အခန်း (၁)- လုဒ်ဝဲလ်
"သခင်လေး၊ နိုးထဖို့ အချိန်တန်ပါပြီ။"
ဂုဏ်ရည်ရှိပြီး တည်ငြိမ်သော အမူအရာရှိသည့် သက်ကြီးရွယ်အို အမျိုးသားတစ်ဦး အိပ်ခန်းထဲသို့ ဝင်ရောက်လာသည်။
သူသည် အစစအရာရာတွင် အိမ်တော်ထိန်းတစ်ယောက်ဖြစ်ကြောင်း မည်သူမျှ မငြင်းနိုင်လောက်အောင် စနစ်တကျချုပ်လုပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူသည် ထူထဲသော စောင်အောက်တွင် ကွေးညွတ်နေသည့် ပုံသဏ္ဌာန်ဆီသို့ ငုံ့ကြည့်လိုက်သည်။ ၎င်းမှာ သူ 'သခင်လေး' ဟု ခေါ်ဆိုခဲ့သည့် ပုဂ္ဂိုလ်ပင် ဖြစ်သည်။
သူသည် တိတ်ဆိတ်သော ခြေလှမ်းများဖြင့် ကုတင်ဆီသို့ ချဉ်းကပ်သွားပြီး အိပ်ပျော်နေသော ကောင်လေးကို အသာအယာ တွန်းနှိုးလိုက်သည်။
"အား... သေစမ်း။ မနက်တောင် ရောက်ပြီလား။ သိပြီ၊ ဆီဘက်စတီယန်! ငါ့ကို လာမလှုပ်နဲ့တော့၊ အပြင်မှာ သွားစောင့်နေ!" ဟု အိပ်ချင်မူးတူးဖြင့် စိတ်တိုတို တုံ့ပြန်သံ ထွက်ပေါ်လာသည်။
အိမ်တော်ထိန်းသည် ခေတ္တရပ်တန့်သွားသည်။ "သခင်လေး၊ ကျွန်တော့်နာမည်က ဆီဘတ်... ကျွန်တော် အပြင်မှာ စောင့်နေပါ့မယ်။" ယခုအချိန်သည် အငြင်းပွားရမည့် အချိန်မဟုတ်ကြောင်း သိရှိသဖြင့် သူသည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် ပြန်လည်ထွက်ခွာသွားသည်။
သခင်ေလးသည် ကုတင်ပေါ်တွင် ဖြည်းညှင်းစွာ ထိုင်လိုက်ပြီး မျက်လုံးများမှ အိပ်ချင်စိတ်ကို ပွတ်သပ်ဖယ်ရှားလိုက်သည်။ သူသည် အမြင်အာရုံ ရှင်းလင်းသွားသောအခါ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အခန်းသည် နွေးထွေးပြီး ရင်းနှီးကျွမ်းဝင်နေကာ သက်သောင့်သက်သာရှိသော လေထုကို ခံစားရသည်။
"သက်ပြင်း... ငါ ဒါကို ဘယ်တော့မှ အကျင့်မရနိုင်တော့ဘူး။" သူ ရေရွတ်လိုက်သည်။
သူသည် ဘယ်ရွန်မျိုးရိုး၏ အမွေဆက်ခံသူ လူစီယန် လူ့ဝဲလ်ဖြစ်သည်။ ဘဝသည် ကောင်းမွန်တည်ငြိမ်ပြီး အခွင့်ထူးခံရကာ သူကောင်းမျိုးတို့၏ ငြိမ်းချမ်းသော အထက်တန်းစားဘဝဖြင့် ပြည့်စုံနေခဲ့သည်။
သို့သော်... လွန်ခဲ့သည့် တစ်လခန့်က ဘယ်ရွန်နယ်မြေကို ထူးဆန်းပြီး ရုတ်တရက်ဖြစ်ပေါ်လာသော ဘေးဒုက္ခတစ်ခု မကျရောက်မီအထိပင်။ ၎င်းသည် တဖြည်းဖြည်း စတင်ဖြစ်ပေါ်လာပြီးနောက် လျင်မြန်စွာ ပိုမိုဆိုးရွားလာခဲ့သည်။
သူ၏ မိဘများဖြစ်ကြသည့် ဘယ်ရွန်နှင့် ဘယ်ရွန်ကတော်တို့ပင် ထူးဆန်းသော "ရောဂါ" တစ်ခုကြောင့် ကွယ်လွန်သွားခဲ့သည်။ သူတို့၏ သေဆုံးမှုမှာ ရုတ်တရက်ဆန်ပြီး ရှင်းပြ၍မရနိုင်ပေ။ ၎င်းသည် မည်သူမျှ ဖြည့်ဆည်းပေးရန် အသင့်မရှိသော ဟာလာဟင်းလင်းဖြစ်မှုကို ချန်ရစ်ခဲ့သည်။
ထိုထိတ်လန့်ဖွယ်ရာအဖြစ်အပျက်ကြောင့် လူစီယန်မှာ တစ်ပတ်ကြာ သတိမေ့မြောသွားခဲ့သည်။ နောက်ဆုံးတွင် သူ သတိပြန်လည်လာချိန်၌...
ပြန်လည်ရရှိလာသည်မှာ သတိတရားတစ်ခုတည်း မဟုတ်ပေ... မြှုပ်ကွယ်နေခဲ့သော မှတ်ဉာဏ်ဟောင်းများပါ တစ်ဟုန်ထိုး ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
ယခင်ဘဝက မှတ်ဉာဏ်များ!
သူသည် တစ်ချိန်က ယခုလောကနှင့် အလွန်ကွာခြားသည့် ကမ္ဘာတစ်ခုတွင် နေထိုင်ခဲ့ဖူးသည်။ ယခုလက်ရှိ သူပတ်လည်တွင် ရှိနေသော မှော်အတတ်များနှင့် သူကောင်းမျိုးတို့၏ ဘဝနှင့်ယှဉ်လျှင် ထိုကမ္ဘာမှာ ခေတ်မီပြီး သာမန်မျှသာဖြစ်သည်။ သူ၏ ယခင်ဘဝအမြင်အရဆိုလျှင် ဤကမ္ဘာသစ်သည် စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ထဲမှ အရာတစ်ခုဟုသာ ဖော်ပြနိုင်ပေလိမ့်မည်။
ဖြစ်နိုင်သည်မှာ ဤသည်မှာ သူ့ခန္ဓာကိုယ်၏ စိတ်ဒဏ်ရာကို ရင်ဆိုင်ဖြေရှင်းသည့်နည်းလမ်း သို့မဟုတ် ခုခံကာကွယ်သည့် စနစ်တစ်ခု ဖြစ်ပေမည်။ အကြောင်းမှာ သူ၏ယခင်ဘဝမှ မှတ်ဉာဏ်များသည် ယခုဘဝ၏ မှတ်ဉာဏ်များကို လွှမ်းမိုးလာခဲ့သောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဤကမ္ဘာတွင် သူသည် အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်သာ ဖြစ်သော်လည်း... ယခင်ဘဝကမူ သူသည် အသက် ၂၂ နှစ်အရွယ်အထိ နေထိုင်ပြီး သေဆုံးခဲ့သူ ဖြစ်သည်။
လူစီယန် သက်ပြင်းချလိုက်သည်။ ဘဝနှစ်ခု၏ ဝန်ထုပ်ဝန်ပိုးက သူ့ကို ဖိစီးထားပြီး သူသေဆုံးခဲ့ရသည့် အမှတ်တရများက ပြန်လည်ပေါ်ပေါက်လာသည်။
သူ၏ ယခင်ဘဝတွင် လူစီယန်သည် ကောလိပ်မှ ထုတ်ပယ်ခံခဲ့ရဖူးသည်။ စာမေးပွဲကျရှုံး၍ မဟုတ်ဘဲ သူ၏ ဒေါသကြီးသည့် စိတ်နေသဘောထားကြောင့်ဖြစ်သည်။
သူသည် တရားမျှတမှုကို အလွန်မြတ်နိုးသူဖြစ်ပြီး သူတစ်ပါးကို အနိုင်ကျင့်သည်ကို မြင်ရခြင်းထက် ပို၍ဒေါသထွက်စရာမရှိပေ။ အကြိမ်ကြိမ်အခါခါ သူ ဝင်ရောက်စွက်ဖက်ခဲ့သည်... လက်သီးဖြင့် ဦးစွာ တုံ့ပြန်လေ့ရှိသည်။
သူသည် အားနည်းသူများဘက်မှ ရပ်တည်ပေးခြင်းဖြင့် မှန်ကန်သည့်အလုပ်ကို လုပ်နေသည်ဟု ယုံကြည်ခဲ့သည်။ သို့သော် လောကကြီးက ထိုသို့မမြင်ခဲ့ပေ။
စိတ်ပျက်လက်ပျက်နှင့် ခါးသီးမှုတို့ကြောင့် သူသည် "ကောင်းမှုပြုခြင်း" ဟူသော အယူအဆကို စွန့်လွှတ်လိုက်သည်။ သူ နောက်ထပ် ကောလိပ်တစ်ခုခုသို့ လျှောက်ထားခြင်း မပြုတော့ပေ။ အဲ့အစား၊ သူသည် အထီးကျန်ဘဝထဲသို့ မျောပါသွားပြီး လျစ်လျူရှုမှုနှင့် စိတ်ဓာတ်ကျခြင်းများအတွင်း ပိုမိုနစ်မြုပ်သွားခဲ့သည်။
သူသည် သူ၏ရက်များကို ဗီဒီယိုဂိမ်းများဖြင့်သာ အချိန်ကုန်ဆုံးခဲ့ပြီး နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်က
အရှုံးပေးသွားသည်။ အမှောင်ထုက သူ့ကို ဝါးမြိုသွားပြီးနောက်... ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
"သနားစရာကောင်းလိုက်တာ။"
သူသည် မိမိကိုယ်ကို လှောင်ပြောင်ရင်း ရေရွတ်လိုက်သည်။
"တကယ်ကို သနားစရာကောင်းတာ! ငါက လူပျိုဘဝနဲ့ သေခဲ့ရတာလား?! အား..." ဟု ခေါင်းကို ကိုင်ရင်း အော်ဟစ်လိုက်သည်။
တောက်... တောက်... (တံခါးခေါက်သံ)
"သခင်လေး၊ အဆင်ပြေရဲ့လားခင်ဗျာ?" ဟု ဆီဘတ်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"တိတ်စမ်း၊ ဆီဘက်စတီယန်!"
"ကျွန်တော်က ဆီဘတ်ပါ!"
လူစီယန် သက်ပြင်းချလိုက်သည်။ 'သူ့အိမ်တော်ထိန်းကို ဆီဘက်စတီယန်လို့ နာမည်မပေးတဲ့သူ ဘယ်သူရှိပါ့မလဲ။' ဟု စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်မိသည်။
သူ ကုတင်ပေါ်မှ လိုက်ပြီး အဝတ်အစားများ စတင်လဲလှယ်လိုက်သည်။
သူ၏ အတွေးများမှာ မိဘများဆီသို့ ရောက်သွားသည်။ သူတို့ကို ကြင်နာတတ်သူများအဖြစ် သူမှတ်မိနေသည်။ သူတို့ကိုယ်တိုင်အတွက်တောင် နူးညံ့လွန်းနေခဲ့သည်။ သူတို့၏ ဘဝသက်တမ်းများမှာ ရုတ်တရက်ပင် တိုတောင်းသွားခဲ့ရသည်။
သူကိုယ်တိုင်မှာ သတိမေ့မြောနေခဲ့ရသဖြင့် မိဘများ၏ ဈာပနကိုပင် တက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။
သို့သော် သူ့ကို ပို၍ စိတ်မကောင်းဖြစ်စေသည်မှာ သူ၏အစ်မအကြောင်းဖြစ်သည်။ သူမသည် ထိုအရာအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရသည်။
ဝမ်းနည်းကြေကွဲမှု။
တာဝန်ယူမှု။
အရာအားလုံးကို ထိန်းသိမ်းထားရသည့် ဝန်ထုပ်ဝန်ပိုး။
သူမ တိတ်တဆိတ် ခံစားခဲ့ရမည့် နာကျင်မှုများကို သူ မှန်းဆကြည့်ရုံမျှပင် သိနိုင်သည်။
သူမတွင် ငိုယိုရန် အချိန်ပင် မရှိခဲ့ပေ။ ဝမ်းနည်းနေဆဲမှာပင် ဘယ်ရွန်နယ်မြေကို စီမံခန့်ခွဲရမည်၊ လူစီယန်ကို ပြုစုစောင့်ရှောက်ရမည်၊ ပြီးလျှင် ရှုပ်ထွေးနေသည့်ကြားတွင် စနစ်တကျ ဖြစ်အောင် ထိန်းသိမ်းထားရမည်ဖြစ်သည်။
သားတစ်ဦးတည်းဖြစ်သည့် လူစီယန်မှာ တရားဝင် အမွေဆက်ခံသူဖြစ်သည်။ နယ်မြေစီမံခန့်ခွဲမှုကို သူသာလျှင် တာဝန်ယူရမည်ဖြစ်သည်။ သို့သော် အသက် ၁၂ နှစ်သာ ရှိသေးသည့်အတွက် ဤမျှလေးလံသော ဝန်ထုပ်ဝန်ပိုးကို သူ ထမ်းနိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြပေ။ ဘယ်ရွန်နယ်မြေမှာ ရှုပ်ထွေးနေပြီး မျှော်လင့်ချက်များမှာလည်း လူတိုင်း၏ လက်ထဲမှ လျှောကျနေခဲ့သည်။
သူ သတိပြန်လည်လာပြီး မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် အစ်မဖြစ်သူမှာ အခန်းထဲသို့ အပြေးဝင်လာပြီး သူ့ကို အသည်းအသန် ဖက်ထားခဲ့သည်။ ထိုအားနည်းသော ပွေ့ဖက်မှုတွင် သူမ၏ ပင်ပန်းနွမ်းနယ်မှုနှင့် နာကျင်မှုတို့ကို သူ ခံစားလိုက်ရသည်။ သို့တိုင် ထိုအရာအားလုံးကို ကျော်ဖြတ်ပြီး သူမသည်သာ သူ့အပေါ် ယုံကြည်ချက်အပြည့်ရှိနေသေးသူဖြစ်သည်။
သို့သော် လူစီယန်မှာ မိဘများ၏ သေဆုံးမှုမှာ သဘာဝအတိုင်း ဖြစ်သည်ဟု မယုံကြည်ပေ။ ဒုက္ခတစ်ခု ဖြစ်လာခြင်းမှာ ကံမကောင်းခြင်းဟု ဆိုနိုင်သည်။ နှစ်ခု သို့မဟုတ် ထို့ထက်ပို၍ ဖြစ်လာပါက မကောင်းကြံစည်မှုတစ်ခုခု ရှိနေသည်မှာ သေချာနေပြီဖြစ်သည်။
နောက်ဆုံးတွင် အဝတ်အစားများ ဝတ်ဆင်ပြီး ပြင်ဆင်ပြီးသွားသောအခါ သူသည် အပြင်သို့ ထွက်လာခဲ့ပြီး ဆီဘတ်အား လက်ဟန်ပြလိုက်သည်။ "ငါ့အစ်မဆီ ခေါ်သွားပေးပါ။"
ဆီဘတ်သည် ယုံကြည်မှုရှိရှိ ခြေလှမ်းများဖြင့် ရှေ့မှ ဦးဆောင်သွားသည်။ လူစီယန်မှာမူ နောက်မှ လိုက်ပါသွားသည်။
စင်္ကြံလမ်းအတိုင်း လျှောက်သွားနေစဉ် လူစီယန်မှာ တိတ်ဆိတ်သွားသည်။
တစ်ချိန်က စည်ကားခဲ့သော အိမ်တော်ကြီးမှာ ယခုအခါ တိတ်ဆိတ်ခြင်းများသာ လွှမ်းမိုးနေသည်။ သူတို့တစ်ချိန်က ပိုင်ဆိုင်ခဲ့သော ရယ်မောသံများနှင့် အသက်ဝင်မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ဆီဘတ်အပါအဝင် အိမ်တော်ထိန်း အလုပ်သမား လေးဦးသာ ကျန်ရှိတော့သည်။
လူစီယန်၏ ရင်ထဲတွင် နာကျင်ခံစားရသည်။
သူတို့သည် စာကြည့်ခန်းသို့ ရောက်ရှိသွားကြသည်။
လူစီယန် တိတ်တဆိတ် ဝင်သွားစဉ် ဆီဘတ်သည် ဦးညွှတ်လိုက်ပြီး အပြင်တွင် စောင့်နေခဲ့သည်။
ထိုနေရာတွင် ဗီဗီယန် လူ့ဝဲလ်သည် စာရွက်စာတမ်းများ ပြည့်နှက်နေသော စားပွဲခုံပေါ်တွင် ကိုယ်ကိုကိုင်းလျက် ရှိနေသည်။ သူမ၏ မျက်ဝန်းအောက်တွင် မျက်တွင်းကျနေသော်လည်း သူမ၏ နူးညံ့လှပမှုမှာ အရောင်မမှိန်သေးပေ။ သူမ၏ သစ်အယ်သီးရောင် ဆံပင်ရှည်တို့မှာ ပုခုံးပေါ်သို့ ပိုးသားကဲ့သို့ ဖြာကျနေသည်။ လူစီယန်မှာ သူမ၏ ကြိုးစားအားထုတ်မှုကို တိတ်တဆိတ် လေးစားစွာဖြင့် ရပ်ကြည့်နေမိသည်။
ဗီဗီယန် မော့ကြည့်လိုက်ပြီး သူ့ကို မြင်သောအခါ သူမ၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူမ ထလာပြီး သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သောအခါ မျက်နှာပေါ်တွင် စစ်မှန်သော အပြုံးတစ်ခု ပေါ်လာသည်။
"ငါ့ရဲ့ ချစ်စရာ မောင်လေး လူလူ! ရောက်လာပြီပဲ။"
"အဟမ်း။ အစ်မရေ၊ လူလူကလွဲပြီး တခြားဘာပဲခေါ်ခေါ်ပါ။"
"ဘာလို့လဲ။ အစ်မက အမြဲတမ်း ဒီလိုပဲ ခေါ်နေကျလေ။"
"ရိုးရိုးလေး... လူ သို့မဟုတ် လူ့ခ် လို့ ခေါ်ရင် ရပါပြီ။" ဟု ပါးနှစ်ဖက် အနည်းငယ်နီရဲလျက် သူ တောင်းဆိုလိုက်သည်။
ယခင်ဘဝတွင် 'လူလူ' ဆိုသော စကားလုံးမှာ... မကောင်းသော အဓိပ္ပာယ်များ ရှိနေခဲ့သည်။ လူစီယန်မှာ အစ်မဖြစ်သူထံမှ ထိုနာမည်ကို ကြားရသည့်အခါ ရှက်ရွံ့မိသည်။
ဗီဗီယန်မှာ နားမလည်နိုင်ဟန်ဖြင့် ခေါင်းကို စောင်းလိုက်သော်လည်း သူ့ကို ထပ်မမေးတော့ပေ။ သတိမေ့မြောပြီးကတည်းက သူမ၏ မောင်လေးဆီတွင် တစ်ခုခု ပြောင်းလဲသွားခဲ့သည်။ သူသည် ပို၍ တည်ကြည်လာပြီး ပို၍ ရင့်ကျက်လာသည်။
'အရွယ်ရောက်လာတာနေမှာပေါ့။' ဟု သူမ ဝမ်းနည်းသော အပြုံးဖြင့် တွေးလိုက်မိသည်။ 'ဒါကလည်း ကောင်းတဲ့အရာတစ်ခု ဖြစ်နိုင်ပါတယ်။'
မိဘများကို ဆုံးရှုံးလိုက်ရသည့်အတွက် လူစီယန်လည်း စိတ်ဓာတ်ကျနေလိမ့်မည်ဟု သူမ သိသည်။
ဗီဗီယန်မှာ ပွေ့ဖက်ထားမှုကို ပို၍ တင်းကျပ်လိုက်သည်။ "အစ်မတို့မှာ ပြဿနာတစ်ခု ရှိနေတယ်" ဟု သူမ တိုးတိုးလေး ပြောလိုက်သည်။
အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်သည့်အတွက် သူမ၏ အသက် ၁၅ နှစ်အရွယ် အစ်မထက် အများကြီး ပိုသေးနေသေးသောကြောင့် သူမ၏ ပွေ့ဖက်မှုကို လူစီယန် မတွန်းလှန်နိုင်ခဲ့ပေ။
လူစီယန်မှာ တိတ်ဆိတ်နေပြီး သူမ ပြောမည့်စကားကို နားထောင်နေလိုက်သည်။
"မနက်ဖြန်က အချိန်တန်ပြီလေ။ အစ်မနေရာကို ဆက်ခံဖို့ အသင့်ဖြစ်ပြီလား မောင်လေး?"
လူစီယန်၏ မျက်လုံးများ ပြတ်သားသွားသည်။ ခေတ္တတိတ်ဆိတ်သွားပြီးနောက် သူသည် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"အစ်မ ဘာမှ စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော် အမြဲတမ်း လေ့လာနေခဲ့တာပါ၊ ပြီးတော့ ကျွန်တော်က မြန်မြန်ဆန်ဆန် သင်ယူနိုင်တဲ့သူပါ။ အစ်မ ပြန်ရောက်လာတဲ့အချိန်ကျရင် အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်။"
ဗော့လ်မီးယားနိုင်ငံတော်တွင် သူကောင်းမျိုးအားလုံးသည် အသက် ၁၅ နှစ်ပြည့်လျှင် အကယ်ဒမီသို့ တက်ရောက်ရန် ဥပဒေအရ မဖြစ်မနေ လိုက်နာရမည်ဖြစ်သည်။ ငြင်းဆန်ပါက နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။ ဗီဗီယန်တွင် ရွေးချယ်စရာမရှိပေ။ သူမသွားချင်သည်ဖြစ်စေ၊ မသွားချင်သည်ဖြစ်စေ ထွက်ခွာရမည်သာဖြစ်သည်။
လူစီယန်သည် လက်သီးကို ကျစ်ကျစ်ဆုပ်ထားလိုက်သည်။ သူ သူမကို အရှုံးမပေးစေရ။ သူမသည် သူ့တွင် ကျန်ရှိနေသော တစ်ဦးတည်းသော မိသားစုဖြစ်သည်။
ရုတ်တရက် တဝီဝီမြည်သံကြောင့် သူ အတွေးစပြတ်သွားသည်။
ဗီ... ဗီ...
ပျားတစ်ကောင် အခန်းထဲသို့ ပျံသန်းဝင်ရောက်လာသည်။
လူစီယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"အစ်မ၊ မလှုပ်နဲ့" ဟု သူမပေါ်သို့ ပျားနားနေသည်ကို မြင်လိုက်ရသဖြင့် သူ သတိပေးလိုက်သည်။
လူစီယန်သည် ထိုပျား ဗီဗီယန်ကို တုပ်မိမည်ကို စိုးရိမ်နေသည်။
သူ မြန်ဆန်စွာဖြင့် ရိုက်ချလိုက်သည်။
ဘတ်!
သို့သော်...
"အား..."
ဗီဗီယန်မှာ မျက်လုံးပြူးကာ ရုတ်တရက် ခုန်ပေါက်လိုက်မိသည်။ 'သူ... သူ ငါ့တင်ပါးကို ရိုက်လိုက်တာလား။'
သူမသည် ပျားကို အရင်က မမြင်မိခဲ့သလို လူစီယန်မှာလည်း စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားသည်။
"မဟုတ်ဘူး! ငါတို့က မောင်နှမတွေလေ!" ဟု သူမ အော်ဟစ်လိုက်သည်။ သူမ၏ တုံ့ပြန်မှုကြောင့် လူစီယန်၏ ပါးကို ရိုက်ချလိုက်ပြီးနောက် သူမ၏မျက်နှာမှာ မုန်လာဥနီ ထက် ပိုနီရဲနေလျက် အခန်းထဲမှ အမြန်ဆုံး ထွက်ပြေးသွားတော့သည်။
လူစီယန်မှာမူ ပါးတစ်ဖက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကို မယုံနိုင်စွာ မြှောက်ထားရင်း ငေးငိုင်လျက် ကျန်ရစ်ခဲ့သည်။
"စုတ်ပလုတ်! ငါတော့ လုပ်ပြီ။" သူသည် ပြစ်မှုကျူးလွန်မိသော မိမိလက်ကို စိုက်ကြည့်နေမိသည်။
ထို့နောက်... ဖြည်းညှင်းစွာ... သူသည် ထိုလက်ကို မိမိမျက်နှာနားသို့ ဆွဲယူကာ အံ့အားသင့်စွာဖြင့် စဉ်းစားခန်းဝင်နေသည်။
ထိုစဉ်...
[သတ်မှတ်ချက်များ ပြည့်မီပါပြီ]
စက်ရုပ်ဆန်ဆန် အေးစက်သော အသံတစ်ခုက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။