Skip to content
Chapter 1 – ထူးထူးဆန်းဆန်းများပြန်လည်ရှင်သန်လာခြင်း - ငါကသိုင်းပညာနဲ့ငရဲကိုနှိမ်နှင်းမယ်: အခန်း ၁ - အစားအသောက်ပို့သူ | Lazy Nerds
Reading ထူးထူးဆန်းဆန်းများပြန်လည်ရှင်သန်လာခြင်း - ငါကသိုင်းပညာနဲ့ငရဲကိုနှိမ်နှင်းမယ်, Chapter 1: အခန်း ၁ - အစားအသောက်ပို့သူ
“ထူးထူးဆန်းဆန်းများပြန်လည်ရှင်သန်လာခြင်း-ငါကသိုင်းပညာနဲ့ငရဲကိုနှိမ်နှင်းမယ်”
အကျဉ်းချုပ်
ညဉ့်နက်သန်းခေါင်မှာ မှာယူလိုက်တဲ့ အစားအသောက်ပို့ဆောင်သူက သရဲတစ္ဆေဖြစ်နေပြီး၊ ပိုဆိုးတာက မှာထားတဲ့အစားအသောက် လွဲနေရင် ဘာလုပ်မလဲ။ လုစီယဲ့အတွက်ကတော့ ပြဿနာမရှိဘူး၊ပါဝင်ပစ္စည်းတွေနဲ့ပဲ ပြန်လျော်ပေးလိုက်ရုံပေါ့လို့ ဆိုပါတယ်။ "ဩော် ဒါနဲ့ ငါမှာလိုက်တာ ဝက်ကျောက်ကပ်စွပ်ပြုတ်လေ။" "ဆိုတော့... မင်းရဲ့ ကျောက်ကပ်နဲ့ပဲ ငါ့ကို ပြန်လျော်ပေးတော့" "ဟီးဟီးဟီး"... ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာပြီး သရဲတစ္ဆေများ ပေါ်ပေါက်လာချိန်မှာ လုစီယဲ့ဟာ သိုင်းပညာမြှင့်တင်ရေးစနစ်တစ်ခုနဲ့ ပေါင်းစည်းမိသွားပြီး သိုင်းပညာကိုသုံးကာသရဲတစ္ဆေတွေကို နှိမ်နင်းမယ့် ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။ မြောက်ပိုင်းအမှောင်ထု နတ်ဘုရားသိုင်း၊ လှိုင်းပေါ်လျှောက် တိမ်လွှာခြေလှမ်း၊ မပျက်စီးနိုင်သော ဗာဂျရာနတ်ဘုရားသိုင်း၊ နဂါးနိုင်ဆယ့်ရှစ်ကွက် လက်ဝါးသိုင်း၊ ကောင်းကင်ဆန္ဒ လေးနိမိတ်သိုင်း... အကုန်လုံး အဆင်သင့်ဖြစ်နေပါပြီ။ အခြားသူတွေက သရဲတစ္ဆေတွေကို သတိကြီးစွာထားပြီး စေ့စပ်သေချာစွာ ရင်ဆိုင်နေရချိန်မှာ လုစီယဲ့ကတော့ သောင်းကျန်းနေပြီဖြစ်ပါတယ်။ "ဟေ့... ဟိုက သရဲမလေး၊ မပြေးနဲ့လေ၊ ငါ့ရဲ့ တောက်လောင်နေတဲ့ အချစ်မီးတောက်ကို လာမြည်းစမ်းကြည့်ပါဦး"
အခန်း ၁ - အစားအသောက်ပို့သူ
"မကြာသေးမီက ရှန်ဖူလမ်းမပေါ်မှာ လူသတ်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ အခုချိန်ထိ လူသတ်မှု ၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇ ဦး ရှိခဲ့ပါတယ်။ ဖြစ်စဉ်တိုင်းမှာ သေဆုံးသူတွေရဲ့ ကျောက်ကပ်တွေ စနစ်တကျ လုံးဝပျောက်ဆုံးနေတာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်း ခိုးယူရောင်းချတဲ့ ဂိုဏ်းတစ်ခုရဲ့ လက်ချက်လို့ သံသယရှိရပါတယ်။ ဒါ့အပြင် အဖြစ်အပျက်တိုင်းဟာ သန်းခေါင်ယံအချိန်တွေမှာ ဖြစ်ပွားခဲ့တာပါ။ ပြည်သူများအနေနဲ့ ညဘက်အပြင်ထွက်တာကို လျှော့ချကြဖို့နဲ့ မသင်္ကာဖွယ်ရာ ပုဂ္ဂိုလ်များကို သတိပြုကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်"
"ရှန်ဟိုင်းမြို့ရဲ့ ရပ်ကွက်အသီးသီးမှာ အဆောက်အဦးပေါ်ကနေ ခုန်ချတဲ့ ဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်များအရ ခုန်ချသွားသူများအားလုံးဟာ အွန်လိုင်းဝဘ်ဆိုက်တစ်ခုကနေ ကူပွန်ဘောက်ချာအမြောက်အမြားကို ဝယ်ယူခဲ့ကြသူများဖြစ်ပြီး နောက်ဆုံးမှာ အကြွေးတင် သွားကြတာကြောင့် သေကြောင်းကြံစည်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူများအားလုံး မိမိတို့၏ ဘဝကို တန်ဖိုးထားကြဖို့နဲ့ လောင်းကစားခြင်းမှ ဝေးဝေးရှောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်"
"..."
"မောင်၊ ဒီရက်ပိုင်း ရှန်ဟိုင်းမြို့က သိပ်မငြိမ်မသက် ဖြစ်နေသလိုပဲနော်။ နောက်ရက်တွေ ညဘက် အပြင်ထွက်ပြီး လမ်းလျှောက်တာ၊ အပြေးလေ့ကျင့်တာတွေ မလုပ်ပါနဲ့လား"
"စိတ်ပူမနေပါနဲ့၊ ငါတစ်ယောက်တည်း ထွက်တာမှ မဟုတ်တာ။ အဖော် သူငယ်ချင်းမလေး သုံးယောက်ပါတာပဲ၊ ဘာကြောက်စရာရှိလို့လဲ။"
"ဟင်းး... အင်းပါ၊ ဒါဆိုရင်လည်း အဆင်ပြေအောင် နေပေါ့။"
လုစီယဲ့တစ်ယောက် ထုန်းကျန်း အိမ်ရာဝန်းဆီ အပြင်ကနေ ပြန်ရောက်လာချိန်မှာ ည ၉ နာရီခွဲ ၁၀ နာရီနီးပါး ရှိနေပြီဖြစ်ပါသည်။
သူ့တံခါးမျက်နှာချင်းဆိုင်က အိမ်နီးနားချင်းမိသားစုကတော့ ညစဉ် ညတိုင်း ဒီအချိန်ဆို တီဗီသတင်းကို အချိန်မှန် ကြည့်လေ့ရှိကြပြီး အခန်းက အသံမလုံတာကြောင့် စင်္ကြံလမ်းကနေတင် သတင်းအစီအစဉ်သံကို ခပ်သဲ့သဲ့ ကြားနေရလေ့ ရှိသည်။ လုစီယဲ့အတွက်တော့ ဒါက အကျင့်တစ်ခုလို ဖြစ်နေပြီ ဖြစ်ပါသည်။
သူ တံခါးဖွင့်ဖို့ သော့ထုတ်လိုက်ပြီး ဝင်ပေါက်မှာ ဖိနပ်လဲကာ ကျောပိုးအိတ်ကို ဆိုဖာပေါ် ပစ်တင်လိုက်ပြီး မောမောနဲ့ လဲလျောင်းလိုက်သည်။
"ကမ္ဘာကူးပြောင်းလာပြီးရင်တောင် ဘွဲ့ရပြီးတာနဲ့ အလုပ်လက်မဲ့ဖြစ်မယ့် ကံကြမ္မာကနေ မလွတ်မြောက်နိုင်သေးပါလား။" လုစီယဲ့က လက်မောင်းကို နဖူးပေါ် တင်ထားရင်း ကိုယ့်ကိုယ်ကိုယ် သရော်တဲ့ အပြုံးနဲ့ ရေရွတ်လိုက်ပါသည်။
ဟုတ်ပါတယ်၊ လုစီယဲ့က ဒီကမ္ဘာက လူမဟုတ်ပါဘူး။ အခြားကမ္ဘာကနေခန္ဓာကိုယ်ကူးပြောင်းလာတဲ့သူ တစ်ယောက်ပါ။
သူ့ရဲ့ အရင်ဘဝတုန်းကလည်း နာမည်က လုစီယဲ့ ပါပဲ။ အလုပ်အင်တာဗျူးသွားတဲ့ လမ်းမှာ မီးနီဖြတ်မောင်းလာတဲ့ အရှိန်လွန် ပြိုင်ကားတစ်စီးရဲ့ တိုက်မိခြင်းကို ခံခဲ့ရပြီးေသဆုံခဲ့တာပါ။
လုစီယဲ့ကတော့ သူ့ဘဝပြီးပြီလို့ ထင်ခဲ့ပေမယ့် မျှော်လင့်မထားဘဲ အပြာရောင်ဂြိုဟ် ပေါ်က နာမည်တူ တက္ကသိုလ်ပထမနှစ် ကျောင်းသားလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ကူးပြောင်းရောက်ရှိသွားခဲ့ပါသည်။
စစချင်းတုန်းကတော့ သူဟာ ကံကြမ္မာရဲ့ ရွေးချယ်ခံရသူလို့ ထင်မှတ်ပြီး စိတ်လှုပ်ရှားစွာနဲ့ တက္ကသိုလ်ရဲ့ ဈေးတန်းလမ်းမပေါ်မှာ "အရှေ့မှာ နှစ်သုံးဆယ်၊ အနောက်မှာ နှစ်သုံးဆယ်..." ဆိုပြီးတောင် ကြွေးကြော်ခဲ့ပါသေးသည်။
ဒီဖြစ်ရပ်ကြောင့် သူ့ရဲ့ တက္ကသိုလ် ၄ နှစ်တာအတွင်း ရည်းစားထားပိုင်ခွင့် ဆုံးရှုံးသွားခဲ့ရပေမယ့် သူကတော့ စိတ်လှုပ်ရှားနေတုန်းပါပဲ။
ဒါပေမဲ့ အဖြစ်မှန်ကတော့ သူစောစီးစွာ ပျော်ရွှင်ခဲ့မိတာ ဖြစ်ကြောင်း သက်သေပြခဲ့သည်။
ခြောက်လတောင် မပြည့်သေးခင်မှာပဲ ဒီခန္ဓာကိုယ်ရဲ့ မိဘနှစ်ပါးစလုံး ဆက်တိုက်ဆိုသလို ယာဉ်မတော်တဆမှုတွေနဲ့ ဆုံးပါးသွားခဲ့ကြသည်။ နှစ်ယောက်စလုံး ပြိုင်ကားတိုက်မိတာဖြစ်ပြီး ရလဒ်အနေနဲ့ သူဟာ လျော်ကြေးငွေ အမြောက်အမြား နှစ်ကြိမ်တိုင်တိုင် ရရှိခဲ့ပါသည်။
နောက်တော့ သူဟာ အွန်လိုင်းက နာမည်ကြီးတွေရဲ့ စကားကိုနားထောင်ပြီး ဒီပိုက်ဆံတွေနဲ့ စတော့ရှယ်ယာတွေ လိုက်ဝယ်ခဲ့ပေမယ့် နောက်ဆုံးမှာ အတော်လေး ရှုံးနိမ့်သွားခဲ့ရပါသည်။
ဘဏ္ဍာရေး စီမံခန့်ခွဲမှုမှာ ပါရမီမပါမှန်း အတည်ပြုလိုက်ရပြီးတဲ့နောက် ငွေအားလုံးကို ပြန်ထုတ်ကာ အတိုးရအောင် ဘဏ်ထဲမှာပဲ ဒီတိုင်း ထည့်ထားလိုက်ပါတော့သည်။
ဘွဲ့ရပြီးတဲ့နောက် ရှန်ဟိုင်းမြို့မှာပဲ အလုပ်ရှာဖို့ ကျန်ရစ်ခဲ့ပါတယ်။ အလုပ်တော့ မရခဲ့ပေမယ့် ထုန်းကျန်း အိမ်ရာဝန်းမှာတော့ မိုးလေလုံတဲ့ အခန်းကျဉ်းလေးတစ်ခန်း ရခဲ့သည်။
ခဏမျှ လှဲလျောင်းပြီးနောက် ဖုန်းကို စစ်ကြည့်လိုက်ရာ ၁၁ နာရီ ထိုးနေပြီဖြစ်ကြောင်း တွေ့လိုက်ရပါတယ်။ လုစီယဲ့က မေ့ထွမ် အက်ပလီကေးရှင်းကို ဖွင့်ပြီး အစားအသောက် မှာယူလိုက်ကာ ရေချိုးဖို့ ဝင်သွားခဲ့သည်။
ရေချိုးပြီးနောက် ပုံမှန်အကျင့်အတိုင်း တိုင်ပါး ဝဘ်ဆိုက်ကို ဖွင့်ကာ အွန်လိုင်းလောကထဲ လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
【ရှန်ဖူလမ်းမပေါ်က လူသတ်သမားဟာ လူမဟုတ်ဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်】
သူ ဒီခေါင်းစဉ်ကို တွေ့လိုက်ရပြီး စိတ်ဝင်စားစွာနဲ့ နှိပ်ကြည့်လိုက်သည်။ မဝင်ခင်မှာ စာတင်ထားတဲ့ အချိန်ကို သတိထားကြည့်လိုက်တော့ လွန်ခဲ့တဲ့ ၃ မိနစ်ကမှ တင်ထားတာဖြစ်သညါ။
ဝင်ဝင်ခြင်းမှာပဲ ရှေးဟောင်း မကောင်းဆိုးဝါးနှိမ် အင်းစာရွက် ပုံတစ်ခုကို တွေ့လိုက်ရပြီး အဲဒီပုံမှာ ဝဘ်ဆိုက်တစ်ခုရဲ့ သင်္ကေတလည်း ပါရှိနေပါသည်။
【ထျန်းဖူလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ မကြာသေးမီက လူသတ်မှု ၅ မှုကို လူတိုင်း သတင်းကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။
ငါက လျန်းကျန်း အိမ်ရာဝန်းရဲ့ နေထိုင်တဲ့တစ်ယောက်ပါ။ ဟုတ်ပါတယ်၊ ခင်ဗျားတို့ ဖတ်လိုက်တာ မမှားပါဘူး။ ပဉ္စမမြောက် လူသတ်မှု ဖြစ်ပွားခဲ့တဲ့ အိမ်ရာဝန်းပါပဲ။ အဲဒီ ပဉ္စမမြောက် လူသတ်မှုမှာ သေဆုံးသွားခဲ့သူဟာ ငါ့ရဲ့ တံခါးမျက်နှာချင်းဆိုင်က အိမ်နီးနားချင်း ဖြစ်ပါတယ်။
ငါ့မျက်နှာချင်းဆိုင်မှာ နေတာက ဘွဲ့ရခါစ တက္ကသိုလ်ကျောင်းသား အမျိုးသားနှစ်ယောက်ပါ။
အဲဒီညက သူတို့ထဲက တစ်ယောက်က ကိစ္စတစ်ခုနဲ့ အပြင်ထွက်သွားပုံရပြီး အခန်းထဲမှာ တစ်ယောက်တည်း ကျန်ခဲ့တာပါ။
နောက်တော့ ၁၂ နာရီထိုးခါနီးအချိန်မှာ ငါ့အခန်းထဲကနေ အပြင်ကို နားစွင့်ကြည့်တော့ တံခါးကို "ဒေါက်... ဒေါက်... ဒေါက်" နဲ့ ခေါက်နေတဲ့ အသံကို ကြားလိုက်ရတယ်။
စစချင်းတုန်းက ငါ့တံခါးကို လာခေါက်တာလို့ ထင်ပြီး အပြေးသွားကာ တံခါးမှန်ဘီလူး ကနေ ချောင်းကြည့်လိုက်တယ်။
အနက်ရောင် မိုးကာအင်္ကျီ ဝတ်ထားတဲ့ အစားအသောက်ပို့သူ တစ်ယောက်ဟာ အဲဒီ တက္ကသိုလ်ကျောင်းသား နှစ်ယောက်ရဲ့ တံခါးဝမှာ ရပ်နေတာပါ။ အဲဒီအမျိုးသားကပဲ ငါ့မျက်နှာချင်းဆိုင် တံခါးကို ဆက်တိုက် ခေါက်နေခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက ငါလည်း စိတ်ရှုပ်သွားတယ်။ အပြင်မှာ မိုးလည်း မရွာပါဘဲနဲ့ ဒီပို့ဆောင်သူက ဘာလို့ မိုးကာအင်္ကျီ ဝတ်ထားရတာလဲပေါ့။ ဒါပေမဲ့ သူတို့ကိစ္စဖြစ်တာမို့ ငါလည်း သိပ်ဂရုမစိုက်ဘဲ ထားလိုက်တယ်။
နောက်တော့ မှန်ဘီလူးထဲကနေ အစားအသောက်ပို့သူကို ကြည့်နေရင်းနဲ့ အဲဒီလူ တံခါးခေါက်တဲ့ ပုံစံက သိပ်ဆန်းနေတယ်လို့ ငါ ခံစားလိုက်ရတယ်။
သူ တံခါးခေါက်တဲ့အခါ လက်ကောက်ဝတ်ကို ကွေးပြီး ခေါက်တာမဟုတ်ဘဲ ဆိုင်တွေမှာ ထားလေ့ရှိတဲ့ လာဘ်ခေါ်ကြောင်ရုပ်လေးတွေလို လက်မောင်းတစ်ခုလုံးကို ရှေ့နောက် လွှဲပြီး ခေါက်နေတာပါ။
အခန်းထဲက တက္ကသိုလ်ကျောင်းသားကတော့ အဲဒီညက အတော်လေး ဒေါသထွက်နေပုံရတယ်။ သူ အစားအသောက် ဘာမှမမှာထားတာကြောင့် လာမခေါက်ဖို့ တံခါးနောက်ကနေ အော်ဟစ် ဆဲဆိုနေခဲ့တယ်။
ဒါပေမဲ့ အစားအသောက်ပို့သူက မကြားချင်ယောင် ဆောင်နေပြီး ဆက်တိုက် ခေါက်နေခဲ့ကာ တံခါးခေါက်သံကလည်း တဖြည်းဖြည်း ပိုကျယ်လာခဲ့တယ်။
ငါ တင်းမထားနိုင်တော့ဘဲ စိတ်တိုခါနီးအချိန်မှာပဲ မျက်နှာချင်းဆိုင် အခန်းထဲက တက္ကသိုလ်ကျောင်းသားက တံခါးကို ရုတ်တရက် ဖွင့်လိုက်တယ်။
ငါ အဲဒီကျောင်းသားရဲ့ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့မျက်နှာက ဒေါသထွက်နေတဲ့ မျက်နှာကနေ လွန်စွာ ထိတ်လန့်သွားတဲ့ မျက်နှာကို ပြောင်းသွားတယ်။ အင်မတန် ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုကို မြင်လိုက်ရတဲ့အတိုင်းပါပဲ။
သူဟာ တံခါးကို အမြန် ပြန်ပိတ်ဖို့ ကြိုးစားခဲ့ပေမယ့် အစားအသောက်ပို့သူက တားဆီးလိုက်ပြီး အခန်းထဲကို အတင်းတွန်းဝင်သွားခဲ့တယ်။
ငါ နည်းနည်း ထပ်စောင့်ကြည့်ခဲ့ပေမယ့် အခန်းထဲကနေ ဘာမသမာတဲ့ အသံမှ ထွက်မလာခဲ့ပါဘူး။ ဒါတင်မကဘူး၊ မကြာခင်မှာပဲ အဲဒီကျောင်းသားက အစားအသောက်ပို့သူကို တံခါးဝအထိ ပြန်လိုက်ပို့ခဲ့တာကို တွေ့လိုက်ရတယ်။
အဲဒီအချိန်တုန်းကတော့ ငါလည်း ဒီရက်ပိုင်း စိတ်တွေ တင်းကျပ်နေလို့ ဖြစ်မယ်ဆိုပြီး သိပ်မစဉ်းစားတော့ပါဘူး။ ရဲဆီ ပို့ဖို့ ပြင်ထားတဲ့ စာတိုကို ဖျက်လိုက်ပြီး အခန်းထဲ ပြန်ဝင်ကာ အိပ်လိုက်တော့တယ်။
နောက်တစ်နေ့ မနက်ရောက်လို့ အခြားအခန်းဖော် ပြန်ရောက်လာပြီး ရဲတပ်ဖွဲ့ဆီ ဖုန်းဆက်တိုင်ကြားတော့မှပဲ ရဲအရာရှိ တံခါးလာခေါက်သံကြောင့် ငါ နိုးလာခဲ့တာပါ။ အိပ်ခန်းထဲက ထွက်ပြီး တံခါးဖွင့်ကြည့်လိုက်တယ်။
ငါ ပထမဆုံး မြင်လိုက်ရတာက ကြမ်းပြင်ပေါ်မှာ လဲကျနေတဲ့ အဲဒီတက္ကသိုလ်ကျောင်းသားပါပဲ။ သူ့ပတ်ဝန်းကျင် ကြမ်းပြင်ကတော့ သွေးစက်တစ်စက်မှ မရှိဘဲ အင်မတန် သန့်ရှင်းနေပါတယ်။
ပြီးတော့ အဲဒီကျောင်းသားရဲ့ ဗိုက်က ချိုင့်ဝင်နေတာကို ငါ သတိထားမိလိုက်တယ် ဟုတ်ပါတယ်၊ ခင်ဗျားတို့ ဖတ်ရတာ မှန်ပါတယ်။ ဗိုက်က ကြမ်းပြင်နဲ့ ကပ်နေမတတ် ချိုင့်ဝင်နေတာပါ။
အတွင်းအင်္ဂါတွေ စုတ်ယူခံလိုက်ရလို့ ဗိုက်ကို ထောက်ပေးထားမယ့် အရာမရှိတော့ဘဲ ချိုင့်ဝင်သွားတဲ့ ပုံစံမျိုးပါ။
အဲဒီအချိန်ကျမှပဲ အဲဒီကျောင်းသား အသတ်ခံလိုက်ရပြီဆိုတာ ငါ သိလိုက်ရတာ
အဆန်းပြားဆုံး အပိုင်းက အခုမှ လာတာပါ
ငါ ကြောက်လန့်သွားပြီး မနေ့ကညက မြင်ခဲ့သမျှကို ရဲအရာရှိတွေကို အမြန် ပြန်ပြောပြခဲ့ပေမယ့် ရဲတွေက စီစီတီဗီ (CCTV) မှတ်တမ်းကို စစ်ဆေးပြီးတဲ့နောက် စင်္ကြံလမ်းထဲကို မည်သူမျှ ဝင်ထွက်တာ မရှိဘူးလို့ ပြောပါတယ်။
စုံစမ်းစစ်ဆေးရေး ဗီဒီယိုကို ကြည့်ပြီးတဲ့နောက် ငါ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်တော့ဘူး။
ဒါတွေအားလုံး ငါ စိတ်ထင်ေယာင်ထင်မှားဖြစ်ပြီး မြင်မက်ခဲ့တာများလား။
မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး
အဲဒီ လူသတ်မှုဟာ အစားအသောက်ပို့သူနဲ့ ဆက်စပ်နေတာ သေချာပါတယ်။ အဲဒီလူဟာ လူအစစ် မဖြစ်နိုင်ဘူး။ မဟုတ်ရင် သာမန်လူတစ်ယောက်က စီစီတီဗီမှာ ဘာလို့ ရုပ်ပုံမပေါ်ရတာလဲ။
အဲဒီအချိန်ကျမှ ငါ ပြန်သတိရလိုက်တယ် အဲဒီကျောင်းသားက အစားအသောက်ပို့သူကို အခန်းပြင်အထိ ပြန်လိုက်ပို့ချိန်တုန်းက သူ့မျက်နှာက အင်မတန် ဖြူဖျော့နေပြီး ရုပ်ကလည်း သိပ်မဟန်ဘူး... စကားနဲ့ ဖော်ပြလို့ မရနိုင်တဲ့ မူမမှန်တဲ့ အမူအရာမျိုး ရှိခဲ့တာ...
ငါ ဒါကိုလည်း ရဲတွေကို ပြောပြခဲ့ပေမယ့် ရဲတွေကတော့ အဲဒီညက မျက်နှာချင်းဆိုင် တံခါး လုံးဝ ပွင့်မလာခဲ့ဘူးလို့ ပြောပါတယ်။ ငါ့ကို လန့်လွန်ပြီး စိတ်ဝေဒနာ ဖြစ်သွားတယ်လို့ ယူဆကြပြီး စိတ်ကျန်းမာရေး ဆေးရုံကို ပို့လိုက်ကြတယ်။ ငါ ဒီနေ့မှ ဆေးရုံက ဆင်းလာရတာပါ။
ငါ အခုလို အွန်လိုင်းမှာ စာတင်ရတဲ့ အကြောင်းအရင်းကတော့ အွန်လိုင်းသုံးသူတွေကို သတိပေးချင်လို့ပါ။ ညသန်းခေါင်ယံမှာ အနက်ရောင် မိုးကာအင်္ကျီ ဝတ်ထားတဲ့ အစားအသောက်ပို့သူကို တွေ့ရင် တံခါး လုံးဝ လုံးဝ မဖွင့်ပါနဲ့။
ငါ့စိတ်ကျန်းမာရေး တကယ် အဆင်ပြေပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ယုံကြပါ၊ တံခါး လုံးဝ မဖွင့်ပါနဲ့... လုံးဝ မဖွင့်ပါနဲ့...】
စာပိုဒ်ကို ဖတ်ပြီးနောက် လူစီယဲ့က အကျင့်အတိုင်း လက်ချောင်းကို မပြီး အပေါ်ကို ထပ်တွန်းကြည့်လိုက်ပါတယ်။ ဒုတိယမြောက် ကော်မန့်မှာ ပို့စ်ပိုင်ရှင်ကိုယ်တိုင် ပြန်ရေးထားတာကို တွေ့လိုက်ရပါတယ်။
【သူ ရောက်နေပြီ သူ ရောက်နေပြီ သူ ငါ့ကို လွှတ်မပေးဘူး...】
ရောက်နေပြီ ဘယ်သူ ရောက်နေတာလဲ။
လုစီယဲ့ စိတ်ရှုပ်သွားခဲ့သည်။ သူ အကျင့်အတိုင်း ကော်မန့်အောက်က အချိန်ကို ကြည့်လိုက်ရာ ပြသနေတဲ့ အချိန်က မနေ့က နံနက် ၁၂ နာရီ ဖြစ်နေပါသည်။
ဒါ မဖြစ်နိုင်ဘူးလေ ဒီပို့စ်က လွန်ခဲ့တဲ့ မိနစ်ပိုင်းကမှ တင်ထားတာ ရှင်းရှင်းကြီးကို၊ ဘာလို့ ဒုတိယမြောက် ကော်မန့်က မနေ့က နံနက်က ဖြစ်နေရတာလဲ။
ဝဘ်ဆိုက် စနစ်မှားသွားတာလို့ လုစီယဲ့ စဉ်းစားလိုက်စဉ်မှာပဲ အောက်ကို ဆွဲပြီး စာမျက်နှာကို ‘Refresh’ လုပ်လိုက်ပါသည်။
ဝဘ်စာမျက်နှာက ရုတ်တရက် "404 Error" ဆိုပြီး ပေါ်လာပါတော့သည်။
ဝဘ်စာမျက်နှာစစ်ဆေးသူတွေ တကယ်ပဲ ဖျက်ပစ်လိုက်ပြီလား။ ဒါကြီးက တကယ် အဖြစ်အပျက်များလား။
"ဒေါက်... ဒေါက်... ဒေါက်..."
အဲဒီအချိန်မှာပဲ အေးအေးဆေးဆေး တံခါးခေါက်သံ တစ်ခုက လုစီယဲ့ရဲ့ အိမ်ရှေ့တံခါးဆီကနေ ထွက်ပေါ်လာခဲ့ပါသည်။
လူစီယဲ့ စိတ္တဇဖြစ်သွားပြီး ဖုန်းထဲက အချိန်ကို ကြည့်လိုက်ရာ ညသန်းခေါင် ၁၂နာရီကွက်တိ ဖြစ်နေပါသည်။
တံခါးအပြင်ဘက်က ထွက်ပေါ်လာတဲ့ နောက်ထပ် စကားတစ်ခွန်းကတော့ သူ့ရဲ့ မြှီးညှောင်းရိုးကနေ ခေါင်းထိပ်အထိ အေးစိမ့်သွားတဲ့ အထိတွေ့ကို ချက်ချင်း ခံစားလိုက်ရစေပါတော့သည်။
ထူးထူးဆန်းဆန်းများပြန်လည်ရှင်သန်လာခြင်း - ငါကသိုင်းပညာနဲ့ငရဲကိုနှိမ်နှင်းမယ်
Chapter 1: အခန်း ၁ - အစားအသောက်ပို့သူ
Prev chapter
Chapters
Next chapter