အခန်း(၅) - အိုပ်စ်
လူးဝဲလ်နယ်မြေ၏ ရပ်ကွက်တွင်းရှိ လွတ်လပ်သော နေရာတစ်ခုတွင်...
လူးဝဲလ်နယ်မြေ၏ အချက်အချာနေရာတွင် နိုင်ငံသား ၂၀၀ ခန့် စုဝေးရောက်ရှိနေကြသည်။ သူတို့သည် မိမိတို့၏ အိမ်ဟု ခေါ်ဆိုသော ဤမြေကို စွန့်ခွာမသွားဘဲ သစ္စာစောင့်သိနေကြသူများဖြစ်သည်။
ယခင်နယ်စားနှင့် နယ်စားကတော်တို့မှာ ပြည်သူများအပေါ် အလွန်ပင် စိတ်ကောင်းရှိကြသည်။ နောက်ဆုံးထွက်သက်တိုင်အောင်ပင် နယ်စားကြီး၏ တစ်ခုတည်းသော ဆန္ဒမှာ သူ၏ ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန် ဖြစ်သည်။
ထို့ကြောင့် သူတို့ ကွယ်လွန်သွားသောအခါ နယ်မြေတစ်ခုလုံးမှာ ဝမ်းနည်းခြင်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ယခုအခါ လူတိုင်း၏ မျက်လုံးများမှာ လူစီယန်ထံသို့ ရောက်ရှိနေကြသည်။ သူတို့သည် လူစီယန်ကို စိတ်အားထက်သန်ပြီး ထက်မြက်ကာ ကူညီလိုစိတ်ရှိသည့် ကလေးတစ်ယောက်အဖြစ်သာ မှတ်မိနေကြသည်။ သို့သော် နယ်စားတစ်ယောက် ဖြစ်လာခြင်းမှာ လုံးဝကို ကိစ္စရပ်တစ်ခု ဖြစ်သည်။
အများစုမှာ ဘာကိုမျှ မျှော်လင့်ရမှန်း မသိကြပေ။ အချို့မှာမူ အဆိုးဆုံးကို ကြောက်ရွံ့နေကြသည်။ နောက်ဆုံးတော့ သူသည် သူတို့မျက်လုံးထဲတွင် ကလေးတစ်ယောက်သာ ရှိသေးသည်။
နယ်မြေ၏ အခြေအနေ ပိုမိုဆိုးရွားလာပါက ထွက်ပြေးရန် စဉ်းစားနေသူ အချို့လည်း ရှိနေသည်။ မျှော်လင့်ချက်မဲ့ခြင်းများက လေထုထဲတွင် လွှမ်းမိုးနေသည်။
သို့သော် သူတို့ ရောက်လာကြသည်။ မျှော်လင့်ချက်ကြောင့်ထက် သေဆုံးသွားသော နယ်စားကြီးအပေါ် သစ္စာစောင့်သိမှုကြောင့်သာ ဖြစ်သည်။ သူတို့သည် နောက်ထပ် ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်မျှော်ရင်း ကွင်းပြင်တွင် ရပ်နေကြသည်။
ထိုစဉ် လူစီယန် ရောက်ရှိလာသည်။
သူသည် သူတို့မှတ်မိနေသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ လျှောက်လှမ်းလာခြင်း မဟုတ်ပေ။
သူ၏ ခြေလှမ်းများမှာ တည်ငြိမ်သည်။
သူ၏ မျက်နှာမှာ ပြတ်သားသည်။
သူ၏ အငွေ့အသက်မှာ အာဏာရှိသည်။
စကားပြောသံအားလုံး ရပ်တန့်သွားသည်။ သူ အပေါ်ဆုံးစင်မြင့်ပေါ်သို့ တက်လာချိန်တွင် လူအုပ်ကြီးမှာ တိတ်ဆိတ်သွားသည်။
သူ့နောက်တွင် ဒရက်ဂေါကို တုပ်နှောင်ဖမ်းဆီးထားလျက် လိုက်ပါလာသည့် ဆီဘက်စ်ကိုပင် လူတို့ သတိမထားမိကြတော့ဘဲ လူစီယန်ကိုသာ အံ့အားသင့်စွာ ကြည့်နေမိကြသည်။
လူစီယန် လူအုပ်ကြီးကို စူးစိုက်ကြည့်လိုက်သည်။ သူတို့၏ သတိထားကြည့်နေသော မျက်ဝန်းများကို သူ မြင်သည်။ သူတို့သည် လူစီယန်ကို ကွယ်လွန်သွားသော နယ်စားကြီး၏ အရိပ်လက္ခဏာတစ်ခုလို ကြည့်နေကြသည်။
ဤသည်မှာ သူ၏ 'ဆွဲဆောင်မှု'
စွမ်းရည်နှင့် "လူ့အဖွဲ့အစည်းအတွက်ဘေးအန္တရာယ်"
ဟူသည့် ဘွဲ့အမည်ကြောင့် ဖြစ်ကြောင်း သူ သိသည်။ ၎င်းတို့ အလုပ်ဖြစ်နေသည့်အတွက် သူ ဝမ်းသာမိသည်။ ထိုသို့ဆိုလျှင် သူ၏ အစီအစဉ်အတိုင်း ဆက်လုပ်ရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။
လူစီယန် အချက်ပြလိုက်သည်။
လူစီယန်က ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်ရာ ဆီဘက်စ်သည် ဒရက်ဂေါကို စင်မြင့်အလယ်တည့်တည့်သို့ ဆွဲခေါ်သွားလိုက်သည်။
နောက်ဆုံးတော့ လူအုပ်ကြီးက ဒရက်ဂေါကို သတိထားမိသွားကြသည်။
တုပ်နှောင်ခံထားရပြီး ဒဏ်ရာဗရပွဖြစ်နေသည့် ထိုလူကို မြင်လိုက်ရသောအခါ လူအုပ်ထဲတွင် ဝေဝါးသော ရေရွတ်သံများ ထွက်ပေါ်လာသည်။
"အဲ့ဒါ သတ္တုတွင်း မန်နေဂျာ မဟုတ်လား?"
"သူ့ပုံစံက ငရဲကနေ လွတ်လာတဲ့လူလိုပဲ..."
"သခင်လေးက သူ့ကို ဘာတွေလုပ်ထားတာလဲ?"
"နေပါဦး... သူတို့က ငါတို့ကို သူ့ကိုပဲ ကျွေးတော့မှာ မဟုတ်ပါဘူးနော်... ဘာလို့လဲဆိုတော့ စားစရာ မရှိတော့လို့လေ!"
နောက်ဆုံးစကားသံကို ကြားလိုက်ရသောအခါ လူစီယန် မျက်နှာပျက်သွားသည်။
’ကောင်းပါပြီ... တော်တော်လေး စိတ်ကူးယဉ်ကြတာပဲ။’
ကွင်းပြင်တစ်ခုလုံးတွင် လူအုပ်ကြီးသည် ထူးဆန်းသော ခန့်မှန်းချက်များကို အပြန်အလှန် ပြောဆိုရင်း ဆူညံသွားကြသည်။ အချို့က စိုးရိမ်တကြီး ဖြစ်နေကြပြီး၊ အချို့ကမူ အလွန်အမင်း စိတ်ကူးယဉ်နေကြသည်။ ကြားလိုက်ရသည့် အဓိပ္ပာယ်မရှိသော စကားများကို လူစီယန် နားထောင်ရသည်မှာပင် မောပန်းလာသည်။
ကိစ္စရပ်များ ပိုမိုဆိုးရွားမသွားမီ သူသည် လက်ကို မြှောက်လိုက်သည်။
ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
ထို့နောက် အေးစက်ရှင်းလင်းသော အသံဖြင့် သူ ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ သစ္စာရှိ ပြည်သူများခင်ဗျာ။ ကျွန်တော် သိပါတယ်။ ခင်ဗျားတို့ ဒုက္ခရောက်ခဲ့ကြရတာကိုပါ။ ခင်ဗျားတို့ရဲ့ အခက်အခဲတွေကို ကျွန်တော် အကုန်သိပါတယ်။ နယ်စားသစ်တစ်ယောက်အနေနဲ့ ခင်ဗျားတို့ ခံစားရတဲ့ နာကျင်မှုတွေဟာ ကျွန်တော့်နာကျင်မှုပါပဲ! အခု ကျွန်တော် ကတိပေးပါတယ်။...
ဒီနေ့ကစပြီး ဒီဒုက္ခတွေ အဆုံးသတ်ပါတော့မယ်။
ဒါပေမဲ့ အရင်ဆုံး ကျွန်တော် ဝန်ခံစရာတစ်ခု ရှိပါတယ်။ ကျွန်တော် ခင်ဗျားတို့အပေါ် တာဝန်မကျေပွန်ခဲ့ပါဘူး။
ကျွန်တော့်ရဲ့ စောင့်ကြည့်မှုအောက်မှာ သစ္စာဖောက်တစ်ယောက် ထွက်ပြေးလွတ်မြောက်သွားအောင် ကျွန်တော် ခွင့်ပြုမိခဲ့တယ်။ သူက ကျွန်တော်တို့ မြေကို အဆိပ်သင့်စေပြီး ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူခဲ့တာပါ။ အဲ့ဒီအတွက် ခင်ဗျားတို့ဆီကနေ ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်။"
လူအုပ်ကြီးထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့၏ ရင်ထဲတွင် စိတ်ခံစားမှုများ တက်ကြွလာသည်။
"ဟုတ်ပါတယ်၊ သစ္စာဖောက်ပါ။ ဒရက်ဂေါ... ကျွန်တော်တို့ ယုံကြည်ခဲ့ရတဲ့ လူပါ! ဒရက်ဂေါ! မင်းရဲ့ သစ္စာဖောက်မှုက ဘယ်လောက်တောင် ကြီးလေးတယ်ဆိုတာ မင်း နားလည်ရဲ့လား?!"
လူစီယန်သည် ဒရက်ဂေါထံသို့ အကြည့်ကို ပြောင်းလိုက်သည်။
လူအုပ်ကြီးကလည်း အတူတူ လိုက်ကြည့်ကြသည်။
ထိုအခါ... တစ်စုံတစ်ခု ပြောင်းလဲသွားသည်။
သူတို့၏ မျက်လုံးများ စူးရှလာပြီး စိတ်ခံစားမှုများဖြင့် တောက်လောင်လာသည်။
မတရားမှု။
ဒေါသစိတ်။
မုန်းတီးမှု။
သူတို့ခံစားခဲ့ရသည့် ဒုက္ခများ၏ အရှိန်အဝါမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာပြီး အသည်းအသန် ဒေါသထွက်နေကြသည်။
လူစီယန်သည် ထိုအခြေအနေကို စောင့်ကြည့်နေရင်း လေထုထဲတွင် တင်းမာမှုများ လှိုင်းထနေသည်ကို ခံစားလိုက်ရသည်။
လူစီယန် သူတို့ကို အခုဆိုလျှင် ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။
"သူဟာ ကျွန်တော်တို့ထဲက တစ်ယောက်မဟုတ်ဘူး။ သူဟာ သူလျှိုတစ်ယောက်ပဲ။ ကျွန်တော်တို့ရဲ့ အိမ်ကို ဖျက်ဆီးဖို့အတွက် လောဘကြီးတဲ့ နယ်စားတစ်ယောက်က စေလွှတ်လိုက်တာ။
သူဟာ ကျွန်တော်တို့ရဲ့ သတ္တုတွင်းလုပ်သားတွေကို သတ်ဖြတ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ လယ်ယာမြေတွေကို ဖျက်ဆီးခဲ့တယ်။ ကျွန်တော်တို့ မိသားစုတွေကို ဆာလောင်အောင် လုပ်ခဲ့တယ်။ သူဟာ ကျွန်တော်တို့ လက်နဲ့ကိုယ် တည်ဆောက်ခဲ့တဲ့ ဒီနယ်မြေကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် လုပ်ခဲ့တာ!
ဒီလိုမျိုး သစ္စာဖောက်မှုက နောက်ဆုံး ဖြစ်ပါစေတော့။
ကျွန်တော်... လူစီယန် လူးဝဲလ်၊ ခင်ဗျားတို့ရဲ့ အကာအကွယ်ပေးမယ့်သူအနေနဲ့ ကြေညာလိုက်ပါတယ်။
တရားမျှတမှုကို ဖော်ဆောင်ပေးမယ်!
ဒီပြာပုံကနေ ကျွန်တော်တို့ ပြန်ထူထောင်ကြမယ်။ ဂုဏ်ယူဝံ့ကြွားစွာ၊ မကျိုးမပဲ့ဘဲနဲ့ အရင်ကထက် ပိုသန်မာလာလိမ့်မယ်!"
ဆည်မြောင်းပေါက်ကွဲသွားသကဲ့သို့ပင်။
သူတို့၏ ငတ်မွတ်မှု၊ ဝမ်းနည်းမှုနှင့် အားကိုးရာမဲ့မှုတို့မှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာသည်။
သူတို့သည် သူတို့၏ ဒုက္ခကို စီစဉ်ခဲ့သော နယ်စား၏ နာမည်ကို မသိကြပေ။
သို့သော် ယခုအခါ သူတို့တွင် ပစ်မှတ်တစ်ခု ရှိသွားပြီဖြစ်သည်။
သစ္စာဖောက်တစ်ယောက်။
အပြစ်တင်စရာ အကြောင်းရင်းတစ်ခု။
လူအုပ်ကြီးမှာ ဒေါသသံများဖြင့် ပွက်လောရိုက်သွားသည်။ သူတို့၏ နာကျင်မှုများက တညီတညွတ်တည်း အော်ဟစ်သံအဖြစ် စုစည်းသွားသည်။
"""""သတ်! သတ်! သတ်!"""""
’သေစမ်း... သူတို့ ငါ့ကိုပါ ကြောက်အောင် လုပ်နေပြီ။’ ဟု လူစီယန် တွေးလိုက်မိသည်။
တကယ်တော့ လူစီယန်သည် သစ္စာဖောက်ကို သတ်ဖြတ်ရန် မည်သူ့၏ ခွင့်ပြုချက်မျှ မလိုပေ။ သူ့အိမ်၊ သူ့မိသားစုကို ခြိမ်းခြောက်သူမှန်သမျှကို သူ သတ်ဖြတ်ပစ်မည်သာ ဖြစ်သည်။
သူသည် ပွင့်လင်းမြင်သာမှုကိုသာ လိုလားသည်။ ဘာကြောင့် ဒီအရာတွေ ဖြစ်ပျက်နေရသလဲဆိုတာ လူတိုင်း သိစေချင်သည်။
ဆီဘက်စ်သည် ရှေ့သို့ တိုးလာပြီး သူ၏ အမြဲတမ်း တည်ငြိမ်နေသည့် ဟန်ပန်ကို ဖျက်လိုက်သည်။
"သခင်လေး... တောင်းပန်ပါတယ်။ ကျွန်တော့်ကို လုပ်ခွင့်ပေးပါ။ သခင်လေးရဲ့ လက်တွေကို ဒီအညစ်အကြေးနဲ့ မစွန်းထင်းပါစေနဲ့။ ဒီဆီဘက်စ်ကိုပဲ ဒီဝန်ထုပ်ကို ထမ်းခွင့်ပေးပါခင်ဗျာ။"
လူစီယန် ခေါင်းခါလိုက်သည်။
"ဆီဘက်စ်တီယန်၊ ဒါက နယ်စားတစ်ယောက်ရဲ့ တာဝန်ပဲ။ နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်လာရင် ကျွန်တော် အဆင်သင့် ဖြစ်နေရမယ်။"
ဆီဘက်စ်သည် ကန့်ကွက်ရန် ပါးစပ်ဟလိုက်သော်လည်း လူစီယန်က လက်ကို မြှောက်ပြလိုက်သည်။
သက်ကြီးအိမ်တော်ထိန်းသည် တွေဝေသွားပြီး နောက်သို့ ပြန်ဆုတ်သွားသည်။
သူ၏ အသံမှာ တိုးလျပြီး လူအုပ်ကြီး၏ အော်ဟစ်သံကြားတွင် ကပ်၍ပင် ကြားရသည်။
"တောင်းပန်ပါတယ်... ကျွန်တော် ပေးခဲ့တဲ့ ကတိကို မတည်နိုင်ခဲ့ဘူး..."
သို့သော် သူပြောလိုက်သည့်ပုံစံမှာ လူစီယန်အတွက် ရည်ရွယ်ပြောခြင်း မဟုတ်ပေ။
အခြား တစ်ယောက်ယောက်အတွက် ဖြစ်သည်။
အလွန် ဝေးကွာသော နေရာတစ်ခုတွင် ရှိနေသူတစ်ယောက်အတွက် ဖြစ်သည်။
လူစီယန် ရှေ့သို့ တိုးထွက်လိုက်သည်။ လူအုပ်ကြီး၏ အော်ဟစ်သံများက သူ့ပတ်လည်တွင် ပဲ့တင်ထပ်နေသည်။ ဒရက်ဂေါမှာ ပါးစပ်ကို အဝတ်ဖြင့် စည်းနှောင်ထားခံရသဖြင့် ဝေဝါးသော အသံများသာ ထွက်နိုင်ပြီး ရုန်းကန်နေဆဲဖြစ်သည်။ သူ၏ 'လှည့်ဖြားခြင်း' စွမ်းရည်ကို အသုံးပြုမည့်အရေးကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆီဘက်စ်ကို အသံတိတ်အောင် ပြုလုပ်ခိုင်းထားခဲ့ခြင်း ဖြစ်သည်။
"သိလား" လူစီယန်က ဒရက်ဂေါကို တိုးတိုးလေး ပြောလိုက်သည်။ "ဂိမ်းတွေမှာလို သွေးဘားတန်း တို့ တခြား အေခြအေနတွေကို ငါ ဘာလို့ မမြင်ရတာလဲဆိုတာကို စနစ် ကို မေးကြည့်ဖူးတယ်။ ဘာအဖြေမှ မရခဲ့ဘူး။ တကယ်ကို သုံးရတာ အဆင်မပြေလိုက်တာ။"
ဒရက်ဂေါ၏ ကြောက်လန့်နေသော မျက်ဝန်းများမှာ ဘာမှန်းမသိဘဲ ဟိုဒီ လှည့်ပတ်နေသည်။
"တချို့အရာတွေက ဂဏန်းတွေနဲ့ တိုင်းတာလို့ မရတာ ဖြစ်နိုင်သလို တခြားသော အကြောင်းရင်းတွေလည်း ရှိနေနိုင်တာပဲ။ အဲ့ဒီတော့ ဒီသီအိုရီကို စမ်းသပ်ကြည့်ရအောင်။ မင်းကပဲ ငါ့ရဲ့ စမ်းသပ်ချက် ပစ္စည်းလေး ဖြစ်ပေးရမယ်။
ဘာပဲပြောပြော ဂိမ်းတွေထဲမှာဆို အဆင့် ၁ က အဆင့် ၂၃ ကို ထိခိုက်အောင် လုပ်နိုင်ဖို့ မဖြစ်နိုင်ဘူးလေ။
အခုပဲ သိရအောင်။"
လူစီယန် သူ့ဓားကို ဆွဲထုတ်လိုက်သည်။
တစ်ချက်ကြည့်လိုက်လျှင် ၎င်းမှာ အလှဆင်ထားသည့် ဓားတစ်ချောင်းနှင့် တူသည်။ သူ၏ ဖခင်သည် ၎င်း၏ ပြင်းထန်မှုထက် အလှအပအတွက် ပို၍ တန်ဖိုးထားခဲ့သော ဓားတစ်လက် ဖြစ်သည်။
သို့သော် လူစီယန် စက်ငန် ကို အသုံးပြုလိုက်သည့်အခါ ၎င်း၏ စစ်မှန်သော တန်ဖိုးကို ရှာဖွေတွေ့ရှိသွားသည်။
<သံကိုက် >
အမျိုးအစား: ရေတိုဓား
ရှားပါးမှုအဆင့်: ရှားပါး
ဖော်ပြချက်: အနက်ရောင်သံဖြင့် ပုံသွင်းထားပြီး တာရှည်ခံအောင် ပြုပြင်ထားသည်။ သံမဏိဖြင့် ကိုက်ဖြတ်ခံရသကဲ့သို့ အသားအရေများကို စုတ်ပြဲသွားစေသည်။
နေရောင်ခြည်အောက်တွင် ဓားသွားသည် တောက်ပနေပြီး အနက်ရောင် အစွန်းပိုင်းမှာ အေးစက်ကာ ရက်စက်သော အရိပ်အယောင်များဖြင့် တောက်ပနေသည်။
လူစီယန် ဓားကို မြှောက်လိုက်သည်။
ထို့နောက် အောက်သို့ ပြင်းထန်စွာ ဆွဲချလိုက်သည်။
သန့်ရှင်းပြီး မြန်ဆန်သည်။
ဓားသွားသည် ဒရက်ဂေါ၏ လည်ပင်းကို ထက်ထက်မြက်မြက် ဖြတ်တောက်သွားသည်။ သူ၏ ခေါင်းမှာ လေထဲတွင် လွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။
ပြည်သူများသည် လူစီယန်ထံမှ တစ်ဆင့် လဲကျသွားသော သစ္စာဖောက်၏ အလောင်းထံသို့ မျက်လုံးများ ပြူးကျယ်လျက် ငေးကြည့်နေကြသည်။
လူစီယန် တုန်လှုပ်ခြင်းမရှိသလို နောင်တလည်း မရပေ။
သူ့ကို အံ့အားသင့်စေသည်မှာ အဆင့် ၁ သာရှိသော သူက အဆင့် ၂၃ ရှိသူကို ခေါင်းဖြတ်လိုက်နိုင်ခြင်းပင် ဖြစ်သည်။ ၎င်းက အရာအားလုံးကို ပြောင်းလဲသွားစေသည်။ သူသာ အဆင့်မြင့်သူကို သတ်နိုင်လျှင် အဆင့်နိမ့်သူများကလည်း သူ့ကို အလားတူ ပြုလုပ်နိုင်မည်ဖြစ်သည်။
စွမ်းအားဆိုသည်မှာ သူထင်ထားသလို တန်းတန်းမတ်မတ် ဖြစ်မနေပေ။
သို့သော်လည်း ဤမြင်ကွင်းမှာ သူ့အတွက်တော့ နည်းနည်းရက်စက်လွန်းနေသည်။
ထိုအချိန်တွင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပေါ်လာသည်။
ဒရက်ဂေါ၏ အလောင်းဘေးတွင် တောက်ပနေသော အရာဝတ္ထုတစ်ခု ပေါ်လာသည်။
"အို... မင်းတစ်ခုခု ကျကျန်ခဲ့တယ်!"
သူ့ပတ်လည်ရှိ လူတိုင်း တိတ်ဆိတ်သွားကြသည်။
သူတို့သည် လူစီယန်ကို ငေးကြည့်နေကြသည်။ သူ၏ မျက်လုံးဝိုင်းဝိုင်းလေးများမှာ ရိုးသားစွာပင် အံ့ဩနေပုံပေါ်သည်။
ထို့နောက်... လူတိုင်း သူ့အကြည့်ကို လိုက်ကြည့်ကြသည်။
မြေပြင်ပေါ်တွင် ပြုတ်ကျနေသော ပြတ်တောက်သွားသည့် ဦးခေါင်းဆီသို့ တည့်တည့်ကြီး ဖြစ်သည်။
တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူမှာ လူအုပ်ထဲမှ ထွက်ပေါ်လာသည့် ရယ်မောသံတစ်ချက် ဖြစ်သည်။
ထို့နောက် နောက်တစ်ခု ထပ်ထွက်လာသည်။
ရုတ်တရက်ပင် ကွင်းပြင်တစ်ခုလုံး ပေါက်ကွဲသွားသည်... ကြောက်ရွံ့ခြင်း သို့မဟုတ် ထိတ်လန့်ခြင်းဖြင့် မဟုတ်ဘဲ ရယ်မောခြင်းများဖြင့် ဖြစ်သည်။
ခစ်ခစ်ရယ်သံများမှသည် ဟားတိုက်ရယ်မောသံများအထိ ဖြစ်လာပြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
"သခင်လေး!!! သခင်လေး!!! သခင်လေး!!!"
သူတို့သည် လူစီယန်၏ စကားကို လုံးဝ အဓိပ္ပာယ်လွဲမှားသွားကြသည်။
လူစီယန်မှာမူ စစ်မှန်စွာပင် အံ့အားသင့်နေမိသည်။ သူက ဘီလူးများသာ ပစ္စည်းများ ချန်ထားခဲ့သည်ဟု ထင်ထားခဲ့မိသည်။
သို့သော် လူအုပ်ကြီးကော?
သူတို့က လူစီယန်ကို အဲ့ဒီမြေပြင်ပေါ်မှာ ပစ်ထားတဲ့ ဦးခေါင်းကို ရည်ညွှန်းပြီး ပြောလိုက်တာဟု ထင်သွားကြသည်။
ထိုအဖြစ်အပျက်က သူတို့ကို ရယ်မောစေသည်။
ခဏလေးအလိုကမှ ရက်စက်ပြတ်သားစွာဖြင့် သေဒဏ်ပေးခဲ့သူက...
ချက်ချင်းဆိုသလိုပင် အတော်လေး အဆင်မပြေပြီး ကလေးဆန်သည့် မှတ်ချက်တစ်ခု ပြောလိုက်ခြင်းဖြင့် လေထုကို မုန်တိုင်းအပြီး နေရောင်ခြည် ပေါ်လာသကဲ့သို့ ပြောင်းလဲသွားစေသည်။
သူတို့သည် လူစီယန်ကို လုံးဝ မကြောက်ကြတော့ပေ။ သူတို့အမြင်တွင် ဒရက်ဂေါသည် သေထိုက်သူတစ်ယောက်သာ ဖြစ်သည်။
လူစီယန်မှာတော့ ထိုအော်ဟစ်အားပေးသံများကြောင့် ကျောရိုးထဲအေးစက်သွားသလို ခံစားလိုက်ရသည်။
’သေစမ်း... ငါသာ ဒါကို အရင်မလုပ်ခဲ့ဘူးဆိုရင် ဒီလူအုပ်ကြီးက ငါ့ခေါင်းကိုပဲ ဖြတ်ပစ်ကြတော့မှာ’ ဟု သူ တွေးလိုက်မိသည်။
သူတို့၏ ရယ်မောသံများကို သွေးဆာနေသည့် ဒေါသအဖြစ် သူ အထင်မှားသွားပြီး ထိုအချက်က သူ့ကို တုန်ယင်သွားစေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် နယ်စားတစ်ယောက်ဖြစ်သည့်အတွက် တည်ငြိမ်မှု ရှိနေရမည်။
တိတ်ဆိတ်စွာပင် သူ ရှေ့သို့တိုးကာ ပြတ်တောက်နေသော ဦးခေါင်းအနီးတွင် ကျန်ရှိနေသည့် ထူးဆန်းသော ပစ္စည်းကို ကောက်ယူလိုက်သည်။
သူ အံ့အားသင့်သွားရသည်မှာ ၎င်းမှာ ပုံမှန်တွေ့နေကျ တောက်ပသော အတုံး (ကုဗတုံး) မဟုတ်ဘဲ သူ၏ လက်ထဲတွင် တောက်ပနေသော ကတ်ပြားတစ်ခု ဖြစ်နေခြင်းကြောင့်ပင်။
သူ ခဏတာ ကိုင်တွယ်လိုက်ပြီးနောက် အခြားသော ပစ္စည်းများကဲ့သို့ပင် ထိုကတ်ပြားသည် ပျောက်ကွယ်သွားသည်။
၎င်းကို နောက်မှ စနစ်တကျ လေ့လာရန် သူ စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
သံသယဖြစ်ဖွယ် မရှိစေရန် လူစီယန်သည် ပြတ်တောက်နေသော ဦးခေါင်းကို ကောက်ကိုင်ကာ အမြင့်သို့ မြှောက်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှာ သေးငယ်လွန်းသောကြောင့် ဦးခေါင်းကို တည်ငြိမ်အောင် ထိန်းထားနိုင်ရန် လက်နှစ်ဖက်စလုံးကို အသုံးပြုလိုက်ရသည်။
"ဟာ့!!!"
သူသည် အောင်ပွဲခံနေသည့် စစ်သည်တော်တစ်ဦးကဲ့သို့ ဦးခေါင်းကို မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လူအုပ်ကြီးမှာမူ သူတို့၏ ရက်စက်ပြတ်သားသော နယ်စားငယ်လေး၏ အဆင်မပြေ၊ ကလေးဆန်သည့် ဟန်ပန်ကို မြင်တွေ့ရသောအခါ အပြုံးများဖြင့် ကြည့်ရှုနေကြသည်။
ရယ်မောသံများနှင့် အော်ဟစ်အားပေးသံများသည် ကွင်းပြင်တစ်ခုလုံးတွင် ပျံ့လွင့်နေသည်။
သို့သော် သူ၏ ဟန်ဆောင်နေသော ရဲရင့်မှုအောက်တွင် လူစီယန်မှာတော့ အော့အန်ချင်စိတ်ကို ခက်ခက်ခဲခဲ ထိန်းထားရသည်။
’အီး... တကယ်ကို ရွံစရာကောင်းလိုက်တာ။’
သူသည် ဦးခေါင်းကို အမြန်ပင် ဟိုဘက်သို့ ပစ်ချလိုက်ပြီး ရှင်းလင်းပေးရန် ဆီဘက်စ်ကို အချက်ပြလိုက်သည်။
သူ ထပ်မံ၍ မလှုပ်ရှားရသေးမီမှာပင် စနစ်မှ အသိပေးချက်များက လူစီယန်၏ မျက်လုံးများရှေ့တွင် တဖျတ်ဖျတ် လင်းလက်လာတော့သည်။