အခန်း ၁၄ - ချုံခိုတိုက်ခိုက်ခြင်း
နောက်တစ်နေ့ မနက်ခင်း
ကေးလ်သည် အသက်ရှူသံပြင်းပြင်းနှင့် မျက်နှာဖြူဖျော့လျက် လုဒ်ဝဲလ်အိမ်တော်သို့ အပြေးရောက်လာသည်။ တစ်စုံတစ်ခုက သူ့နှလုံးသားကို ညှစ်ထားသကဲ့သို့ သူသည် အရေးတကြီး ခံစားနေရသည်။
အိမ်တော်ဝင်ပေါက်တွင် ဆီဘတ်စ်က သူ့ကိုတွေ့သည်နှင့် ချက်ချင်းပင် တံခါးဖွင့်ပေးလိုက်သည်။
"မြန်မြန်! လူငယ်သခင်နဲ့ တွေ့ဖို့ လိုတယ်! အရေးကြီးတဲ့ ကိစ္စရှိလို့!"
ကေးလ်၏ ဟန်ပန်ကို မြင်သော် ဆီဘတ်စ်မှာ စိုးရိမ်သွားသည်။ သူသည် စကားတစ်ခွန်းမျှ မဆိုဘဲ ခေါင်းညိတ်ကာ လူစီယန်ထံ သွားရောက် သတင်းပို့လိုက်သည်။
ခဏအကြာတွင် သူတို့သုံးဦး စာကြည့်ခန်းထဲတွင် စုဝေးမိကြသည်။
"ဘာဖြစ်တာလဲ ကေးလ်?" လူစီယန်က မေးလိုက်သည်။
"လူငယ်သခင်၊ ဒါ တကယ့်ကို အရေးကြီးတဲ့ ကိစ္စပါ!"
"ဖြည်းဖြည်းပြော။ အသက်ရှူချပြီးမှ ပြောပြပါ"
ကေးလ်သည် အသက်ကို ပြင်းပြင်းရှူသွင်းပြီး စိတ်ကို ငြိမ်အောင် ထိန်းလိုက်သည်။
"ကျွန်တော် 'အခြေခံ အာကာသမှော်ပညာ' ထဲက မှော်ပညာတစ်ခုကို လေ့ကျင့်နေတုန်းက တစ်ခုခုထူးဆန်းတာကို ခံစားမိလိုက်ပါတယ်" ဟု ကေးလ်က စတင်ပြောပြသည်။ "ကျွန်တော်က တည်နေရာရှာဖွေတဲ့ မှော်အတတ်ကို သုံးရင်းနဲ့ အာနိသင်ကို နည်းနည်းလေး ပြင်ဆင်ကြည့်လိုက်မိတာပါ... အဲဒီအချိန်မှာပဲ ထိန်းချုပ်မှု လွဲသွားပြီးတော့... ဒီကနေ ၁၀ ကီလိုမီတာလောက် ဝေးတဲ့ တောအုပ်ထဲမှာ မရင်းနှီးတဲ့ မာနာစွမ်းအင် အငွေ့အသက်တွေကို ခံစားမိလိုက်တာပါ”
လူစီယန်မှာ အတွေးနယ်ချဲ့မိသွားသည်။ ကေးလ်သည် အမှန်တကယ်ပင် ပါရမီရှင်တစ်ယောက်ဖြစ်သည်။ အာကာသမှော်ပညာကို လေ့လာခါစပဲ ရှိသေးသော်လည်း တိုက်ဆိုင်မှုတစ်ခုတည်းဖြင့်ပင် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ မှားယွင်းမှုတစ်ခုကပင် အောင်မြင်မှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်မှာ ကံကောင်းလွန်းသော အမှားပင် ဖြစ်သည်။
"သာမန်အားဖြင့်ဆိုရင် ရှာဖွေတဲ့မှော်အတတ်က အချင်းဝက် မီတာတစ်ရာအတွင်းက မာနာအငွေ့အသက်တွေကိုပဲ ပြသပေးတာပါ" ဟု ကေးလ်က ဆက်ပြောသည်။ "ဒါပေမဲ့ ကျွန်တော်တွေးမိတာက... ကန့်သတ်ချက်တွေကို ပြောင်းလဲကြည့်လိုက်ရင်ကော? ဆိုပြီးတော့... နည်းနည်း စမ်းသပ်ကြည့်မိတာပါ"
သူသည် လူစီယန်နှင့် ဆီဘတ်စ်တို့၏ မျက်နှာအမူအရာကို သတိပြုမိသွားသဖြင့် ခေတ္တမျှ ရပ်တန့်လိုက်သည်။
"ဟုတ်ပါတယ်၊ ဆရာတို့ ဘာတွေးနေလဲဆိုတာ ကျွန်တော်သိပါတယ်။ 'တည်ပြီးသား မှော်အတတ်ရဲ့ စည်းမျဉ်းတွေကို ဘယ်သူက လိုက်ပြင်နေတာလဲ' ပေါ့။ ဒါပေမဲ့ စိတ်အေးအေးထားပါ! ဘာမှ မဖြစ်ခဲ့ပါဘူး။ အဆိုးဆုံးဆိုရင် မာနာပြန်စီးဆင်းမှုကို ခံစားရနိုင်တာမျိုးလောက်ပါပဲ... ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ အဲဒါက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်က ခန္ဓာကိုယ်ထဲမှာ မာနာကို လည်ပတ်အောင် လုပ်တာ ကျွမ်းကျင်တယ်လေ"
သူသည် စကားတွေ လွန်သွားမိမှန်း သိသွားသဖြင့် ချောင်းတစ်ချက်ဟန့်လိုက်သည်။
“အဟမ်း” ဘာပဲဖြစ်ဖြစ်၊ အဓိက အကြောင်းအရင်းကိုပဲ ပြန်ပြောပါ့မယ်။ ရှာဖွေတဲ့ မှော်အတတ်ကို အချင်းဝက်အပြည့် မသုံးဘဲ ဦးတည်ရာ တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လုပ်ကြည့်တဲ့အခါမှာ... အလုပ်ဖြစ်သွားပါတယ်။ မှော်အတတ်ထဲကို မာနာတွေ အလွန်အကျွံ ထည့်လိုက်မိတဲ့အခါမှာ... အကွာအဝေးက တန်းတန်းကြီး ဆယ်ကီလိုမီတာအထိ ရောက်သွားပါတယ်! အဲဒီအချိန်မှာပဲ ကျွန်တော် သူတို့ကို ခံစားမိလိုက်တာပါ"
သူ၏ အသံမှာ တိုးဝင်သွားသည်။
လူစီယန်သည် သူ့ကို လေးစားစွာဖြင့် ကြည့်လိုက်သည်။ ကေးလ်သည် အမှန်ပင် ပါရမီရှင်ဖြစ်သည်။ သူသည် မိမိ၏ စွမ်းအားကို ကောင်းကောင်းသိသဖြင့် သီအိုရီတစ်ခုကို စမ်းသပ်ရန်အတွက် မသိသေးသည့် နယ်ပယ်များကိုပင် စွန့်စားလုပ်ကိုင်ရဲသူ ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် လူစီယန်မှာမူ ထိုကဲ့သို့ လုပ်ဆောင်ရန် လုံးဝ စိတ်ကူးမိမည် မဟုတ်ပေ။
သူသည် စနစ်ကိုသာ အားကိုးသည်။
လုံခြုံသည်။
ကြိုတင်ခန့်မှန်းနိုင်သည်။
ဤအချိန်တွင်တော့ သူသည် ကေးလ်ကို လေးစားရုံသာမက ထိုပါရမီကိုလည်း အားကျမိနေသည်။
ကေးလ်၏ အသံမှာ ပိုမိုတိုးဝင်သွားသည်။
"သူတို့ရဲ့ မာနာ အငွေ့အသက်တွေကို ထောက်လှမ်းကြည့်တော့... သူတို့က ကိုးလ်ဟတ် နယ်မြေကလူတွေပါ။ တောအုပ်အနီးမှာ စခန်းချနေကြတယ်။ ကျွန်တော် အရင်က မြင်ခဲ့တဲ့ လူသန်ကြီးလည်း... သူတို့နဲ့အတူ ရှိနေတယ်! လူငယ်သခင်၊ သင် အမြန်ထွက်ပြေးဖို့ လိုတယ်"
ကေးလ်၏ သတိပေးချက်ကြောင့် လူစီယန်၏ နှလုံးသားမှာ တစ်ချက်ခုန်သွားသော်လည်း သူသည် စိတ်ကို တည်ငြိမ်အောင် အတင်းထိန်းလိုက်သည်။
"သူတို့ရဲ့ အဆင့်တွေကို ခန့်မှန်းလို့ရမလား?"
ကေးလ် ခေါင်းညိတ်သည်။ "အဆင့် 2 တစ်ယောက်၊ အဆင့် 3 နှစ်ယောက်၊ အဆင့် 4 တစ်ယောက်... ပြီးတော့ အဲဒီလူသန်ကြီးက အဆင့် 6 မှာ ရှိနေတယ်"
လူစီယန် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည်။ ဆီဘတ်စ် သူ့ဘေးတွင် ရှိနေသည့်အတွက် ချက်ချင်းစိုးရိမ်စရာ မလိုသေးပေ။
သို့သော် ကေးလ်က လူစီယန်၏ တည်ငြိမ်မှုကို သူပြောပြတာကို မယုံကြည်ဘူးဟု မှားယွင်းကောက်ချက်ချလိုက်သည်။ သူ့စိုးရိမ်စိတ်များ ပိုမိုနက်ရှိုင်းလာသည်။
လူစီယန်က သူ့ကို စိတ်ချစေမည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ "ငါ မင်းကို ယုံပါတယ်။ ကျေးဇူးတင်တယ် ကေးလ်။ ဒါက ငါတို့ကို ပြင်ဆင်ချိန် ရသွားစေတယ်။ နောက်ပြီး သူတို့ထဲက အတော်ဆုံးလူတောင် ဆီဘတ်စ်နဲ့ ယှဉ်နိုင်မယ်လို့ ငါ မထင်ဘူး"
ကေးလ်မှာ မယုံကြည်နိုင်သေးသည့် အမူအရာဖြင့် ရှိနေဆဲပင်။
"ကေးလ်၊ မင်း အိမ်ပြန်ပြီး ပုန်းနေတာ ပိုကောင်းမယ်။ ဒီကိစ္စကိုတော့ ငါတို့ပဲ ရှင်းလိုက်မယ်။ သူတို့က နေ့ခင်းကြောင်တောင်မှာတော့ လှုပ်ရှားမှာ မဟုတ်ဘူး။ နေဝင်တာကိုပဲ စောင့်နေကြတာ ဖြစ်လိမ့်မယ်"
ကေးလ် တုံ့ဆိုင်းသွားသည်။ သူက ထွက်သွားရမည့် အကြံကို မနှစ်သက်သော်လည်း လူစီယန်၏ မျက်လုံးထဲရှိ ယုံကြည်မှုကို မြင်လိုက်ရသောအခါ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ 'ဖြစ်နိုင်တယ်... သူ တကယ်ပဲ ဒါကို ကိုင်တွယ်နိုင်ကောင်းပါရဲ့'
"နေဦး... ဒါယူသွားလိုက်" လူစီယန်က ပန်းဝတ်ရည်သလင်းကျောက် သုံးခုကို ထုတ်ယူကာ ကေးလ်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ "ဒါတွေက မာနာကို ပိုမြန်မြန် ပြန်ဖြည့်ပေးလိမ့်မယ်။ အရေးပေါ်အတွက်ပေါ့"
ကေးလ်သည် ထိုသလင်းေကျာက်များကို ကြည့်ကာ မယုံနိုင်သလို ဖြစ်နေသည်။ သူ ငြင်းဆန်ရန် ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်ကာ ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးပါ... ကျွန်တော် အိမ်ကနေပဲ စောင့်ကြည့်နေပါ့မယ်။ ကျွန်တော် တိုက်ခိုက်လို့ မရပေမယ့်၊ အခြေအနေ ဆိုးဝါးသွားရင်တော့ ဝင်ကူပြီး လူငယ်သခင်ကို ခေါ်ထုတ်သွားမှာပါ”
လူစီယန်က အနည်းငယ် ပြုံးပြလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"
ကေးလ် အဝေးသို့ ပျောက်ကွယ်သွားသည်နှင့် လူစီယန်သည် ဆီဘတ်စ်ဘက်သို့ လှည့်လိုက်သည်။ ကေးလ် မမြင်ရတော့သည်နှင့် သူ၏ တည်ငြိမ်နေသော အမူအရာများ ပျောက်ကွယ်သွားပြီး အတွေးများစွာဖြင့် စိုးရိမ်စိတ်တို့ တက်ကြွလာသည်။
သူသည် ဆီဘတ်စ်ကို ကြည့်လိုက်သည်။
"ကဲ... ဆီဘတ်စ်၊ သေချာနားထောင်ပါ။ ဒါက အစီအစဉ်ပဲ။"
•••
သန်းခေါင်ယံအချိန်။
အရိပ်တစ်ခုက လုဒ်ဝဲလ်အိမ်တော်၏ ပွင့်နေသော ပြတင်းပေါက်မှတစ်ဆင့် လျှိုဝင်လာသည်။ သူ့လှုပ်ရှားမှုမှာ အသံတိတ်နေသည်။
သူသည် လူစီယန် စောင်အောက်တွင် လှုပ်ရှားမှုမရှိဘဲ အိပ်ပျော်နေသည့် အိပ်ရာဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။
"ပြတင်းပေါက်ကို ဖွင့်ထားတယ်တဲ့။ တကယ်တုံးတဲ့ကောင်လေးပဲ" ဟု ထိုလူက တိုးတိုးလေး ညည်းညူလိုက်သည်။ သူ့အသံမှာ ကြမ်းတမ်းပြီး တိုးဖျော့နေသည်။
သူသည် လေးလံသော တူလက်နက် (Mace) ကို ခေါင်းပေါ်သို့ မြှောက်လိုက်ပြီး လူစီယန်၏ ဦးခေါင်းကို ရည်ရွယ်ကာ...
ဝှစ်!
ဓားတစ်လက်မှာ အမှောင်ထုထဲမှ ဖြတ်သန်းသွားသည်။
ထိုလူသန်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် အလိုအလျောက် ရှောင်တိမ်းလိုက်သော်လည်း အနည်းငယ် နောက်ကျသွားသည်။ ဓားသွားမှာ သူ၏ လည်ပင်းကို ခြစ်မိသွားပြီး သွေးစက်အချို့ စီးကျလာသည်။ သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အဆင်သင့်အနေအထားသို့ ချက်ချင်း ပြောင်းလဲလိုက်သည်။
“ကျွတ်”…. အဆင့် ၆ တစ်ယောက်ပီသပါတယ်။ ခန့်မှန်းရတာ ခက်သားပဲ' ဟု လူစီယန်က အရိပ်ထဲသို့ ဆုတ်ခွာရင်း တွေးလိုက်သည်။
သူသည် ခန္ဓာကိုယ်ကို နှိမ့်ချကာ ဆီဘတ်စ်ဆီသို့ ရွေ့လျားသွားပြီး အမြန်တိုးတိုး ပြောလိုက်သည်။ "သူ့မှာ ခွန်အားနဲ့ ကာကွယ်ရေးကို မြှင့်တင်ပေးတဲ့ ကျွမ်းကျင်မှုတစ်ခု ရှိတယ်။ သူက အရမ်းလှည့်ကွက်များတယ်။ သူ့ကို တည့်တည့်မတိုးနဲ့။"
ဆီဘတ်စ်သည် လူစီယန်ကို ငါးစာအနေနဲ့ အသုံးမပြုရန် အစက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သော်လည်း လူစီယန်က သူ့ကို နားချနိုင်ခဲ့သည်။ လူစီယန်သာ အိပ်ရာပေါ်တွင် မရှိလျှင် ရန်သူတို့က တစ်စုံတစ်ခု လွဲမှားနေမှန်း သတိထားမိသွားနိုင်သောကြောင့် ဖြစ်သည်။
အစီအစဉ်ကတော့ အရာအားလုံး အတိအကျ ဖြစ်မလာခဲ့သော်လည်း ထိုလူသန်ကြီးကို အနာတရဖြစ်အောင် ထိမှန်လိုက်နိုင်ခြင်းကပင် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။
ကေးလ်သည် ထိုလူသန်ကြီးသည် တူလက်နက်ကဲ့သို့သော ထုရိုက်သည့် လက်နက်များကို နှစ်သက်ကြောင်း ကြိုတင်သတိပေးထားခဲ့သည်။ စကန်ဖတ်ခြင်း မှတစ်ဆင့်လည်း ထိုလူတွင် သူ၏ခွန်အားကို ပိုမိုမြင့်တက်စေသည့် ကျွမ်းကျင်မှုတစ်ခု ရှိကြောင်းနှင့် ထိုအချက်က သူ့ကို ပို၍အန္တရာယ်များစေကြောင်း လူစီယန် သိရှိထားပြီးဖြစ်သည်။
ပြင်ဆင်မှုအနေဖြင့် လူစီယန်သည် အခြေအနေမကောင်းပါက အသုံးပြုရန်အတွက် "နူးညံ့သောကိုယ်ခန္ဓာ" ကျွမ်းကျင်မှုကို လျှို့ဝှက်စွာ သင်ယူထားခဲ့သည်။ ထို့အပြင် နောက်ထပ် အကာအကွယ်တစ်ခုအနေဖြင့် သူ၏ "အသက်ဆက်ဆွဲဆောင်မှု " ကို ချောက်ကမ်းပါးသို့ မပစ်ချလိုက်ရသော စလိုင်းအရုပ်တစ်ရုပ်နှင့် ချိတ်ဆက်ထားလိုက်သည်။ ယခုအခါ ထိုပျော့ပျောင်းပြီး ရယ်စရာကောင်းသော အရုပ်လေးမှာ သူ၏ လျှို့ဝှက်ထားသော အသက်ကယ်အကာအကွယ် ဖြစ်လာသည်။
အခန်းတစ်ခုလုံးမှာ အမှောင်ထုဖုံးလွှမ်းနေသည်။ ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာသော လရောင်ပင်လျှင် ထိုမှောင်မိုက်မှုကို ဖောက်ထွင်းနိုင်ခြင်း မရှိပေ။
ရုတ်တရက်... ဓားတစ်လက်မှာ အမှောင်ရိပ်ထဲမှ ထွက်ပေါ်လာပြီး လူသန်ကြီးကို တည့်တည့်ရည်ရွယ်ကာ ပစ်လွှတ်လိုက်ပြန်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည် အသင့်ဖြစ်နေပြီဖြစ်သည်။ သူသည် ၎င်းကို သူ၏တူလက်နက်ဖြင့် ပုတ်ထုတ်လိုက်ရာ သတ္တုချင်း ထိခတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
အခြေအနေကို အပြည့်အဝ သတိပြုမိသွားသည့် ထိုလူသည် ကာကွယ်ရေးအနေအထားသို့ ပြောင်းလဲလိုက်ပြီး အခန်းတစ်ခုလုံးကို မျက်စိဖြင့် လိုက်လံစစ်ဆေးနေသည်။
လူစီယန်သည် တိတ်ဆိတ်စွာပင် "ဖောက်ထွင်းသူ၏မျက်လုံး " ကို ဖွင့်လိုက်ပြီး နံရံအလွှာများအတွင်းမှတစ်ဆင့် ကျန်ရှိနေသေးသော ရန်သူလေးဦး၏ တည်နေရာကို စတင်ရှာဖွေလိုက်သည်။
"အပေါ်ကို တက်ခဲ့ကြစမ်း!" ဟု လူသန်ကြီးက အမိန့်ပေးလိုက်သည်။
သူ့အမိန့်အတိုင်း လူသုံးယောက်မှာ ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လာကြသည်။ အဆင့် ၂ ရှိသော နောက်ဆုံးတစ်ယောက်မှာတော့ အပြင်ဘက်တွင်ပင် စောင့်ကြပ်နေဆဲ ဖြစ်သည်။
ဝင်ရောက်လာသူများမှာ ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ သူတို့က လူသန်ကြီးသည် လူစီယန်ကို ရှင်းလင်းပြီးပြီဟု ထင်မှတ်ထားခဲ့ကြသော်လည်း သူ၏ ကာကွယ်ရေးအနေအထားကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် အထူးသတိအနေအထားသို့ ပြောင်းလဲလိုက်ကြသည်။
လူစီယန်သည် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။ သူသည် စကန်ဖတ်ခြင်းကို အမြန်ဖွင့်လိုက်ပြီး ကြောက်လန့်ဟန်ဆောင်ကာ အထွက်ပေါက်ဆီသို့ ပြေးထွက်သွားသည်။
ထိုလူသုံးယောက်မှာ မတုံ့ဆိုင်းတော့ပေ။ အခြေအနေကို သဘောပေါက်သွားပြီးနောက် သူတို့သည် ချက်ချင်းပင် နောက်မှ လိုက်ပါလာကြသည်။
သို့သော် သူတို့ လိုက်လာသည့်အချိန်တွင် အမှောင်ထုထဲမှ လျှို့ဝှက်လက်နက်များမှာ မိုးအလိမ်းလိမ်း ရွာချလာသည်။
"ကလန်! ကလန်! ကလန်!"
သတ္တုချင်း ထိခတ်သံများ ထွက်ပေါ်လာပြီး လက်နက်များမှာ ကြားဖြတ်ဟန့်တားခြင်း ခံလိုက်ရသည်။
ဆီဘတ်စ်က အလစ်အငိုက် တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း လူသန်ကြီးမှာ လျင်မြန်စွာ တုံ့ပြန်ပြီး ထိုတိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။ သို့သော်လည်း ထိုချုံခိုတိုက်ခိုက်မှုကြောင့် ကျန်လူသုံးယောက်မှာ ဟန်ချက်ပျက်သွားကြသည်။
"တွေ့ပြီ" ဟု လူသန်ကြီးက ဟိန်းဟောက်လိုက်သည်။ "မင်းတို့သုံးယောက်! သွားပြီး အဲဒီကောင်လေးကို သတ်လိုက်။ ဒီနေရာကိုတော့ ငါ ရှင်းလိုက်မယ်။"
ဆီဘတ်စ်မှာ တုန်လှုပ်ခြင်း မရှိပေ။ ဤသည်မှာ လူစီယန်၏ အစီအစဉ်ထဲမှ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။
သူ၏ အဓိက ဦးစားပေးမှာ ရှင်းလင်းနေသည်။ လူသန်ကြီးကို အမြန်ဆုံး အနိုင်ယူပြီး... လူစီယန် နောက်သို့ လိုက်သွားကာ လိုအပ်ပါက ကူညီပေးရန်ပင် ဖြစ်သည်။
ထိုအချိန်တွင် လူစီယန်မှာ အိမ်တော်ထဲမှ ပြေးထွက်လာပြီဖြစ်သည်။
သူသည် ကြိုတင်ပြင်ဆင်ထားသော ထောင်ချောက်များဆီသို့ သူတို့ကို ဆွဲခေါ်ရန်အတွက် တောအုပ်ဆီသို့ အပြေးသွားနေသည်။
သို့သော် ရန်သူသုံးယောက်မှာ သူ့နောက်သို့ အမီလိုက်လာကြသည်။ သူတို့က ပို၍ သန်မာပြီး ပို၍ မြန်ဆန်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့သည် လူစီယန်ကို နီးကပ်လာကြသည်။
သို့သော်...
<စလိုင်းပစ်လွှတ်ခြင်း >
လူစီယန်၏ ဆန့်တန်းထားသော လက်ဖဝါးထဲမှ စလိုင်းအချွဲများမှာ သူတို့ဆီသို့ ပစ်လွှတ်လိုက်သည်။
မည်သည့်အရာမျှ ထိုလူများကို ထိမှန်ခြင်း မရှိသည့်အတွက် သူတို့မှာ လှောင်ပြောင်ရယ်မောလိုက်ကြသည်။
"ဘယ်လောက်တောင် အသုံးမကျတဲ့ ပစ်ချက်လဲ!”
သို့သော် လူစီယန်သည် သူတို့ကို ချိန်ရွယ်ခဲ့ခြင်း မဟုတ်ပေ။ သူသည် မြေပြင်ကိုသာ ချိန်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သူတို့၏ ဖိနပ်များမှာ စေးကပ်နေသော စလိုင်းအချွဲများထဲသို့ နစ်ဝင်သွားသည့်အချိန်အထိ သူတို့ ဘာဖြစ်မှန်း မသိလိုက်ကြပေ။ သူတို့ထဲမှ တစ်ယောက်သည် ခြေချော်ပြီး မြေပြင်ပေါ်သို့ ပုံလျက်သား ပြုတ်ကျသွားသည်။ ကျန်လူများမှာလည်း ခြေထောက်များမှာ စေးကပ်နေသော စလိုင်းများကြောင့် ရုန်းကန်ရပြီး လှုပ်ရှားမှုများ နှေးကွေးသွားကြသည်။
သူတို့မှာ ဟန်ချက်ပြန်ထိန်းကာ စေးကပ်နေသည့် မြေပြင်ကို ရှောင်ကွင်းပြီးမှ ထိုနေရာမှ ရုန်းထွက်နိုင်လိုက်ချိန်တွင် လူစီယန်မှာ ရှေ့ရှိ ထူထပ်သော တောအုပ်ထဲသို့ ပျောက်ကွယ်သွားနှင့်ပြီ ဖြစ်သည်။