အခန်း ၂၃ - ကျိန်စာ
အသက်ကို ကယ်တင်ပေးမည့် တစ်ခုတည်းသော ပစ္စည်းဖြစ်သည့် အသက်ဆက်ပစ္စည်းမှာ အသုံးမဝင်တော့ပေ။
တိတ်ဆိတ်မှု။
ကြိုတင်သတိပေးချက်မရှိဘဲ။
ဘာဖြစ်ပျက်နေမှန်းတောင် မသိလိုက်ဘဲ။
သူ၏ တန်ဖိုးရှိလှသော ဒုတိယအခွင့်အရေးဒုတိယအသက်မှာ... သူကိုယ်တိုင် နားမလည်သည့် အရာတစ်ခုအတွက် အလဟဿ ဖြစ်သွားခဲ့ရပြီ။
သူ့နှုတ်ခမ်းမှ ဟာလာဟင်းလင်း ရယ်သံတစ်ခု ထွက်ပေါ်လာတော့မလို ဖြစ်သွားသော်လည်း သူ တုန်ယင်နေခြင်းမှလွဲ၍ ဘာမှ မလုပ်နိုင်ခဲ့ပေ။
သူ ငိုချင်နေသည်။
နာကျင်မှုကြောင့်မဟုတ်ဘဲ... အကူအညီမဲ့နေမှုကြောင့်။
ရှုပ်ထွေးမှုများကြောင့်။
ကြောက်ရွံ့မှုများကြောင့်။
"ဒါ... ဘာတွေ ဖြစ်ကုန်တာလဲ...?"
သို့သော် အိပ်မက်ဆိုးမှာ ပြီးဆုံးမသွားခဲ့ပေ။
သူသည် သေခြင်းတရား၏ အစွန်းတစ်ဖက်မှ ပြန်လည် ဆွဲထုတ်ခံခဲ့ရသော်လည်း နာကျင်မှုမှာ ရပ်တန့်မသွားခဲ့ပေ။
အနက်ရောင် စွမ်းအင်တန်းများ... ထိုအေးစက်သည့် မန်နာတို့သည် သူ့ခန္ဓာကိုယ်ကို သံကြိုးများပမာ ရစ်ပတ်ထားဆဲပင်။ သူ့ခန္ဓာကိုယ်ကို ဆက်လက် ဝါးမြိုနေဆဲပင်။
သူ့ကို ကျိန်စာတိုက်ခဲ့သူက... အလုပ်မပြီးဆုံးသေးပေ။
ရုတ်တရက် တံခါးမှာ ပွင့်ထွက်သွားသည်။
စီဘတ်စ်နှင့် ကလဲရာတို့ အထဲသို့ ပြေးဝင်လာကြသည်။
စီဘတ်စ်က အရင်ဆုံး လူစီယန်နားသို့ ရောက်ရှိလာပြီး သူ၏ မျက်နှာမှာ စိုးရိမ်တကြီး ဖြစ်နေသည်။ သူသည် ဒူးထောက်လိုက်ပြီး လူစီယန်ကို ပွေ့ချီရန် ကြိုးစားလိုက်သော်လည်း သူ၏ လက်များမှာ တုန်ရီနေသည်။ သူ၏ အစွမ်းအစများ ရှိနေပါသော်လည်း မည်သို့ ကူညီရမှန်း သူ မသိခဲ့ပေ။
ကလဲရာက မျက်လုံးများ ပြူးကျယ်လျက် နောက်မှ ရောက်လာသည်။ လူစီယန်၏ လက်ရှိအခြေအနေကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ပျက်ယွင်းသွားသည်။
"ဒါက—!"
မဆိုင်းမတွပင် သူမသည် မန္တန်ကို စတင် ရွတ်ဆိုတော့သည်။
လူစီယန်၏ အောက်ဘက်တွင် မှော်စက်ဝိုင်းတစ်ခု တောက်ပလာပြီး သူ့ခန္ဓာကိုယ်ကို လေထဲသို့ ညင်သာစွာ မြှောက်တင်ပေးလိုက်သည်။ တောက်ပသော အလင်းတန်းတစ်ခုက သူ့ကို ပတ်လည် ဝန်းရံသွားသည်။ ထိုအလင်းတန်းသည် ရေစီးသကဲ့သို့ သူ့အရေပြား၏ နေရာတိုင်းသို့ စီးဆင်းသွားပြီး အသားအရေနှင့် အရိုးများ၏ အနက်ရှိုင်းဆုံးထိ နစ်မြုပ်သွားသည်။
မှော်အစွမ်းက သူ့ခန္ဓာကိုယ်ကို ဆေးကြောပေးလိုက်ချိန်တွင် ထိုအနက်ရောင် စွမ်းအင်များကစူးရှစွာအော်ဟစ်လာသည်။ ကျိန်စာကို နောက်ဆုတ်သွားစေရန် ဖိအားပေးလိုက်ခြင်းပင် ဖြစ်သည်။
ဖြည်းညှင်းစွာ၊ တစ်လက်မချင်းစီ၊ မကောင်းဆိုးဝါး စွမ်းအင်များက ကွာကျသွားသည်။
ထို့နောက် နောက်ဆုံးတွင်တော့... အရာအားလုံး ပျောက်ကွယ်သွားသည်။
လူစီယန်၏ ခန္ဓာကိုယ်သည် ပျော့ခွေသွားပြီး စီဘတ်စ်၏ လက်မောင်းများပေါ်သို့ တိတ်ဆိတ်စွာ ပြုတ်ကျသွားသည်။
သို့သော် ကလဲရာက မပြီးသေးပေ။
သူမသည် နောက်ထပ် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ပို၍ နူးညံ့ပြီး နွေးထွေးလှသည်။ ကုသခြင်း မှော်စွမ်းအင်များက လူစီယန်၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်အနှံ့ လှည့်လည်စီးဆင်းသွားသည်။
သူ၏ ဒဏ်ရာများ ပျောက်ကွယ်သွားသည်။
ဖူးရောင်ညိုမည်းနေမှုများလည်း ပျောက်ကွယ်သွားသည်။
သွေးများက ခြောက်သွေ့ကာ ပျောက်ကွယ်သွားသည်။
သူ၏ အသက်ရှူနှုန်းပင် ပုံမှန်ပြန်ဖြစ်သွားသည်။
နှိပ်စက်ခံရမှုများ တစ်ခါမှ မဖြစ်ခဲ့ဖူးသည့်အလားပင်။
လူစီယန်၏ ရင်ဘတ်ထဲမှ ဟာလာဟင်းလင်းဖြစ်နေသည့် လေးလံမှုနှင့် သူ၏ မျက်ဝန်းထဲမှ အကြည့်များမှလွဲ၍ပေါ့။
ထိုအခါ...
"ဘယ်သူက ငါ့ရဲ့ အရှင်သခင်ကို ကျိန်စာတိုက်ရဲတာလဲ?!" ကလဲရာက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူမ၏ အသံမှာ အခန်းထဲတွင် မိုးကြိုးသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။
သူမ၏ မျက်နှာအမူအရာမှာ ဒေါသကြောင့် ပုံပျက်သွားသည်။ တစ်ချိန်က နူးညံ့သိမ်မွေ့ခဲ့သော သူမ၏ မျက်နှာသည် ယခုအခါ ဒေါသထွက်နေသော အသူရာနတ်ဆိုးတစ်ပါးနှင့် တူနေလေပြီ။
ကလဲရာသည် သူမ၏ လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြီး နောက်ထပ် မှော်အတတ်တစ်ခုကို ထပ်မံရွတ်ဆိုလိုက်သည်။ တောက်ပသော အလင်းတန်းတစ်ခုက သူမ၏ လက်ဖဝါးမှ ပန်းထွက်လာပြီး တောက်ပနေသော လှိုင်းလုံးတစ်ခုအဖြစ် အပြင်ဘက်သို့ ပြန့်ကားထွက်သွားသည်။ ထိုအလင်းတန်းသည် မုန်တိုင်းတိမ်တိုက်များကို ဖောက်ထွက်လာသည့် နေရောင်ခြည်ကဲ့သို့ အခန်းတစ်ခန်းလုံးကို လွှမ်းခြုံသွားသည်။
စူးစမ်းရှာဖွေနေသည်။
လိုက်လံရှာဖွေနေသည်။
အရိပ်တိုင်း၏ အနက်ရှိုင်းဆုံးထိ ရောက်ရှိသွားသည်။
မှော်စွမ်းအားကိုယ်တိုင်က မကောင်းဆိုးဝါး၏ အစအနအနည်းဆုံးကိုပင် ရှာဖွေနေသကဲ့သို့ လေထုမှာ အနည်းငယ် တုန်ခါနေသည်။
သို့သော် ဘာမျှမရှိပေ။ ထိုမကောင်းဆိုးဝါး အငွေ့အသက်၏ အရိပ်အယောင်မျှပင် ကျန်ရစ်ခြင်းမရှိတော့ပေ။
စီဘတ်စ်က သူမကို ငြိမ်သက်စွာ ရပ်ကြည့်နေသည်။
ပြီးခဲ့သည့်ညက လူစီယန် သူမကို အိမ်သို့ ခေါ်လာချိန်တွင် စီဘတ်စ်မှာ သံသယဝင်ခဲ့သည်။ ရည်ရွယ်ချက် မသေချာသည့်၊ အလွန်အမင်း ကိုးကွယ်ယုံကြည်သူ စိမ်းသက်သက်တစ်ယောက်ကို သူ တစ်စက္ကန့်မျှပင် မယုံကြည်ခဲ့ပေ။
ဒါပေမဲ့ အခုတော့...
သူသည် သဘောတူသည့်အလျောက် ခေါင်းကို ငြိမ့်ပြလိုက်သည်။
လူစီယန်အပေါ် သူမ၏ သစ္စာရှိမှုမှာ မလိမ်ညာနိုင်သော အမှန်တရားဖြစ်သည်။ သူ၏ သစ္စာရှိမှုလောက် ငြိမ်သက်ပြီး စည်းကမ်းမရှိသော်လည်း သူမ၏ သစ္စာရှိမှုမှာ အတုအယောင် မဟုတ်ပေ။ ဒါက သူ့ကို ထူးဆန်းသော စိတ်သက်သာရာတစ်ခု ရရှိစေသည်။
ကလဲရာက သူမ၏ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူမ၏ အသံမှာ စိတ်ပျက်အားငယ်မှုတို့ဖြင့် အက်ကွဲသွားသည်။
"မိစ္ဆာကောင်! နင့်ကို ငါသာ တွေ့ခဲ့ရင် ငရဲပြည်ကို ပြန်ပြေးဖို့တောင် စိတ်ကူးမယဉ်နဲ့။ နင့်ကို တစ်ပိုင်းစီ ဆွဲဖြဲပြီး ဗလာကျင်းနေတဲ့ အာကာသထဲကိုပဲ ကျွေးလိုက်မယ်!"
ထိုကျိန်စာမှာ အနီးအနားမှ လာခြင်းမဟုတ်ဘဲ အဝေးမှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ကလဲရာက သူမ၏ သွားများကို ကြိတ်ထားပြီး ခဏတာ အရှုံးပေးလိုက်ရသည့်ပုံစံဖြင့် ကြည့်နေသည်။
စီဘတ်စ်က သူမကို စူးစိုက်ကြည့်ရင်း ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ 'ဒါဆို... သူမက သခင်လေးရှေ့မှာပဲ အေးဆေးယဉ်ကျေးနေတာကိုး' ဟု သူ တွေးလိုက်သည်။
ဒါက ရယ်စရာပင် ကောင်းလှသည်။
'ဒီလောက် ပါးစပ်သရမ်းတဲ့ယဇ်ပုရောဟိတ် ?' သူ သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။ သူမက အသုံးဝင်ပြီး သစ္စာရှိနေသရွေ့ အဲ့ဒီအကြောင်းတွေကို အများကြီး စဉ်းစားနေဖို့ မလိုပေ။
သူမက တကယ်လည်း သစ္စာရှိသည်။
လူစီယန်က သူ့ကိုယ်သူ ဖြည်းဖြည်းချင်း ထပြီး ကုတင်စွန်းတွင် ထိုင်လိုက်သည်။
သူ အလွန်ပင် ဒေါသထွက်နေသည်။
ခဏလေးက သူ ခံစားခဲ့ရတာက နာကျင်မှုသက်သက် မဟုတ်ပေ။ ဒါက ညှဉ်းပန်းနှိပ်စက်မှု ဖြစ်သည်။ စီဘတ်စ်၏ 'ညှဉ်းပန်းနှိပ်စက်ခြင်း' ကျွမ်းကျင်မှုကို သူ ပြန်သတိရသွားသည်။ ဒီတစ်ခါမှာတော့ အဲ့ဒီဒုက္ခက သူ့ဆီကို ပြန်ရောက်လာခဲ့သည်။
သို့သော် သူ၏ တောက်လောင်နေသော ဒေါသများကြားထဲတွင် ကလဲရာ၏ ပေါက်ကွဲနေသော ဒေါသက သူ့ကို တည်ငြိမ်စေရန် ကူညီပေးသည်။ သူမ၏ ကျယ်လောင်ပြီး ပြဇာတ်ဆန်ဆန် ဒေါသပေါက်ကွဲမှုများကြောင့် သူ၏ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိရန် ပိုမိုလွယ်ကူသွားသည်။
သူ သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားသည်။
'သူမက ငါ့ထက်တောင် ပိုဒေါသထွက်နေသေးတယ်။'
ဒီအတွေးကြောင့် သူ အနည်းငယ် ရယ်မောမိသည်။ သူမ၏ စိတ်ကူးယဉ်မှုက တကယ်ကို လွန်ကဲလွန်းသည်။
'ငါသာ ဒီလောက် မြင့်မြတ်တဲ့သူ ဖြစ်ခဲ့ရင် အဲ့ဒီကျိန်စာက ငါ့ကို အရင်ဆုံး ထိနိုင်မှာ မဟုတ်ဘူး။'
သို့သော် စိတ်လှုပ်ရှားမှုများ လျော့ကျသွားချိန်တွင် ပိုမိုနက်ရှိုင်းသော အတွေးတစ်ခုက သူ့စိတ်ထဲတွင် ခိုအောင်းလာသည်။
'ကျိန်စာ... ဟုတ်လား။'
သူသည် ဒူးပေါ်တွင် တံတောင်ဆစ်တင်ကာ ရှေ့သို့ ကိုယ်ကိုကိုင်းလိုက်သည်။ အတွေးထဲသို့ နစ်မြုပ်သွားသည်။
အရာအားလုံးက ရုတ်တရက်ကြီး ဖြစ်ပျက်သွားခဲ့တာ...
စနစ်။
အသက်ဆက်ပစ္စည်း။
ကလဲရာ။
အဲ့ဒီအထဲက တစ်ခုခုသာ မရှိခဲ့ရင်... သူ သေဆုံးသွားမှာ အသေအချာပင်။
ကြိုတင်သတိပေးချက် မရှိ။
အရိပ်အယောင် မရှိ။
သေခြင်းတရားသာ ရှိသည်။
အထူးသဖြင့် ကလဲရာပေါ့။ ပြီးခဲ့တဲ့ညက မထင်မှတ်ဘဲ တွေ့ဆုံခဲ့သူတစ်ယောက်ဟာ သူ့အသက်ကို ကယ်တင်ပေးမယ့် ကြိုးမျှင်ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ?
ဒါကို တိုက်ဆိုင်မှုလို့ မခေါ်နိုင်တော့ပေ။
ကံကြမ္မာလိုမျိုး ခံစားရသည်။
ပဟေဠိတစ်ခုက နေရာတကျ ဖြစ်လာသလိုမျိုး။
လူစီယန်သည် ဒေါသထွက်နေဆဲဖြစ်သော ကလဲရာဘက်သို့ လှည့်လိုက်သည်။
"ကလဲရာ... ပင်ပန်းမခံပါနဲ့တော့" သူ တိုးတိုးလေး ပြောလိုက်သည်။ "ဘယ်သူလုပ်တာလဲဆိုတာ ငါ သိတယ်။"
ကလဲရာ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ၏ အသံမှာ တိုးသော်လည်း ခိုင်မာပြတ်သားသည်။
"အရှင်သခင်... အမိန့်သာ ပေးလိုက်ပါ။ အရှင်သခင်ရဲ့ မြင့်မြတ်တဲ့ အနားယူခြင်းကို နှောင့်ယှက်ရဲသူ ဘယ်သူမဆို ကျွန်မ လိုက်လံရှင်းလင်းပါ့မယ်။"
လူစီယန်က အနည်းငယ် ပြုံးပြလိုက်သည်။
အနည်းဆုံးတော့ သူမ၏ သစ္စာရှိမှုက အမှန်တကယ်ပင် ဖြစ်သည်။ မှားယွင်းစွာ နားလည်ထားခြင်းကနေ ပေါက်ဖွားလာတာ ဖြစ်စေဦးတော့ပေါ့။ သူမက အမှန်တရားကို မသိသော်လည်း သူ့ကို အပြည့်အဝ ယုံကြည်နေသည်။
ဒါလေးတစ်ခုတည်းနဲ့တင်... လက်ရှိအချိန်အတွက် လုံလောက်ပါပြီ။
သူ သက်ပြင်းချလိုက်ပြီး ကိုယ်ကို အနည်းငယ် နောက်သို့ မှီလိုက်သည်။ "ဒီအချိန်ကာလအတွင်းမှာ ငါ့အနားကနေ မခွာပါနဲ့။ ဒီခန္ဓာကိုယ်က... အခုထိ အားနည်းနေတုန်းပဲ။ အရမ်းကို ထိခိုက်လွယ်တယ်။ ငါ နောက်တစ်ကြိမ် ထပ်ကျိန်စာတိုက်ခံရနိုင်တယ်။ ငါ့ရဲ့ 'စစ်မှန်တဲ့' စွမ်းအားတွေ ပြန်မရလာမချင်း နင့်ရဲ့ ကာကွယ်မှု လိုအပ်လိမ့်မယ်။”
ကလဲရာ၏ အမူအရာ ပြောင်းလဲသွားသည်။ သူမ၏ အစွန်းရောက်သော အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး ပိုမိုလေးနက်ကာ ကာကွယ်လိုသည့် အရိပ်အယောင်များဖြင့် အစားထိုးဝင်ရောက်လာသည်။
ကျိန်စာ တိုက်ခိုက်ခံရသည့် အချိန်ကို သူမ ပြန်သတိရလိုက်သည်။
မြင့်မြတ်သော စွမ်းအင်များ ရုတ်တရက် ကျဆင်းသွားခြင်း။
ထို့နောက် ပေါ်ပေါက်လာသည့် ကြောက်မက်ဖွယ် တိတ်ဆိတ်ခြင်း။
၎င်းမှာ... သေခြင်းတရားနှင့် တူသည်။
သူမ သေချာပေါက် သိလိုက်ရသည်... လူစီယန် သေဆုံးသွားခဲ့ပြီ။ သို့သော် သူ အသက်ရှင်နေဆဲပင်။
'အစစ်အမှန် သခင်တစ်ပါးသာလျှင် ဒီလို ကျိန်စာမျိုးကို ကျော်ဖြတ်နိုင်မှာ' ဟု သူမ တွေးမိသည်။ 'ဒီခန္ဓာကိုယ်က ချို့ယွင်းနေပေမဲ့၊ သူ့ရဲ့ အနှစ်သာရစွမ်းအင်ကတော့... မဟုတ်ဘူး။'
သူမသည် သူ့ဘေးတွင် ဒူးထောက်လိုက်ပြီး လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တွင် တင်းတင်းဆုပ်ကိုင်ကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ အရှင်သခင်" သူမက ရင်ကော့ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။ "ကျွန်မ အသက်ရှင်နေသရွေ့တော့ ဘယ်လို ပြင်းထန်တဲ့ ကျိန်စာမျိုးကမှ အရှင်သခင်အနားကို ချဉ်းကပ်ရဲမှာ မဟုတ်ပါဘူး။"
လူစီယန် ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။ 'သူမ စိတ်မမှန်တာ ဖြစ်နိုင်ပေမဲ့... အနည်းဆုံးတော့ သူမက ငါ့တို့ဘက်မှာ ရှိနေတဲ့ စိတ်မမှန်တဲ့သူမျိုးပါပဲ။'
'သခင်လေးနဲ့တော့ အံဝင်ခွင်ကျပဲ' ဟု ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေရင်း စီဘတ်စ်က ရယ်မောကာ တွေးလိုက်သည်။
လူစီယန်သည် ကလဲရာကဲ့သို့ ထိန်းချုပ်ရခက်သော ပုရောဟိတ်ကြီးတစ်ပါးကို မိမိအလိုအတိုင်း ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထိုအချက်တစ်ခုတည်းနှင့်ပင် အံ့ဩစရာကောင်းလှသည်။ သို့သော် ထိုထက်ပို၍ စီဘတ်စ်မှာ ဂုဏ်ယူစိတ်များ တက်ကြွနေသည်။ သူ့သခင်လေးသည် တကယ်ကို ကြောက်ခမန်းလိလိ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ကြီးပြင်းလာနေပြီဖြစ်သည်။
လူစီယန်က ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်သည်။ သူ၏ အကြည့်များမှာ အနည်းငယ် မှောင်မိုက်သွားသည်။
သူ၏ အတွေးများမှာ တရားခံများဆီသို့ ရောက်သွားသည်။
ကျိန်စာ။
နာကျင်မှု။
သူ့ထံမှ လုယူသွားသော အသက်ဆက်ပစ္စည်း။
[အသက်ဆက်ပစ္စည်း]။ အဲ့ဒီလိုမျိုးနဲ့တင် ပျောက်ကွယ်သွားခဲ့ပြီ။
သူ့ရဲ့ နောက်ဆုံးသော အကာအကွယ်တစ်ခု။ အလကားဖြစ်သွားရပြီ။
ဒီအချက်က သူ့ရင်ဘတ်ကို တင်းကျပ်သွားစေသည်။သာမန်အချိန်ဆိုရင် သူ ဒေါသထွက်လွန်းလို့ စိတ်ပျက်အားငယ်ပြီး ငိုချင်စိတ်တောင် ပေါက်မိမှာ အသေအချာပင်။
ထိုအခိုက်အတန့်မှာပင် သူ သတိရသွားသည်။
သူ ကေးလ်ကို ပေးခဲ့တဲ့ တာဝန်ကို လူစီယန် ပြန်တွေးမိလိုက်သည်။ ကိုးလ်ဟတ်မိသားစုဆီသို့ အထူးလက်ဆောင်တစ်ခု ပေးပို့ခိုင်းခဲ့သည့်အကြောင်း။
သူတို့ရဲ့ ဒုတိယသားဖြစ်သူ၏ ခေါင်းကိုလေ။
သူဟာ နားထင်ကို ပွတ်သပ်လိုက်ပြီး ခြောက်သွေ့တဲ့ ချောင်းဆိုးသံတစ်ချက် ဟန့်လိုက်သည်။
"အဟမ်း... အဟမ်း... ငါ့ကို ကျိန်စာတိုက်တာ မဆန်းပါဘူးလေ" လို့ သူ ရေရွတ်လိုက်သည်။ "ဒါပေမဲ့ သူတို့က ဒီလောက်ထိ စောက်ရှက်မရှိအောင် ယုတ်မာနေတာ ငါ့အမှားမဟုတ်ဘူးလေ။"
သူ့အသံထဲမှာ နောင်တဆိုတဲ့ အရိပ်အယောင်တောင် မရှိပေ။
ရှိရောရှိဖို့ လိုလို့လား? သူတို့က အရင်ဆုံး သူ့ကို သတ်ဖို့ ကြိုးစားခဲ့တာလေ။
သူကတော့ ထိုမေတ္တာကို ပြန်လည်ပေးဆပ်လိုက်ခြင်းသာ ဖြစ်သည်။
"ကိုးလ်ဟတ်ပြည်နယ်သားအယုတ်တမာတွေ..." သူ အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။ "ဒီရန်ငြိုးက ပြေလည်လို့မရတော့ဘူး။ ငါ မင်းတို့ကို သတ်ဖြတ်ပစ်မယ်။"
ခွင့်လွှတ်ပေးဖို့ နေရာမကျန်တော့ပေ။
ကြားခံလမ်းဆိုတာ မရှိတော့။
လမ်းတစ်ခုပဲ ကျန်တော့သည်။
လက်စားချေခြင်း။
ဒါပေမဲ့ အရင်ဆုံး...
သူဟာ သူ့ရဲ့ ပစ္စည်းသိုလှောင်ရာနေရာ
ထဲသို့ လက်နှိုက်လိုက်ပြီး တောက်ပနေတဲ့ ပုံဆောင်ခဲအရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်သည်။
မှတ်ဉာဏ်အနှစ်သာရ ။