အခန်း ၁၈ - ပြန်လည်သက်သာခြင်း
နှစ်ရက်တာကုန်လွန်ပီးနောက်...
လူစီယန်သည် ကုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေရင်း မျက်နှာကြက်ကို ငေးမောကြည့်နေသည်။ သူသည် အတွေးများဖြင့် နစ်မွန်းနေသည်။
သူသည် အိပ်ရာထဲတွင် လဲနေသည်မှာ နှစ်ရက်ပြည့်တော့မည်။
ထိုပြင်းထန်သော တိုက်ပွဲအပြီးညတွင် သူသည် ကေးလ် နှင့် အနည်းငယ် စကားပြောနိုင်ခဲ့သည်။ သို့သော် ထို့နောက်တွင်တော့ ကြိုးပြတ်သွားသည့် အရုပ်တစ်ရုပ်ကဲ့သို့ လူစီယန်သည် သတိလစ်သွားခဲ့ရသည်။
နောက်တစ်နေ့မနက် သူနိုးလာချိန်တွင် သူ လှုပ်ရှား၍မရတော့ပေ။ သူ့ခန္ဓာကိုယ်က အမိန့်ကို မနာခံတော့ပါ။
သူ၏ စိတ်မှာ ဝေဝါးနေသည်။
ကြွက်သားများမှာလည်း အလုပ်မလုပ်တော့ပါ။
သူ့အတွင်းစိတ်မှာ ရှုပ်ထွေးနေသော အမှိုက်သရိုက်များကဲ့သို့ ခံစားနေရသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အကျိအချွဲများ ဖြစ်သွားသကဲ့သို့ပင်။ လှုပ်ရှားရန် ကြိုးစားတိုင်း သူ၏ ကိုယ်လက်အင်္ဂါများက တုန်ယင်နေပြီး အားသုံးလိုက်ပါက ပြုတ်ထွက်သွားမလားပင် ထင်ရသည်။ လက်မောင်းများနှင့် ခြေထောက်များသည် သူ့ကိုယ်သူမဟုတ်တော့ဘဲ တစ်ပါးသူ၏ အစိတ်အပိုင်းများကဲ့သို့ ထင်ရသည်။
သူသည် စလိုင်း
တစ်ကောင်ပြန်ဖြစ်သွားသလိုမျိုး ခံစားရသည်။
သို့သော် သူ ဖြစ်ခဲ့ဖူးသည့် စွမ်းအားကြီးမားသော ပုံစံမျိုးတော့ မဟုတ်။ မဟုတ်ပါ။ သူသည် လေတိုက်ရုံနှင့်ပင် ပျက်စီးသွားနိုင်မည့် အားအနည်းဆုံး၊ အသနားစရာအကောင်းဆုံး စလိုင်းမျိုးကဲ့သို့ ခံစားနေရသည်။
ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်က အားနည်းရုံမျှမကသေးပေ။ ဖိအားတစ်ခုခု သက်ရောက်လိုက်သည်နှင့် ရေအိုင်တစ်ခုလို ကွဲထွက်သွားမည့်အလား မတည်မငြိမ်နှင့် အရည်ပျော်နေသလို ခံစားရသည်။
အိပ်စက်ခြင်းကလည်း အနားရစေခြင်း မရှိပါ။ အိပ်မက်ထဲတွင်ပင် သူ မလုံခြုံပေ။
အိပ်မက်ဆိုးများက လှိုင်းလုံးများကဲ့သို့ တရစပ် ဝင်ရောက်လာသည်။
သူသည် ရုပ်ဆိုးသော စလိုင်းတစ်ကောင် ဖြစ်သွားသည့်အကြောင်း အိပ်မက်မက်သည်။ ဗီဗီယန် လည်း စလိုင်းဖြစ်သွားပြီး... သူတို့နှစ်ယောက်လုံးကို ဂိုဘလင်များအဖြစ် ပြောင်းလဲထားသော ကိုလ်းဟတ် တို့က လိုက်လံအမဲလိုက်နေကြသည်။
လူစီယန်သည် အကြိမ်တိုင်းတွင် အသက်ရှူမှားကာ ချွေးစေးများဖြင့် နိုးထလာရသည်။
၎င်းမှာ အဆုံးမရှိသကဲ့သို့ပင်။
မည်သူ့ကိုမျှ မေးစရာမလိုဘဲ သူ နားလည်လိုက်သည်။ ဒါက သူ့စွမ်းရည်တွေကို အလွန်အကျွံသုံးစွဲခြင်းရဲ့ ဘေးထွက်ဆိုးကျိုးဆိုတာ သေချာသည်။
စလိုင်းသားရဲပုံစံသည်အလွန်အစွမ်းထက်သော်လည်း သူ၏ ခန္ဓာကိုယ်အပေါ် အလွန်ဆိုးရွားသော ရိုက်ခတ်မှုများ ရှိခဲ့သည်။ ဖြစ်နိုင်သည်မှာ သူ၏ လက်ရှိအခြေအနေတွင် ထိုစွမ်းအားကို ကိုင်တွယ်ရန် မဖြစ်နိုင်သေးခြင်း ဖြစ်ပေလိမ့်မည်။ သူသည် ဆယ်မိနစ်ခန့်သာ သုံးခဲ့သော်လည်း ရလဒ်မှာမူ ရက်စက်လှသည်။
သို့သော်လည်း သူသည် ၎င်းကို ပိုမိုနားလည်ချင်သေးသည်။ အကယ်၍သာ သူသည် ကန့်သတ်ချက်ကို အတိအကျ သိရှိပြီး သူ၏ခန္ဓာကိုယ် မပြိုလဲခင် မည်မျှကြာကြာ ထိန်းထားနိုင်သည်ကို သိရှိပါက... ၎င်းသည် သူ၏ အဓိကလက်နက် ဖြစ်လာနိုင်သည်။ အသက်လုပွဲများတွင် နောက်ဆုံးအကြိမ်အဖြစ် အသုံးပြုနိုင်သည့် အသက်ကယ် အစီအစဉ်တစ်ခု ဖြစ်လာနိုင်ပေလိမ့်မည်။
ပန်းဝတ်ရည်ပုံဆောင်ခဲ ပင်လျှင် သူ၏ ဒဏ်ရာကို မကုစားနိုင်ခဲ့ပေ။ အကောင်းဆုံးဆိုလျှင် နာကျင်မှုကို ခဏတာမျှသာ လျော့ပါးစေနိုင်သည်။
ဤကာလအတွင်း ဆီဘတ်စ် သည် သူ့ဘေးမှ တစ်ဖဝါးမျှ မခွာခဲ့ပေ။
တစ်ကြိမ်မျှပင် မဟုတ်။
လူစီယန်က သူ့ကို တောအုပ်ထဲမှ တစ်စုံတစ်ခု သွားယူရန်၊ ရုပ်အလောင်းကို မီးရှို့ပြီး သက်သေအထောက်အထားများ ဖျောက်ဖျက်ရန် အမိန့်ပေးခဲ့ဖူးသည်။
သို့သော် ဆီဘတ်စ်က ငြင်းဆန်ခဲ့သည်။
ပြတ်ပြတ်သားသားပင်။
လူစီယန်အတွက်တော့ ဒါဟာ ဆီဘတ်စ် သူ့အမိန့်ကို ပထမဆုံးအကြိမ် ဖီဆန်တာ ဖြစ်သည်။
ပြီးတော့ သူ၏ မျက်ဝန်းထဲတွင် စစ်မှန်သော ထိတ်လန့်မှုကို ပထမဆုံးအကြိမ် မြင်လိုက်ရသည်။
ဆီဘတ်စ်၏ ပုံစံမှာ စိုးရိမ်ရုံထက် ပို၍ တုန်လှုပ်နေပုံရသည်။ သူ၏ အကြည့်ထဲတွင် အရင်တစ်ခေါက်က ဆုံးရှုံးခဲ့ဖူးသူတစ်ဦးကို ပြုစုစောင့်ရှောက်နေရသကဲ့သို့ တိတ်ဆိတ်နက်ရှိုင်းသော ဝမ်းနည်းမှုမျိုး ရှိနေသည်။
လူစီယန် ဘာမှမပြောခဲ့သော်လည်း သတိထားမိသည်။
ဒါဟာ သူ့ကို တွေးတောမိစေသည်။ ဆီဘတ်စ်၏ တိတ်ဆိတ်ပြီး သစ္စာရှိသော အမူအရာနောက်ကွယ်မှာ ဘယ်လောက်တောင် များပြားတဲ့ အကြောင်းအရာတွေကို ဝှက်ထားတာလဲ။ ဘယ်လို အတိတ်မျိုးက သူ့ကို ဒီလိုဖြစ်လာစေခဲ့တာလဲ။
ဘာပဲဖြစ်ဖြစ်၊ ဒါဟာ... စိတ်သက်သာရာ ရစေသည်။ ထူးဆန်းသော်လည်း သူ့အပေါ် ဒီလောက်ထိ သစ္စာရှိသူတစ်ယောက် သူ့ဘေးမှာ ရှိနေတာဟာ ကောင်းမွန်တဲ့ ခံစားချက်တစ်ခုပင်။
ဒါတောင်မှ လူစီယန် မေးခွန်းထုတ်မိသည်။ 'ဘာကြောင့်လဲ။ သူ ဘာကြောင့် ငါ့အပေါ် ဒီလောက်ထိ သစ္စာရှိနေရတာလဲ။'
အတွေးများက ရပ်တန့်မသွားပေ။ သူ့စိတ်ထဲမှာ ဝေဝါးနေဆဲ။ အတွေးများက ထိုင်းမှိုင်းပြီး နှေးကွေးနေသည်။ တစ်ခါတစ်ရံတွင် သူသည် တကယ်ကို အသက် ၁၂ နှစ်အရွယ် ကလေးတစ်ယောက်လို ခံစားရသည်။
အားနည်းတယ်။
ထိခိုက်လွယ်တယ်။
ဝေဝါးနေတယ်။
ပြီးတော့ အလွန်ကို လူသားဆန်လွန်းနေတယ်။
ကုတင်ပေါ်တွင် လဲလျောင်းရင်း လူစီယန်သည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး အနီးနားတွင် တိတ်ဆိတ်စွာ ထိုင်နေသည့် အရိပ်တစ်ခုကို ခေါ်လိုက်သည်။
"ဆီဘတ်စ်... ငါရော မှော်ပညာကို သုံးနိုင်ပါ့မလားလို့ မင်းထင်လား?"
ဒါဟာ သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များ ပြန်လည်ဝင်ရောက်လာကတည်းက သူ့ကိုအမြဲတမ်းစိတ်ပူပန်စေခဲ့သည့်မေးခွန်း
တစ်ခုဖြစ်သည်
ဤလောကတွင် မန်နာသည် တည်ရှိမှု၏ အခြေခံအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတိုင်းသည် ၎င်းကို ကိုယ်ခန္ဓာအတွင်း စီးဆင်းလျက် မွေးဖွားလာကြသည်။ သူမှလွဲ၍ ကျန်သူအားလုံးပင်။
အနည်းဆုံးတော့ သူ ဒီလိုပဲ ခံစားရသည်။
သူသည် ၎င်းကို တစ်ကြိမ်မျှပင် မခံစားဖူးပေ။
အနည်းငယ်မျှပင် မဟုတ်။
အရိပ်အယောင်မျှပင် မရှိ။
ဘာမှမရှိ။
မှော်ပညာသည် လူတိုင်း၏ အိပ်မက်ဖြစ်သည်။
စွမ်းအား၏ သင်္ကေတ။
ရှင်သန်ရန် လမ်းကြောင်း။
သို့သော် လူစီယန်မှာ မန်နာကို ခံစားရဖို့ပင် မဆိုထားနှင့်၊ ထိန်းချုပ်ရန်ပင် မစွမ်းနိုင်ပေ။
ဆယ်နှစ်အရွယ်ရောက်လျှင် ကလေးအများစုသည် နေ့စဉ်လိုအပ်ချက်များအတွက် အိမ်မှုကိစ္စဆိုင်ရာ မှော်ပညာ အစီအရင်တိုလေးများကို လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။
သန့်ရှင်းသော သောက်ရေကို ခေါ်ယူခြင်း။
ချက်ပြုတ်ရန် မီးထွန်းခြင်း။
ကိုယ်တိုင် သန့်ရှင်းရေးလုပ်ခြင်း။
ဤအရာများကို အသက်ရှူခြင်း၊ လမ်းလျှောက်ခြင်းကဲ့သို့ပင် အခြေခံ လူနေမှုကျွမ်းကျင်မှုများအဖြစ် သတ်မှတ်ကြသည်။
သို့သော် လူစီယန်မှာမူ ၎င်းတို့ကိုပင် မလုပ်ဆောင်နိုင်ခဲ့။
သူသည် ရေသောက်ရန် သို့မဟုတ် မီးထွန်းရန်အတွက် သူတစ်ပါးကို အမြဲ အကူအညီတောင်းရပြီး၊ အကူအညီတောင်းရတိုင်း စိတ်ပျက်အားငယ်မှုက သူ့ကိုဝါးမြိုနေခဲ့သည်။
စနစ်သာ မရှိခဲ့လျှင် သူသည် အားနည်းပြီး စွမ်းအားမဲ့သူအဖြစ် ကျန်ရစ်နေခဲ့ပေလိမ့်မည်။
အခြားသူများက တရားမှတ်ခြင်းနှင့် မန်နာကို ပြုပြင်ခြင်းဖြင့် သန်မာလာကြချိန်တွင် လူစီယန်ကမူ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့သည်။
ပိုမိုမှောင်မိုက်သော လမ်းကြောင်း။
သူသည် သတ်ဖြတ်ခြင်းဖြင့် သန်မာလာခဲ့သည်။
ထို့အတွက်... သူသည် စနစ်ကို ကျေးဇူးတင်မိမြဲ ဖြစ်သည်။ သူ ကျန်ရစ်ခဲ့ရမည့် လောကကြီးတွင် ၎င်းက သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့သည်။
ဆီဘတ်စ်သည် လူစီယန်၏ အသံထဲမှ စိုးရိမ်မှုကို သတိပြုမိသည်။
သူသည် ငယ်စဉ်ကတည်းက လူစီယန်ဘေးတွင် ရှိနေခဲ့သူဖြစ်သည်။ လူစီယန်သည် မှော်ပညာကို မည်မျှတောင့်တနေကြောင်း သူအသိဆုံးဖြစ်သည်။
တည်ငြိမ်ပြီး ယုံကြည်မှုရှိသော အပြုံးဖြင့် ဆီဘတ်စ်က ဖြေလိုက်သည် -
"သခင်လေး၊ ဒီလောကမှာ မှော်ပညာကို သုံးနိုင်လိမ့်မယ်လို့ ကျွန်တော် လုံးဝသံသယမရှိဘဲ ယုံကြည်တဲ့သူတစ်ယောက် ရှိတယ်ဆိုရင်... အဲဒါ သခင်လေးပဲ ဖြစ်ပါတယ်။ တခြားသူတွေ အကုန်လုံး မအောင်မြင်ရင်တောင် သခင်လေးကတော့ အောင်မြင်မှာပါ။"
လူစီယန်မှာ သူ၏ အသံထဲမှ အတည်ပေါက်ပြောဆိုချက်ကြောင့် အံ့အားသင့်သွားပြီး မျက်တောင်ခတ်လိုက်သည်။ သို့သော် ထိုစကားများကို ကြားလိုက်ရသောအခါ သူ၏ အတွင်းစိတ်ထဲမှ တစ်စုံတစ်ခုမှာ လျော့ပါးသွားသည်။
"တကယ်လား?... ငါ မင်းစကားကို ယုံမယ်," သူက တိုးတိုးလေး ပြောလိုက်သည်။
လူစီယန် မသိလိုက်သည်မှာ ဆီဘတ်စ်သည် သနားခြင်းသက်သက်ဖြင့် နှစ်သိမ့်ပေးနေခြင်း မဟုတ်ပေ။
သူသည် အထောက်အထားရှိထားသည့်အတွက် ခိုင်ခိုင်မာမာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
လူစီယန်သည် သာမန်ကလေးတစ်ယောက် မဟုတ်။ သူသည် "သူတို့" ၏ ကလေးဖြစ်သည်။ သူသည် "သူတို့" ၏ စွမ်းအားကို အမွေဆက်ခံထားသည်။
ပြီးတော့ တစ်နေ့နေ့မှာ... သူသည် ၎င်းကို နိုးထလာလိမ့်မည်။
လူစီယန်၏ အတွေးများ ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားသည်။ ရက်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ၏စိတ်သည် ငြိမ်းချမ်းနေသည်။
သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ယခုတစ်ကြိမ်တွင်မူ အိပ်စက်ခြင်းက နူးညံ့စွာ ဝင်ရောက်လာသည်။
ငြိမ်းချမ်းစွာပင်။
•••
ပြင်းထန်သော တိုက်ပွဲအပြီး တတိယမြောက် မနက်ခင်း...
လူစီယန်သည် နောက်ဆုံးတွင် တက်ကြွစွာ လှုပ်ရှားလာသည်။ သူ၏ ကိုယ်လက်အင်္ဂါများတွင် ရှိနေသည့် လေးလံမှုများ ပျောက်ကွယ်သွားပြီး မျက်နှာပေါ်တွင်လည်း သွေးရောင်ပြန်လည် သန်းလာသည်။
သူ နာကျင်နေဆဲဖြစ်သော်လည်း ယခင်ကနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။ နောက်ဆုံးတော့ သူသည် သူကိုယ်တိုင်ပင် ပြန်ဖြစ်လာပြီဟု ခံစားရသည်။ အသက်ဝင်ပြီး ထက်မြက်နေပြီ!
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့ကို စိတ်တည်ငြိမ်စေသည့် တစ်ခုတည်းသောအရာမှာ သူ၏ အခြေအနေပြ မျက်နှာပြင်ကို စစ်ဆေးခြင်းနှင့် သူရရှိထားသည့် လုယက်ပစ္စည်းများကို သဘောကျစွာ ကြည့်ခြင်းပင် ဖြစ်သည်။ ၎င်းမှာ အားငယ်စရာ အနည်းငယ်ဖြစ်သော်လည်း သူ့ကို မျှော်လင့်ချက် ပေးစွမ်းနိုင်ခဲ့သည်။
ထိုအချိန်တွင်ပင် တံခါးက တံခါးသံမြည်လျက် ပွင့်သွားသည်။
ကေးလ် အထဲသို့ ခြေချလိုက်သည်။
"သခင်လေး၊ ကျွန်တော့်ကို ခေါ်လိုက်တယ်ဆိုလို့ပါ" ဟု သူက ရွှင်လန်းသောအပြုံးဖြင့် ပြောသည်။ "အခု ပိုသက်သာသွားပြီလားခင်ဗျ?"
လူစီယန်က မတ်တတ်ထိုင်ရင်း အနည်းငယ် ပြုံးပြလိုက်သည်။
"ကောင်းတယ်၊ ဒီလောက်ကောင်းတာ မရှိတော့ဘူး" ဟု သူက ဆိုသည်။ "ငါ မင်းကို အကူအညီတစ်ခု တောင်းချင်လို့။"
"သခင်လေး ဘာမဆို ပြောသာပြောပါ။ ဘာလိုအပ်လဲဆိုတာ ကျွန်တော့်ကို ပြောပြပေးပါခင်ဗျ။"
ကေးလ်သည် စိတ်အားထက်သန်စွာဖြင့် မတ်မတ်ရပ်လိုက်သည်။
လူစီယန်သည် ပေါ့ပေါ့ပါးပါး အမူအရာဖြင့် သူ၏ သိုလှောင်နေရာ ထဲသို့ လက်နှိုက်လိုက်သည်။
ပလော့!
လေးလံသောအရာတစ်ခုသည် သစ်သားကြမ်းပြင်ပေါ်သို့ တဒုန်းဒုန်းမြည်အောင် ကျသွားပြီး ကေးလ်၏ ခြေထောက်ဆီသို့ လှိမ့်ဝင်သွားသည်။
"အား!!" ကေးလ်သည် ကြောက်လန့်တကြားဖြင့် မိန်းကလေးတစ်ယောက်ကဲ့သို့ အသံအမြင့်ကြီးဖြင့် အော်ဟစ်လိုက်သည်။
သူ့မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။
၎င်းမှာ ခေါင်းတစ်လုံး ဖြစ်သည်။
ကိုလ်းဟတ်၏ ဒုတိယမြောက်သား၏ ပြတ်တောက်နေသောေခါင်း၊ သို့မဟုတ် မှတ်မိနေဆဲဖြစ်သည့် ခေါင်းဖြစ်သည်။
လူစီယန်သည် ဘာမှမဖြစ်သလို ခေါင်းကို စောင်းလိုက်သည်။ "အဟမ်း။ ငါတွေးနေမိတာ။ ဒါကို ကိုလ်းဟတ်တို့ အိမ်ရှေ့ဆီ သွားပို့ပေးဖို့ဆိုတာ အရမ်းများသွားမလားလို့။ ဒါက သူတို့ရဲ့ ဒုတိယမြောက်သားဆီက ပိုင်ဆိုင်မှု ဖြစ်လိမ့်မယ်လို့ ငါထင်တယ်။ ဟားဟား။"
ကေးလ်မှာ တောင့်ခဲသွားသည်။
နှုတ်ခမ်းများ တုန်ရီနေသည်။
မျက်နှာမှာ ဖြူဖျော့နေသည်။
လူစီယန်က ပျော်ရွှင်စွာဖြင့် အနည်းငယ် ပြုံးလိုက်သည်။ သူ၏ တုံ့ပြန်မှုက တန်ဖိုးရှိလှသည်။
'ဟုတ်ပြီ' ဟု ကေးလ်က ထိတ်လန့်တကြား တွေးမိလိုက်သည်။ 'သူက သေချာပေါက် နတ်ဆိုးတစ်ပါးပဲ။’