အခန်း(၉) - ရိုဒီယပ်
လူစီယန်နှင့် ဆီဘတ်စ်တို့သည် လုဒ်ဝဲလ်နယ်မြေတွင် ခဏတာ ဆက်နေဦးမည်ဟု ပြောဆိုထားသော ကေးလ်နှင့် လမ်းခွဲခဲ့ကြသည်။
လမ်းမခွဲမီတွင် ကေးလ်သည် ကိုးလ်ဟတ်မိသားစုနှင့် ပတ်သက်သည့် အရေးကြီးသော အချက်အလက်များကို ပေးသွားခဲ့သည်။
အတိုချုပ်ဆိုရလျှင် ကိုးလ်ဟတ်မိသားစု၏ ပါရမီရှင်တစ်ဦးဦးနှင့် တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ အလွန်မှားယွင်းသော လုပ်ရပ်ဖြစ်ပေလိမ့်မည်။ သူတို့တစ်ဦးစီတိုင်းတွင် အလွန်စွမ်းအားကြီးမားသော စွမ်းရည်များ ပိုင်ဆိုင်ထားကြသောကြောင့်ဖြစ်သည်။
ထို့အပြင် ကေးလ်က သုံးနှစ်ခန့်က လုဒ်ဝဲလ်နယ်မြေသို့ သူလျှိုတစ်ယောက် ဝင်ရောက်လာဖွယ်ရှိကြောင်း ပြောပြသွားသေးသည်။ ထိုအချိန်သည် ယခင် ဘာရွန် (လူစီယန်၏ ဖခင်) က ဒုက္ခသည်များကို လက်ခံခဲ့သည့်အချိန်ကာလ ဖြစ်သည်။
လူစီယန် ထိုအကြောင်းကို ကောင်းကောင်းမှတ်မိနေသည်။
လွန်ခဲ့သော သုံးနှစ်က နယ်စပ်ရှိ မှူးမတ်အိမ်တော်တစ်ခုတွင် အငတ်ဘေးကြုံတွေ့ခဲ့ရသည်။ ၎င်းသည် ဝမ်းနည်းစရာကောင်းသော်လည်း မထူးဆန်းသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။
ထိုသို့ဖြစ်ပျက်ခဲ့သည့်အတွက် လူစီယန်၏မိဘများက နယ်စပ်တံခါးများကို ဖွင့်လှစ်ပေးပြီး အစားအစာနှင့် ခိုလှုံရာရှာဖွေနေကြသည့် ဒုက္ခသည်များကို လက်ခံပေးခဲ့သည်။
လူစီယန်၏ မိဘများသည် ထိုအခွင့်အရေးကို အသုံးချကာ အဆိုပါဒုက္ခသည်များထဲမှ အစေခံသစ်များကို စုဆောင်းခဲ့သည်။ လုပ်ကိုင်နိုင်စွမ်းရှိသရွေ့ အသက်အရွယ်မရွေး ကြိုဆိုခဲ့ကြသည်။
ကံဆိုးစွာဖြင့် ဒရက်ဂေါ သည် ထိုအုပ်စုထဲတွင် ပါဝင်နေခဲ့သည်။ သူတို့သည် ဒရက်ဂေါကိုလည်း ခိုလှုံရာရှာဖွေနေသည့် အခြားဒုက္ခသည်တစ်ဦးသာဟု အမှန်တကယ် ယုံကြည်ခဲ့ကြသည်။
ယခုပြန်တွေးကြည့်သောအခါ နယ်မြေ၏ အခက်အခဲများအတွင်း အိမ်တော်မှ ထွက်ခွာသွားသူအများစုမှာ ထိုဒုက္ခသည်အုပ်စုထဲမှပင် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ နယ်မြေ၏ ယိုယွင်းလာသော လက္ခဏာများကို မြင်တွေ့ရသောအခါ အတိတ်က အဖြစ်အပျက်မျိုး ထပ်ဖြစ်မည်ကို စိုးရိမ်ပြီး ထွက်ပြေးသွားကြခြင်း ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင်မူ ဒုက္ခသည်အဖြစ်မှ ရောက်ရှိလာသည့် အစေခံများအနက် သုံးဦးသာလျှင် အိမ်တော်အပေါ် သစ္စာစောင့်သိစွာဖြင့် ကျန်ရှိနေခဲ့သည်။
ဒရက်ဂေါအကြောင်းကို ကေးလ် ကြားလိုက်ရသည့်အခါ သူ၏ သံသယများမှာ အတည်ဖြစ်သွားရသည်။ သူသည် လူစီယန်အားအထူးသတိထားရန် ထပ်မံ၍ သတိပေးလိုက်သည်။
ဒရက်ဂေါ တစ်ယောက်တည်း ဖြစ်ချင်မှ ဖြစ်လိမ့်မည်။ ပို၍ဆိုးရွားသည်မှာ...
"သခင်လေးက သူတို့ရဲ့ နောက်ထပ် ပစ်မှတ် ဖြစ်နိုင်တယ်..."
ထိုစကားအပြီးတွင် ကေးလ်သည် အိမ်တော်အတွင်းရှိ လူမနေသည့် အိမ်တစ်လုံးတွင် ခေတ္တတည်းခိုရန် သွားရောက်ခဲ့သည်။
"ဒါပေါ့... သူလျှိုက တစ်ယောက်တည်းပဲ ရှိရမယ်လို့ ဘယ်သူပြောလဲ။ အကယ်၍သာ..."
လူစီယန်၏ အတွေးစသည် ရုတ်တရက် ရပ်တန့်သွားသည်။
သူ့ရင်ထဲတွင် တုန်လှုပ်ချောက်ချားစရာ အသိတစ်ခု ရုတ်တရက် ဝင်ရောက်လာသဖြင့် ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားကာ ချွေးအေးများပင် ပြန်လာမိသည်။
"ဆီဘတ်စ်..." သူက တိုးညင်းပြီး အရေးတကြီး လေသံဖြင့် ခေါ်လိုက်သည်။ "အစေခံအားလုံးကို စာကြည့်ခန်းထဲကို ခေါ်လာခဲ့။ အခုချက်ချင်းပဲ။"
လူစီယန်၏ အမူအရာမှာ အလွန်ပင် လေးနက်တည်ကြည်နေသဖြင့် ဆီဘတ်စ်၏ နာမည်ကို အမြဲတမ်း စနောက်နေကျ စကားလုံးမျိုးတောင် မပြောတော့ပေ။ ဆီဘတ်စ်သည်လည်း အခြေအနေ၏ ပြင်းထန်မှုကို ချက်ချင်း ရိပ်မိသွားပြီး သူ့ရင်ထဲတွင် တင်းကျပ်သွားသည်။ လူစီယန်တစ်ယောက် အန္တရာယ်ရှိသော တစ်စုံတစ်ခုကို လုပ်တော့မည်ဆိုတာ သူ သိလိုက်ရသည်။
စကားတစ်ခွန်းမျှ မဆိုဘဲ ဆီဘတ်စ်သည် အိမ်တော်တွင် ကျန်ရှိနေသေးသော အစေခံသုံးဦးကို စုစည်းရန် ထွက်သွားခဲ့သည်။
စားဖိုမှူးတစ်ဦး။
အိမ်ဖော်တစ်ဦး။
ဥယျာဉ်မှူးတစ်ဦး။
"သခင်လေး..."ဟု သူတို့က ဦးညွှတ်၍ အရိုအသေပေးလိုက်ကြသည်။
"နှစ်တွေအကြာကြီး လုဒ်ဝဲလ်အိမ်တော်အပေါ် သစ္စာစောင့်သိပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ကို ဆုလာဘ်တွေ ပေးပါ့မယ်လို့ ကျွန်တော် ကတိပေးပါတယ်။ ဒါပေမဲ့ အရင်ဆုံး..."
စကင်န်
လူစီယန်သည် မည်သို့မျှ တွန့်ဆုတ်မနေဘဲ ထိုသူသုံးဦးစလုံးကို တစ်ပြိုင်နက်တည်း စစ်ဆေးလိုက်သည်။ ၎င်းက သူ့မျက်လုံးများပေါ်တွင် ဖိအားဖြစ်စေနိုင်သည်ကိုလည်း သူ အမှုမထားတော့ပေ။
သူ၏ရှေ့တွင် အချက်အလက်ပြား သုံးခု လွင့်မျောလာသည်။
အမည် - ဆိုင်နက်ပ်(ကျား)
အသက် - ၃၇ နှစ်
လူမျိုး - လူသား
အလုပ်အကိုင် - စားဖိုမှူး
အဆင့် - ၇
ဘွဲ့တံဆိပ် - လုဒ်ဝဲလ်၏ စားဖိုမှူး• ရွှေလက်များ
စွမ်းရည် - ချက်ပြုတ်ခြင်း
မှော်ပညာ - အိမ်တွင်းမှော်
သစ္စာရှိမှု - ၇၀
အခြေအနေ–ကျေးဇူးတင်နေသည်/တည်ငြိမ်နေသည်
အမည် - အာဂျီနပ် (မ)
အသက် - ၃၁ နှစ်
လူမျိုး - လူသား
အလုပ်အကိုင် - အိမ်ထိန်း
အဆင့် - ၃
ဘွဲ့တံဆိပ် – လုဒ်ဝဲလ်၏ အိမ်ဖော်
စွမ်းရည် – မရှိ
မှော်ပညာ – အိမ်တွင်းမှော်
သစ္စာရှိမှု - ၇၀
အခြေအနေ–ကျေးဇူးတင်နေသည်/တည်ငြိမ်နေသည်
အမည် - ရိုဒီယပ် (ကျား)
အသက် - ၂၇ နှစ်
လူမျိုး - လူသား
အလုပ်အကိုင် - အင်းဆက်ထိန်းသိမ်းသူ
အဆင့် - ၁၇
ဘွဲ့တံဆိပ် – ကိုးလ်ဟတ်၏ သစ္စာရှိအစေခံ ၊ လျှို့ဝှက်စကားပြောသူ လုဒ်ဝဲလ်၏ ဥယျာဉ်မှူး
စွမ်းရည် – အင်းဆက်အုပ်စုအား မြှင့်တင်ခြင်း • မွေးမြူခြင်း
မှော်ပညာ – အိမ်တွင်းမှော်
သစ္စာရှိမှု - -၂၀
အခြေအနေ–ရှောင်ဖယ်နေသည်/သတိဝီရိယရှိနေသည်
လူစီယန်သည် သက်ပြင်းတစ်ချက်ကို အကြီးအကျယ် ချလိုက်မိသည်။ သူ စဉ်းစားနေစရာပင် မလိုတော့ပေ။
သူ၏ဒေါသကို မနည်းထိန်းချုပ်ထားရသည်။
ဆိုင်နက်ပ်။ အာဂျီနပ်။ ခင်ဗျားတို့ရဲ့ ဆုလာဘ်အတွက် နောက်မှ ခေါ်လိုက်မယ်။ ရိုဒီယပ်... မင်း ကျန်ခဲ့ပါ။"
'နာမည်တွေကို နောက်ပြန်လှည့်ဖတ်ရင် တောင် ရယ်စရာကောင်းပေမဲ့ ဆိုင်နက်ပ်နဲ့ အာဂျီနပ်ကတော့ သန့်ရှင်းပါတယ်' ဟု လူစီယန်က စိတ်ထဲတွင် လေးလေးနက်နက် တွေးလိုက်သည်။
ထိုအစေခံနှစ်ဦးသည် ကျေးဇူးတင်သည့်အပြုံးဖြင့် အခန်းထဲမှ ထွက်ခွာသွားကြသည်။ သူတို့လည်း နယ်မြေအတွင်း ဖြစ်ပျက်နေသည့် အခြေအနေများကို ကောင်းစွာ သိရှိထားကြသည်။ သူတို့သည် ငယ်ရွယ်သော သခင်လေး၏ ပြောင်းလဲမှုကို သတိပြုမိကြပြီး သူ ဖြစ်လာသည့် လူစားမျိုးအတွက် ကျေးဇူးတင်ရုံသာ တတ်နိုင်ကြသည်။
ထို့နောက် လူစီယန်သည် မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်တိုင်းကို စနစ်တကျ ပိတ်လိုက်သည်။ အက်ကြောင်းများ၊ အပေါက်ငယ်များအားလုံးကို သေချာစွာ စစ်ဆေးပြီး လေလုံအောင် ပြုလုပ်လိုက်သည်။
သူသည် "အင်းဆက်" တစ်ကောင်ကိုပင် အထဲသို့ မဝင်လာစေရပေ။ ရိုဒီယပ်၏ စွမ်းရည်များကို ထောက်ထား၍ ဤမျှ သတိထားနေခြင်းဖြစ်သည်။
စာကြည့်ခန်းအတွင်း အမှောင်ထု လွှမ်းခြုံသွားပြီးနောက် လူစီယန်၏ အေးစက်သော အသံမှာ တိတ်ဆိတ်မှုကို ဖြတ်သန်းကာ ထွက်ပေါ်လာသည်။
"ဆီဘတ်စ်... သူ့ကို ဖမ်းလိုက်။"
လူစီယမ်၏ အမိန့်ပေးသံနှင့်အတူ ဆီဘတ်စ်သည် လှုပ်ရှားလိုက်သည်။
"ဘာ... အု!" ရိုဒီယပ်၏ အံ့အားသင့်သံမှာ ဆီဘတ်စ်၏ လျင်မြန်သော ချုပ်ကိုင်မှုကြောင့် တိုတောင်းစွာဖြင့် ရပ်တန့်သွားသည်။
'ကျွန်တော် ရှင်းပြဖို့တောင် မလိုဘူးပေါ့။ အဲဒါကြောင့်လည်း ခင်ဗျားက အကောင်းဆုံး ဆီဘတ်စ်ဖြစ်နေတာပေါ့!' ဟု ဆီဘတ်စ်၏ ထက်မြက်မှုကို သဘောကျလျက် လူစီယန်က တွေးလိုက်သည်။
လူစီယန်သည် ရိုဒီယပ်အား စိုက်ကြည့်ကာ အေးစက်သော လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။
"ကျွန်တော် သိချင်မိတယ်... ဆီဘတ်စ်ကိုတောင် မရိပ်မိစေဘဲ ငါ့မိဘတွေကို မင်း ဘယ်လိုနည်းနဲ့ သတ်လိုက်တာလဲ?"
ရိုဒီယပ်၏ မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။
လူစီယမ်က အမှန်တရားကို မည်သို့ရှာဖွေတွေ့ရှိသွားသလဲဆိုတာကို သူ မသိရှိသဖြင့် တိတ်ဆိတ်သွားသည်။
သို့သော် ခိုင်မာသော အထောက်အထားမရှိဘဲ သူတို့ သူ့ကို အပြစ်တင်နိုင်မည် မဟုတ်ပေ။
ရိုဒီယပ်သည် စကားလုံးများကို ဂရုတစိုက် ရွေးချယ်ပြောဆိုရမည်ဖြစ်ကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။ ဆီဘတ်စ်၏ ခွန်အားမှာ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားနေသည်ကို သူ အခုမှ သိလိုက်ရသည်။ သူ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ၊ ဆီဘတ်စ်၏ ခန္ဓာကိုယ်မှာ တုတ်တုတ်မျှ မလှုပ်ပေ။ ထိုအချက်တစ်ခုတည်းနှင့်တင် သူ အသာစီးမရနိုင်တော့ကြောင်း ရိုဒီယပ် သိလိုက်သည်။
"သခင်လေး... ကျွန်တော်က အားနည်းတဲ့ ဥယျာဉ်မှူးတစ်ယောက်ပါ၊" ဟု သူက အသံတုန်ရီစွာဖြင့် တောင်းပန်လိုက်သည်။ "ကျွန်တော်က ဘာရွန်နဲ့ ဘာရွန်ကတော်ကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ။ သူတို့က ကျွန်တော့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့တာ၊ ကျွန်တော် သူတို့အပေါ် ကျေးဇူးတင်ပါတယ်။ ဘာကြောင့်များ သူတို့ကို အန္တရာယ်ပြုရမှာလဲ။"
သူ့စကားတွေက ယုံကြည်လောက်ဖွယ်ရှိနေပြီး စနစ်၏အကူအညီသာ မရခဲ့လျှင် လူစီယမ်ကိုယ်တိုင်ပင် ယုံမိလောက်သည်အထိ ဖြစ်နေသည်။
"အင်း..." ဟု လူစီယန်က ရေရွတ်လိုက်သည်။ "မင်း သူတို့ကို ပျားတွေနဲ့ သတ်လိုက်တာလား။ ခဏနေပါဦး... ပျားတွေက သာမန်ပဲဆိုတာ ငါ အတည်ပြုပြီးသားပါ။ ဒါက တစ်မျိုးမျိုးသော စွမ်းရည်တစ်ခုခုလား။"
ရိုဒီယပ်၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုများ ဖြတ်ပြေးသွားသည်။ လူစီယန်၏ မေးခွန်းက အလကားမှန်းဆလိုက်တာလား၊ ဒါမှမဟုတ် သေချာစွာ ခွဲခြမ်းစိတ်ဖြာပြီးမှ မေးတာလားဆိုတာ သူ မဝေခွဲနိုင်။
မည်သို့ပင်ဖြစ်စေ၊ ဒါက ကြောက်စရာကောင်းလှသည်။ လူစီယန်၏ စကားလုံးတိုင်းက အမှန်တရားဆီသို့ တဖြည်းဖြည်းချင်း နီးကပ်လာနေသည်။
ရိုဒီယပ်သည် နောက်ထပ်လိမ်ညာစကားလုံးများ ပြောရန် ပါးစပ်ဟလိုက်ချိန်တွင်...
ရုတ်တရက်၊ ရှုပ်ထွေးလှပသော ဒီဇိုင်းများဖြင့် စာအုပ်တစ်အုပ်မှာ လူစီယန်၏ရှေ့တွင် အသက်ဝင်နေသကဲ့သို့ လွင့်မျောလာသည်။
ရိုဒီယပ်၏ မျက်လုံးများ ထပ်မံပြူးကျယ်သွားသည်။ သူ ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သို့သော် ဆီဘတ်စ်၏ တုံ့ပြန်မှုမှာမူ ကွဲပြားသည်။ အရိပ်ထဲတွင် ပုန်းကွယ်နေသော ဆီဘတ်စ်သည် လူစီယန်နှင့် လွင့်မျောနေသော စာအုပ်ကို ကြည့်ကာ ဂုဏ်ယူဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်းတို့ ရောထွေးနေသော မျက်ရည်စတစ်စကို ပါးပြင်ပေါ်သို့ စီးကျစေခဲ့သည်ကို လူစီယမ် သတိမထားမိလိုက်ပေ။
ထိုအချိန်တွင် ဆီဘတ်စ်၏ အမူအရာမှာ ပုံမှန်အတိုင်း တည်ငြိမ်သွားပြန်သည်။ 'သခင်လေးကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ... "သူ" သာဆိုရင် အင်မတန် ဂုဏ်ယူနေရှာမှာ...' ဟု ဆီဘတ်စ်က တွေးလိုက်ပြီး သူ၏မျက်လုံးများတွင် ယုံကြည်မှုအသစ်တို့ဖြင့် ပြန်လည် တောက်ပလာသည်။
ရိုဒီယပ်မှာမူ ထိတ်လန့်သွားပြီး ဆီဘတ်စ်၏ ချုပ်ကိုင်မှုမှ ရုန်းကန်ရန် ကြိုးစားသည်။ ထိုလျှို့ဝှက်ဆန်းကြယ်သော စာအုပ်၏ သဘောသဘာဝကို သူ နားမလည်သော်လည်း သူ့အတွက်မူ ၎င်းမှ အမှောင်ထုနှင့် ခြိမ်းခြောက်နေသော အငွေ့အသက်များ ထွက်ပေါ်နေသလို ခံစားရသည်။
လူစီယမ်သည် တည်ငြိမ်စွာပင် တောက်ပနေသော စာမျက်နှာကို လှန်လိုက်သည်။ ထိုအလင်းရောင်သည် စာကြည့်ခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အမှောင်ထုကို လင်းလက်သွားစေသည်။
စွမ်းရည် : ကြယ်၃လုံး
သရုပ်ဖော်ပုံ - မာနာ အမျှင်တန်းများဖြင့် အင်းဆက်များကို ထိန်းချုပ်နေသည့် ပုံရိပ်
အမည် - (အင်းဆက်အုပ်စုအား မြှင့်တင်ခြင်း)
ဖော်ပြချက် - အင်းဆက်များ၏ စွမ်းဆောင်ရည်များကို (အမြန်နှုန်း၊ ဖီရိုမုန်းအစွမ်း၊ အဆိပ်၊ မျိုးပွားလိုစိတ်နှင့် အခြားအရာများအပါအဝင်) အလွန်အမင်း မြှင့်တင်ပေးသည်။
လူစီယန်၏ တိတ်ဆိတ်မှုမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ရိုဒီယပ်သည် လူစီယန်၏ အကြည့်များ၏ ဖိအားကို ခံစားနေရသည်။ ထိုအေးစက်သော မျက်ဝန်းများနောက်ကွယ်မှ ဒေါသတရားက သူ့ကို ဤနေရာမှ ပျောက်ကွယ်သွားစေချင်သည်အထိ ဖြစ်စေသည်။
“(အင်းဆက်အုပ်စုအား မြှင့်တင်ခြင်း) တဲ့လား..."
လူစီယန်က စွမ်းရည်နာမည်ကို ရေရွတ်လိုက်တဲ့အခါ ရိုဒီယပ်၏ ပထမဆုံးစိတ်ကူးက ထွက်ပြေးဖို့ပဲ ဖြစ်သည်။ သူ့စွမ်းရည်အကြောင်းကို ဘယ်သူမှ မသိကြပေ။ လူစီယန်အနေနဲ့ သိရှိသွားဖို့ နည်းလမ်းမရှိခဲ့ပါ။
ဒါပေမဲ့ သူ စကားမပြောခင်မှာပဲ လေထဲမှာ လွင့်မျောနေတဲ့ စာအုပ်ကို လူစီယမ် စိုက်ကြည့်နေတာကို သူ သတိထားမိလိုက်သည်။
အဲဒီအခါမှာတော့ သူ နားလည်သွားပြီ... လွတ်မြောက်လမ်း မရှိတော့ပါ။
သူသည် ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်မိသွားခဲ့ပြီ။ လူစီယမ်က သူ့ကို အရှင်လတ်လတ် ဘယ်တော့မှ လွှတ်ပေးတော့မှာ မဟုတ်ဘူးဆိုတာ သူ သေချာပေါက် သိလိုက်သည်။
လူစီယန်၏ မျက်နှာအမူအရာမှာ ဒေါသထွက်ပြီး နာကြည်းမှုတွေနဲ့ ပြည့်နှက်နေသည်။ 'ဘာလို့ ငါတို့ ဒါကို စောစောက မသိခဲ့ရတာလဲ' လို့ သူ ခါးသီးစွာ တွေးလိုက်သည်။
"ဒါကြောင့်ပဲ... ဥယျာဉ်ရဲ့ သုံးပုံတစ်ပုံကို ပန်းတွေနဲ့ ပြည့်နေအောင် ထားတာကိုး... မင်းရဲ့ အင်းဆက်တွေကို ကျွေးမွေးဖို့ပေါ့လေ။"
လူစီယန်၏ မျက်နှာပေါ်တွင် နောင်တအရိပ်အယောင်လေး ပေါ်လာသည်။ 'ဒီစွမ်းရည်ကိုသာ ငါ စောစောက ရခဲ့ရင်...'
သူသည် မျက်ရည်ကို အတင်းအဓမ္မ ထိန်းချုပ်ထားလိုက်သည်။ တစ်စက်တောင် ကျမသွားအောင် တားဆီးလိုက်သည်။ သို့သော် သူ့မျက်လုံးထဲက ဒေါသမီးတောက်တွေကိုတော့ ဖုံးကွယ်ထားလို့ မရနိုင်တော့ပေ။
လူစီယန်၏ အတွေးများသည် သူ့မိဘများ ပေးအပ်ခဲ့ဖူးသည့် နွေးထွေးမှုဆီသို့ လွင့်မျောသွားသည်။ ထိုနွေးထွေးမှုကို သူ နောက်တစ်ခါ ဘယ်တော့မှ ခံစားရတော့မည် မဟုတ်ကြောင်း သူ သိသည်။ သူ့မိဘများအနေနဲ့လည်း သူ မျက်ရည်ကျတာကို လိုလားမှာ မဟုတ်ဘူးဆိုတာကိုလည်း သူ ကောင်းကောင်း သိနေသည်။
ထိုအမှတ်တရများနှင့်အတူ သူသည် ခိုင်မာပြတ်သားပြီး မယိမ်းယိုင်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။
"ဆီဘတ်စ်... ဒီသစ္စာဖောက်ကို ညှဉ်းပန်းနှိပ်စက်လိုက်ပါ။ ဒါပေမဲ့ သူ့ကိုတော့ မသတ်နဲ့ဦး။ ငါ့မိဘတွေအတွက် လက်စားချေမယ့်သူက ငါကိုယ်တိုင် ဖြစ်ရမယ်။"
ဆီဘတ်စ်သည် လူစီယန်၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရင်ထဲတွင် ဝမ်းနည်းခြင်းများ လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။ သူ၏ စွမ်းအားများရှိနေသော်လည်း သူ့သခင်လေးအတွက် အရေးအကြီးဆုံးအရာကို ကာကွယ်ပေးနိုင်ဖို့ တစ်ဖန်ပြန်၍ ပျက်ကွက်ခဲ့ပြန်ပြီ။ သူခံစားနေရသော အကူအညီမဲ့မှုသည် အလွန်ပင် ရင်းနှီးနေခဲ့သည်။ အဲဒီတစ်ခေါက်တုန်းကလိုမျိုးပါပဲ...
မိမိကိုယ်ကို ပြန်လည်ထိန်းချုပ်ရန် ခဏတာ အချိန်ယူလိုက်ပြီးနောက် ဆီဘတ်စ်သည် ခေါင်းညိတ်လိုက်ပြီး လူစီယန်၏ အမိန့်ကို လိုက်နာဆောင်ရွက်လိုက်သည်။
တစ်နာရီအကြာတွင် အခြားအခန်းတစ်ခန်း၌ လူစီယန်သည် ဓားတစ်လက်ကို ကိုင်လျက် ဝင်ရောက်လာသည်။ မည်သို့မျှ တွန့်ဆုတ်မနေဘဲ ရိုဒီယပ်၏ ဦးခေါင်းကို ဓားဖြင့် အချက်လိုက် ထိုးစိုက်လိုက်သည်။
<တင်!>
တိတ်ဆိတ်နေသော အခန်းထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။<တင်!>