏ နောက်ဖေးတံခါးဝရှိ ကျောက်ခြင်္သေ့ရုပ်ကြီးဘေးတွင် အသက်ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက် ခွေခွေလေး ကပ်ထိုင်နေသည်။
နှင်းများတဖြူးဖြူးကျကာ ခိုက်ခိုက်တုန်အောင် အေးစိမ့်နေသော်လည်း ထိုသူငယ်လေးမှာမူ နွမ်းပါးစုတ်ပြတ်ပြီး ခန္ဓာကိုယ်နှင့်မမျှသော အင်္ကျီပါးလေးကိုသာ ဝတ်ဆင်ထားရရှာသည်။
သူ၏ ထူးခြားချက်မှာ မျက်လုံးအစုံကို အဝတ်နက်စတစ်ခုဖြင့် စည်းနှောင်ထားခြင်းပင်။ အဝတ်စလွတ်နေသော နေရာများတွင် ထင်ရှားသော မျက်ခုံးအစုံ၊ စင်းလုံးချောသော နှာတံနှင့် ပါးလွှာသော နှုတ်ခမ်းအစုံတို့ကို မြင်တွေ့နိုင်သည်။ အာဟာရချို့တဲ့မှုကြောင့် ပါးအိုးများမှာ ချိုင့်ဝင်နေပြီး မေးရိုးများမှာလည်း အစီအရီ ပေါ်လွင်နေသည်။
ကျွီ...
အိမ်တော်နောက်ဖေးတံခါး ပွင့်လာပြီးနောက် မကြာမီမှာပင် မြေကြီးပေါ်သို့ တစ်စုံတစ်ခု ကျလာသည့် ထုံထိုင်းထိုင်းအသံတစ်သံ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်က တောင့်တင်းနေသော အလောင်းတစ်ခုကို တံခါးပြင်သို့ လွှင့်ပစ်လိုက်ခြင်းပင်။
ပိန်လှီသော ထိုခန္ဓာကိုယ်လေးမှာ နှင်းထုထဲသို့ ကျသွားပြီး ချိုင့်ခွက်ငယ်လေးတစ်ခု ဖြစ်သွားသည်။ အနွေးထည်အထူကြီး ဝတ်ဆင်ထားသော ကျောက်ချင်းမှာ ခေတ္တတုံ့ဆိုင်းသွားသည်။
သူ၏မျက်ဝန်းထဲတွင် နှမြောတသဖြစ်နေသော အရိပ်အယောင်တို့ ဖြတ်ပြေးသွား၏။ သူသည် ကြေးပြားလေးကုံးကို မြေကြီးပေါ်သို့ ပစ်ချပေးလိုက်ပြီး ကျန်ရှိသော ကြေးပြားများကိုမူ မိမိအင်္ကျီလက်ထဲသို့ ထိုးထည့်လိုက်သည်။
ထိုသူငယ်လေးသည် အလောတကြီး ထရပ်ကာ အင်္ကျီပေါ်ကနှင်းများကို ခါချလိုက်ပြီးနောက် အတင်းအကျပ်ပြုံးလိုက်ရင်း -
"အစ်ကိုချင်း... ခုနက တစ်ခုခု အပြင်ကို ပစ်ထုတ်လိုက်တာလားဟင်"
သူငယ်လေးသည် ပြောပြောဆိုဆိုဖြင့် ဆောင့်ကြောင့်ထိုင်ချကာ ခြေရင်းနားက မြေကြီးကို လက်ဖြင့် လိုက်စမ်းကြည့်သည်။
သို့သော် အေးစက်တောင့်တင်းနေသော အလောင်းတစ်ခုကို စမ်းမိလိုက်သည့် ခဏမှာပင် သူ၏အပြုံးများ ရုတ်ခြည်း ပျောက်ကွယ်သွားတော့သည်။
လီကွမ်ချီ၏ လက်များ တုံ့ခနဲ ဖြစ်သွားသည်။ သူသည် ရှိုက်ကြီးတငင်ဖြင့် တုန်တုန်ရင်ရင် ဖြစ်လာ၏။ ခေတ္တမျှကြာပြီးနောက် သူသည် မြေကြီးပေါ်တွင် ဒူးထောက်လိုက်ပြီး တုန်ရီနေသော လက်အစုံဖြင့် အလောင်း၏မျက်နှာကို ထိတွေ့လိုက်သည်။
မိန်းကလေးငယ်လေးတစ်ယောက်။
သူမ၏ မေးစေ့နားက အမာရွတ်အရှည်ကြီးကို စမ်းမိလိုက်သည့်အခါ သူ၏လက်ကို လျှပ်စစ်ဓာတ်လိုက်သလိုမျိုး အမြန်ပြန်ရုတ်လိုက်မိသည်။ ထိုအမာရွတ်မှာ လွန်ခဲ့သော နှစ်နှစ်က သူ၏ဦးလေးဖြစ်သူ လောင်းကစားရှုံးပြီး မူးလာသည့်အချိန်တွင် သူ့အစ်မကို ရိုက်နှက်ရာမှ ရခဲ့သော ဒဏ်ရာပင်ဖြစ်သည်။
"အစ်မ..."
သူငယ်လေး၏နှုတ်ဖျားမှ ကြေကွဲဖွယ်ရာ ညည်းညူသံလေး ထွက်ပေါ်လာသည်။ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။ ထူထပ်သော နှင်းများကြားတွင် သူသည် မိမိကိုယ်ပေါ်ရှိ တစ်ခုတည်းသော စုတ်ပြတ်နေသော အင်္ကျီကို ချွတ်လိုက်ပြီး အစ်မဖြစ်သူ၏ ရုပ်အလောင်းကို ပတ်ပေးလိုက်သည်။
သူ၏ ခန္ဓာကိုယ်မှာ ပိန်လွန်းသဖြင့် ပွဲချင်းပြီးတုတ်ချောင်းလေးနှင့်ပင် တူနေပြီး ဒဏ်ရာအနာတရများဖြင့် ပြည့်နှက်နေသည်။ ကျောပြင်ပေါ်က အညိုအမဲကွက်များမှာလည်း မပျောက်သေးပေ။
နှင်းကိုက်နာများဖြင့် ပြည့်နေသော သူ၏လက်ကလေးဖြင့် အစ်မဖြစ်သူ၏ ဆံပင်များကို အသာအယာ သပ်ပေးလိုက်သည်။ သူသည် ခေါင်းငိုက်စိုက်ချကာ အက်ရှရှအသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
"သေသွားတာကမှ ကောင်းဦးမယ်... အသက်ရှင်နေရတာက... ဒုက္ခရောက်ဖို့သက်သက်ပဲ"
အရိုးထဲထိ စိမ့်ဝင်နေသော အအေးဒဏ်ကို ဂရုမစိုက်ဘဲ သူသည် မြေကြီးပေါ်က ကြေးပြားလေးကုံးကို လိုက်ရှာတော့သည်။ သူ၏ နှလုံးသားတစ်ခုလုံး ကြေကွဲမှုများဖြင့် ပြည့်နှက်နေ၏။ အစ်မဖြစ်သူမှာ သေဆုံးသွားသည့်တိုင်အောင် ထိုက်တန်သော လေးစားမှုမျိုး မရရှိနိုင်တော့ဘူးလား။ တစ်စုံတစ်ယောက်၏ အသက်သွေးချွေးနှင့် လဲလှယ်ထားသော ဤငွေကြေးကို လက်ခံရယူရခြင်းမှာ အလွန်ပင် ခက်ခဲလှသည်။
အေးစက်သော လေအဝှေ့တွင် ကျောက်ချင်းသည် သူ၏အင်္ကျီလက်ဝကို အမြန်ပင် စုစည်းလိုက်သည်။ လူငယ်လေးကို ကြည့်ရင်း သူက မနေနိုင်ဘဲ ပြောလိုက်မိသည်။
"မင်းအစ်မက... ကံမကောင်းတာပါ။ ဒီပိုက်ဆံကို ယူပြီး သွားတော့"
လူငယ်လေးသည် မျက်လုံးကို စည်းထားသော အဝတ်စကို ဖြည်လိုက်ရာ ဖြူဖျော့ဖျော့ မျက်လုံးအစုံ ပေါ်ထွက်လာသည်။ ကျောက်ချင်း၏ အသံလာရာဘက်သို့ မော့ကြည့်လိုက်ပြီး ညာဘက်လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
"အစေခံတစ်ယောက် မတရားသေဆုံးရင် အိမ်ရှင်က ကြေးပြားဆယ်ကုံး ပေးရမယ်လေ! ဒီပိုက်ဆံက... အစ်မအတွက် ခင်ဗျားတို့ ပေးရမယ့် နောက်ဆုံး ဂုဏ်သိက္ခာပဲ။ ခင်ဗျား ဖြတ်ယူလို့ မရဘူး!"
ကျောက်ချင်းက လက်ပိုက်လိုက်သည်။ ပိုက်ဆံအကြောင်း ကြားလိုက်ရသည့်ခဏ သူ၏မျက်နှာပေါ်က သနားကရုဏာရိပ်များ ချက်ချင်း ကွယ်ပျောက်သွားသည်။ သူက အေးစက်စွာ ပြောလိုက်၏။
"မင်းလို ငတုံးမျက်မမြင်လေးကများ! လေးကုံးဆိုတာတောင် များလှပြီ! ယူချင်ယူ၊ မယူချင်နေ။ မင်းသဘောပဲ!"
ခြောက်နှစ်သား လီကွမ်ချီသည် အားနည်းသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ အလွန်ပင် ခက်ထန်နေသည်။ သူသည် ကျောက်အိမ်တော်၏ လှေကားထစ်များပေါ်သို့ အပြေးတက်သွားကာ ကျောက်ချင်း၏ လက်ကို လှမ်းဆွဲပြီး အော်ဟစ်လိုက်သည်။
"အစ်မ ရသင့်ရထိုက်တာကို ပေး!"
ကျောက်ချင်းသည် နှင်းကိုက်နာများဖြင့် ပြည့်နေသော လီကွမ်ချီ၏ လက်ဖြင့် ဆွဲကိုင်ခြင်း ခံလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားသည်။ သူ၏မျက်ဝန်းတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် လူငယ်လေး၏ ဆံပင်ကို ဆွဲကာ လှေကားပေါ်မှ ဝှေ့ယမ်း ပစ်ချလိုက်တော့သည်။
ဘုန်း!
အားနည်းသော သူငယ်လေးမှာ နှင်းထုထဲသို့ ပြင်းထန်စွာ ကျသွားသည်။ နှင်းများအောက်တွင် ကျောက်ပြားများ ခင်းထားသဖြင့် အသာအယာ ကျလျှင်ပင် အညိုအမဲစွဲနိုင်သည့်အပြင် ယခုကဲ့သို့ အမြင့်မှ ပစ်ချခံရခြင်းမှာ ပြောနေစရာပင် မလိုတော့ပေ။ ကျောက်ချင်းသည် မြေကြီးပေါ်က လူငယ်လေးကို တစ်ချက်ကြည့်ကာ ရွံရှာစွာဖြင့် တံတွေးထွေးလိုက်သည်။
"မင်းလို ငတုံးမျက်မမြင်လေး! အလောင်းကိုယူပြီး အခုချက်ချင်း ထွက်သွားစမ်း! ငါက သနားလို့သာ လေးထောင်ပေးတာ၊ မဟုတ်ရင် တစ်ပြားမှ မရဘူး! ထွီ!"
ကျောက်ချင်း လှည့်ထွက်သွားမည်အလုပ်တွင် တစ်စုံတစ်ယောက်က သူ၏အင်္ကျီစကို လှမ်းဆွဲလိုက်ပြန်သည်။ ကျောက်ချင်း လှည့်ကြည့်လိုက်သောအခါ ထိုသူငယ်လေးသည် မည်သို့ရောက်လာသည်မသိ၊ သူ၏အင်္ကျီကို အသေအလဲ ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
"ပိုက်ဆံပေး! အစ်မက အဲဒီပိုက်ဆံအတွက်နဲ့ အသက်ပေးသွားရတာ!"
ကျောက်ချင်း၏ ရင်ထဲတွင် ဒေါသများ ဝုန်းခနဲ ထွက်လာသည်။ လူငယ်လေးကို ရိုက်ရန် လက်ရွယ်လိုက်သော်လည်း ဖြူဖျော့သော ထိုမျက်လုံးအစုံကို မြင်လိုက်ရသည့်အခါ တုံ့ခနဲ ဖြစ်သွားသည်။
မျက်မမြင် ဖြစ်သော်လည်း ထိုသူငယ်လေးက သူ့ကို တည့်တည့် စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ရင်ထဲကနေ အေးစိမ့်သော အအေးဓာတ်တစ်ခု တက်လာ၏။ သူသည် အလုပ်ဒဏ်ကြောင့် သေဆုံးသွားသော မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူသည် မြှောက်ထားသော လက်သီးကို ပြန်ချလိုက်ပြီး အင်္ကျီလက်ထဲမှ ကျန်ရှိသော ကြေးပြားများကို ထုတ်ကာ လူငယ်လေး၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
"ယူပြီး လစ်တော့! ကံဆိုးလိုက်တာ!"
လီကွမ်ချီသည် လက်ကို လွှတ်ပေးလိုက်ပြီး သူ၏လက်ထဲရှိ ကြေးပြားများကို ထုံထုံထိုင်းထိုင်းဖြင့် ရေတွက်နေသည်။
ဒိုင်း!
အိမ်တော်တံခါးကြီး ပိတ်သွားသည်။ အတွင်းဘက်မှ လူငယ်လေးတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။
"ရှောင်ချင်းရေ... မင်း ဘာလုပ်နေတာလဲ။ ငါ့ငှက်တွေကို အစာ သွားကျွေးဦးလေ!"
"လာပါပြီ သခင်လေး ယွမ်လင်။ အခုပဲ လာပါပြီ"
"ခုနက ဘာတွေ ဖြစ်နေတာလဲ"
"..."
"အစေခံမလေးတစ်ယောက် သေတာပဲဟာ။ ဘယ်သူက ဂရုစိုက်မှာလဲ။ အဲဒီ ဒုက္ခိတကောင်ကိုလည်း လစ်ခိုင်းလိုက်တော့!"
ကြေးပြားများကို ဆုပ်ကိုင်ထားရင်း လီကွမ်ချီသည် ကျောက်အိမ်တော်၏ လှေကားထစ်များပေါ်တွင် အချိန်အတော်ကြာအောင် ရပ်နေမိသည်။ သူသည် ဝိညာဉ်မဲ့နေသော မျက်ဝန်းများဖြင့် ကောင်းကင်ကြီးကို မော့ကြည့်နေ၏။ ထို့နောက် လှေကားပေါ်မှ ဆင်းကာ တောင့်တင်းနေသော အလောင်းကို ကျောပေါ်သို့ ခက်ခက်ခဲခဲ ပိုးလိုက်ပြီး လှည့်ထွက်လာခဲ့သည်။
ကျွတ်... ကျွတ်...
နှင်းများကို နင်းဖြတ်သွားသော သူ၏ခြေသံများမှာ တစ်လှမ်းချင်း ထွက်ပေါ်နေသည်။ နှေးကွေးနေသော်လည်း သူ၏ ခြေလှမ်းတိုင်းမှာ ခိုင်မာပြတ်သားလှသည်။
ကျန် (ပေတစ်ဆယ်ခန့်) အနည်းငယ်သာ ဝေးသော တည်းခိုခန်းတစ်ခု၏ အပေါ်ထပ်တွင် ထိုင်နေသော အဘိုးအိုတစ်ဦးသည် ဤဖြစ်ရပ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့သည်။ သူသည် မီးခိုးရောင် ဝတ်စုံရိုးရိုးကို ဝတ်ဆင်ထားပြီး ဆံပင်နှင့် မုတ်ဆိတ်များမှာ ဖြူဖွေးနေသည်။ နှာတံမှာ စင်းနေသော်လည်း ပါးလွှာသော နှုတ်ခမ်းများမှာ သူ့ကို ပါးနပ်သူတစ်ယောက်အသွင် မပေါက်စေပေ။
သူ၏မျက်ဝန်းများမှာ လုံးဝ နောက်ကျိခြင်းမရှိဘဲ အလွန်ပင် ကြည်လင်နေသည်။ စားပွဲပေါ်တွင် ဟင်းလျာအချို့နှင့် နွေးထားသော အရက်အိုးတစ်လုံး ရှိနေသည်။ လူငယ်လေးက နံရံကို စမ်းကာ လျှောက်သွားသည်ကို ကြည့်ရင်း အရက်ခွက်ကို ကိုင်ထားသော သူ၏လက်မှာ လေထဲတွင် ရပ်တန့်သွားသည်။
လူငယ်လေးကို ကြည့်နေသော သူ၏မျက်ဝန်းများတွင် မသိမသာ အရောင်တောက်သွား၏။ သူက တိုးညှင်းသော အသံဖြင့် ရေရွတ်လိုက်သည်။
"ငါ ရာစုနှစ်ပေါင်းများစွာ ရှာဖွေနေခဲ့တဲ့ တပည့်လောင်းက မျက်မမြင် ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး... ထားပါတော့လေ။ ဒါဟာ ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ ဖြစ်မှာပါ"
ထို့နောက် အဘိုးအိုသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ကြည်လင်အေးဆေးသော အသံဖြင့် ပြောလိုက်သည်။
"စားပွဲထိုး! ပိုက်ဆံရှင်းမယ်!"
ဒီဇင်ဘာလ၏ ချမ်းစိမ့်သော ဆောင်းရာသီဖြစ်ပြီး မြောက်လေမှာ အရိုးထဲထိ စိမ့်အောင် အေးလှသည်။ အေးစက်သော လေပြင်းများမှာ လီကွမ်ချီ၏ ခန္ဓာကိုယ်ကို ဓားနှင့်မွှန်းသကဲ့သို့ ခံစားရစေသည်။
လမ်းတစ်လျှောက်တွင် အကြိမ်ကြိမ် နားခဲ့ရပြီး ဆေးခန်းတစ်ခု၏ တံခါးဝသို့ တောင့်တင်းနေသော အလောင်းကို ချလိုက်သည့်အချိန်တွင် မှောင်ပင် မှောင်နေပြီဖြစ်သည်။
မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုမှာ သူငယ်လေးနောက်သို့ လိုက်ပါလာခဲ့သည်။ သူ၏ဝတ်စုံမှာလည်း ပါးလွှာသော်လည်း လေနှင့် နှင်းဒဏ်မှာ သူ့ကို လုံးဝ မထိခိုက်စေဘဲ သူ့အနားသို့ရောက်လျှင် အလိုအလျောက် ရှောင်ကွင်းသွားသကဲ့သို့ပင်။
လူငယ်လေး ဆေးခန်းထဲသို့ ဝင်သွားသည့်အခါ မျက်မှောင်ကြုတ်ကာ ကြိုဆိုခြင်း ခံလိုက်ရသည်။
"ဒီမိန်းကလေးက သေသွားပြီပဲ။ ဝိညာဉ်ကတောင် လူပြန်ဝင်စားဖို့ သွားနေပြီ။ ငါ့ဆေးခန်းကို ဘာလာလုပ်တာလဲ"
"အမေ သောက်ဖို့ ဆေးလာဝယ်တာပါ... သူ... သူ့အတွက် မဟုတ်ပါဘူး..."
မကြာမီမှာပင် လူငယ်လေးသည် ဆေးထုပ်အချို့ကို ကိုင်ကာ ဆေးခန်းအပြင်ဘက်သို့ ပြန်ထွက်လာသည်။ သူသည် ရုပ်အလောင်းကို ခက်ခက်ခဲခဲ ပြန်ပိုးကာ ခရီးဆက်ပြန်သည်။
ထို့နောက် သူသည် အဖြူရောင်အဝတ်စများ ချိတ်ဆွဲထားသော ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာသည်။ ဤတစ်ကြိမ်တွင်မူ သူသည် အလောင်းကို ဆိုင်ထဲသို့ ယူဆောင်သွားပြီး ပြန်ထွက်လာသည့်အခါတွင် လက်ထဲတွင် အရိုးပြာအိုးတစ်လုံးကို ကိုင်ဆောင်ထားသည်။ အိုးပေါ်တွင် "လီချွေးဝေ" ဟု ရေးထားသော စက္ကူစလေး တစ်ခု ကပ်ထား၏။ သူသည် အစ်မဖြစ်သူ၏ ပန်းရောင်အင်္ကျီလေးဖြင့် အရိုးပြာအိုးကို ပတ်လိုက်သည်။ ဤဖြစ်စဉ်တစ်ခုလုံးတွင် သူ၏မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိသလောက်ပင်။
လမ်းတွင် သူသည် ပေါက်စီဆိုင်တစ်ဆိုင်ရှေ့၌ ကျောက်တုံးကဲ့သို့ မာတောင့်နေသော ပေါက်စီနှစ်လုံးကို တွေ့ရှိခဲ့သည်။ ထိုပေါက်စီများကို ကောက်ယူလိုက်သည့်အခါမှသာ သူ၏မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာတော့သည်။
၎င်းကို ကြည့်နေသော အဘိုးအိုမှာ အံ့အားသင့်သွားမိသည်။
လူငယ်လေးသည် အစ်မဖြစ်သူ သေဆုံးသည်ကို တွေ့ရစဉ်က ထူးထူးခြားခြား ခံစားချက်မပြသော်လည်း ပိုက်ဆံဖြတ်ယူသော ကျောက်အိမ်တော်က အစေခံကိုမူ ဒေါသတကြီး ငြင်းခုံခဲ့သည်။
အစ်မဖြစ်သူ၏ အရိုးပြာကို ကိုင်ထားချိန်တွင် မည်သည့် ခံစားချက်မျှ မရှိသော်လည်း စွန့်ပစ်ထားသော ပေါက်စီများကို ကောက်ရချိန်တွင်မူ ပြုံးနိုင်ခဲ့သည်။ ထို့ကြောင့် အဘိုးအိုမှာ ပိုမို စိတ်ဝင်စားသွားကာ သူငယ်လေးနောက်သို့ ဆက်လိုက်ခဲ့သည်။
ရုတ်တရက် အဘိုးအိုသည် နှင်းမုန်တိုင်းကြားတွင် ရပ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက အေးဆေးစွာ ရေရွတ်လိုက်၏။
"ဟက်... ငါက ဂိုဏ်းတစ်ခုကိုပဲ ဖျက်ဆီးလိုက်တာပါ၊ ဒါကို မြောက်ပိုင်းနှင်းခဲနိုင်ငံတော်ရဲ့ အစောင့်အရှောက်ဆရာကြီးက ကိုယ်တိုင် လာတွေ့တာလား"
"သူက နာဆန့်ဆိုးလ်နယ်ပယ် (ဝိညာဉ်သန္ဓေနယ်ပယ်) အဆင့်ပဲ ရှိသေးတာကို... ကောင်းပြီလေ၊ သွားတွေ့လိုက်တာက နှစ်ဦးနှစ်ဖက်လုံးအတွက် အလုပ်မရှုပ်တော့ဘူးပေါ့"
ဝူး!
အဘိုးအိုသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် လီ (၅ ကီလိုမီတာခန့်) ဆယ်ခုစာ အကွာအဝေးကို ချက်ချင်း ဖြတ်ကျော်သွားသည်။ သူသည် မြို့ပြင်ရှိ ဇရပ်တစ်ခုသို့ ရောက်ရှိသွား၏။ ချည်ထိုးဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးမှာ အရက်နွေးကာ လက်ဖက်ရည် ဖျော်နေသည်။ သူသည် အချိန်အတော်ကြာအောင် စောင့်နေခဲ့သည့် ပုံပင်။
မြောက်ပိုင်းနှင်းခဲနိုင်ငံတော်၏ အစောင့်အရှောက်ဆရာကြီးသည် အဘိုးအိုကို မြင်သည်နှင့် သူ၏ရာထူးဂုဏ်သိန်ကို မငဲ့ကွက်ဘဲ အမြန်ထရပ်ကာ ဦးညွှတ်လိုက်သည်။ သူက ယဉ်ကျေးစွာဖြင့် -
"ဂါရဝပြုပါတယ် အကြီးအကဲ" ဟု ဆိုလိုက်သည်။
မြောက်ပိုင်းနှင်းခဲမြို့တော်၏ တောင်ဘက်ပိုင်းတွင် တံခါးပင် သေချာမပိတ်နိုင်တော့သော ပျက်စီးယိုယွင်းနေသည့် အိမ်လေးတစ်လုံး ရှိသည်။ သူငယ်လေးသည် တံခါးဝတွင် အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့သည်။ နောက်ဆုံးတွင် သူသည် အသက်ပြင်းပြင်းရှူကာ အိမ်ထဲသို့ တွန်းဖွင့်ဝင်လိုက်သည်။
ကျွီ...
အိမ်ထဲတွင် ဖယောင်းတိုင်တစ်တိုင်ပင် ထွန်းမထားပေ။ အိမ်မှာ အလွန်ပင် ဟောင်းနွမ်းနေပြီး ပြတင်းပေါက်က စက္ကူပေါက်များကိုပင် မဖာထေးနိုင်ကြပေ။ အေးစက်နေသော အိပ်ရာခုတင်ပေါ်တွင် အရိပ်တစ်ခု လှုပ်ရှားသွားသည်။ ထို့နောက် အားနည်းသော အသံလေးတစ်ခု ထွက်ပေါ်လာ၏။
"ကွမ်ချီ... သား ပြန်လာပြီလား"
ထိုအမျိုးသမီး၏ အသံမှာ အလွန်နူးညံ့သော်လည်း အလွန်ပင် အားနည်းနေသည်။ သူသည် လီကွမ်ချီ၏ မိခင်ဖြစ်သူ ဆုန့်ဝမ်ရုံ ပင်ဖြစ်သည်။
ဆုန့်ဝမ်ရုံ ထရပ်လိုက်သည်။
သူမ၏မျက်နှာမှာ ဖြူဖျော့ကာ ပါးများ ချိုင့်ဝင်နေသော်လည်း သားဖြစ်သူကို ကြည့်သော မျက်ဝန်းများတွင်မူ နွေးထွေးမှုများ ပြည့်နှက်နေသည်။ ဆုန့်ဝမ်ရုံသည် လရောင်အောက်တွင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း တိုးညှင်းစွာ မေးလိုက်သည်။
"ချွေးဝေရော ဘယ်မှာလဲ"
အံဆွဲထဲတွင် ဖယောင်းတိုင် ရှာနေသော လီကွမ်ချီ၏ ကိုယ်လေး တောင့်တင်းသွားသည်။ သူသည် ဖယောင်းတိုင်ထွန်းလိုက်ရာ ဘေးနားရှိ အထီးကျန်လှသော မြေအိုးလေးကို မြင်တွေ့လိုက်ရသည်။ သူက ခါးသီးစွာ ပြန်ဖြေလိုက်၏။
"အစ်မ ချွေးဝေ... ဆုံးသွားပြီ။ ကျောက်အိမ်တော်က ကြေးပြားဆယ်ကုံး ပေးလိုက်တယ်... ကျွန်တော် အဲဒီပိုက်ဆံကို ရအောင် တောင်းခဲ့တယ်။ သေချာဝှက်ထားပြီး အမေ့ရောဂါအတွက် သုံးမယ်နော်"
ထို့နောက် သူငယ်လေးသည် အင်္ကျီထဲမှ ပေါက်စီများကို ထုတ်ကာ စုန့်ဝမ်ရုံကို ပေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်အပူရှိန်ကြောင့် ပေါက်စီများမှာ အနည်းငယ် ပျော့ပြောင်းလာခဲ့သည်။ သူသည် စမ်းတဝါးဝါးဖြင့် ဆေးထုပ်များကို ကိုင်ကာ မီးဖိုချောင်သို့ လျှောက်သွားရင်း အက်ရှရှအသံဖြင့် ပြောလိုက်သည်။
"ကျွန်တော် အမေ့အတွက် ဆေးသွားကျိုလိုက်ဦးမယ်"
စုန့်ဝမ်ရုံသည် လီကွမ်ချီ၏ လက်ကို အသာအယာ ဆွဲလိုက်ပြီး ပေါက်စီတစ်လုံးကို သူ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ မျက်ရည်များကို ထိန်းထားရင်း သူမက ပြန်ပြောလိုက်၏။
"အမေ... အမေ မဆာဘူး။ သားပဲ စားပါ"
ခြောက်သွေ့နေသော ဆံပင်အဖျားများက သူမ၏မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားသော်လည်း လီကွမ်ချီမှာမူ ဖျာပေါ်သို့ ကျလာသော မျက်ရည်စက်အချို့၏ အသံကို ကြားနေရသည်။
ဒုန်း!
တစ်စုံတစ်ယောက်က တံခါးကို ကန်ဖွင့်လိုက်သဖြင့် အေးစက်သော လေပြင်းများ အိမ်ထဲသို့ တိုးဝင်လာသည်။ သူငယ်လေးမှာ တုန်ရီသွား၏။ အအေးကြောင့်လား သို့မဟုတ် ကြောက်ရွံ့မှုကြောင့်လား ဆိုသည်မှာမူ သူကိုယ်တိုင်သာ သိပေလိမ့်မည်။
ထိုသူမှာ လီကွမ်ချီ၏ ဦးလေးဝမ်းကွဲဖြစ်သူ လီတာရှန်း ပင်ဖြစ်သည်။ လီတာရှန်းမှာ အရပ်ပုပြီး အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ပါးရိုးများမှာ မြင့်နေပြီး မျက်လုံးများမှာ အောက်သို့ စိုက်ကျနေကာ နှာခေါင်းမှာလည်း သိန်းငှက်နှုတ်သီးကဲ့သို့ ကောက်ချိတ်နေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူသည် စိတ်ကောင်းရှိသူ မဟုတ်ကြောင်း သိသာလှသည်။
သူ အိမ်ထဲသို့ မဝင်လာခင်မှာပင် ခက်ထန်သောအသံက အခန်းထဲတွင် ပျံ့နှံ့သွားတော့သည်။
"ဒီကောင်စုတ်လေး! ပိုက်ဆံတွေ ဘယ်မှာလဲ!"