အခန်း (၁၆) – စလိုင်းသားရဲပုံစံ
<ကျွမ်းကျင်မှု- စလိုင်းသားရဲပုံစံ ကို ရရှိပါပြီ>
လူစီယန်၏ အသက်ရှူသံများ ရပ်တန့်သွားသည်။ သူ့ရင်ဘတ်ထဲတွင် နှလုံးခုန်သံများမှာ ဒုန်းဒုန်းနှင့် မြည်ဟည်းနေသည်။
"ဒါ... ဒါဘာကြီးလဲ?" သူ၏ တုန်ရီနေသော လက်များကို စိုက်ကြည့်ရင်း သူ တိုးတိုးလေး ညည်းတွားလိုက်သည်။
[တင်!]
[စလိုင်းအခြေခံ ကျွမ်းကျင်မှုများသည် စလိုင်းသားရဲပုံစံနှင့် ချိတ်ဆက်ပြီးပါပြီ...]
ကျွမ်းကျင်မှု (အသုံးပြုနိုင်သော):ကြယ်ငါးလုံး
သရုပ်ဖော်ပုံ: ပြင်းထန်ပြီး တောက်ပသော အရောင်အဝါများဖြင့် ဖုံးလွှမ်းနေသည့် လူပုံသဏ္ဍာန် စလိုင်းတစ်ကောင်။
အမည်: စလိုင်းသားရဲပုံစံ
ဖော်ပြချက်:
• အသုံးပြုနိုင်သောအမြဲသက်ရောက်စွမ်းရည် – စလိုင်းတစ်ကောင်၏ ရုပ်ပိုင်းဆိုင်ရာ သဘာဝနှင့် ဗီဇများကို ခေတ္တမျှ ရရှိစေသည်။ စလိုင်းအခြေခံ ကျွမ်းကျင်မှုအားလုံးကို ၁၀၀% အထိ မြှင့်တင်ပေးသည်။
• အမြဲသက်ရောက်စွမ်းရည်– စလိုင်း ကျွမ်းကျင်မှုများကို စလိုင်းသားရဲပုံစံ အသက်သွင်းစရာမလိုဘဲ အသုံးပြုနိုင်သည်။ ချိတ်ဆက်ထားသော စွမ်းရည်အားလုံးကို အတွင်း၌ သိမ်းဆည်းထားသည်။
<သက်တံရောင် စလိုင်းဘုရင် ရုပ်တု၏ အာနိသင်များ>
• အကျုံးဝင်သည့် နယ်မြေအတွင်း စလိုင်း ကျွမ်းကျင်မှုများ၏ စွမ်းအားကို နှစ်ဆတိုးမြှင့်ပေးသည်။
• နယ်မြေအတွင်း ရှိနေစဉ် ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချပေးသည်။
စနစ်အကြောင်းကြားချက်များ ပျောက်ကွယ်သွားသည့်အခါ လူစီယန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက အလိုလိုပင် ချိတ်ဆွဲလိုက်တော့သည်။
"ငါ့ရဲ့ ပထမဆုံး ကြယ်ငါးပွင့်အဆင့် ကျွမ်းကျင်မှုပဲ! ဟား—ဟားဟားဟား!" သူ၏ ရယ်မောသံများမှာ တောအုပ်အတွင်း ပဲ့တင်ထပ်သွားသည်။ "ဒါက တကယ်ကို ကြီးမားတဲ့ အောင်မြင်မှုပဲ!"
သူသည် အစောပိုင်းက စနစ်၏ အကြောင်းကြားချက်ကို ပြန်လည်ကြည့်ရှုလိုက်သည်။ သက်တံရောင် စလိုင်းဘုရင် ရုပ်တု... ဒါက ဘာပဲဖြစ်ဖြစ်၊ သူ့ရဲ့ အကျိုးကျေးဇူးတွေကတော့ တကယ့်ကို အံ့မခန်းပါပဲ။ သူသည် ဤရုပ်တုကို နောက်ပိုင်းတွင် ပြန်လည်ရှာဖွေရန် စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
သူ တွက်ချက်ထားသည့်အတိုင်းဆိုလျှင် ဤကျွမ်းကျင်မှုနှင့် ရုပ်တုတို့ ပေါင်းစပ်လိုက်သည့်အခါ သူ၏ စလိုင်းစွမ်းရည်များကို လေးဆအထိ တိုးမြှင့်ပေးနိုင်သည်။
လူစီယန်သည် ယခုတစ်ကြိမ်တွင် မိမိကိုယ်ကို အလွန်ကံကောင်းနေသည်ဟု ခံစားလိုက်ရသည်။
သူ မတုံ့ဆိုင်းတော့ပေ။
"စလိုင်းသားရဲပုံစံ အသက်သွင်း!"
သူ၏ အတွင်းပိုင်းမှ မသိနိုင်သော စွမ်းအားတစ်ရပ်မှာ ပေါက်ကွဲထွက်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ ပြောင်းလဲနေကြောင်း၊ အသစ်အဆန်းတစ်ခုခုအဖြစ် ပြန်လည်ပုံသွင်းနေကြောင်း သူ ခံစားရသော်လည်း မည်သို့ပြောင်းလဲသွားသည်ကိုတော့ အတိအကျ မသိရပေ။
သို့သော် တစ်ခုမှာတော့ ရှင်းနေသည်။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားအရှိန်အဝါများ ယခုအခါ လွင့်စင်နေပြီ ဖြစ်သည်။
ထို့နောက် သူ အောက်ကို ငုံ့ကြည့်လိုက်သည်။
သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။
သူသည်... ဖောက်ထွင်းမြင်နိုင်သော အနေအထားသို့ ရောက်ရှိသွားပြီဖြစ်သည်။
"ဘာ—ဘာဖြစ်တာလဲ?!" သူ၏ စိတ်ထဲတွင် ထိတ်လန့်မှုများ စတင်ဝင်ရောက်လာမည် ပြုသော်လည်း... ကျွမ်းကျင်မှု၏ ဖော်ပြချက်ကို ပြန်လည်အမှတ်ရသွားသည်။
ဒါက ယာယီသာ ဖြစ်သည်။
သူသည် စိတ်သက်သာရာရသွားပြီး အသက်ကို ရှူထုတ်လိုက်သည်။
သူ၏ စွမ်းအားသစ်ကို စမ်းသပ်ရန်အတွက် သူ ခုန်လိုက်သည်... သို့သော် သူ၏ ခန္ဓာကိုယ်မှာ သစ်ပင်များဆီသို့ တိုက်မိသွားလုနီးပါး ဖြစ်သွားသည်။
"...ငါက လိုက်လျောညီထွေရှိပြီး ပြန်ကန်ထွက်နေတာလား ?"
ရန်သူများ မမီရောက်ခင်မှာပင် လူစီယန်သည် သူ၏ စွမ်းအားသစ်ကို စမ်းသပ်ရန်အတွက် အချိန်အနည်းငယ်ယူလိုက်သည်။ စလိုင်းသားရဲပုံစံသည် သူ့ကို စွမ်းအားထက် ပိုမိုပေးစွမ်းခဲ့သည်။ ၎င်းသည် မယုံနိုင်စရာကောင်းသည့် ရွေ့လျားနိုင်စွမ်းကို ပေးခဲ့ခြင်းပင်!
သူ၏ ခန္ဓာကိုယ်မှာ ထူးခြားသော အရည်အသွေးသဘာဝဖြင့် လှုပ်ရှားနေသည်။ အဆစ်အမြစ်တိုင်းမှာ ပေါ့ပါးနေပြီး လိုသလို လှုပ်ရှားနိုင်သည်။ သူသည် တောအုပ်အတွင်း လိုသလို ပြေးလွှားကာ တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ ခုန်ကူးနေသည်။ သူ၏ ခုန်ချက်တိုင်းမှာ သူမျှော်လင့်ထားသည်ထက် ပို၍ ဝေးကွာစွာ ရောက်ရှိသွားသည်။
သူသည် လေထဲတွင် ကိုယ်ကို လိမ်လိုက်သည်။
နောက်ပြန်လှည့်သည်။
ကွေးညွှတ်လိုက်သည်။
လိမ့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှာ အရည်ကဲ့သို့ပင် လှုပ်ရှားနေသည်။
ထိုမျှမက သူ၏ အာရုံခံနိုင်စွမ်းများမှာ ပို၍ ထက်မြက်လာသည်။ အန္တရာယ်ကို ပို၍ ကြိုတင်သိရှိလာပြီး ရွေ့လျားမှုများမှာ ပို၍ မြန်ဆန်လာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အသက်ဝင်သော အာရုံခံကိရိယာတစ်ခု ဖြစ်လာသကဲ့သို့ပင်။
ရန်သူများမှာ အနီးသို့ ရောက်လာပြီဖြစ်သော်လည်း လူစီယန်မှာမူ ကြောက်ရွံ့ခြင်း မရှိတော့ပေ။
သူတို့ထဲတွင် အားအကောင်းဆုံးမှာ အဆင့် ၄ တိုက်ခိုက်ရေးသမား ဖြစ်သော်လည်း သူ၏ စလိုင်း ကျွမ်းကျင်မှုများကို လေးဆအထိ တိုးမြှင့်လိုက်နိုင်ပြီဖြစ်ရာ သူ အစောပိုင်းက ပြင်ဆင်ထားသော ထောင်ချောက်များကိုပင် အသုံးပြုရန် မလိုတော့ပေ။
နောက်ဆုံးတွင် လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်မှာ သစ်ပင်များကြားမှ ထွက်ပေါ်လာသည်။
သူတို့သည် လူစီယန်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ရပ်တန့်သွားသည်။
မျက်လုံးများ ပြူးကျယ်လျက် သူတို့၏ မျက်နှာအမူအရာများမှာ မယုံနိုင်စရာအဖြစ်ဖြင့် ပြောင်းလဲသွားသည်။
လူစီယန်မှာ ငြိမ်သက်စွာ ရပ်နေပြီး သူ၏ ခန္ဓာကိုယ်မှာ မမြင်နိုင်လောက်အောင်ပင် ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ ဖောက်ထွင်းမြင်နိုင်သော ရောင်ခြည်များဖြင့် တောက်ပနေပြီး တောအုပ်အတွင်း၌ လှုပ်ရှားနေသော မက်မောဖွယ်အိပ်မက်တစ်ခုကဲ့သို့ ရောယှက်နေသည်။
သူတို့သည် ချက်ချင်းပင် သတိဝီရိယရှိရှိ တိုက်ခိုက်ရေးအနေအထားသို့ ဝင်ရောက်သွားသည်။ သူတို့သည် ဤကျွမ်းကျင်မှုကို အရင်က မကြားဖူးခဲ့သော်လည်း သူတို့၏ အာရုံက အန္တရာယ်ရှိကြောင်း ပြင်းထန်စွာ အချက်ပေးနေသည်။ သူတို့မှာ ကိုးလ်ဟတ် တို့၏ အမိန့်ကို မေးခွန်းထုတ်စရာမလိုဘဲ နာခံရန် လေ့ကျင့်ပေးထားသည့် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ကြပြီး အလွယ်တကူ လက်လျှော့မည့်သူများ မဟုတ်ကြပေ။
သို့သော် ယခုတစ်ကြိမ်တွင်မူ လူစီယန်သည် စောင့်မနေတော့ပေ။
သတိပေးချက်မရှိဘဲ လူစီယန်သည် သူ၏ တိုက်ခိုက်မှုကို စတင်လိုက်သည်။
<စလိုင်းပစ်လွှတ်ခြင်း !>
<စလိုင်းပစ်လွှတ်ခြင်း !>
သူသည် နှစ်ကြိမ်ဆက်တိုက် ပစ်ခတ်လိုက်သဖြင့် ကျွမ်းကျင်မှုအမည်မှာ လေထဲတွင် ပဲ့တင်ထပ်သွားသည်။
ရန်သူများမှာ တင်းမာသွားသည်။ အရင်ကဲ့သို့ နှေးကွေးသော စလိုင်းအချွဲတုံးများဟု ထင်မှတ်ထားသဖြင့် သူတို့သည် ရှောင်တိမ်းရန် အသင့်ပြင်ထားကြသည်။
သို့သော် ထွက်ပေါ်လာသောအရာမှာ သာမန်မဟုတ်ပေ။
ထူထဲပြီး တောက်ပနေသော ဧရာမ စလိုင်းအချွဲတုံးကြီး နှစ်ခုမှာ အမြောက်ဆန်များကဲ့သို့ ရှေ့သို့ ပေါက်ကွဲထွက်လာသည်။
မြန်သည်။
လေးလံသည်။
မရပ်တန့်နိုင်လောက်အောင် ပြင်းထန်သည်။
လူစီယန်ပင် အံ့အားသင့်သွားပြီး မျက်တောင်ခတ်မိသည်။
"ဝိုး-ဝိုး-ဝိုး! ဘယ်လောက်ကြီးမားပြီး စေးကပ်တဲ့ အရည်တွေလဲကွာ! ဂါဟားဟား! ငါ့ရဲ့ စေးကပ်တဲ့အရည်တွေကို မြည်းစမ်းကြည့်ကြစမ်း၊ ခွေးကောင်တို့!"
အရင်က အသေးအဖွဲ အနှောင့်အယှက်မျှသာ ဖြစ်ခဲ့သည့်အရာမှာ ယခုအခါ စစ်မြေပြင်ကို ခြိမ်းခြောက်နိုင်သည့် အရာတစ်ခု ဖြစ်လာခဲ့သည်။
ထိုအလွန်ကြီးမားသော စလိုင်းအချွဲတုံးများမှာ ရန်သူများ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် သူတို့ထံသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
"အား!"
နှစ်ယောက်စလုံး တည့်တည့်ထိမှန်သွားသည်။
စလိုင်းအချွဲများက သူတို့ကို ရုပ်သေးရုပ်များပမာ လေထဲသို့ ပစ်လွှတ်လိုက်ရာ သူတို့၏ ခြေထောက်များ မြေပြင်မှ လွတ်ထွက်သွားသည်။ သူတို့သည် လေထဲတွင် ရုန်းကန်နေရင်းမှ အနီးအနားရှိ သစ်ပင်တစ်ပင်ကို "ဒုန်း!" ခနဲ အသံမြည်အောင် ဝင်တိုက်မိသွားသည်။
သို့သော် အချွဲများမှာ ထိုမျှနှင့် မပြီးဆုံးသေးပေ။
စေးကပ်သော စလိုင်းအချွဲတို့သည် အသက်ဝင်နေသော ကော်များကဲ့သို့ ပျံ့နှံ့သွားပြီး သူတို့၏ လက်တံများနှင့် သံချပ်ကာများကို သစ်ပင်စည်နှင့် ကပ်တွယ်သွားအောင် ချည်နှောင်ထားလိုက်သည်။ သူတို့သည် ရုန်းကန်ဖို့ ကြိုးစားသော်လည်း မရနိုင်တော့ပေ။
လူစီယန်သည် သူတို့ကို အခွင့်အရေး ထပ်မပေးတော့ပါ။
သူသည် ရှေ့သို့ ခုန်ပေါက်သွားသည်... တကယ်ကို ခုန်ပေါက်သွားခြင်းဖြစ်သည်။ စလိုင်းစွမ်းအားဖြင့် ပိုမိုကောင်းမွန်လာသော သူ၏ ပျော့ပျောင်းသည့် ခန္ဓာကိုယ်သည် သူ့ကို အဆင့် ၄ တိုက်ခိုက်ရေးသမားဆီသို့ မှုန်ဝါးသွားလောက်အောင် အရှိန်ဖြင့် ပစ်လွှတ်လိုက်သည်။
သူသည် ထိုသူ၏ ဘေးတွင် ရောက်ရှိသွားပြီး အပြုံးတစ်ခုဖြင့် -
"မင်းတို့ သိပ်ကို စေးကပ်တဲ့ အခြေအနေထဲ ရောက်နေပြီနော်။"
ထိုသို့ အဓိပ္ပာယ်မဲ့သော နောက်ပြောင်စကားကို ပြောလိုက်ပြီးနောက် သိုလှောင်နေရာထဲမှ သူ၏ သံကိုက်ဓားကို ထုတ်ယူလိုက်ကာ ထိုလူ၏ လည်ပင်းကို တစ်ချက်တည်းဖြင့် လှီးဖြတ်လိုက်သည်။
နွေးထွေးသော သွေးများ ပန်းထွက်လာသည်။ ခန္ဓာကိုယ်မှာ အောက်သို့ ပြိုလဲသွားသည်။
သို့သော် လူစီယန်၏ အပြုံးမှာ ပျောက်ကွယ်သွားသည်။ သူ၏ အာရုံခံနိုင်စွမ်းများက အချက်ပေးနေသည်။
သူသည် နောက်သို့ လှည့်ကြည့်လိုက်သည်။
တစ်ခုခုတော့ လာနေပြီ။
အလွန်မြန်သည်။
မီးလုံးများစွာသည် ကြယ်တံခွန်များပမာ လေထုကို ထိုးခွဲကာ လူစီယန်ဆီသို့ တရစပ် ဦးတည်လာသည်။
ထိုမှော်ဆရာသည် လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ 'ဒီကောင်တော့ မီးနဲ့ ဖောက်ထွက်သွားတာပဲ'
လူစီယန်တစ်ယောက် မတုန်လှုပ်ပါ။ သူ၏ လက်ကောက်ဝတ်ကို ခပ်သွက်သွက် လှုပ်ရှားလိုက်ပြီး အလိုလိုပင် ရေရွတ်လိုက်သည်။
"ဂျယ်လီဒိုင်း!"
သို့သော် ဘာမျှ ဖြစ်မလာပါ………….
"ဟမ်?... သေစမ်း။ ခုနက အပေါက်ကွဲခံလိုက်ရတာ ငါမေ့သွားတယ်—"
ဗုန်း!
မီးလုံးအစုအဝေးသည် သူရပ်နေသည့်နေရာသို့ ကျရောက်ပေါက်ကွဲသွားသည်။ ထိုပေါက်ကွဲမှုကြောင့် သစ်ပင်များပင် တုန်ခါသွားပြီး မီးခိုးငွေ့များနှင့် အပိုင်းအစများ လေထဲသို့ လွင့်စင်သွားသည်။
ခဏတာ တိတ်ဆိတ်သွားသည်။
ထိုအခါ... ဖျပ်ခနဲ!
မီးခိုးငွေ့ထဲမှ တစ်စုံတစ်ခု ထွက်ပေါ်လာသည်။
၎င်းသည် လူစီယန်ပင်ဖြစ်သည်။
လုံးဝ ထိခိုက်မှုမရှိပါ။
သူသည် ရာဘာကျည်ဆန်တစ်လုံးပမာ မြေပြင်ပေါ်တွင် လျောတိုက်၍ ပြေးလာသည်။ သူ၏ ခန္ဓာကိုယ်မှာ ပါးလွှာစွာ ဆန့်ထွက်နေသည်။ သူ၏ ကိုယ်လက်အင်္ဂါများမှာ ထူးဆန်းစွာ ပျော့ခွေနေပြီး အနီးနားရှိ ကျောက်တုံးတစ်တုံးကို ပြန်ကန်ထွက်ကာ ရွှံ့စေးသံမြည်လျက် မတ်တတ်ရပ်လိုက်သည်။
သူ မျက်တောင်ခတ်လိုက်သည်။ "ဝိုး... အိုကေ... ဒါက ငါလုပ်ချင်တာတော့ မဟုတ်ဘူး..."
သူ၏ ခန္ဓာကိုယ်သစ်သည် သူထင်ထားသည်ထက် ပို၍ ပျော့ပျောင်းပြီး... ပို၍ ချော်နေကြောင်း သိလိုက်ရသည်။
"ငါက တကယ်ပဲ စလိုင်း
ဖြစ်သွားတာကိုး" ဟု သူ၏ တုန်ခါနေသော လက်မောင်းများကို လှုပ်ရမ်းရင်း ရေရွတ်လိုက်သည်။
ထို့နောက်...
"နောက်ထပ် ကစားမနေတော့ဘူး" ဟု လူစီယန် တိုးတိုးလေး ပြောလိုက်သည်။
သူ ခုန်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မှော်ဆရာ၏ ရှေ့သို့ ရောက်သွားသည်။
"မင်း ငါ့ကို နှစ်ကြိမ်တောင် သတ်လုနီးပါး လုပ်ခဲ့တယ်" ဟု သူ အေးစက်စက် ပြောလိုက်သည်။ "လွယ်လွယ်နဲ့တော့ သေဖို့ မျှော်လင့်မနေနဲ့"
သူသည် ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး…
"စလိုင်းအပစ်!"
ထိုစလိုင်းခဲသည် မှော်ဆရာ၏ ဗိုက်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်ပြီး ကောင်းကင်ယံသို့ လွင့်စင်သွားစေသည်။
လူစီယန်က တိုက်ကွက်တစ်ခုအတွက် ပြင်ဆင်လိုက်သည်။ ထို့နောက် လက်သီးများကို တင်းတင်းဆုပ်ကာ မတ်မတ်ရပ်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် အန္တရာယ်ရှိသော အရိပ်အယောင်များ တောက်လျှံနေသည်။
"ဂိုမူ ဂိုမူ နို..." လေထုထဲတွင် တင်းမာမှုများ မြင့်တက်လာသည်။ ထို့နောက်... "ဂတ်တလင်း!!"
လေထဲတွင် လွင့်စင်နေသော မှော်ဆရာကို လက်သီးချက်များဖြင့် မိုးရွာသကဲ့သို့ တရစပ် ထိုးနှက်လိုက်သည်။
"အိုရာ အိုရာ အိုရာ အိုရာ့!"
လက်သီးချက်တိုင်းသည် အရိုးများကို ကြေမွသွားစေနိုင်သည့် ပြင်းအားဖြင့် ရိုက်ခတ်နေသည်။
မှော်ဆရာကို မြေပြင်သို့ မကျစေဘဲ လေထဲတွင်ပင် ဆက်တိုက် ထိန်းထားသည်။
ပို၍ မြင့်မားအောင်ပင် ပင့်မြှောက်လိုက်သည်။
လက်သီးချက်တိုင်းနှင့်အတူ သွေးများမှာ ပန်းထွက်ကုန်သည်။
မှော်ဆရာသည် အသက်ရှူရ ခက်ခဲလာသည်။ သူသည် လေထဲတွင် ကိုယ်ကို လိမ်ဖတ်ကာ မှော်စာလုံး ရွတ်ဆိုရန် ကြိုးစားသော်လည်း...
"နောက်ကျသွားပြီ။"
လူစီယန်က အဆုံးသတ်လိုက်သည်။
သူသည် တစ်ကြိမ်ထပ်၍ ခုန်ပျံလိုက်ပြီး လက်ဝါးဖြန့်ကာ...
ဘုန်းးးးး!
မှော်ဆရာ၏ ဦးခေါင်းကို သံမှိုကို တူဖြင့် ရိုက်ချသကဲ့သို့ မြေကြီးထဲသို့ ပစ်ပေါက်ချလိုက်သည်။ ထို့နောက် ချက်ချင်းပင် အနီးကပ် <စလိုင်းအပစ်> ကို အသုံးပြုလိုက်ရာ ဦးခေါင်းခွံမှာ မြေပြင်ပေါ်တွင် ပေါက်ကွဲထွက်သွားသည်။
တိတ်ဆိတ်သွားသည်။
လူစီယန်သည် အပိုင်းအစများ ဖြစ်နေသော အလောင်းရှေ့တွင် ရပ်နေရင်း သူ၏ ကိုယ်ပေါ်မှ စလိုင်းအနှစ်များနှင့် အညစ်အကြေးများကို ခါထုတ်လိုက်သည်။
"အခြေအနေတွေကတော့ တစ်ဖက်လှည့်သွားပြီပေါ့" ဟု သူ ပြုံးရင်း ပြောလိုက်သည်။
နောင်တရမှု မရှိပါ။
တွန့်ဆုတ်မှုလည်း မရှိပါ။
သန့်ရှင်းပြီး ပိုင်နိုင်သော သက်ဖြတ်မှုတစ်ခုသာ ဖြစ်သည်။
လူစီယန်သည် တိတ်ဆိတ်စွာပင် ရပ်နေပြီး လဲကျနေသည့် ရန်သူများဆီသို့ အကြည့်ရောက်နေသည်။
သူ ထိုခံစားချက်ကို ဖျောက်ဖျက်၍ မရနိုင်ပေ။ ဤလူသတ်သမားများတွင်လည်း သူတို့ကိုယ်ပိုင် ဇာတ်လမ်းများ ရှိနေကြလိမ့်မည်။ သူတို့၏ အခြေအနေ နှင့်ပတ်သက်၍ တစ်ခုခု လွဲမှားနေသည်။ သူတို့ကို လိုက်လံတိုက်ခိုက်လာသည့် သုံးယောက်ကို အစောပိုင်းက စကင်န် သုံး၍ စစ်ဆေးခဲ့စဉ်က အဖြေမှာ ရှင်းရှင်းလင်းလင်းပင် ဖြစ်သည်။
[အခြေအနေ: စိတ်ထိန်းချုပ်ခံထားရသူ]
ဒါပါပဲ။
ကိုးလ်ဟတ် တို့သည် လူသတ်သမားများကို လေ့ကျင့်ပေးရုံတင်မကဘဲ... အမိန့်နာခံမှုကိုပါ စက်ရုံထုတ်သကဲ့သို့ ဖန်တီးပေးနေခြင်း ဖြစ်သည်။
"ကျွမ်းကျင်မှု တစ်ခုခုများလား... ဒါဆိုရင်တော့ ရှင်းပြလို့ ရသွားပြီ... ဒါပေမဲ့ ဒရက်ဂေါ နဲ့ ရိုဒီယပ် တို့မှာတော့ ဒီလို အခြေအနေ မပါခဲ့ဘူး" ဟု လူစီယန်က မျက်မှောင်ကြုတ်လျက် ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။ "ဒါပေမဲ့ အဲဒီ ရိုဒီယပ် က... သူက ကွဲပြားတယ်။ ဉာဏ်ကောင်းတယ်။ မလုပ်ချင်မလုပ်ချင်နဲ့ လုပ်နေရတာ။ ကိုလ်းဟတ် တွေက သူ့ရဲ့ အားနည်းချက်တစ်ခုခုကို ဖမ်းဆုပ်ထားတာလည်း ဖြစ်နိုင်တယ်။ ဟူး..."
အခြေအနေအေပြာင်းအလဲကများတယ်။
သို့သော် သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူ၏ အသက်ရှင်ခြင်း ဆက်သွယ်မှုအဆောင် က အလုပ်မလုပ်သေးပေ။
သူ၏ အတွေးများက အလိုအလျောက် သိုလှောင်ခြင်းဆီသို့ ရောက်သွားသည်။
၎င်းသည် သူမျှော်လင့်ထားသည်ထက် ပို၍ အသုံးဝင်နေသည်။ ပစ္စည်းတစ်ခုကို ပစ်မှတ်ထား၍ စုဆောင်းနိုင်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။ အစောပိုင်းက သူ့ကို သတ်လုနီးပါးဖြစ်စေခဲ့သည့် ခက်ရင်းကို ပြန်လည်ရယူပေးခြင်းဖြင့်ပင် သူ့အသက်ကို ကယ်တင်ခဲ့သေးသည်။
သို့သော် ၎င်းတွင်လည်း အားနည်းချက် ရှိနေသည်။
"သိုလှောင်နေရာ ပြည့်နေရင် အလိုအလျောက် စုဆောင်းတာက အလုပ်မလုပ်ဘူး..." ဟု လူစီယန်က ထိုအန္တရာယ်ကို သတိပြုမိလျက် ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။
ကံကောင်းစွာပင် သူသည် အသုံးမဝင်သော ပစ္စည်းများကို အစောပိုင်းကတည်းက ပစ်ထုတ်ထားခဲ့သည်။
ကမ်းပါးယံမှ ပစ်ချခဲ့သည့် စလိုင်းအရုပ်လေးများအကြောင်း ပြောရလျှင် သူသည် ယခု ထိုနေရာနှင့် ဝေးလှသည်တော့ မဟုတ်ပေ။ ဒါဆိုရင်...
သူ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။
"ခဏလေး... အဲဒီ အရုပ်တွေနဲ့ သက်တန့်ရောင် စလိုင်းသခင် ရုပ်တု... သူတို့ကြားမှာ ပတ်သက်မှုတစ်ခုခု ရှိနေတာလား?..."
ထိုအတွေးက သူ့ခေါင်းထဲတွင် စွဲထင်နေပြီး သူ့ကို ဆွဲဆောင်နေသည်။
သို့သော် မဟုတ်ပါ။ သူ အလျင်စလို လုပ်၍မဖြစ်။
အခုအချိန်ထိတော့ မဟုတ်သေး။
သူသည် အသက်ပြင်းပြင်း ရှူသွင်းကာ စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။ သိလိုစိတ်က သူ့ကို ဆွဲဆောင်နေသလို သတိထားရမည့် စိတ်ကလည်း ရှိနေသည်။ အစောပိုင်းက သူ ထိတွေ့မိခဲ့သော စွမ်းအားသည်... သာမန်မျိုးတော့ မဟုတ်ပေ။
"နောက်မှပဲ" ဟု သူ တိုးတိုးလေး ရေရွတ်လိုက်သည်။ "ပြင်ဆင်မှုတွေ အပြည့်အစုံနဲ့ ပြန်လာခဲ့မယ်။"
ထိုသို့ ဆုံးဖြတ်ပြီးနောက် လူစီယန်သည် အတွေးများ ရှုပ်ထွေးလျက် အိမ်ကြီးဆီသို့ ဆက်လက် လျှောက်သွားလိုက်သည်။