အခန်း ၂၆ - စလိုင်းဘော့စ်
လူစီယန်သည် ဒန်ဂျန်ထဲတွင် အချိန်အကြာကြီး နေရန် အစီအစဉ်မရှိပေ။
ဝင်ပေါက်သို့ ရောက်သည်နှင့် သူသည် အရင်က စလိုင်းများထံမှ ရရှိထားသော 'ရေမွှေးကို ထုတ်လိုက်သည်။
ဖော်ပြချက်အရ ၎င်းကို အသုံးပြုလိုက်ပါက သူသည် စလိုင်းတစ်ကောင်ကဲ့သို့ အနံ့ထွက်လာမည်ဖြစ်ပြီး အခြားစလိုင်းများက သူ့ကို သူတို့ထဲမှ တစ်ကောင်ဟု ထင်မှတ်သွားစေမည် ဖြစ်သည်။
"ဘော့စ်အခန်းဆီကို အမြန်ဆုံး သွားဖို့အတွက်တော့ အကောင်းဆုံးပဲ!"
ထိုရေမွှေးမှာ အပြင်ပန်းအားဖြင့် သာမန်အတိုင်းပင် ဖြစ်သည်။ စနစ်၏ လက်ဆောင်အဖြစ် လှပစွာ ထုပ်ပိုးထားသော်လည်း ထူးခြားမှု မရှိလှပေ။
သူသည် ၎င်းကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြန်းလိုက်သည်။
ပြီးတော့... ဘာမှ မဖြစ်လာ။
အနံ့လည်း မထွက်။
ထုံကျင်မှုလည်း မရှိ။
လုံးဝ ပြောင်းလဲမှု မရှိပေ။
သူသည် နောက်တစ်ကြိမ် ထပ်ရှူကြည့်သည်။ ဘာအနံ့မှ မရသေးပေ။
"အင်း... စလိုင်းတွေပဲ ဒီအနံ့ကို ရတာ ဖြစ်နိုင်တယ်" ဟု ပခုံးတွန့်ကာ ရေရွတ်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် လမ်းတစ်လျှောက်ရှိ စလိုင်းများမှာ သူ့ကို ရန်လိုခြင်း မရှိကြပေ။ တကယ်ဆိုလျှင် အချို့သော စလိုင်းများမှာ သူ့ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေကြသည်။
သူသည် ငုံ့ကြည့်ကာ အချို့ကို လက်ဖြင့် ထိုးဆွကြည့်သည်။ ၎င်းတို့မှာ အိမ်မွေးတိရစ္ဆာန်များကဲ့သို့ သူ့ပတ်လည်တွင် ပျော်ရွှင်စွာ ခုန်ပေါက်နေကြသည်။
စလိုင်းတစ်ကောင်မှာဆိုလျှင် သူ၏ ခြေထောက်ကိုပင် ပွတ်သပ်နေသည်။
"မင်းတို့ကို မွန်းစတားတွေမှန်း ငါမသိခဲ့ရင်တော့ တစ်ကောင်လောက် မွေးထားမိတော့မှာပဲ" ဟု လူစီယန်က ရယ်မောကာ ပြောလိုက်သည်။
သို့သော် ဒန်ဂျန်သတ္တဝါများကို အပြင်သို့ ခေါ်ထုတ်သွား၍ မရပေ။ ၎င်းတို့မှာ အလွန် အန္တရာယ်များလွန်းသည်။
မည်သို့ပင်ဖြစ်စေ သူသည် စလိုင်းတစ်ကောင်ကို ကောက်ကိုင်လိုက်သည်။ သူ ရှေ့ဆက်လျှောက်သွားစဉ် စလိုင်းလေးမှာ သူ၏ လက်မောင်းထဲတွင် နူးညံ့စွာဖြင့် ပုံစံပြောင်းသွားသည်။
လမ်းလျှောက်နေရင်း သူသည် ထိုအကောင်လေးကို သူ၏ သိုလှောင်နေရာ ထဲရှိ စလိုင်းအရုပ်များနှင့် နှိုင်းယှဉ်ကြည့်မိသည်။
"ဘာလို့ ဒီအရုပ်တွေက ပိုနူးညံ့နေရတာလဲ? သူတို့ကို ဘာတွေနဲ့ လုပ်ထားတာလဲ...?"
နောက်ဆုံးတွင် သူသည် ဘော့စ်အခန်း သို့ ရောက်ရှိသွားသည်။
လူစီယန်သည် ထိုစလိုင်းလေးကို နောက်ဆုံးအကြိမ်အဖြစ် ဖက်လိုက်သည်။
နှေးကွေးစွာ
ရည်ရွယ်ချက်ရှိရှိဖြင့်။
သူ ခွဲခွာရတော့မည့်အတိုင်းပင်။
ထို့နောက်...
တွန့်ဆုတ်ခြင်းမရှိဘဲ သူသည် စလိုင်း၏ နူးညံ့သော ကိုယ်ထည်ထဲသို့ လက်ကို ထိုးသွင်းကာ အနှစ်တုံး ကို ဆုပ်ကိုင်လိုက်သည်။
စလိုင်းလေးမှာ ခဏတာ တုန်ခါသွားပြီးနောက်... သူ၏ ခြေရင်းတွင် အရည်ပျော်ကျကာ ရေအိုင်လေးအဖြစ် ပြောင်းလဲသွားသည်။
"ဟူးး..." လူစီယန်သည် သူ၏ ရင်ဘတ်ကို ဖိထားလိုက်သည်။ "ငါ ဒါကို လုပ်ချင်တာ မဟုတ်ပေမယ့်... သနားနေလို့ မဖြစ်ဘူး။"
သူသည် သူ့ကိုယ်သူ အပြစ်မရှိကြောင်း နှစ်သိမ့်သည့်အလား ပြောလိုက်ခြင်းဖြစ်သည်... တကယ်တမ်းတွင်မူ သူ ဘာအပြစ်မှ မခံစားရပေ။
သူ၏ လက်ကို သန့်စင်လိုက်ပြီးနောက် လူစီယန်သည် ရှေ့တွင်ရှိသော ကြီးမားသည့် တံခါးကြီးများဆီသို့ လှည့်လိုက်သည်။
တံခါးမှာ ကြီးမားလှပြီး အလင်းတန်းများ ပါရှိသည့် ထွင်းထုထားသော ပုံစံများ ရှိသည်။
သူသည် လက်နှစ်ဖက်စလုံးကို တံခါးပေါ်တင်ကာ တွန်းလိုက်သည်။
သူ အံ့ဩသွားရသည်မှာ တံခါးမှာ ခုခံမှုမရှိဘဲ အလွယ်တကူ ပွင့်လာပြီး ပွင့်သွားချိန်တွင် အသံတိုးတိုးလေး ထွက်ပေါ်လာသည်။
ကျွီ……
အခန်းအတွင်းပိုင်းသို့ ရောက်သောအခါ သူထင်ထားသည်ထက် ပိုမိုကျယ်ဝန်းနေသည်ကို တွေ့လိုက်ရသည်။
ဒန်ဂျန်နံရံများက အေးစက်စက် အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေပြီး ထိုအလင်းရောင်က အခန်းကြီးတစ်ခုလုံးကို လင်းထိန်စေရန် လုံလောက်နေသည်။
အခန်းအလယ်ဗဟိုတွင်မူ... အရာတစ်ခုက တုန်ခါနေသည်။
စောင့်ကြိုနေခြင်းဖြစ်သည်။
စလိုင်းဘော့စ် ...
၎င်းမှာ အလွန်ပင် ကြီးမားလှသည်။
သေးငယ်သော စလိုင်းအကောင်များစွာ ပေါင်းစပ်ထားသကဲ့သို့ ပုံသဏ္ဌာန်မှာ ရုပ်ပျက်ဆင်းပျက် ရှိလှသည်။ ၎င်း၏ မျက်နှာပြင်မှာ သက်တန့်ရောင်များဖြင့် အရောင်လက်နေသော်လည်း အရောင်များမှာ သပ်ရပ်မှုမရှိဘဲ ရှုပ်ထွေးနေသည်။ ၎င်းတို့မှာ အသက်ဝင်လာသော စိတ္တဇပန်းချီကားတစ်ချပ်ကဲ့သို့ ရှုပ်ပွနေသည်။
လူစီယန် ဝင်ရောက်လာသည်နှင့် ထိုသတ္တဝါမှာ လှုပ်ရှားလာသည်။
၎င်းသည် သူ့ကို စိန်ခေါ်သည့်အလား နှေးကွေးစွာဖြင့် ခုန်ပေါက်လာသည်။
"ဒီတော့ ရေမွှေးက ဘော့စ်အပေါ်မှာ အလုပ်မလုပ်ဘူးပေါ့" ဟု လူစီယန်က လေးနက်စွာ မှတ်ချက်ပြုလိုက်သည်။ ဘော့စ်က သူ့ကို ချက်ချင်းပင် ရိပ်မိသွားသည်။
သူ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
(စစ်ဆေးခြင်း)။
စလိုင်းဘော့စ်
အဆင့် : ၁၀
အားနည်းချက်များ:
• မာနာအူတိုင်
• ဒြပ်စင်ဆိုင်ရာ မှော်အတတ်များ (မီး၊ လျှပ်စီး၊ ရေခဲ)
ရုတ်တရက်ပင် လူစီယန်၏ အာရုံခံစားမှုမှာ ပြင်းထန်စွာ လှုပ်ရှားလာသည်။
စလိုင်းဘော့စ်က ပထမဆုံး အစပျိုးတိုက်ခိုက်လိုက်သည်။ ကြိုတင်တိုက်ခိုက်မှု!
အပြင်ဘက်ရှိ နာခံတတ်သော စလိုင်းများနှင့် မတူဘဲ ဤကောင်မှာ အလွန်ပင် ရန်လိုသည်။
သူ့ကို အံ့အားသင့်စေသည်မှာ တိုက်ခိုက်မှုတစ်ခုတည်း မဟုတ်ဘဲ ပစ်ခတ်လိုက်သော စလိုင်းအချွဲတုံးခဲ အရေအတွက်ပင် ဖြစ်သည်။
စလိုင်းအချွဲတုံးခဲ ၅ လုံးကို တစ်ပြိုင်နက် ပစ်လွှတ်လိုက်ရာ လေထဲတွင် တဝီဝီမြည်ကာ အံ့အားသင့်စရာ အရှိန်ဖြင့် ရောက်လာသည်။
လူစီယန် အသက်ကို အောင့်ထားလိုက်ပြီး ဘေးသို့ ခုန်ချလိုက်ရာ ထိုတိုက်ခိုက်မှုကို ကပ်သီးကပ်သပ် ရှောင်လွှဲနိုင်ခဲ့သည်။
"မြန်လွန်းတယ်..."
သူ အချိန်မဖြုန်းတော့ပေ။ ဖောက်ထွင်းသူမျက်လုံး ကို အသက်သွင်းလိုက်ပြီး စလိုင်းဘော့စ်၏ အူတိုင် ရှိမည့်နေရာကို ရှာဖွေသည်။
သို့သော် သူတွေ့လိုက်ရသည့်အရာက သူ့ကို ကြက်သီးထသွားစေသည်။
"စောက်ကျိုးနည်း... ဘာလို့ အနှစ်တုံးတွေ ဒီလောက်များနေရတာလဲ?"
သူ အကုန်မရေတွက်ရသေးခင်မှာပင် နောက်ထပ် တိုက်ခိုက်မှုတစ်ခု ရောက်လာသည်။ သူသည် ဘေးသို့ လှိမ့်လိုက်ကာ နောက်တစ်ကြိမ် နီးနီးကပ်ကပ် ရှောင်လွှဲလိုက်ရသည်။
တိုက်ခိုက်မှုတိုင်းက တစ်ခုကို အတည်ပြုနေသည်... ၎င်းမှာ သာမန်စလိုင်းမျိုး မဟုတ်ပေ။
'ဒါကြောင့် မာနာ အူတိုင် က အားနည်းချက်အဖြစ် ပြထားတာကိုး...'
ထိုစဉ် တစ်ခုခုက သူ့အာရုံကို ဖမ်းစားလိုက်သည်။ အူတိုင်တစ်ခုမှာ ထူးခြားနေသည်။
ပိုကြီးသည်။
ပိုတောက်ပသည်။
ဗဟိုချက်မှ အနည်းငယ် လွဲနေသည်။
'အဲ့ဒါ ပင်မအူတိုင်ပဲ ဖြစ်ရမယ်' ဟု သူ တွေးလိုက်သည်။
သူသာ အဲ့ဒီနေရာကို ရောက်အောင်သွားနိုင်ရင်... ဒီတိုက်ပွဲက သူစိုးရိမ်ထားသည်ထက် (သို့မဟုတ်) သူမျှော်လင့်ထားသည်ထက် ပိုမြန်မြန် ပြီးသွားလိမ့်မည်။
လူစီယန်ကို အနည်းငယ် စိတ်သက်သာရာ ရစေသည်မှာ စလိုင်းဘော့စ်၏ လှုပ်ရှားမှု နှေးကွေးခြင်းပင် ဖြစ်သည်။
၎င်းက သူ့ကို လိုက်မမီပေ။ ထို့ကြောင့် သူ ပတ်ပြေးရင်း အစီအစဉ်တစ်ခု ဆွဲရန် အချိန်ရသွားသည်။
သို့သော် ထိုစဉ် ဘော့စ်မှာ ရုန်းကန်လာသည်။
၎င်းမှာ ပုံမှန်မဟုတ်ဘဲ ဟိုခုန်ဒီခုန် လုပ်လာသည်။
"သူ လှုပ်ရှားတော့မာလား..."
ရုတ်တရက်ပင် ၎င်း၏ ကြီးမားလှသော ကိုယ်ထည်မှာ တုန်ခါသွားပြီး... နှစ်ခြမ်း ကွဲထွက်သွားသည်။
ကိုယ်ထည်၏ အစိတ်အပိုင်းတစ်ခု ပြတ်ထွက်သွားပြီး ၎င်း၏ အရွယ်အစားမှာ သေးငယ်သွားသည်။ ထိုအပိုင်းအစထဲမှ စလိုင်းငယ်လေး နှစ်ကောင် ပေါ်ထွက်လာသည်။
သူတို့က ထူးခြားသည်။
ပိုမြန်သည်။
သူတို့သည် အံ့အားသင့်စရာ အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးလာပြီး လူစီယန်ကို လိုက်ဖမ်းနေကြသည်။ ပင်မစလိုင်းဘော့စ်ကလည်း နောက်မှနေ၍ စလိုင်းအချွဲတုံးများ(စလိုင်းအေမြှာက်)ကို ဆက်တိုက် ပစ်ခတ်နေသည်။
လူစီယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"သေပြီ!”
သူသည် ပြေးရင်းမှပင် လှည့်ပတ်လိုက်ပြီး သူ၏ပစ္စည်းသိမ်းဆည်းရာနေရာမှ သံကိုက်ဓား ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ပထမဆုံးသော စလိုင်း အသေးလေး ကို ချိန်ရွယ်ကာ ၎င်း၏ အူတိုင်တည့်တည့်ကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
၎င်းသည် အရည်များ ဖျန်းကနဲဖြစ်ကာ ကွဲကြေသွားသည်။
တစ်ချိန်တည်းမှာပင် သူသည် ဒုတိယမြောက် စလိုင်းမ်၏ ပြင်းထန်သော ခန္ဓာကိုယ်ဖြင့် ဖိချတိုက်ခိုက်မှုကို ရှောင်ရှားရန် ငုံ့လိုက်ပြီး စလိုင်းဘောစ် ၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန် ဘေးသို့ တစ်လှမ်းချင်း ရွေ့လိုက်သည်။
သူသည် လျင်မြန်စွာ လှည့်ပတ်လိုက်ပြီး ဒုတိယမြောက် စလိုင်းကို ၎င်းတုံ့ပြန်နိုင်ခြင်းမရှိခင်မှာပင် ခုတ်ပိုင်းလိုက်သည်။
၎င်း၏ လက်ပါးစေများ ပျက်စီးသွားသောအခါ စလိုင်းဘော့စ် မှာ ပို၍ ဒေါသထွက်လာသည်။
၎င်းသည် ထိတ်လန့်ဖွယ် ဟိမ်းဟောက်သံကဲ့သို့ အသံမျိုး ထွက်ပေါ်လာပြီး... လူစီယန် ဆီသို့ ကျယ်ပြန့်သော ကွေးညွှတ်သည့် ပုံစံဖြင့် ခုန်အုပ်လိုက်သည်။
သို့သော်လည်း ၎င်းသည် သူထက် ပို၍ နှေးကွေးနေဆဲပင်။
ဒါပေမဲ့ ၎င်း၏ လှုပ်ရှားမှုတွေက ပို၍ ထက်မြက်လာသည်။ ပို၍ ကြမ်းတမ်းလာသည်။
လူစီယန် တစ်ခုတော့ သေချာပေါက် သိလိုက်သည်။ တကယ့် တိုက်ပွဲက အခုမှ စတော့မှာ ဖြစ်သည်။
ဒေါသထွက်နေသော စလိုင်းဘော့စ်သည် စွမ်းအားများကို ပြန်လည် စုစည်းနေပြန်သည်။
လူစီယန်သည် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
"သူက စလိုင်းအသေးလေးတွေကို ထပ်ဆင့်ခေါ်နေတာပဲ... အရင်ပုံစံအတိုင်းပဲ။"
သတ္တဝါ၏ ခန္ဓာကိုယ် ဖောင်းကားလာသည်ကို သူ မြင်လိုက်ရသည်... နောက်ထပ် စလိုင်းအကောင်ငယ်များ ထပ်မံ ကွဲထွက်လာတော့မည် ဖြစ်သည်။
ဒါပေမဲ့ ဒီတစ်ခါမှာတော့ လူစီယန်က အရင်လက်ဦးမှု ရယူလိုက်သည်။
သူသည် တွန့်ဆုတ်မနေဘဲ ရှေ့သို့တိုးလိုက်ကာ သူ၏ပစ္စည်းသိမ်းဆည်းရာနေရာမှ လေးလံသော အရာဝတ္ထုတစ်ခုကို ချလိုက်သည်။ ၎င်းမှာ ယခင်က လုပ်ကြံသတ်ဖြတ်သူများကို ထောင်ချောက်ဆင်ရာတွင် သူအသုံးပြုခဲ့သည့် ကြီးမားသော ကျောက်တုံးကြီးများထဲမှ တစ်တုံးဖြစ်သည်။
ဧရာမကျောက်တုံးကြီးသည် လေထဲတွင် ပေါ်လာပြီး ဘော့စ်ကောင်၏ အပေါ်မှနေ၍ အသံဗြုန်းကနဲ မြည်အောင် ပြုတ်ကျလာသည်။
စလိုင်းမ်ဘော့စ်သည် ချက်ချင်း တုံ့ပြန်လိုက်ပြီး ထိတ်လန့်သွားကာ နောက်သို့ ခုန်ဆုတ်လိုက်သည်။
သို့သော်လည်း အသစ်ထွက်ပေါ်လာသည့် ၎င်း၏ လက်ပါးစေများကတော့ ကံမကောင်းပေ။
သူတို့အချိန်မီ မရှောင်နိုင်ခဲ့ကြချေ။ ကျောက်တုံးကြီးသည် သူတို့အပေါ်သို့ ပိကျသွားပြီး ထိုနေရာမှာတင်ပင် ကြေမွ၍ အရည်ပျော်သွားကြသည်။
လူစီယန်သည် ထိုအခွင့်အရေးကို အလဟဿ မဖြစ်စေခဲ့ပါ။
ကျောက်တုံးကို အကာအကွယ်ယူကာ စလိုင်းဘော့စ်၏ ဘေးတစ်ဖက်သို့ လျှို့ဝှက်စွာ ရောက်သွားပြီး အရှိန်အဟုန်ဖြင့် အလစ်အငိုက် တိုက်ခိုက်လိုက်သည်။
သူသည် သံကိုက်ဓားကို သတ္တဝါ၏ ကိုယ်ထဲသို့ ထိုးစိုက်လိုက်သည်။ ၎င်း၏ ကြီးမားသော မာနာအူတိုင် ကို တည့်တည့်ချိန်ရွယ်လိုက်သည်။
သို့သော်...
ဓားသွားသည် တစ်ဝက်တစ်ပျက်မှာတင် ရပ်တန့်သွားသည်။
လူစီယန်သည် သွားများကို တင်းတင်းစေ့လိုက်သည်။ စလိုင်း၏ ခန္ဓာကိုယ်သည် အလွန်သိပ်သည်းလွန်းသဖြင့် သူ၏ တိုက်ခိုက်မှုအရှိန်ကို နှေးကွေးသွားစေသည်။
ပိုဆိုးသည်မှာ သူဓားကို ပြန်ဆွဲထုတ်ရန် ကြိုးစားသော်လည်း ဓားသည် လုံးဝရွေ့လျားမလာတော့ပေ။
သံကိုက်ဓား မှာ ကျွံဝင်နေပြီး မဆွဲထုတ်နိုင်တော့ပေ။
ထိုအခိုက် လူစီယန် တစ်ခုခုကို ခံစားလိုက်ရသည်။ အပြောင်းအလဲတစ်ခု!
စလိုင်းဘော့စ်၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များဖြင့် တောက်ပလာပြီး မတည်ငြိမ်သော စွမ်းအင်များဖြင့် တုန်ခါနေသည်။
၎င်း သတိထားမိသွားေလပြီ။
လူစီယန်က ၎င်း၏ အားနည်းချက်ကို ရှာတွေ့သွားမှန်း သူသိလိုက်ပြီ။
သူ ခြိမ်းခြောက်ခံနေရသည်ဟု ခံစားလိုက်ရခြင်း ဖြစ်သည်...
လူစီယန်၏ အာရုံခံစားမှုက သူ့ကို အော်ဟစ်သတိပေးနေသည်။
အချိန်မဖြုန်းဘဲ သူသည် သံကိုက်ဓား ကို ပစ္စည်းသိမ်းဆည်းရာနေရာထဲသို့ ချက်ချင်း ပြန်သိမ်းလိုက်ပြီး အမြန်ပြေးထွက်လိုက်သည်။
သူ နောက်ကို ပြန်မလှည့်ကြည့်တော့။
အလင်းရောင်မှာ ပို၍ တောက်ပလာပြီး အခန်းတစ်ခုလုံးကို မီးရှူးတန်ဆောင်တစ်ခုပမာ လင်းထိန်သွားစေသည်။
ထို့နောက်—
ဗုန်း!
စလိုင်းဘော့စ် ပေါက်ကွဲသွားသည်။
လူစီယန်သည် မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီး နှလုံးခုန်သံများ မြန်ဆန်စွာဖြင့် လိမ့်ထွက်သွားသည်။
သို့သော် သူနောက်ပြန်လှည့်ကြည့်လိုက်သောအခါ အံ့အားသင့်သွားရသည်။
စလိုင်းမ်ဘော့စ်မှာ သေဆုံးခြင်းမရှိသေး... ပို၍ သေးငယ်သွားရုံသာ ရှိတော့သည်။ အလွန်ပင် သေးငယ်သွားသည်။
၎င်း၏ ပေါက်ကွဲသွားသော ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ အခန်းထဲတွင် ပြန့်ကျဲသွားခဲ့သော်လည်း နေရာတကာသို့ ပုံစံမဲ့ ပြန့်ကျဲခြင်းမျိုးမဟုတ်ပေ။ ကျန်ရှိနေသောအပိုင်းအစများသည် ၎င်း၏ပတ်လည်ရှိ ကြမ်းပြင်တွင် ထူထဲသော စေးကပ်သည့် အလွှာတစ်ခုအဖြစ် ဖုံးလွှမ်းသွားသည်။
စေးကပ်နေသည့် နယ်မြေတစ်ခု။
လူစီယန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
အကယ်၍ သူသာ ထိုအထဲတွင် ပိတ်မိခဲ့လျှင် နေရာမှာပင် အမြစ်တွယ်သလို ဖြစ်သွားလိမ့်မည်... ပေါက်ကွဲမှု၏ ပြင်းအားကြောင့်ပင် ကြေမွသွားနိုင်ချေရှိသည်။
သူသည် သတိကြီးစွာဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီးမှ ရပ်လိုက်သည်။
ထိုစေးကပ်နေသည့် မြေပြင်သည် ၎င်းကို ထိတွေ့မိသမျှအရာအားလုံးကို ကပ်တွယ်ထားသည်။ ၎င်းထဲသို့ ဝင်ရောက်လာသူများကို လှုပ်ရှားမရအောင် ချုပ်နှောင်ထားရန် ရည်ရွယ်၍ ဖန်တီးထားသည့် ထောင်ချောက်တစ်ခုနှင့် တူသည်။
"ဒါဆိုရင် ဒါက သူ့ရဲ့ နယ်မြေ ဖြစ်သွားပြီပေါ့..."
လူစီယန်သာ ထိုအထဲသို့ ခြေချလိုက်မိလျှင် သူသည် အလွယ်တကူ အမဲလိုက်ခံရမည့် သားကောင်ဖြစ်သွားလိမ့်မည်။
ရှောင်တိမ်း၍ မရ။
တိုက်ခိုက်၍ မရ။
စလိုင်းသည် သူ့ကို စိတ်ကြိုက် ကစားနိုင်သွားလိမ့်မည်။
ပို၍ ဆိုးရွားသည်မှာ...
ယခုအခါ ၎င်းမှာ အရွယ်အစား ပိုသေးငယ်သွားသည့်အတွက် ပို၍လည်း မြန်ဆန်လာသည်။
လူစီယန်သည် လက်ထဲမှ လက်နက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အတွေးများ လည်ပတ်နေသည်။ 'ငါ ဒီအတိုင်း တိုက်ရိုက် ဝင်သွားလို့ မဖြစ်ဘူး။ အစီအစဉ်သစ်တစ်ခု လိုအပ်တယ်...'
လူစီယန်သည် ယခု ဘာလုပ်ရမှန်း မသိတော့ပေ။
စလိုင်းဘော့စ်သည် ထိုစေးကပ်သည့် နယ်မြေထဲမှ ထွက်ခွာသွားရန် ငြင်းဆန်နေသည်။ ၎င်းသည် မိမိ၏ အသိုက်အမြုံထဲတွင် စောင့်ကြပ်နေသည့် သားရဲတစ်ကောင်ကဲ့သို့ ထိုင်နေပြီး သူ့ကို အနားသို့ လာရဲအောင် စိန်ခေါ်နေသည်။
ထို့နောက် သတိပေးခြင်းမရှိဘဲ... ၎င်းသည် ထပ်မံတိုက်ခိုက်လာပြန်သည်။
စလိုင်း၏ ပစ်ခတ်မှု။
အရင်ကထက် ပိုမြန်သည်။
အဆပေါင်းများစွာ ပိုမြန်သည်။
၎င်းသည် ကျည်ဆန်တစ်ခုကဲ့သို့ လေကို ဖောက်ထွက်ပြီး ရောက်လာသည်။
လူစီယန် တုံ့ပြန်ရန် အချိန်ပင် မရလိုက်။
ခွပ်!
ထိုအရာသည် သူ့ရင်ဘတ်ကို တည့်တည့်ထိမှန်သွားပြီး သူ့ကို လွင့်ထွက်သွားစေသည်။
သို့သော် လေထဲလွင့်နေစဉ်မှာပင် လူစီယန်သည် ခန္ဓာကိုယ်ကို လှိမ့်ဆွဲလိုက်နိုင်သည်။ သူသည် လူးလှိမ့်လိုက်ပြီး ခြေထောက်နှစ်ဖက်ဖြင့် ကြမ်းတမ်းစွာ သက်ဆင်းလိုက်ကာ ကျောက်ကြမ်းပြင်ပေါ်တွင် နောက်သို့ လျှောကျသွားသည်။
သူသည် ရင်ဘတ်ကို ဖိကိုင်ထားရင်း ချောင်းဆိုးလိုက်သည်။
သူ၏ အာရုံခံမှုနှင့် ဓားကို အချိန်မီ ဆွဲထုတ်လိုက်ခြင်းသာ မဟုတ်ပါက အခြေအနေမှာ ပို၍ ဆိုးရွားနိုင်ခဲ့သည်။ နောက်ဆုံးစက္ကန့်တွင် သူသည် သံကိုက်ဓား ကို ဆင့်ခေါ်လိုက်ပြီး ဒိုင်းကာတစ်ခုအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုတိုက်ခိုက်မှု၏ ပြင်းအားက သူ့ကို လွင့်စင်သွားစေခဲ့သည်။
သူသည် ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ရှာဖွေကြည့်လိုက်ရာ ပေအနည်းငယ်အကွာတွင် ကျနေသည့် လက်နက်ကို တွေ့လိုက်ရသည်။
သူသည် ဓားကို ကောက်ယူလိုက်ချိန်တွင် သူ၏နှလုံးသားမှာ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဓားသွားသည် တရှူးရှူးမြည်နေပြီး... တိုက်စားနေသည်။
"ကျွတ်!"
သူသည် ဓားကို ယမ်းခါလိုက်ပြီး ကပ်နေသည့် အက်ဆစ်အရည်များကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။ ကံကောင်းစွာဖြင့် ပျက်စီးမှုမှာ အလွန်အမင်း မဆိုးရွားလှပါ။
သို့သော် လူစီယန်၏ မျက်နှာမှာမူ အမှောင်ဖုံးသွားသည်။
"ဒါ သာမန်စလိုင်းပစ်ခတ်မှုမျိုး မဟုတ်ဘူး" ဟု သူရေရွတ်လိုက်သည်။ သူ၏ ရင်ဘတ်မှာ နာကျင်နေဆဲပင်။ "မဟုတ်ဘူး... ဒါက လုံးဝ တခြားအရာတစ်ခုပဲ။ အက်ဆစ်ကျည်ဆန်... ဖြစ်မလား?"
ထိုစဉ် လူစီယန်၏ စိတ်ထဲသို့ အကြံတစ်ခု ရောက်လာသည်။
"စလိုင်းက နယ်မြေတစ်ခု ဖန်တီးနိုင်တယ်ဆိုရင်... ငါလည်း လုပ်နိုင်တာပေါ့။"
သူသည် သူ၏ပစ္စည်းသိမ်းဆည်းရာနေရာမှ ဧရာမကျောက်တုံးကြီး အများအပြားကို အမြန်ဆန်ဆုံး ဆင့်ခေါ်လိုက်ပြီး အခန်းတစ်ဝိုက်တွင် ဗျူဟာမြောက်စွာ နေရာချလိုက်သည်။
ချက်ချင်းလက်ငင်း အကာအကွယ်ဖြစ်သွားသည်။
၎င်းတို့သည် ဒိုင်းကာများအဖြစ် အသုံးဝင်လိမ့်မည်။
နောက်ကွယ်တွင် ပုန်းအောင်းရန် နေရာများ။
နေရာရွှေ့ပြောင်းရန်။
ပြီးတော့ ပြန်လည် တိုက်ခိုက်ရန်။
ပို၍ အရေးကြီးသည်မှာ ၎င်းတို့သည် ထိုအသက်ကို နုတ်ယူနိုင်သည့် အက်ဆစ်ကျည်ဆန်များကို ပိတ်ဆို့တားဆီးပေးလိမ့်မည်။
စလိုင်းမ်ဘော့စ်သည် ထိုအပြောင်းအလဲကို ချက်ချင်း သတိပြုမိသွားသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ တင်းမာသွားသည်။
လူစီယန် စတင်လှုပ်ရှားလိုက်သည်။ သူသည် ကျောက်တုံးများကြားတွင် အရှိန်အဟုန်ဖြင့် ပြေးလွှားလိုက်သည်။
ငုံ့လိုက်သည်။
ရှောင်လိုက်သည်။
မြေပြင်အနေအထားကို သူ့အတွက် အကျိုးရှိအောင် အသုံးပြုလိုက်သည်။
အက်ဆစ်ကျည်ဆန်များသည် ကျောက်တုံးပေါ်သို့ ပြန့်ကျဲသွားပြီး သူ့ကို တစ်မိုက်အကွာတွင် လွဲချော်သွားသည်။
သို့သော် သူ အရှိန်မလျှော့ခဲ့ပါ။
သူသည် ပြေးရင်းမှပင် ကျောက်တုံးတစ်ခုကို တစ်ချက်ကြည့်လိုက်သည်။
"အခုတင်ပဲ စားစပြုနေပြီလား?! အဲဒီအက်ဆစ်က တကယ်ကို အာရုံနောက်စရာပဲ!"
ဘာပဲဖြစ်ဖြစ်၊ ထိုနည်းဗျူဟာက အလုပ်ဖြစ်သည်။ ၎င်းက သူ့ကို စဉ်းစားရန် အချိန်နှင့် ပုန်းခိုရန်နေရာကို ပေးလိုက်သည်။
သူ သိထားသမျှကို ပြန်လည် ဆန်းစစ်လိုက်သည်။
စလိုင်းဘော့စ်သည် ယခု ပို၍ သေးငယ်သွားပြီ။ ၎င်းသည် ၎င်း၏ အပိုအူတိုင်များကို အသုံးပြုသွားခဲ့ပြီ... စေးကပ်သည့် နယ်မြေကို ဖန်တီးရန်အတွက် ၎င်းတို့ကို စတေးခဲ့ခြင်းဖြစ်မည်။
အူတိုင်တစ်ခုသာ ကျန်ရှိတော့သည်။ အကြီးဆုံးတစ်ခု။ ၎င်းက ပို၍ အားနည်းချက်ဖြစ်လာသည်။
"ငါသာ အဲဒီနေရာကို တည့်တည့်ထိအောင် ခုတ်နိုင်ရင်... ဒီတိုက်ပွဲက ပြီးဆုံးသွားမှာပဲ။"
ထိုအချိန်တွင်ပင် သူ့စိတ်ထဲသို့ အကြံတစ်ခု ပေါ်လာသည်။
သူသည် သူ၏ ပစ္စည်းသိမ်းဆည်းရာနေရာမှ စလိုင်းရုပ်သေးရုပ်လေးများကို ဆင့်ခေါ်လိုက်ပြီး စေးကပ်သည့် နယ်မြေဆီသို့ ပစ်သွင်းလိုက်သည်။
၎င်းတို့သည် အသံဗြုန်းကနဲ မြည်အောင် ကျသွားပြီး ကပ်တွယ်သွားသည်။
စလိုင်းဘော့စ်မှာ ရပ်တန့်သွားသည်။
၎င်း ပစ်ခတ်ခြင်းကို ရပ်လိုက်သည်။
တွေဝေသွားပြီး နေရာမှာတင် ခုန်ပေါက်နေသည်။ ထို့နောက်... ရုပ်သေးရုပ်လေးများဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားသည်။
၎င်းသည် ထူးဆန်းစွာဖြင့် ခုန်ပေါက်နေသည်။ တစ်စုံတစ်ခုကို... ပြောနေသကဲ့သို့ပင်။
ဟုတ်တာပေါ့၊ အဖြေပြန်မလာပါ။
လူစီယန်သည် ကျောက်တုံးနောက်တွင် ငုံ့၍ စောင့်ကြည့်နေသည်။
ထို့နောက်...
'အခုပဲ။'
သူသည် ကျောက်တုံးနောက်တွင် ကိုယ်ကိုနိမ့်ထားပြီး အာရုံစိုက်နေမှုများ ပျောက်ဆုံးသွားသော စလိုင်းဘော့စ်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။
ထို့နောက်... သူ အရှိန်ပြင်းစွာ ခုန်ထွက်လိုက်သည်။
"သေလိုက်တော့၊ အကောင်စုတ်လေး။”