အခန်း ၂၂ - သေခြင်းတရား
လူစီယန်မှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ရင်ခုန်သွားသည်။
သူ နောက်ဆုံးတော့ မန်နာကို မြင်နိုင်ပြီပေါ့!?
လေထဲတွင် လှည့်ပတ်နေပီး တောက်ပသော ရစ်ခွေနေသည်။
လေနှင့်အတူ ကခုန်နေသည့် တောက်ပသော အရောင်အသွေးများ။
ကမ္ဘာကြီးကို အရောင်ဆိုးပေးနေသည့် သိမ်မွေ့သော အလင်းတန်းများ။
သူ ယခုအခါ ၎င်းတို့ကို သိမြင်နေရပြီဖြစ်သည်။ ၎င်းမှာ လှပလွန်းသည်။ အံ့ဩစရာပင် ကောင်းလှသည်။
သို့သော် ထိုပျော်ရွှင်မှုမှာ ကြာရှည်မခံလိုက်ပေ။
သူသည် [စစ်ဆေးခြင်း] ကို အသုံးပြုနေမှသာ မန်နာကို မြင်နိုင်ခြင်းဖြစ်သည်။ ဤလောကရှိ လူတိုင်းကဲ့သို့ အာရုံစူးစိုက်ကာ လွတ်လပ်စွာ မြင်နိုင်သည်မဟုတ်ဘဲ လူစီယန်မှာ တံခါးအက်ကြောင်းကြားမှ ခိုးကြည့်နေရသည့် အပြင်လူတစ်ယောက်သာ ဖြစ်နေဆဲပင်။
သို့သော် တစ်စုံတစ်ခုက သူ့အာရုံကို ဖမ်းစားသွားပြန်သည်။
မန်နာ...
သူ့ခန္ဓာကိုယ်ထဲတွင် မန်နာ လုံးဝ မရှိပါ!
သူ မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။ ဒါဟာ ထူးဆန်းရုံတင်မကဘဲ မဖြစ်နိုင်တဲ့အရာ ဖြစ်သည်။
သက်ရှိအားလုံးသည် အသက်ရှင်သန်ရန်အတွက် မန်နာ လိုအပ်သည်။ ၎င်းမှာ သွေးကဲ့သို့ပင်... မရှိမဖြစ်လိုအပ်သည့် အရာဖြစ်သည်။
"ဒါ... ဒါက ဘာလဲ?" ဟု သူ စိတ်မသက်မသာဖြင့် ရေရွတ်လိုက်သည်။
လုံးဝ အဓိပ္ပာယ်မရှိပေ။
ထိခိုက်မှုမျိုးလည်း မရှိ။
ရောဂါလက္ခဏာလည်း မရှိ။
ရှိသည်မှာ ဟာလာဟင်းလင်း ဖြစ်နေခြင်းသာ။
"အဟမ်း။ ကလဲရာ" လူစီယန်က သူ၏ ရှုပ်ထွေးမှုများကို လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးကွယ်ရင်း ခေါ်လိုက်သည်။ "ငါ့ရဲ့ ခန္ဓာကိုယ်က မန်နာကို စုပ်ယူနိုင်ပုံမရဘူး။ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ နင် သိလား?"
ကလဲရာ အံ့ဩတကြီး မျက်တောင် ခတ်မိသည်။ သူမသည် သံသယတစ်စက်မျှမရှိဘဲ သူနှင့် ပို၍နီးကပ်အောင် တိုးကပ်လာသည်။ သူမ၏ အကြည့်တို့မှာ ရိုသေလေးစားမှုနှင့် သိလိုစိတ်တို့ဖြင့် ပြည့်နှက်နေသည်။
ထို့နောက် သူမသည် အနည်းငယ် အရိုအသေပေးလိုက်ပြီး သူမ၏ စိတ်အားထက်သန်မှုကို မနည်းထိန်းချုပ်ထားသည့် လေသံဖြင့် မေးမြန်းလိုက်သည်။ "အရှင်သခင်.... ကျွန်မကို အရှင်သခင်ရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ်ကို ထိတွေ့ဖို့ ခွင့်ပြုပေးနိုင်မလားရှင့်?"
သူမ၏ အသံမှာ အနည်းငယ် တုန်ရီနေသည်... ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲ စိတ်လှုပ်ရှားမှုကြောင့်ပင်။
လူစီယန် ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။ "လုပ်လိုက်လေ။ အဲ့ဒါက ဘာကြောင့်ဖြစ်နေတာလဲဆိုတာ နင် နားလည်ဖို့ အထောက်အကူဖြစ်မယ်ဆိုရင်ပေါ့။”
သူမသည် လက်ကို ဆန့်ထုတ်လိုက်ပြီး လူစီယန်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ သူမ၏ လက်ချောင်းများမှာ အနည်းငယ် တုန်ရီနေသည်။ အလွန်ဂရုတစိုက်နှင့် သူ့လက်ကို သူမ၏ လက်နှစ်ဖက်ကြားတွင် ပွေ့ထားလိုက်ပြီး ရုပ်ပိုင်းဆိုင်ရာထက် ကျော်လွန်သော တစ်စုံတစ်ရာကို ခံစားမိစေရန် မျက်လုံးများကို မှိတ်လိုက်သည်။
တိတ်ဆိတ်မှုများဖြင့် အချိန်အနည်းငယ် ကုန်ဆုံးသွားသည်။
ထို့နောက် သူမ၏ မျက်ခုံးများမှာ တင်းကျပ်စွာ တွန့်ကွေးသွားသည်။
"ဒါက...!"
သူမ၏ မျက်လုံးများ ပွင့်လာပြီး မျက်နှာပေါ်တွင် ထိတ်လန့်မှုများ လွှမ်းခြုံသွားသည်။ ထို့နောက် ချက်ချင်းပင် ထိုအမူအရာနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော အမူအရာက အစားထိုးဝင်ရောက်လာသည်။
သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့်အရာမှာ သူ လုံးဝ မမျှော်လင့်ထားသည့်အရာ ဖြစ်သည်။
သူမ၏ နှုတ်ခမ်းများပေါ်တွင် ရူးသွပ်သော၊ အလွန်အမင်း ရိုသေလေးစားသော အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ အသံမှာ ကြည်ညိုခြင်းများဖြင့် တုန်ရီနေသည်။
"အရှင်သခင်ရဲ့ အစွမ်းပါပဲ...! ဒီခန္ဓာကိုယ်က ပျက်စီးနေတာပါ... ဒါပေမဲ့ အရှင်ကတော့ အသက်ရှင်နေဆဲပဲ!"
လူစီယန် မျက်တောင် ခတ်မိသည်။ ရုတ်တရက် ပြောင်းလဲသွားသော သူမ၏ အပြုအမူကြောင့် သူ အံ့အားသင့်သွားသည်။
"နင် ဘာကို ပြောနေတာလဲ?" သူ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "'ပျက်စီးနေတယ်' ဆိုတာ ဘာကို ဆိုလိုတာလဲ?"
ကလဲရာက သူမ၏ မယိမ်းယိုင်နိုင်သော ယုံကြည်ချက်များနှင့် ပြည့်နှက်နေသည့် အသံဖြင့် ရိုသေစွာ ဖြေကြားသည်။
"မန်နာလမ်းကြောင်းတွေ မပါဘဲ မွေးဖွားလာတဲ့ ခန္ဓာကိုယ်မျိုး မရှိသင့်ပါဘူး... အနည်းဆုံးတော့ အကြာကြီး မရှင်နိုင်ဘူး။ သီအိုရီအရဆိုရင် အဲ့ဒီလို မွေးကင်းစကလေးတစ်ယောက်ဟာ မွေးပြီး ခဏလေးအတွင်းမှာပဲ သေဆုံးသွားမှာပါ။ မန်နာလမ်းကြောင်းတွေ မရှိရင် ဒီကမ္ဘာမှာ ပြည့်နှက်နေတဲ့ မန်နာတွေကို ခန္ဓာကိုယ်က မစုပ်ယူနိုင်သလို လည်ပတ်အောင်လည်း မလုပ်နိုင်ဘူး။ သွေးကြောမပါတဲ့ သွေးနဲ့ တူပါတယ်။ မန်နာက ခန္ဓာကိုယ်ထဲကို ဝင်လာဖို့ ကြိုးစားလိုက်တာနဲ့ အဲ့ဒါက အဆိပ်ဖြစ်သွားမှာပဲ။ ခန္ဓာကိုယ်က အတွင်းပိုင်းကနေ အသက်ရှူကျပ်သွားလိမ့်မယ်။"
လူစီယန် ငြိမ်သက်သွားသည်။
တစ်ဆယ့်နှစ်နှစ်။
ဒီလောကမှာ သူ နေထိုင်ခဲ့တာ တစ်ဆယ့်နှစ်နှစ်ရှိပြီ။ မှော်ပညာကို မသုံးနိုင်တာကလွဲရင် ကျန်းမာနေပုံပါပဲ။ ဒါအားလုံးက ဒီအချက်နဲ့ပဲ ဆက်စပ်နေတာလား။ ကလေးဘဝကတည်းက သူ့ကို သေစေနိုင်လောက်တဲ့အထိ ဆိုးရွားတဲ့ ချို့ယွင်းချက်တစ်ခုလား။
ကလဲရာက သူမ၏ မျက်ဝန်းထဲတွင် လေးစားမှုများ အရောင်လက်လျက် ဆက်ပြောသည်။
"ဒါပေမဲ့ အရှင်သခင်က ဒီမှာ ရှိနေတာပဲ! အသက်ရှင်နေတယ်၊ နိုးကြားနေတယ်၊ စကားပြောနေတယ်။ အရှင်သခင်ရဲ့ ခန္ဓာကိုယ်က အကြောင်းပြချက်တွေကို ကျော်လွန်နေတယ်။ အရှင်သခင် ဆိုတဲ့အတိုင်းပါပဲ... ပျက်စီးနေတဲ့ ခန္ဓာကိုယ်ထဲမှာတောင် အရှင်သခင်ရဲ့ စွမ်းအားတွေက လျှံကျနေတာပဲ။ အရှင်သခင်ရဲ့ စွမ်းအားတွေက ဒီခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားတယ်လို့ ကျွန်မ ခံစားရတယ်... သဘာဝတရားရဲ့ နိယာမထက် ကျော်လွန်နေတဲ့အရာတစ်ခုပေါ့! ကျွန်မ ခံစားမိတယ်... မြင့်မြတ်တဲ့ စွမ်းအင်ရဲ့ အစအနတွေကိုပေါ့။ အဲ့ဒါတွေက အသက်စွမ်းအင်ထဲမှာ တစ်သားတည်း ယှက်နွယ်နေတာ။"
'မြင့်မြတ်တဲ့ စွမ်းအင်တွေ ပြန်ဖြစ်နေပြန်ပြီ... ဒါက စနစ်ကြောင့်လား?' ဒါပေမဲ့ အဓိပ္ပာယ်မရှိပေ။ သူ စနစ်ကို ရတာ မကြာသေးဘူးလေ။ ကလဲရာပြောတာသာ အမှန်ဆိုရင်၊ ဒီအချိန်တစ်ခုလုံး သူ့ကို အသက်ရှင်အောင် ထိန်းထားပေးတဲ့ တခြားအရာတစ်ခု ရှိရမယ်။
သူ အဖြေအားလုံးကို မသိသေးပေမဲ့ တစ်ခုတော့ သေချာသည်။ သူ ဘာကြောင့် မှော်ပညာကို မသုံးနိုင်တာလဲဆိုတာကို သူ နောက်ဆုံးတော့ သိသွားပြီ။
မန်နာလမ်းကြောင်းတွေ မရှိခြင်း။
မွေးရာပါ ချို့ယွင်းချက်။ သူ ဒီလိုမျိုး မွေးဖွားလာတာဆိုရင် ကုသလို့မရသလို လေ့ကျင့်လို့လည်း ရမှာမဟုတ်ဘူး။ ဒါက သူ့ရဲ့ တည်ရှိမှု အခြေခံမှာကိုက အားနည်းချက် ဖြစ်နေတာ။
ဒါပေမဲ့လည်း သူ လက်မလျှော့နိုင်ဘူး။
ဘာလို့လဲဆိုတော့ အခုဆိုရင်... သူမှာ လမ်းစသစ်တစ်ခု ရသွားပြီလေ။
မြင့်မြတ်သော စွမ်းအင်။
သူသာ မန်နာကို မသုံးနိုင်ရင်၊ တခြားအရာတစ်ခု... ပိုမိုကြီးမြတ်တဲ့အရာတစ်ခုကို သုံးနိုင်ကောင်းပါရဲ့။
သူ တွေးတောရင်း ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်သည်။ ထိုစဉ် သူ့လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ ကလဲရာက တုံ့ဆိုင်းစွာဖြင့် ပြန်ပြောလာသည်။
"နောက်ပြီးတော့... အရှင်သခင်ရဲ့ ခန္ဓာကိုယ် အနက်ရှိုင်းဆုံးထဲမှာ မြင့်မြတ်တဲ့ စွမ်းအင်ရဲ့ အခြားအစအန အားနည်းနည်းလေးကိုလည်း ကျွန်မ ခံစားမိတယ် အရှင်သခင်။ 'မြင့်မြတ်သော အာရုံ' မရှိရင် ကျွန်မ ဒါကို သတိထားမိမှာ မဟုတ်ဘူး" ဟု သူမက တိုးတိုးလေး ပြောသည်။ "အဲ့ဒါက သိမ်မွေ့ပေမဲ့ ရင်းနှီးနေတယ်။ အရှင်သခင် ကျွန်မကို ပေးတဲ့ သကြားလုံးလေးလိုမျိုးပဲ။ ကျွန်မ အဲ့ဒါကို စားလိုက်တဲ့အခါ မြင့်မြတ်တဲ့ စွမ်းအင်ရဲ့ အရောင်အစလေးတစ်ခု ကျွန်မ ခန္ဓာကိုယ်ထဲ ဝင်လာတာကို ခံစားရတယ်။ အဲ့ဒါက ခဏတာလေးပဲ ဖြစ်ပေမဲ့ ကျွန်မကို အာဟာရ ဖြစ်စေခဲ့ပါတယ်..."
လူစီယန် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ဟုတ်တာပေါ့။ ကျလာတဲ့ပစ္စည်းေတွ။ သူ စားသုံးခဲ့တဲ့ ထူးဆန်းတဲ့ ပစ္စည်းတွေ။
ကလဲရာက ထက်မြက်သည်။ နည်းနည်းတော့ စိတ်မမှန်ဘူးပေါ့... ဒါပေမဲ့ အလွန်တရာ ထိုးထွင်းသိမြင်နိုင်စွမ်း ရှိသည်။ သူမ၏ ရူးသွပ်မှုက သူ့ကို အခုတော့ သိပ်ပြီး မနှောင့်ယှက်တော့ပါ၊ သူမက ဒီလောက်အထိ အသုံးဝင်နေတာပဲလေ။
သူ့နားလည်သဘောပေါက်မှုက မှန်ကန်တယ်ဆိုရင်၊ သူ စားသုံးခဲ့တဲ့ ပျားရည်လိုမျိုး ပစ္စည်းတွေက သူ့ခန္ဓာကိုယ်ကို မြင့်မြတ်တဲ့ စွမ်းအင်တွေနဲ့ ဖြည်းဖြည်းချင်း အာဟာရဖြည့်ပေးနေတာပဲ။ အဲ့ဒါက ပစ္စည်းအချက်အလက်တွေမှာ ဖုံးကွယ်ထားတဲ့ ထူးဆန်းတဲ့ ဖော်ပြချက်တွေ၊ သူ အခုထိ အပြည့်အဝ နားမလည်ခဲ့တဲ့ အကျိုးသက်ရောက်မှုတွေကို ရှင်းပြပေးနေတာပဲ။
ဒါပေမဲ့ ပမာဏက နည်းလွန်းတယ်။ သူ တကယ် ခံစားမိဖို့အတွက်က အရမ်းကို အားနည်းလွန်းတယ်။ ရှိတော့ ရှိတယ်၊ ဒါပေမဲ့ မသဲကွဲဘူး။
လူစီယန်က အချိန်နောက်ကျနေပြီဆိုတာကို သတိပြုမိလိုက်သည်။
"ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ကြစို့" လူစီယန်က ကလဲရာဘက်ကို လှည့်ပြီး ပြောလိုက်သည်။ "ငါ့နယ်မြေကို ပြန်ကြရအောင်။ ငါ့အိမ်မှာ ငါနဲ့အတူ ထမင်းစားရအောင်။ အခုတော့ နားလိုက်ဦး၊ မနက်ဖြန်မှ ပိုပြီး စကားပြောကြတာပေါ့။"
ကလဲရာက ပျော်ရွှင်မှုတွေနဲ့ တောက်ပသွားပြီး အနည်းငယ် အရိုအသေပေးလိုက်သည်။ "ဟုတ်ကဲ့ပါ အရှင်သခင်!"
သူမက သူ့နောက်ကနေ လိုက်လာခဲ့သည်... သူ့အရှင်သခင်၏ အရိပ်အောက်တွင် ခိုလှုံနေသော သစ္စာရှိ ကျွန်တစ်ဦးကဲ့သို့ပင်။
•••
အရုဏ်တက်ချိန်။
လူစီယန် အိပ်မက်ထဲမှ လန့်နိုးသွားသည်။ သူ၏ နှုတ်ခမ်းဖျားမှ နာကျင်စွာ ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ စောင်အောက်တွင် တုန်ရီနေသည်။
သူ အိပ်မက် မက်နေသည်။
ဒါပေမဲ့ ဒါက သာမန် အိပ်မက်ဆိုး မဟုတ်ပေ။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီးနောက် ရုတ်တရက် အားပြင်းစွာ လှုပ်ရှားလိုက်ကာ ကုတင်ပေါ်မှ ပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ်သို့ တုန်းလုံးလဲကျသွားသည်။
သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
ပြီးတော့ သူ အော်ဟစ်လိုက်သည်။
သူ၏ လည်ချောင်းမှ သွေးပျက်ဖွယ် အော်သံတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် မမြင်နိုင်သော နာကျင်မှုများ လှိုင်းလုံးများပမာ ရိုက်ခတ်လာသည်။
အရမ်းထိုးဖောက်စူးရှတဲ့ နာကျင်မှု
အသက်ရှူကြပ်လောက်အောင်ပါပဲ။
မရပ်မနားပဲ နာကျင်နေသည်။
အထဲကနေပြီးတော့ ပုရွက်ဆိတ် ထောင်ပေါင်းများစွာ ကိုက်ဖြတ်နေသလို ခံစားလိုက်ရသည်။ သူ၏ အာရုံကြောများနှင့် အရိုးများကိုပါ စားသောက်နေသကဲ့သို့ပင်။
သူ့ခြေလက်များမှာ ထိန်းချုပ်မရအောင် တုန်ယင်နေသည်။ သူ့လက်များ... သူ့လက်များက သူ့လည်ပင်းကို ကိုယ်တိုင် ပြန်ညှစ်ထားလိုက်သည်။ တစ်စုံတစ်ခုက ပူးကပ်နေသလိုမျိုး။
"ဘာတွေဖြစ်နေတာလဲကွာ!"
ကြောက်ရွံ့မှုများက သူ့ကို ဖုံးလွှမ်းသွားသည်။
နာကျင်မှုကြောင့် သူ၏ အာရုံများမှာ မှေးမှိန်သွားသည်။
သူ အသက်မရှူနိုင်တော့ပေ။
ဘာကိုမှလည်း မစဉ်းစားနိုင်တော့ပါ။
"စစ်ဆေးခြင်း။"
ထိုအခါ သူ မြင်လိုက်ရသည်။
မှောင်မိုက်ပြီး မကောင်းဆိုးဝါးဆန်သည့် စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသည်။ အသက်ဝင်နေသော ကျိန်စာတစ်ခုပမာ ရစ်ခွေနေသည့် မန်နာအငွေ့အသက်များ။
အဲ့ဒါက သူ့ကို နာကျင်စေရုံတင် မဟုတ်ဘူး... သူ့ကိုပါ ဝါးမြိုနေတာ!
သူ၏ အမြင်အာရုံများ ဝေဝါးလာသည်။
နာကျင်မှုမှာ ပိုမိုပြင်းထန်လာသည်။
သူ၏ သတိတရားမှာလည်း တဖြည်းဖြည်း လျော့ပါးလာသည်။
မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် လူစီယန်သည် ထိုနာကျင်မှုကို ကျော်လွန်ရန် ကြမ်းပြင်ပေါ်သို့ ခေါင်းနှင့် ဆောင့်ချလိုက်သည်။
သူ၏ နှာခေါင်းမှ သွေးများ ယိုစီးကျလာသည်။
သူ့လက်မောင်း၊ ခြေထောက်၊ ရင်ဘတ်တို့တွင် ဒဏ်ရာများ ပြည့်နှက်နေသည်။
နေရာတိုင်းမှာပင်။
သူသည် 'စလိုင်းသားရဲပုံစံ' ကို ဖွင့်လိုက်သည်။ သို့သော်...
ဘာမှ မပြောင်းလဲသွားပေ။
အသွင်ပြောင်းလိုက်ခြင်းက ပိုပြီးတောင် ဆိုးရွားသွားစေသည်။ ပျော့ပျောင်းသော စလိုင်းခန္ဓာကိုယ်ကလည်း ဤဒုက္ခကို မတားဆီးနိုင်ခဲ့ပေ။
ဒဏ်ရာများက ဆက်တိုက် ဖြစ်ပေါ်နေသည်။
နာကျင်မှုကလည်း ဆက်တိုက် တိုးပွားနေသည်။
သူသည် ထိုပုံစံကို ချက်ချင်း ပြန်ပိတ်လိုက်သည်။
ထို့နောက်...
ဘုန်း!
အလွန်ကြီးမားပြီး မမြင်နိုင်သော တူကြီးတစ်ခုက သူ့အသက်ဝိညာဉ်၏ အဓိကဗဟိုချက်ကို ထုရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သူ့အောက်ရှိ ကြမ်းပြင်များ တုန်ခါသွားသည်အထိ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီနေသည်။
ထိုစွမ်းအားမှာ အလွန်ပင် နှိပ်စက်လွန်းလှသည်။
ရပ်တန့်သွားခြင်း မရှိပေ။
လူစီယန်၏ မျက်လုံးများမှာ နောက်သို့ လန်တက်သွားသည်။
သေခြင်းတရားက သူ့ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို သူ ခံစားလိုက်ရသည်။
သို့သော် ရုတ်တရက်ပင်... လူစီယန်၏ ခန္ဓာကိုယ်သည် တောက်ပလာသည်။
နူးညံ့သိမ်မွေ့ပြီး အနည်းငယ် ဝမ်းနည်းဖွယ်ကောင်းသော ရွှေရောင်အလင်းတန်းတစ်ခုက သူ့ရင်ဘတ်မှ တဖြည်းဖြည်း ပျံ့နှံ့ထွက်ပေါ်လာသည်။
ထို့နောက်...
[တင်!]
[အသက်ဆက်ပစ္စည်း (ချိတ်ဆက်ပြီး) ပျက်စီးသွားပါပြီ။]
၎င်းမှာ ကြိုးမျှင်တစ်ခု ပြတ်တောက်သွားသည့်အလားပင်။
လူစီယန်၏ အသက်ရှူသံမှာ ရပ်တန့်သွားမတတ်ပင်။ သူ၏ နှလုံးခုန်နှုန်းမှာ ခဏတာ ရပ်တန့်သွားပြီးနောက် ပြင်းထန်စွာ ဆက်လက်ခုန်ပေါက်လာသည်။
သူ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။