အပိုင်း (၃၇) - မက်ဆင်
ဆီဘတ်စ်သည် သတိလစ်နေသော အဘိုးအိုကို ဆိုဖာပေါ်သို့ ညင်သာစွာ တင်ပေးလိုက်သည်။
ထိုအချိန်တွင် ကလဲရာသည် လူစီယန်၏ ရှေ့၌ ဒူးထောက်လိုက်သည်။ သူမ၏ နဖူးမှာ ကြမ်းပြင်ကို ထိကပ်နေသည်။
ဒိုဂဲဇာ (ဒူးထောက်တောင်းပန်ခြင်း)။
လူစီယန်နှင့် ဆီဘတ်စ်တို့မှာ ထိတ်လန့်မှုကြောင့် မျက်နှာများ ဖြူဖျော့နေဆဲပင်။
လူစီယန်သည် ကလဲရာ၏ အသည်းအသန် အနေအထားကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"တော်တော့။ ဒါ မင်းအမှားမဟုတ်ပါဘူး" ဟု သူပြောသည်။ သူ၏ အသံမှာ တည်ငြိမ်သော်လည်း ပင်ပန်းနွမ်းနယ်နေသည်။
ကလဲရာသည် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူမ၏ မျက်နှာတွင် အပြစ်ရှိသလို ခံစားနေရဆဲပင်။ သူမ၏ ဝမ်းနည်းနေသော နှုတ်ခမ်းဆူဆူကို မြင်လိုက်ရသည့်အခါ လူစီယန်သည် မျက်ခုံးပင့်ကာ ခေါင်းခါလိုက်မိသည်။ သူ သူမကို အပြစ်မတင်နိုင်ပါ။
ပုံမှန်ဆိုလျှင် အခွန်ကောက်ခံသူ မက်ဆင်သည် အစောင့်များနှင့်အတူ ရောက်လာတတ်သော်လည်း... ယနေ့တွင်တော့ သူတစ်ယောက်တည်း လာခဲ့သည်။
ထိုအချက်ကပင် သံသယဖြစ်ဖွယ် ကောင်းလှသည်။ မကြာသေးမီက ကိုးလ်ဟတ်တို့ကြောင့် ဖြစ်ပေါ်လာသည့် မငြိမ်သက်မှုများကြောင့် မည်သူမဆို သူ့ကို ကျူးကျော်သူဟု ထင်မှတ်မှားနိုင်သည်သာ။
လူတိုင်းမှာ သတိနှင့်ရှိနေကြသည်။
သို့သော် သူ တစ်ခုအားတက်မိသည်။ အနည်းဆုံးတော့ သူ့လူတွေက သူစိမ်းတွေကို ဒီလောက်မြန်မြန် ယုံကြည်တတ်သူတွေ မဟုတ်ကြပါ။
"ဒါပေမဲ့ မင်း ဘာလို့ သူ့ကို တိုက်ခိုက်တာလဲ" ဟု လူစီယန်က ကလဲရာကို မေးသည်။ "မင်း တစ်ခုခု မြင်လိုက်လို့လား။ သူက... ဆိုးတဲ့သူလား။"
ကလဲရာသည် လူတို့၏ "အရောင်" ကို မြင်နိုင်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ။
သို့သော် လူစီယန်အတွက်မူ ထိုအရာများမှာ အကဲဖြတ်ရ ခက်သည်။ ကောင်းခြင်းနှင့် ဆိုးခြင်းမှာ အခြေအနေပေါ်မူတည်၍ ပြောင်းလဲတတ်သော မီးခိုးရောင်အဆင့်များသာ ဖြစ်သည်။ မည်သူမျှ တိတိကျကျ အကဲဖြတ်နိုင်မည် မဟုတ်ပါ။
သို့သော် သူ မေးကိုမေးရမည်။
ဘာကြောင့်ဆိုသော် လူစီယန်သည် မက်ဆင် ဆိုသောသူ ဖြစ်နေသည်ဟု မကြားချင်သောကြောင့်ပင်။
ထိုအဘိုးအိုသည် သူ့အပေါ် အမြဲတမ်း ကြင်နာခဲ့သည်။
နူးညံ့သည်။
ဉာဏ်ပညာရှိသည်။
သူ့မိဘများကို ပြန်သတိရစေသူတစ်ဦး။
သူတို့တွင် ရင်းနှီးသည့် ဆက်ဆံရေး ရှိသည်။ ထိုပုံရိပ်ကို စွန့်လွှတ်ရန် ခက်ခဲသည်။
ကလဲရာ၏ တုံ့ပြန်မှုက သူ့ကို စိတ်သက်သာရာ ရစေသည်။
သူမ ခေါင်းခါသည်။ "သူ့အရောင်က ကောင်းပါတယ် အရှင်သခင်။ ဒါကြောင့် ကျွန်မ သူ့ကို သတိလစ်သွားရုံလောက်ပဲ လုပ်လိုက်တာပါ။ အကယ်၍ သူက ဆိုးတဲ့သူဆိုရင်... သူ အခုထိ အသက်ရှင်နေမှာ မဟုတ်တော့ဘူး။"
သူမ၏ စကားက လူစီယန်ကို ကျောချမ်းသွားစေသည်။ သူမက လူတစ်ယောက်၏ အသက်ကို အဆုံးစီရင်ခြင်းမှာ သာမန်အလုပ်တစ်ခုကဲ့သို့ သဘာဝကျကျ ပြောလိုက်သည်။
သူမ ဆက်ပြောသည်။ "...ပြီးတော့ တစ်ခုခုကို သတိပြုမိလာတယ်။ တစ်ခါတစ်ရံမှာ ကောင်းတဲ့သူက ဆိုးနေနိုင်သလို... ဆိုးတဲ့သူကလည်း ကောင်းနေနိုင်တယ်။ ဒါကြောင့် ကျွန်မ တခြားသူတွေကို လွယ်လွယ်နဲ့ မယုံတော့ဘူး... အရှင်သခင်ကလွဲရင်ပေါ့။"
သူမ၏ မျက်လုံးများတွင် သစ္စာရှိမှုများ တောက်ပနေသည်။
လူစီယန် သက်ပြင်းချကာ မျက်လုံးလှိမ့်လိုက်မိသည်။ 'သူမကတော့ ဒီလိုပဲ ပြောတာပဲ။'
တကယ်တော့... မက်ဆင်သာ ဤကိစ္စကို နောက်ယောင်ခံလိုက်ပါက အရာရာကို ထိန်းချုပ်မရတော့ဘဲ ရှုပ်ထွေးသွားနိုင်သည်။
လူစီယန် ကောင်းကောင်းသိသည်။ မြို့တော်ဆိုသည်မှာ မကောင်းဆိုးဝါးများ၏ အသိုက်အမြုံ ဖြစ်သည်။(T/N: –ဒီမကောင်းဆိုးဝါးဆိုတာကအကျင့်ပျက်ခြစားနေတဲ့သူတွေကိုပြောတာပါ)
ထိုအာဏာနှင့် နိုင်ငံရေး အိုင်ထဲတွင် လုဒ်ဝဲလ်မှာ ငြိမ်းချမ်းသော တောရွာငယ်လေးမျှသာ ဖြစ်သည်။
ကိုးလ်ဟတ်တို့ကို ကြည့်ပါ။ သူတို့တွင် အဆင့် (၆) ရောက်ရှိနေသည့် အထူးချွန်ဆုံး တိုက်ခိုက်ရေးသမား အနည်းငယ် ရှိသည်။
မြို့တော်တွင်ဆိုလျှင်ကော။
အဆင့် (၆) တိုက်ခိုက်ရေးသမား ထောင်ပေါင်း၊ သောင်းပေါင်းများစွာ ရှိသည်။ အာဏာမှာ နေရာတိုင်းတွင် ရှိသည်။
ဘုရင်ကော။
အဆင့် (၉) ဟု ကောလာဟလ ရှိသည်။ လက်တစ်ချောင်းမျှ မလှုပ်ဘဲ ကိုးလ်ဟတ်မိသားစု တစ်ခုလုံးကို မြေပုံပေါ်မှ ပျောက်ကွယ်သွားအောင် လုပ်နိုင်သူ။
လူစီယန် တစ်ခါတရံ သူ အဲဒီလို လုပ်စေချင်သည်။ သို့သော် အဲဒါက စိတ်ကူးယဉ်သက်သက်သာ။
တကယ်တော့ လူစီယန် ဘုရင်ကို အထင်မကြီးပါ။ အားနည်းသူများကို အမြတ်ထုတ်ရန် လောဘကြီးသော မှူးမတ်များကို အခွင့်ပေးထားသည့် အပေါက်အလမ်းများပါသော အမိန့်များကို မြင်ပြီးနောက်ပိုင်းတွင် ပို၍ပင် ဖြစ်သည်။
"ကိုးလ်ဟတ်တို့ ငါတို့ကို တိုက်ခိုက်ရဲတာ သူ့ကြောင့်ပဲ" ဟု လူစီယန် ရေရွတ်သည်။ "သူ့အမိန့်တွေက... အဂတိလိုက်စားဖို့ အစာရှာနေတာပဲ။"
လူစီယန်သည် ပင်ပန်းစွာ သက်ပြင်းချရင်း မက်ဆင်ကို 'စစ်ဆေးခြင်း' စွမ်းရည်ဖြင့် ကြည့်လိုက်သည်။
အမည်: မက်ဆင် ဆေးလ်ဗားမိုင်း
အသက်: ၅၀
လူမျိုး: လူသား
အလုပ်အကိုင်: သင်္ချာပညာရှင်
အဆင့်: ၃၂
ဘွဲ့တံဆိပ်:
• အခွန်ကောက်ခံသူ
• အသက်ရှင်နေသော စာရင်းအင်းစာအုပ်
• ကျဆုံးသွားသော ဉာဏ်ကြီးရှင်
စွမ်းရည်များ:
• ပြီးပြည့်စုံသော တွက်ချက်မှု
• ထက်မြက်သော မှတ်ဉာဏ်
• ညှိနှိုင်းရေး
မှော်ပညာ:
• လေမှော် (အဆင့်မြင့်)
• အိမ်တွင်းမှော်
မှော်ဓာတ်:
• လေမှော်
• အာကာသမှော်
နှစ်သက်မှု: ၆၀
အခြေအနေ: အိပ်ပျော်နေခြင်း
လူစီယန် အခြေအနေဖော်ပြချက်ကို ကြည့်ကာ မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
'သူက တကယ်ပဲ သင်္ချာပညာရှင်ပဲ' ဟု သူတွေးလိုက်သည်။
မက်ဆင်သည် ဂဏန်းများနှင့် ညှိနှိုင်းမှုများတွင် အမြဲတမ်း ထူးခြားစွာ ကျွမ်းကျင်သည်။ သူ၏ စိတ်မှာ လှုပ်ရှားနေသော စာရင်းအင်းစာအုပ်ကဲ့သို့ပင်။
ယခုမှပဲ နားလည်တော့သည်။
ပြီးပြည့်စုံသော တွက်ချက်မှုမှာ အရည်အချင်းထက်ပိုသည်။ ၎င်းမှာ စွမ်းရည်တစ်ခု ဖြစ်သည်။ အစွမ်းထက်သော စွမ်းရည်တစ်ခု။
'ထင်ထားတာထက် ပိုအန္တရာယ်များတယ်' ဟု လူစီယန် တွေးလိုက်သည်။
သူသည် 'စွမ်းရည်စွယ်စုံကျမ်း' ကို ဖွင့်ပြီး ပိုမိုလေ့လာရန် ပြင်ဆင်နေစဉ် မက်ဆင် လှုပ်ရှားလာသည်။
အဘိုးအိုသည် ညည်းတွားရင်း ထိုင်လိုက်သည်။
လူစီယန် အလျင်အမြန် ရှေ့သို့ တိုးသွားသည်။
"ဦးမက်ဆင်၊ အဆင်ပြေရဲ့လား" ဟု သူ မေးသည်။ "တောင်းပန်ပါတယ်... ကျွန်တော့်ရဲ့ လက်အောက်ငယ်သားက ဦးကို ကျူးကျော်သူလို့ မှားယွင်းထင်မှတ်သွားတာပါ။"
သူသည် သူ့ကို ဦးမက်ဆင်ဟု အမြဲခေါ်သည်။ ငယ်စဉ်ကတည်းက အလေ့အကျင့်ပင်။
မက်ဆင်က ခေါ်ဖို့ အတင်းအကျပ် ပြောခဲ့ခြင်းဖြစ်သည်။ သွေးသားမတော်စပ်သော်လည်း မိသားစုဝင်တစ်ယောက်ကဲ့သို့ ရင်းနှီးသည်။
မက်ဆင် ဟားတိုက်ရယ်မောလိုက်သည်။
"ဟားဟားဟား! တူလေး၊ မင်းမှာ ဒီလောက် ကြမ်းတမ်းတဲ့ အစောင့်အရှောက် ရှိနေမှန်း ငါမသိဘူး! မင်းမိဘတွေသာ အခု မင်းကို မြင်ရရင်... ဂုဏ်ယူကြမှာ အမှန်ပဲ။"
လူစီယန် ပြုံးလိုက်သည်။ သို့သော် သူ၏ မျက်လုံးများတွင် အပြုံးအရိပ်အယောင် မရှိပေ။
သူ၏ မိဘများကို ပြောလိုက်သည့်အတွက် သူ၏ အတွင်းစိတ်တွင် တစ်စုံတစ်ခု နာကျင်သွားသည်။ ထိုနာကျင်မှုမှာ ဘယ်တော့မှ ပျောက်မသွားပါ။
မက်ဆင် သတိထားမိသွားပြီး သူ၏ မျက်နှာပေါ်မှ ရယ်မောခြင်းများ ပျောက်ကွယ်သွားသည်။
သူတို့ကြားတွင် တိတ်ဆိတ်သွားသည်။
ထို့နောက် မက်ဆင်က တိုးတိုးလေး မေးလိုက်သည်။
"သူတို့ရဲ့ သင်္ချိုင်းကို သွားကြည့်လို့ ရမလား။"
•••
လုဒ်ဝဲလ်၏ သင်္ချိုင်းမှာ နယ်မြေ၏ တောင်ဘက်ပိုင်း အဝေးကြီးတွင် တည်ရှိသည်။
တိတ်ဆိတ်သည်။
ဝေးလံသည်။
နေ့စဉ်ဘဝ၏ ဆူညံသံများ မရောက်ရှိပါ။
လူစီယန်နှင့် မက်ဆင်တို့ တိတ်ဆိတ်စွာ လျှောက်သွားသည်။ သူတို့၏ ခြေလှမ်းများမှာ လေးလံနေသည်။
မည်သူမျှ စကားမပြောကြပါ။
အတိတ်၏ ဝန်ထုပ်ဝန်ပိုးမှာ လေထုထဲတွင် မြူနှင်းများကဲ့သို့ ကပ်တွယ်နေသည်။
နောက်ဆုံးတွင် သူတို့ ရောက်ရှိလာသည်။
သူတို့ရှေ့တွင် လူစီယန်၏ မိဘများ၏ ဂူများရှိသည်။ ရိုးရှင်းသော်လည်း ဂုဏ်သိက္ခာရှိသည်။ လူစီယန် ယခု ကာကွယ်ပေးနေသည့် အရာအားလုံးကို တည်ဆောက်ပေးခဲ့သူများ၏ အမွေအနှစ်များဖြစ်သည်။
သူတို့၏ ပတ်လည်တွင် အခြားသော အုတ်ဂူများ ရှိသည်။ လူစီယန် မကြာသေးမီကမှ ခန့်အပ်ထားသည့် ရိုးရှင်းသော အမှတ်အသားများ။
ကျဆုံးသွားသော သတ္တုတွင်းလုပ်သားများအတွက် အုတ်ဂူများ။
တစ်ခုချင်းစီတွင် နာမည်များ ရေးထိုးထားသည်။ သူတို့မှာ လုပ်သားများသာ မဟုတ်ဘဲ လုဒ်ဝဲလ်၏ ကျောရိုးများ ဖြစ်သည်။
သတ္တုတွင်းလုပ်ငန်းမှာ ရွာ၏ အသက်သွေးကြောဖြစ်ခဲ့ပြီး သူတို့အတွက် ထိုက်တန်သော လေးစားမှုများ ပေးထားသည်။
မက်ဆင်၏ မျက်လုံးများ နာမည်များပေါ်သို့ ကျရောက်သွားပြီး ခေါင်းညိတ်လိုက်သည်။
"မင်း ကောင်းကောင်း လုပ်ပေးခဲ့တာပဲ" ဟု သူ တိုးတိုးပြောသည်။
လူစီယန် ခေါင်းညိတ်သည်။
သူတို့နှစ်ဦး ငြိမ်သက်စွာ ရပ်နေကြသည်။
မက်ဆင် မျက်လုံးများကိုမှိတ်ကာ တိတ်ဆိတ်မှုကို ခံယူသည်။ အတိတ်အမှတ်တရများမှာ သူ၏ မျက်ခွံနောက်တွင် လှည့်ပတ်နေသည်။ ခါးသီးပြီး လေးလံသည်။
ထို့နောက် သူသည် မျက်ရည်များကို အတင်းထိန်းချုပ်ရင်း ခေါင်းကို မော့လိုက်သည်။
"အဲဒီအချိန်တုန်းက ငါ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး..." သူ ရေရွတ်သည်။ "တောင်းပန်ပါတယ် တူလေး။"
လူစီယန် ချက်ချင်း မတုံ့ပြန်ပါ။
သူ သိပြီးသားဖြစ်သည်။ မက်ဆင်သည် အမြဲတမ်း စောင့်ကြည့်ခံနေရသူ ဖြစ်သည်။ ကူညီပေးခြင်းမှာ အန္တရာယ်ကြီးမားလွန်းသည်။
လူစီယန် နားလည်သည်။ လုံးဝနားလည်သည်။
မက်ဆင် သက်ပြင်းချသည်။ "မြို့တော်က မှူးမတ်တွေ... သူတို့ အမြဲစောင့်ကြည့်နေတာ။ အသေးအဖွဲ အကြောင်းပြချက်ကိုတောင် စောင့်နေကြတာ။"
သူသည် လူစီယန်ကို ကြည့်ကာ ပိုမိုတိုးတိုးလေး ပြောသည်။
"မင်း အခုထိ ခံစားနေရပြီ မဟုတ်လား။ ဖိအားတွေ။ ဒီကမ္ဘာကြီးက အားနည်းသူတွေကို... ဒါမှမဟုတ် ကြင်နာသူတွေကို ဆက်ဆံပုံကိုလေ။"
လူစီယန် သူ၏ အကြည့်ကို တည့်တည့်ကြည့်လိုက်သည်။
တည်ငြိမ်သည်။
ပြတ်သားသည်။
"ထပ်ပြောဖို့ မလိုပါဘူး ဦးမက်ဆင်။ ကျွန်တော် ဘာကို ရင်ဆိုင်နေရလဲဆိုတာ သိပါတယ်" ဟု သူပြောသည်။ "ဒါက ကျွန်တော် တည့်တည့်ရင်ဆိုင်မယ့် စစ်ပွဲပါ။ ကျွန်တော့်မိဘတွေ ထားခဲ့တဲ့ အရာတွေကို ကျွန်တော် ကာကွယ်သွားမှာပါ။"
မက်ဆင် သူ့ကို ခဏစိုက်ကြည့်နေသည်။ ထို့နောက် ခေါင်းညိတ်သည်။
လူစီယန်တွင် ယခုအခါ ကလေးဆန်မှု မရှိတော့ပါ။
သူ့ဖခင်နေရာတွင် ရပ်တည်နေသည့် အမျိုးသားတစ်ယောက်သာ ရှိသည်။
ရုတ်တရက်...
မက်ဆင် တုန်လှုပ်သွားသည်။
သူ၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး... သူ၏ အသားအရေအောက်မှ အနက်ရောင် မီးတောက်များ ထွက်ပေါ်လာသည်။ သူ့ကို အတွင်းမှနေ၍ ဝါးမြိုရန် ကြိုးစားနေသည့် ကျိန်စာကဲ့သို့ပင်။
လူစီယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "ဦးမက်ဆင်!"
မက်ဆင် ယိုင်လဲသွားသည်။
လူစီယန် သူ့ကို ထိန်းပေးလိုက်သည်။
သူသည် အလိုအလျောက်ပင် မြင့်မြတ်သောစွမ်းအင်ကို သူ၏ မျက်လုံးထဲသို့ ပို့လိုက်သည်...
ထို့နောက် သူ မြင်လိုက်ရသည်။
မှောင်မိုက်သော စွမ်းအင်က မက်ဆင်၏ မာနာသွေးကြောများကို သီးခြားခွဲထုတ်ထားသည်။
၎င်းမှာ ရွှံ့နွံကဲ့သို့ စီးဆင်းနေသည်။
သူ၏ စွမ်းအင်လမ်းကြောင်းများကို စားသုံးနေသည်။
အတွင်းမှနေ၍ လောင်ကျွမ်းနေသကဲ့သို့ သူ၏ အူတိုင်ကို ဝါးမြိုနေသည်။
လူစီယန် သွားများကို ကြိတ်လိုက်သည်။
"ဦးမက်ဆင်... ဒါ ဘာလဲ?!"
မက်ဆင် သက်ပြင်းရှည် တစ်ချက်ချသည်။ နာကျင်မှုကြောင့် မဟုတ်ဘဲ ရင်းနှီးမှုကြောင့် ဖြစ်သည်။
"အဲဒီအကြောင်း တွေးမိတော့... ငါ မင်းကို ဘယ်တုန်းကမှ မပြောပြရသေးဘူး မဟုတ်လား" သူ၏ အသံမှာ တည်ငြိမ်လွန်းသည်။ "ဒါ ကျိန်စာတစ်ခုပါ။ အကြာကြီးကတည်းက ငါ့မှာ ရှိနေတာ။"
သူသည် ပေဟောင်းတစ်ခုအကြောင်း ပြောနေသကဲ့သို့ပင်။ အနှောင့်အယှက်ဖြစ်သော်လည်း ထိတ်လန့်စရာ မဟုတ်တော့ပေ။
လူစီယန်၏ မျက်နှာသွင်ပြင်မှာ တင်းမာသွားသည်။ "ကျိန်စာ" ဟူသော စကားလုံးကြောင့် တစ်စုံတစ်ခုကို သတိရသွားသည်။
သူ၏ နှလုံးခုန်သံမှာ မြန်ဆန်လာသည်။
"ကျိန်စာလား" ဟု သူ မေးသည်။ "အသေးစိတ် ပြောပြပေးလို့ ရမလား။"
မက်ဆင် သူ့ကို ခဏစိုက်ကြည့်သည်။
သူ့ရှေ့တွင် သူသိခဲ့သည့် ကလေးငယ် မရှိတော့ပါ။ အမျိုးသားတစ်ယောက်သာ ရှိတော့သည်။
ဖခင်ဖြစ်သူ၏ ဝန်ထုပ်ဝန်ပိုးများကို ထမ်းနိုင်သည့် ခွန်အားရှိသော သူ။
သူ အနည်းငယ် ပြုံးလိုက်သည်။
"...ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်း ဒီလောက်တောင် ကြီးပြင်းလာပြီဆိုတော့ ပြောပြဖို့ ထိုက်တန်ပါတယ်"
မက်ဆင်သည် အတိတ်၏ အနာတရားများကို သတိရရင်း အဝေးကို ငေးကြည့်နေသည်။
"တစ်ချိန်တုန်းက..." သူ စတင်ပြောပြသည်။ "နိုင်ငံတော်တစ်ခုလုံးရဲ့ အခွန်ကောက်ခံဖို့အတွက် မှူးမတ်မိသားစုကြီး သုံးခုကို အပ်နှင်းထားတဲ့ အချိန်ရှိခဲ့တယ်။"
သူ လက်ချောင်း သုံးချောင်း ထောင်ပြသည်။
"ရွှေသတ္တု၊ ငွေသတ္တု၊ ကြေးသတ္တု။"
လူစီယန် တိတ်ဆိတ်စွာ နားထောင်နေသည်။
"မိသားစုတိုင်းမှာ ကိုယ်ပိုင် နယ်မြေရှိတယ်။ သူတို့ လုပ်ဆောင်ချက်အတွက် အခွန်ရဲ့ ငါးရာခိုင်နှုန်းကို ရရှိတယ်။ တရားမျှတတဲ့ ဆုလာဘ်ပေါ့။"
သူ လက်ချောင်းတစ်ခုကို ချလိုက်သည်။
"ဒါပေမဲ့ ဘေးအန္တရာယ် ကျရောက်လာတယ်။ ကြေးသတ္တုမိသားစု ကျဆုံးသွားတယ်။ ရန်သူလို့ခေါ်တဲ့သူတွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတာ။ ဒါပေမဲ့ ဦးနှောက်ရှိတဲ့သူတိုင်း သိပါတယ်။ ဒါကို ရွှေသတ္တုမိသားစုက စီစဉ်ခဲ့တာပါ။"
လူစီယန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ကြေးသတ္တုမိသားစု မရှိတော့တဲ့အခါ သူတို့ရဲ့ နယ်မြေကို ကျန်တဲ့ နှစ်ခုကြား ခွဲဝေလိုက်တယ်။ ရွှေသတ္တုနဲ့ ငွေသတ္တု။ တခြား ဘယ်မှူးမတ်မိသားစုမှ အစားမထိုးရဲဘူး။ ရွှေသတ္တုမိသားစုက သူတို့ရဲ့ သတင်းစကားကို ရှင်းရှင်းလင်းလင်း ပေးခဲ့တာ။ ဆန့်ကျင်ရင် ပျက်စီးမယ်ပေါ့။"
မက်ဆင်၏ လေသံမှာ မှောင်မိုက်လာသည်။
"အဲဒီမှာ နောက်ထပ် ထိုးနှက်ချက် ရောက်လာတာ။"
သူသည် လက်သီးကို ဆုပ်ထားသည်။
"ငွေသတ္တုမိသားစုရဲ့ နာမည်ပျက်သွားတယ်။ အခွန်ကောက်ခံတဲ့ ရထားလမ်းတွေကို တိုက်ခိုက်ခံရတယ်။ ပစ္စည်းတွေ ပျောက်သွားတယ်။ အစောင့်တွေ ပျောက်သွားတယ်။ ငါတို့ နှစ်ပေါင်းများစွာ လုံခြုံအောင် လုပ်ထားတဲ့ လမ်းတွေက ရုတ်တရက် သေခြင်းလမ်းတွေ ဖြစ်သွားတယ်။"
လူစီယန် အဲဒါ ဘယ်ကိုဦးတည်နေလဲဆိုတာ သိနေပြီ။
"ရွှေသတ္တုမိသားစုပဲလား" ဟု သူ မေးသည်။
မက်ဆင် ခေါင်းညိတ်သည်။
"သူတို့ ငါတို့ကို တိုက်ရိုက် မဖျက်ဆီးနိုင်ဘူး။ ငါတို့မှာ အခြေခံအုတ်မြစ် နက်တယ်။ သစ္စာရှိတဲ့ တိုက်ခိုက်ရေးသမားတွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့ တခြားနည်းလမ်း ရှာတွေ့သွားတယ်။ ကျိန်စာ။ တိတ်ဆိတ်တယ်၊ ရှာလို့မရဘူး၊ ပျက်စီးစေတယ်။"
သူ၏ လက်မှာ ရင်ဘတ်ပေါ်တွင် တုန်ယင်နေသည်။
"သူတို့ ငါတို့ရဲ့ ဉာဏ်ကြီးရှင်ကို တိုက်ခိုက်ခဲ့တယ်။"
လူစီယန် တစ်စုံတစ်ခုကို သတိရသွားသည်။
"ဟုတ်တယ်။ ငါက အဲဒီ ဉာဏ်ကြီးရှင်ပဲ။ မြို့တော်မှာ ထွန်းကားလာမယ့် ကြယ်တစ်ပွင့်အဖြစ် ချီးကျူးခံရတဲ့ အဆင့် (၇) မှော်ဆရာ။ ငါ လေမှော်ကို လွယ်လွယ်ကူကူ သုံးနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျိန်စာ... ငါ့ရဲ့ မာနာသွေးကြောတွေထဲက ပုပ်သိုးမှု။ ဒါက ငါ့ကို ဒုက္ခပေးတယ်။ တစ်နှစ်ပြီးတစ်နှစ် ငါ့ခွန်အားတွေ လျော့နည်းသွားတယ်။ အခုဆို အဆင့် (၃) လောက်ပဲ ရှိတော့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကတည်းက ငါ့ရဲ့ လေမှော်ကို မသုံးနိုင်တော့ဘူး။"
သူ ပင်ပန်းစွာ ရယ်မောသည်။
"အခုဆိုရင်ကော။ ငါတို့ နယ်စပ်တွေကနေ အခွန်ပဲ လိုက်ကောက်နေရတာ။ ရွှေသတ္တုမိသားစု ဂရုမစိုက်တဲ့ နေရာတွေပေါ့။ ဒီမှာ စည်းစိမ်လည်း မရှိဘူး၊ အာဏာလည်း မရှိဘူး။ ဒါပေမဲ့ ငါတို့ သည်းခံတယ်။ ငါတို့ ရှင်သန်နေတယ်။"
မက်ဆင် လူစီယန်ကို ပြန်ကြည့်သည်။
"အဲဒါက အမှန်တရားပဲ။ ငွေသတ္တုမိသားစု ပျက်စီးခြင်းက ရုတ်တရက် မဟုတ်ဘူး။ စီစဉ်ထားတာ။ ငါ ဒီကျိန်စာနဲ့ အသက်ရှင်နေရတာ။"
မက်ဆင် သက်ပြင်းချသည်။
"အမှန်တော့... ငါ ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ အမြဲသိတယ်။ မင်းကို ကူညီချင်ပေမဲ့ ငါ တိတ်ဆိတ်နေခဲ့ရတာ။"
မက်ဆင် ခဏနားပြီး သက်ပြင်းထပ်ချသည်။
"ငါသာ ဝင်ပါခဲ့ရင်... ငါသာ တစ်ခုခု မှားလုပ်ခဲ့ရင်... ရွှေသတ္တုတွေက ငါတို့နှစ်ယောက်လုံးကို ချေမှုန်းဖို့ အကြောင်းပြချက်အဖြစ် သုံးမှာ။ သူတို့ အကုန် စောင့်ကြည့်နေတာ။ ငွေသတ္တုမိသားစုနဲ့ မင်းရဲ့ နယ်မြေကို အမြစ်ပြတ်ချေမှုန်းဖို့ စောင့်နေကြတာ။"
လူစီယန် ခေါင်းညိတ်သည်။
အဲဒါ အမှန်တရားပဲ။
မှူးမတ်ဘဝဆိုသည်မှာ နိုင်ငံရေးသက်သက် မဟုတ်ပါ။ ရှင်သန်ခြင်းအတွက် နှေးကွေးပြီး အသက်ရှူရခက်သော ကစားပွဲတစ်ခု ဖြစ်သည်။
သူက ကံကောင်းသည်ဟု ပြောရမည်။ မြို့တော်နှင့် ဝေးသည်။
ဒီမှာ ရင်ဆိုင်ရတာက ကိုးလ်ဟတ် ဆိုတဲ့ မိကျောင်းတစ်ကောင်သာ။
စကျင်ကျောက်ခန်းမတွေထဲမှာ ပုန်းအောင်းနေတဲ့ ဘီလူးတွေနဲ့ ယှဉ်ရင် ဒါက ထိန်းချုပ်နိုင်သေးသည်။
လူစီယန် ရှေ့သို့ တိုးလိုက်သည်။
"ဦးမက်ဆင်၊ နောက်ထပ် စိတ်ပူစရာ မလိုတော့ပါဘူး။"
မက်ဆင် မျက်ခုံးပင့်သည်။
လူစီယန် အနည်းငယ် ပြုံးသည်။ "ဒီကျိန်စာကို ဖယ်ရှားနိုင်တဲ့ နည်းလမ်း ကျွန်တော့်မှာ ရှိပါတယ်။"
သူ့စကားမှာ သဘာဝကျလွန်းသဖြင့် မက်ဆင် နားကြားမှားသည်ဟု ထင်လိုက်သည်။
သို့သော် လူစီယန်သည် သူ၏ သိုလှောင်နေရာထဲသို့ လက်လှမ်းလိုက်သည်။
ထို့နောက် ၎င်း ပေါ်လာသည်။
သန့်စင်ခြင်း၏ အနှစ်သာရ။