အခန်း ၂၄ - မမျှော်လင့်ထားသော ရိတ်သိမ်းခြင်း
လူစီယန်သည် မှတ်ဉာဏ်အနှစ်သာရကို မဆိုင်းမတွပင် လက်ဖြင့် ညှစ်ချေလိုက်သည်။
၎င်းသည် အပိုင်းပိုင်း ကွဲထွက်သွားသည့်အချိန်တွင် ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပလာသည်။ ထို့နောက်... ထိုအလင်းတန်းတစ်ခုသည် သူ၏ နဖူးဆီသို့ တန်းတန်းမတ်မတ် ထိုးဖောက်ဝင်ရောက်လာသည်။
ထိုအခါ...
သူ၏ စိတ်ထဲသို့ မှတ်ဉာဏ်များ ရေစီးသကဲ့သို့ တိုးဝင်လာသည်။
ဝေဝါးနေသည်။
မြန်ဆန်လှသည်။
အပိုင်းပိုင်း အစစ ဖြစ်နေသည်။
၎င်းမှာ သူ၏ ဦးခေါင်းထဲတွင် ပုံရိပ်ယောင် ရုပ်ရှင်ကားတစ်ကားကို လည်ပတ်နေသကဲ့သို့ပင်။
ထိုမှတ်ဉာဏ်များသည် သူ့အပိုင် မဟုတ်ပေ။ ထိုခန္ဓာကိုယ်တောင့်တောင့် လူကြီး၏ မှတ်ဉာဏ်များ ဖြစ်သည်။
လူစီယန်သည် သူကိုယ်တိုင် ထိုလူကြီး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကမ္ဘာကြီးကို ထိုလူကြီး၏ မျက်လုံးများဖြင့် မြင်နေရသကဲ့သို့ပင်။
ကလေးတစ်ယောက်၏ မွေးဖွားစဉ် ငိုသံ။
မိဘများ ဆုံးရှုံးရသည့် ခါးသီးသော ဝေဒနာ။
ဆာလောင်မွတ်သိပ်မှုနှင့် ဆင်းရဲနွမ်းပါးမှု၏ နာကျင်ခြင်း။
ထို့နောက် ကံကောင်းမှုတစ်ခု ရောက်လာသည်။ သူ့ကို စွမ်းအားပေးနိုင်မည့် မထင်မှတ်သော တွေ့ဆုံမှုတစ်ခု။
ထို့နောက် ကိုးလ်ဟတ်မိသားစု ပေါ်လာသည်။
မိမိဘာသာ လေ့ကျင့်ရန် သို့မဟုတ် ပိုမိုသန်မာလာရန် လမ်းစမရှိသည့်အတွက် ထိုလူကြီးသည် သူတို့ထံတွင် သစ္စာခံရန် ကျိန်ဆိုခဲ့သည်။ အချိန်တန်သော် သူ၏ စွမ်းအားများက သူတို့ကို သူတို့၏ အဆင့်အတန်းအတွင်းသို့ နေရာပေးခဲ့သည်။
ကျွန်တစ်ယောက်။ ထို့နောက် ယုံကြည်ရသော လက်ရုံးတစ်ခု။
ဘာရွန်ကိုယ်တိုင်ပင် သူ၏ နားထဲသို့ လျှို့ဝှက်ချက်များကို တိုးတိုးလေး ပြောပြရလောက်အောင်ပင် ယုံကြည်ရသူ ဖြစ်ခဲ့သည်။
ထိုအခါ လူစီယန်သည် အရာအားလုံးကို မြင်လိုက်ရသည်။
အစီအစဉ်များ။
ပရိယာယ်များ။
သူတို့၏ မွန်မြတ်သော အသွင်အပြင်အောက်တွင် ပုန်းကွယ်နေသည့် ယုတ်မာမှုများ။
လွန်ခဲ့သော သုံးနှစ်က နယ်စပ်ဒေသများတွင် ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပွားအောင် ဖန်တီးခဲ့သူများမှာ... ကိုးလ်ဟတ်မိသားစုပင် ဖြစ်သည်။
လူ့လက်ဖြင့် ဖန်တီးထားသော ဘေးအန္တရာယ်တစ်ခု။ အိမ်နီးချင်းနယ်မြေများကို အားနည်းသွားစေရန်နှင့် လုယက်ရန် လမ်းခင်းပေးဖို့အတွက် စေ့စပ်သေချာစွာ စီစဉ်ထားခြင်းဖြစ်သည်။
၎င်းမှာလည်း အသည်းအသန်ဖြစ်နေသော ပြင်ပလူများစွာ လုဒ်ဝဲလ်နယ်မြေသို့ အလုအယက် ရောက်ရှိလာရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
အရာအားလုံး၏ အစ။
ထို့နောက်...
လူစီယန် မြင်လိုက်ရသည်။ သက်သေအထောက်အထားမရှိဘဲ ယုံကြည်နိုင်စရာမရှိသည့် အရာတစ်ခုကို သူ မြင်လိုက်ရသည်။
ကိုးလ်ဟတ်မိသားစုတွင် သူတို့၏ ကိုယ်ပိုင်တပ်မတော် ရှိနေသည်။ ထိုတပ်မတော်ထဲမှ လူတိုင်းမှာ 'ကျွမ်းကျင်မှု ပိုင်ရှင်' များ ဖြစ်ကြသည်။
အားကောင်းသည်။
စည်းကမ်းရှိသည်။
အန္တရာယ်များသည်။
လူစီယန် မယုံကြည်နိုင်လုနီးပါးပင်။ ကျွမ်းကျင်မှု ပိုင်ရှင်တွေ ဒီလောက်တောင် များပြားလှသလား! ထိုလူအားလုံးမှာ နယ်မြေတစ်ခုတည်းတွင် စုဝေးနေကြသည်။
ဒါပေမဲ့ အဆိုးဆုံးက အဲ့ဒါ မဟုတ်သေးပေ။
လူစီယန်၏ သံသယမှာ မှန်ကန်နေသည်။ အိမ်တော်၏ အရိပ်အောက်တွင် နက်ရှိုင်းစွာ ပုန်းကွယ်နေသည့် လေ့ကျင့်ပေးထားသော လုပ်ကြံသတ်ဖြတ်သူများ၏ တပ်ဖွဲ့တစ်ခု ရှိနေသည်။
ဦးနှောက်ဆေးကြောခံထားရသော လူသတ်သမားများ။
တစ်ယောက်ချင်းစီတိုင်း၏ လွတ်လပ်သော ဆန္ဒကို ဖယ်ရှားထားခြင်းဖြစ်သည်။
အမိန့်တစ်ခုတည်းဖြင့် ပရိုဂရမ်သွင်းထားခြင်း ဖြစ်သည်။
သတ်ရန်!
သူတို့သည် ကိုးလ်ဟတ်မိသားစုထံတွင် ဆန္ဒအလျောက် အမှုထမ်းရန် ငြင်းဆန်ခဲ့သူများ ဖြစ်ပြီး... ပြစ်ဒဏ်အဖြစ် အသိစိတ်မဲ့သော ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲခံလိုက်ရသူများ ဖြစ်သည်။
လူစီယန်၏ ကျောရိုးတစ်လျှောက်တွင် အေးစက်သွားသလို ခံစားလိုက်ရသည်။
ထိုအိမ်တော်ထဲရှိ လူတိုင်းမှာ ယုတ်မာပုပ်သိုးနေကြသည်။ ထိုလူကြီးကိုယ်တိုင်ကလည်း သိလျက်နှင့်ပင် ဆက်နေခဲ့ခြင်းဖြစ်သည်။
သို့သော် လူစီယန်ကို အတုန်လှုပ်ဆုံး ဖြစ်စေခဲ့သည်မှာ ဘာရွန်ကတော်ပင် ဖြစ်သည်။
သူမသည် 'ဦးနှောက်ဆေးကြောခြင်း' ကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားသူဖြစ်သည်။
စိတ်ဝိညာဉ်များကို သစ္စာရှိသော လက်နက်ကိရိယာများအဖြစ် ပြောင်းလဲပစ်ရန် တာဝန်ရှိသူမှာ သူမပင်ဖြစ်သည်။
သူ့ကို သတ်လုနီးပါး ဖြစ်စေခဲ့သော ကျိန်စာအတွက်ဆိုလျှင်...
၎င်းကို ကျိန်စာတိုက်ခဲ့သူမှာ ကိုးလ်ဟတ်၏ သားအကြီးဆုံး ဖြစ်သည်။ သို့သော် ၎င်းမှာ သာမန် ကျိန်စာမှော်ပညာမျိုး မဟုတ်ပေ။ ၎င်းကို တခြားအရာတစ်ခုဖြင့် စွမ်းအင်ဖြည့်ထားခြင်း ဖြစ်သည်။ ပို၍ ယုတ်မာဆိုးသွမ်းသော အရာတစ်ခုဖြင့်ပေါ့။
အမှောင်ဖုံးပြီး ပုံပျက်ပန်းပျက်ဖြစ်နေသော ဂါဂွိုင်းလ် (T/N : –ေကျာက်ဘီလူး)ရုပ်တုကြီးတစ်ခု...
၎င်းသည် 'သက်တန့်ရောင် စလိုင်းသခင် ရုပ်တု' ကို သတိရစေသော်လည်း ဤရုပ်တုကမူ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
အေးစက်သည်။
မကောင်းသော နိမိတ်များ ပြည့်နှက်နေသည်။
ယုတ်မာသော စွမ်းအင်တို့ဖြင့် ဖုံးလွှမ်းနေသည်။
သူတို့ ဘယ်ကနေ ရလာသလဲဆိုတာ မသိနိုင်သော်လည်း တစ်ခုတော့ ရှင်းနေသည်။ ၎င်းသည် ကျိန်စာအတွက် ဓာတ်ကူပစ္စည်းအဖြစ် လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။
ပြီးတော့ ၎င်းက သွေးကို တောင်းဆိုသည်။
အသက်ပေါင်းများစွာ ပူဇော်လေလေ ကျိန်စာက ပိုမိုအားကောင်းလာလေလေဖြစ်သည်။
ရွှေ့ပြောင်းလာသူများ။
အကျဉ်းသားများ။
ပုန်ကန်သူများ။
သူတို့ကို ဆန့်ကျင်သူမှန်သမျှကို ထိုအမှောင်ထုထဲသို့ ကျွေးမွေးပစ်သည်။
လူစီယန်၏ မေးရိုးများ တင်းကျပ်သွားသည်။ ဒေါသစိတ်တို့က သူ၏ ရင်ဘတ်ထဲတွင် လှုပ်ရှားလာသည်။
သို့သော် ထိုကြောက်မက်ဖွယ်ရာများကြားထဲတွင် သူသည် မျှော်လင့်ချက် အနည်းငယ်ကို တွေ့လိုက်ရသည်။
ကျိန်စာသည် သူတို့ စီစဉ်ထားသည့်အတိုင်း အလုပ်မလုပ်ခဲ့ပေ။ ထိုမှတ်ဉာဏ်များအရ ၎င်းသည် အကြိမ်ကြိမ် ပြုလုပ်နိုင်သော ကျိန်စာမျိုး မဟုတ်ပေ။ အချိန်ယူရပြီး... ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ရသည်။ သားအကြီးဆုံးအနေဖြင့် အောင်မြင်မှုမရရှိခဲ့သည့်အတွက် ယခုစကားပြောနေချိန်တွင်ပင် သူသည် ပြန်လည်တုံ့ပြန်မှု ကို ခံစားနေရမည်ဖြစ်သည်။
လူစီယန်သည် နက်ရှိုင်းစွာ သက်ပြင်းချလိုက်ရာ သူ၏ ရင်ဘတ်မှာ နောက်ဆုံးတွင် ပေါ့ပါးသွားတော့သည်။
ထိုရုပ်တု... ဘာပဲဖြစ်ဖြစ်... သာမန်တစ်ခုတော့ မဟုတ်ပေ။ ကျိန်စာမှော်ပညာသည် သဘာဝလွန်နည်းလမ်းဖြင့် အားဖြည့်ထားခြင်း မရှိလျှင် ဤမျှအထိ စွမ်းအားကြီးမားနိုင်မည် မဟုတ်ပေ။
သူကံကောင်းသည်။
အသက်ရှင်နေသေးသည်မှာ ကံကောင်းလွန်းလှသည်။
ဒါပေမဲ့ အန္တရာယ်အကြီးဆုံးကတော့... ဘာရွန်ကိုယ်တိုင်ပင် ဖြစ်သည်။
ဝမ်းဗိုက်ပူဖောင်းဖောင်းနှင့် ဖြည်းညှင်းစွာ လှုပ်ရှားတတ်သော မြင့်မြတ်သူတစ်ယောက်မှာ 'အဆင့် ၆' စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူက ထင်ထားမိမှာလဲ။
လူစီယန်မှာ လှောင်ပြုံးတစ်ခုပင် ပြုံးလိုက်မိတော့မလို ဖြစ်သွားသော်လည်း အမှန်တရားကို သူ သိလိုက်သည်။ ထိုစွမ်းအားမှာ သဘာဝအတိုင်း ရရှိလာခြင်း မဟုတ်ပေ။
ချေးငှားထားခြင်းဖြစ်သည်။
အတုအယောင်သာဖြစ်သည်။
ရှားပါးသော ဆေးရည်များနှင့် စွမ်းအားကြီးမားသော ဆေးဝါးများ၏ ရလဒ်သာဖြစ်သည်။
၎င်းတို့မှာ သိမ်းပိုက်ထားသည့် နယ်မြေများမှ လုယက်ထားသော ကြွယ်ဝမှုများဖြင့်သာ ဝယ်ယူနိုင်သည့် ဇိမ်ခံပစ္စည်းများပင်။
သို့တိုင်အောင် ၎င်းက သူ့ကို အန္တရာယ်ရှိသော ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ဖန်တီးပေးထားသည်။
လူစီယန်သည် အကူအညီမဲ့နေရသည့် ခံစားချက်ကို သူ့ကိုယ်သူ ပြန်လည် နစ်မွန်းလာသလို ခံစားလိုက်ရသည်။
သူတို့သည် ပို၍ သန်မာကြသည်။
ပို၍ အသင့်ပြင်ဆင်ထားကြသည်။
သူ ထင်ထားသည်ထက် ပို၍ ရက်စက်ကြမ်းကြုတ်ကြသည်။
သို့သော်လည်း တစ်ခုသော အချက်ကြောင့် သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ကိုးလ်ဟတ်မိသားစုက နောက်ထပ် လှုပ်ရှားမှုတစ်ခု မလုပ်ဆောင်နိုင်သေးပေ... အနည်းဆုံးတော့ အခုအချိန်မှာတော့ မဟုတ်သေးပါ။
ဘာကြောင့်လဲဆိုတော့ အခွန်ကောက်ခံသူ မည်သည့်နေ့တွင်မဆို ရောက်လာနိုင်သောကြောင့်ပင်။
ဘုရင်ကိုယ်တိုင် ခန့်အပ်ထားသော အခွန်ကောက်ခံသူများသည် ကိုးလ်ဟတ်မိသားစုကဲ့သို့ မြင့်မြတ်သူများပင် အလွယ်တကူ လျစ်လျူရှု၍ မရနိုင်သော လူနည်းစုထဲတွင် ပါဝင်သည်။
နယ်စပ်ဒေသများအတွက် တာဝန်ပေးအပ်ထားသူကော? သူက လုဒ်ဝဲလ်မိသားစု၏ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ကြောင်း သိထားကြသည်။
လူစီယန်က သူ့ကို ယုံကြည်သည်။ စစ်သည်တစ်ယောက်အနေဖြင့် မဟုတ်ဘဲ မူဝါဒခိုင်မာသူတစ်ယောက်အနေဖြင့် ယုံကြည်ခြင်းဖြစ်သည်။ အကယ်၍ သူသာ မတရားမှုတစ်ခုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါက သူသည် မျက်ကွယ်ပြု၍ နေမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ သူ၏ တရားဝင် ရာထူးတာဝန်အရ သူသည် ဘက်လိုက်မှုကင်းရန် လိုအပ်သည်။ သူသည် တိုက်ရိုက် ကြားဝင်စွက်ဖက်ခွင့် မရှိပေ။
စောင့်ကြည့်ရန်သာ ဖြစ်သည်။
အစီရင်ခံရန်သာ ဖြစ်သည်။
ပြီးလျှင် ဘုရင့်အလိုတော်အတိုင်း တရားဝင်လမ်းကြောင်းများမှတစ်ဆင့် ဆောင်ရွက်ရန်သာ ဖြစ်သည်။
သူတို့သည် အချိန်မှန် အမြဲလာတတ်သည်။ ခြောက်လတစ်ကြိမ်။
လာမည့် ခရီးစဉ်မှာလည်း မကြာမီ ရောက်လာတော့မည် ဖြစ်သည်။
မူလက ကိုးလ်ဟတ်မိသားစုသည် အခွန်ကောက်ခံသူ ပြန်သွားပြီးမှ ကျူးကျော်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဒန်ဂျန် ရုတ်တရက် ပေါ်ပေါက်လာမှုက သူတို့၏ အချိန်ဇယားကို ဖျက်ဆီးပစ်ခဲ့ပြီး စောစီးစွာ လှုပ်ရှားရန် တွန်းအားပေးခဲ့သည်။
သူတို့ မအောင်မြင်ခဲ့ပေ။
ယခုမူ... သူတို့ ပြန်လည် စောင့်ဆိုင်းနေရဦးမည်။
လူစီယန်သည် ရှည်လျားစွာသက်ပြင်းချလိုက်သည်။ဟူးးးး… သူ၏ ပခုံးများမှ တင်းမာမှုများ ပြေလျော့သွားသည်။
သူ့တွင် အချိန်ရှိသေးသည်။
သူ၏ အတွေးများမှာ လမ်းကြောင်းသစ်တစ်ခုဆီသို့ ပြောင်းလဲသွားသည်။
ကိုးလ်ဟတ်မိသားစုက မလှုပ်ရှားသေးဘူးဆိုလျှင်... သူသာ စတင် လှုပ်ရှားတော့မည်။
ပြန်လည် တည်ဆောက်ရမည့် အချိန် ရောက်ပြီ။
သူ၏ အတွေးထဲတွင် အစီအစဉ်များက အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။
ခံစစ်ကို ပိုမို ခိုင်မာအောင် တည်ဆောက်ရန်။
အရင်းအမြစ်များကို စုဆောင်းရန်။
ပိုမို သန်မာလာစေရန် အစီအစဉ်များ။
သူ၏ ဦးခေါင်းထဲတွင် ဗျူဟာမြောက်သော မုန်တိုင်းတစ်ခု ပေါ်ပေါက်လာသည်။
ထိုအခိုက်...
တောက်... တောက်။
အိမ်တော် တံခါးအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
"သခင်လေး... ကျွန်တော်တို့ရဲ့ စိုက်ခင်းတွေ ရိတ်သိမ်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျေးဇူးပြုပြီး... သခင်လေး ပေးစွမ်းခဲ့တဲ့ အံ့ဖွယ်ရာကို လာရောက် ကြည့်ရှုပေးပါခင်ဗျာ။”
သူတို့ စိုက်ခင်းသို့ ရောက်ရှိလာကြသည်။
လူစီယန်သည် စိုက်ခင်းတစ်လျှောက် သူ၏ အကြည့်များကို ရွှေ့လိုက်ရင်း တိတ်ဆိတ်စွာ ခေါင်းငြိမ့်လိုက်သည်။
အရွက်စိမ်းများဖြင့် ပြည့်နှက်နေသော အပင်အစုအဝေးတို့မှာ လေပြေညင်းအတိုင်း ညင်သာစွာ ယိမ်းနွဲ့နေကြသည်။ အပင်တို့မှာ မတ်မတ်ရပ်နေပြီး အရွက်များမှာလည်း ကျယ်ပြန့်စွာ ဖြန့်ထွက်နေသည်။
အပင်တို့၏ တုတ်ခိုင်ဖွံ့ဖြိုးမှုမှာ အလွန်ပင် ထူးခြားလွန်းလှသဖြင့် ထိုမြေဆီလွှာများက မည်သို့ပင် ဆံ့အောင် ထိန်းထားနိုင်သလဲဟုပင် သူ တွေးမိသည်။ ပင်စည်တိုင်း၏ ပတ်လည်ရှိ မြေပြင်မှာ မြေအောက်တွင် မည်မျှကြီးမားသော အမြစ်များ ပေါက်ရောက်နေသလဲဆိုသည်ကို ထိန်းချုပ်ရန် ရုန်းကန်နေရသကဲ့သို့ အနည်းငယ် ဖောင်းကြွနေသည်။
ကေးလ် သူ့ကို ပေးခဲ့သည့် မျိုးစေ့များကို သူ ပြန်သတိရသည်။ မုန်လာဥနှင့် မုန်လာဥနီများ။
ပုံမှန်အားဖြင့် မုန်လာဥများသည် တစ်လခန့်တွင် ရိတ်သိမ်းနိုင်ပြီး မုန်လာဥနီများမှာ နှစ်လနီးပါး ကြာတတ်ကြောင်း သူ သိထားသည်။
သို့သော် လယ်သမားများ၏ ပြောပြချက်အရ... နှစ်မျိုးစလုံးမှာ ရိတ်သိမ်းရန် အဆင်သင့် ဖြစ်နေကြပြီ။
'ဒီလောက် မြန်မြန်လား?' လူစီယန်သည် တွေးတောရင်း မျက်မှောင်ကြုတ်လိုက်သည်။ 'မြေဆီလွှာ ပုံဆောင်ခဲရဲ့ အာနိသင်က သီးနှံအမျိုးအစားပေါ် မူတည်ပြီး ကွာခြားတာလား? ဒါမှမဟုတ် အပင်တွေ ရင့်မည့်အချိန်မတိုင်ခင်မှာပဲ သူ့ရဲ့ မြေဆီလွှာမြေသြဇာ အာနိသင်က ရပ်တန့်သွားတာလား?'
သူ တပ်အပ်မပြောနိုင်ပေ။
သူ အလွန်အမင်း စဉ်းစားမနေတော့ရန် ဆုံးဖြတ်လိုက်သည်။
ရလဒ်က ကောင်းမွန်နေပြီး လက်ရှိအချိန်တွင် ဒါဆိုလျှင် လုံလောက်ပြီဖြစ်သည်။ သူ၏ လူများမှာ နောက်ဆုံးတွင် ကောင်းမွန်စွာ စားသောက်နိုင်ကြတော့မည်။
သူ့နောက်မှ ခြေလှမ်းအနည်းငယ်အကွာတွင်ရှိသော ကလဲရာ၏ မျက်လုံးများတွင် ရင်းနှီးပြီးသား သစ္စာရှိမှုအရိပ်အယောင်များ တောက်ပနေသည်။
"ကျွန်မရဲ့ သခင်လေးဆိုတဲ့အတိုင်းပါပဲ..." ဟု သူမ၏ အသံမှာ တုန်ယင်လျက် ရေရွတ်လိုက်သည်။ "မြေကြီးတောင် သခင်လေးရဲ့ အလိုဆန္ဒအတိုင်း နာခံနေရတယ်... မြင့်မြတ်တဲ့ စွမ်းအင် အမှုန်အမွှားတွေနဲ့ ပြည့်နှက်နေတာကိုး..."
စီဘတ်စ်က နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာသော်လည်း၊ သူကိုယ်တိုင်ပင် ထိုပေါက်ရောက်နေသော သီးနှံများကို ကြည့်ရှုရင်း သူ၏ မျက်ဝန်းထဲတွင် ပေါ်လာသည့် အံ့ဩမှု အရိပ်အယောင်ကို မဖုံးကွယ်နိုင်ခဲ့ပေ။
သိလိုစိတ်ကြောင့် လူစီယန်သည် အပင်တစ်ပင်ဆီသို့ ခြေလှမ်းအနည်းငယ် တိုးကပ်သွားသည်။
လယ်သမားများမှာလည်း သူ့ပတ်လည်တွင် ချက်ချင်းပင် စုရုံးလာကြသည်။ သူတို့၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး လူအုပ်ကြီးကြားတွင် တိုးတိုးတိတ်တိတ် ရေရွတ်သံများ ထွက်ပေါ်လာသည်။
လေထုထဲတွင် စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းနေသည်။ သီးနှံများမှာ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်စွာ ကြီးထွားလာခဲ့သည်။ တစ်ပတ်မျှသာ ရှိသေးသည် မဟုတ်ပါလား!
ပြီးတော့... သူတို့အားလုံးမှာ စုပေါင်းမျှော်လင့်ချက်ဖြင့် စောင့်ဆိုင်းနေကြသည်။
မျက်လုံးအားလုံးမှာ သူ့ထံတွင်သာ ရှိနေသည်။
သူတို့၏ သခင်က အချက်ပေးသည်ကို စောင့်နေကြခြင်းဖြစ်သည်။
ရိတ်သိမ်းခြင်းကို စတင်ရန်ပေါ့။
သို့သော် လူစီယန်ကမူ...
သူသည် ရှေ့သို့တိုးကာ မုန်လာဥနီ၏ အပေါ်ပိုင်းအရွက်များကို သိလိုစိတ်ဖြင့် ဆွဲကိုင်လိုက်သည်။
အပင်က ပြန်လည်ခုခံနေသည်။
သူသည် မျက်မှောင်ကြုတ်လိုက်ပြီး နှစ်လက်စလုံးဖြင့် တင်းတင်းဆုပ်ကိုင်ကာ ပို၍ အားစိုက်ဆွဲလိုက်သည်။ 'ဆွတ်' ဆိုသော ကျေနပ်ဖွယ်အသံနှင့်အတူ အမြစ်မှာ မြေကြီးထဲမှ ပေါ်လာသည်။
ထို့နောက်... တိတ်ဆိတ်သွားသည်။
လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ပါးစပ်အသီးသီးမှာလည်း ဟောင်းလောင်းပွင့်သွားသည်။
မုန်လာဥနီမှာ ကြီးမားလှသည်။ အလျား တစ်ပေခွဲနီးပါးလောက် ရှိသည်။
ထူထဲသည်။
လေးလံသည်။
လုံးဝ သဘာဝမကျပေ။
ခဏတာမျှ မည်သူမျှ စကားမပြောနိုင်ကြ။
ထို့နောက် ဝမ်းမြောက်စွာ အော်ဟစ်သံများ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
ကလဲရာနှင့် စီဘတ်စ်တို့မှာ တစ်စက္ကန့်မျှပင် မနောက်ကျဘဲ သူတို့၏ အနှစ်သက်ဆုံး စကားစုကို တစ်ညီတစ်ညွတ်တည်း ပြောဆိုလိုက်ကြသည်။
"သခင်လေး(သခင်ငယ်) ဆိုတဲ့အတိုင်းပါပဲ!"
သို့သော် လယ်သမားများမှာမူ အံ့အားသင့်ခြင်းမှ လျင်မြန်စွာပင် အပြစ်ရှိသလို ခံစားလာရသည်။
သူတို့သည် သူတို့၏ သခင်... ဟုတ်ပါသည်၊ သူတို့၏ သခင်အား... သူတို့ လုပ်ရမည့် အလုပ်ကို လုပ်ခိုင်းလိုက်မိသည်။ ဒါက လုံးဝ မဖြစ်သင့်သောအရာ ဖြစ်သည်။
အချို့မှာ ရှေ့သို့တိုးလာပြီး တောင်းပန်သည့်အနေဖြင့် ဦးညွှတ်လိုက်ကြသည်။
သို့သော်လည်း... သူတို့၏ မျက်ဝန်းများတွင် ဖုံးကွယ်မထားနိုင်သော ပျော်ရွှင်မှုများ တောက်ပနေသည်။ ဤရိတ်သိမ်းခြင်းသည် အံ့ဖွယ်တစ်ခု ဖြစ်ပြီး မည်သူ့ကို ကျေးဇူးတင်ရမည်ကို သူတို့အားလုံး သိကြသည်။
သို့သော် လူစီယန်မှာမူ စကားတစ်ခွန်းကိုမျှ ကြားမနေတော့ပေ။
သူသည် သူ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မြုပ်နေသည်။ လက်ထဲတွင် ကိုင်ထားသော ကြီးမားသည့် မုန်လာဥနီကြောင့် မဟုတ်ဘဲ၊ ထိုထက်ပို၍ အရေးကြီးသော အရာတစ်ခုကြောင့် ဖြစ်သည်။
ရုတ်တရက် ပေါ်ပေါက်လာသည့် တိတ်ဆိတ်သော နားလည်မှုတစ်ခု။
"...အမ်?"
သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူ ခံစားလိုက်ရသည်။
စနစ်၏ အသံတိုးတိုးလေးတစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။
'အလိုအလျောက် သိမ်းဆည်းခြင်း' က အလုပ်လုပ်သွားသည်။
ဘာကြောင့်လဲဆိုတော့...
သီးနှံက တစ်စုံတစ်ခုကို ကျဲချလိုက်၍ ဖြစ်သည်။
လူစီယန်သည် ထိုမုန်လာဥနီကို ရတနာတစ်ခုသဖွယ် စူးစိုက်ကြည့်နေသည်။
"ဒီလောက်တောင်လား" ဟု သူ ရေရွတ်လိုက်သည်။ "အပင်တွေကို သက်ရှိပစ်မှတ်တွေလို့ သတ်မှတ်တာပေါ့လေ?! တကယ့်ကို ကောင်းလိုက်တာ!"
စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ သူသည် နောက်တစ်ပင်ဆီသို့ ပြေးသွားသည်။ ထို့နောက် နောက်တစ်ပင်။
ဆွဲယူသည်။
ဆွဲနှုတ်သည်။
သူသည် အစွမ်းကုန် စိတ်အားထက်သန်နေသည့် လူတစ်ယောက်ကဲ့သို့ သီးနှံများကို ဆွဲနှုတ်နေတော့သည်။
ဒါက စိုက်ပျိုးရေး လုပ်ငန်းတစ်ခု မဟုတ်တော့ပေ။ လုယက်ပစ္စည်း ရှာဖွေရေး တစ်ခု ဖြစ်နေပြီ! သူ့ထက်သာအောင် ဘယ်သူ့ကိုမှ သူ အလုပ်ခံမှာ မဟုတ်ပေ။
လယ်သမားများအတွက်မူ သူတို့၏ သခင်ငယ်မှာ ရိုးရိုးရှင်းရှင်းပင် စိတ်လှုပ်ရှားနေသည်ဟု ထင်နေကြသည်။
လူစီယန်အတွက်ကော?
ဒါက ပြိုင်ပွဲတစ်ခုဖြစ်ပြီး သူ ပထမနေရာမှာပဲ ရှိနေရမည်ဟု ခေါင်းမာစွာ ဆုံးဖြတ်ထားသည်။
လယ်သမားများမှာ စိတ်လှုပ်ရှားစွာဖြင့် ဆူညံလာကြသည်။
သူတို့က ဒါကို အချက်ပေးခြင်းဟု ထင်မှတ်လိုက်ကြသည်။
ထို့ကြောင့် သူတို့ပါ ပါဝင်လာကြသည်။
ရိတ်သိမ်းခြင်းအဖြစ် စတင်ခဲ့သည်မှာ အလွန်လျင်မြန်စွာပင် အားကစားပွဲတစ်ခုကဲ့သို့ ဖြစ်သွားသည်။ မည်သူက အများဆုံး ရိတ်သိမ်းနိုင်မလဲဆိုသည်ကို ပြိုင်ဆိုင်ရင်း စိုက်ခင်းတစ်လျှောက် ရယ်မောသံများ ပျံ့လွင့်နေသည်။
စီဘတ်စ်နှင့် ကလဲရာပင်လျှင် မနေနိုင်တော့ပေ။
ပုံမှန်အားဖြင့် တည်ငြိမ်လွန်းသည့် စီဘတ်စ်ပင်လျှင် အောက်သို့ ငုံ့ကာ အံ့ဩစရာကောင်းသည့် အရှိန်ဖြင့် မုန်လာဥနီကို ဆွဲနှုတ်နေပြီး၊ ကလဲရာမှာလည်း အကြီးကြီး မုန်လာဥဖြူများကို တူးဖော်မိတိုင်း ရူးသွပ်သလိုလို ရယ်မောနေသည်။
အခြားသူများလည်း အိမ်များမှ ထွက်လာကြပြီး ထိုပျော်ရွှင်ပွဲထဲသို့ စီးမျောပါဝင်သွားကြသည်။
တစ်ချိန်က တိတ်ဆိတ်ခဲ့သော လယ်ကွင်းများမှာ ယခုအခါတွင်မူ အကြီးစား သီးနှံများကို ရတနာများသဖွယ် စုဆောင်းနေကြသည့် ဟစ်အော်သံများနှင့် ပျော်ရွှင်စရာများဖြင့် အသက်ဝင်နေသည်။
သို့သော် လူစီယန်မှာမူ...
လူစီယန်၏ အတွင်းစိတ်မှာ ဒေါသဖြင့် ပွက်လောရိုက်နေသည်။
'မင်းတို့အားလုံး... ငါ့ရဲ့ အဖိုးတန်ပစ္စည်းတွေကို လုယူနေတာ!'
သူသည် သူ့မျက်နှာပေါ်တွင် မွန်မြတ်သည့် အပြုံးကို တပ်ဆင်ထားဆဲဖြစ်သည်။ ပြည်သူများ၏ ကြိုးပမ်းမှုကို ဂုဏ်ယူသည့်အလား ခေါင်းညိတ်ပြနေသည်။
သို့သော် အတွင်းစိတ်ထဲတွင်မူ သူ အော်ဟစ်ချင်နေသည်။
သို့သော် သူ စကားတစ်ခွန်းမှ မပြောနိုင်ပေ။
ဘာကြောင့်လဲဆိုတော့...
'သခင်တစ်ယောက်ဟာ... သူ့လူတွေက သူ့ပစ္စည်းတွေကို လုယူနေတာတောင် ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရမယ်။’